ကားရှေ့ခန်းမှာထိုင်လိုက်လာတဲ့ မနေ့ကမှ တက္ကဆက်ြပည်နယ်ဘက် ကရောက်လာတဲ့ လူသစ် အသားညိုညို ပိန်ပိန်သွယ်သွယ် ကိုတောက်ကို ကြည့်ရတာ အခုမှ ထောင်ကလွတ်လာတဲ့သူလို နည်းနည်း တော့ထူးခြားနေသည်၊ ဖလော်ရီဒါပြည်နယ် ကားလမ်းဘေးတစ်ရှောက်ကဆိုင်တွေ အိမ်တွေကို ကြည့်ပြီး ဘာတွေစိတ်ကူးနေတယ်မသိ ငြိမ်သက်လို့နေသည်၊
တကယ်တော့လည်း မကြာသေးခင်ကမှ ကိုတောက် ထောင်ကလွတ်လာတာဖြစ်ပြီး သူ့ရဲ့ အမေရိကန်ခရီး က ၂နှစ်တောင်ကြာခဲ့လေသည်၊
ညစာမစားခင် ၀ိုင်းဖွဲ့မိကြတော့ ကိုတောက်ကသူ့ရဲ့ဇာတ်လမ်းကို ပြောပြသည်၊
ကိုတောက် ဂျပန်မှာ ၈ နှစ် အလုပ်လုပ်ပြီးမြန်မာပြည်ပြန်ရောက်တော့ ငွေကြေးအတော်အတန်စု မိလာသည်၊ ဒီတော့စီးပွားရေးလေးဘာလေး လုပ်ဖို့ကြံသည်၊ လုပ်ရင်း ကြံရင်းနဲ့ လူအေးကိုတောက် လုံးပါးပါးလာတော့သည် ၀ိုင်းဝန်းမစတဲ့ လူတွေက ကိုတောက်ဘာကြိုက်လည်းဆိုပြီးသွေးတိုးစမ်းကြသည် အပျော်အပါး တော့ကိုတောက်က ဒီလောက်မဟုတ်၊ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုအခြေတည်ဖို့ ကြိုးစားရင်း လုံးပါး ပါးနေတဲ့ ကိုတောက် လောင်းကစားနဲ့ ညှိသွားတော့သည်၊ ငွေမျှော ငွေနဲ့လိုက်လို့ဆိုထားတာကိုး..၊ ကြိုးစားပန်းစား ဂျပန်မှာ ရှာထားသမျှ တွေလည်းကုန်တော့မယ်..ဘာမှလည်းဖြစ်မလာသေး၊ ချဲတွေချည်း နင်းကန်ထိုးနေလို့လည်းမဖြစ်၊ အဆက်ပြတ်နေတဲ့ ရန်ကုန်စီးပွားရေးလောကမှာ ကိုတောက်အတွက်နေရာမရှိ..၊ ဒီတော့ နိုင်ငံခြားတစ်ခေါက်ပြန်ထွက်မှ ဖြစ်တော့မည်၊ ကဲ..ဒီတစ်ခါတော့ အမေရိကားဘဲသွားတော့မယ်..၊
ခက်တာက ကိုတောက်သိတဲ့အမေရိကန်ထွက်နည်းကလည်း အေးဂျင့်တွေကတစ်ဆင့်ပို့ပေးတာဘဲသိသည်၊ တောင်း တဲ့ငွေကလည်း မနည်း၊ အို.. ဒီလောက်ငွေတော့ ကိုတောက်တို့က မမှု အမေရိကန်ရောက်ရင် ခဏပြန်ရှာ ရတာဘဲ ဆိုပြီး တောင်းသလောက်ပေးလိုက်သည်၊ အဓိက စိတ်ချရပြီး ချောချောမောမော ရောက်သွားဖို့ဘဲလို သည်မဟုတ်လား၊
ပထမ ကိုတောက် စင်္ကာပူကို အရင်ထွက်ရသည်၊ အဲ့ဒီ ကနေလမ်းကြောင်းရှာရင်း စောင့်လိုက်တာ သုံးလေးလ ကြာသွားသည်၊ ဘယ်လိုဖြစ်တာလည်း လိုက်စုံစမ်းတော့၊ ပွဲစားတွေက ခပ်တည်တည်နဲ့ ငွေရှင်ကြေးရှင်ကိုတောက်ကို မလေးရှားကို လွှတ်လိုက်ပြန်သည်၊ အဲ့ဒီကနေတစ်ဆင့် ဘယ်လိုသွားမယ် ဘာညာပြောပြလိုက်သည်၊ ဟိုရောက်တော့ လည်း လမ်းကြောင်းကပိတ်သွားလို့ဘာညာနဲ့ ကိုတောက် မလေးရှားမှာ နှစ်လလောက်နေခဲ့ပြီး စင်္ကာပူကို ပြန်ခဲ့ရပြန်သည်၊ ကိုတောက် ကလည်းစိတ်မရှည်တော့ ပွဲစား ကိုအတင်းဖိအားပေးနေရသည်၊ ဘယ်လိုဖြစ်တာလည်း..အမေရိကားဆိုပြီး ဒီနားမှာဘဲပတ်ခြာလည်နေရတာလည်းပေါ့..၊ ငွေတွေကလည်းကုန်လှပြီ..၊ တော်ကြာ အမေရိကားမရောက်ဘဲ ဂျပန်ပြန်ရောက်သွားဦးမယ်..၊ ဒီလိုနဲ့ ပွဲစားတွေလည်းနားညီး မခံနိုင်လို့လား ဘာလားတော့မသိ တစ်နေ့မှာ လမ်းကြောင်းကောင်းကောင်းနဲ့ အဆက်အသွယ်ကောင်းကောင်းရပြီဖြစ်ကြောင်း အကြောင်းကြားလာသည်၊ အဲ..ဒါပေမယ့် အမေရိကန်ကိုတော့ တိုက်ရိုက်မဟုတ်သေးဘူး၊ ပထမ အမေရိကားက နိုင်ငံတစ်နိုင်ငံကိုအရင်သွားရမည်၊ ပြီးတော့မှ တစ်ဆင့် အမေရိကန်ကို ကုန်းလမ်း ကဖြတ်ဝင်ရမည်တဲ့..၊ ဒီနေရာမှာလည်း ဗီဇာရဖို့ လွယ်တဲ့ အယ်ဆာဗေဒို လိုနိုင်ငံမျိုး (မမှတ်မိတော့) ကို ငါ့လက်ကလွတ် ပြီးရောဆိုပြီး ကိုတောက်ကို လေယဉ်ပေါ်ကိုခန့်ခန့်ကြီး တင်ပေးလိုက်ပေတော့သည်၊ သွားပေအုန်းတော့ကိုတောက်ရေ.. ဟိုရောက်ရင် အမေရိကန်ကို ရှာဖို့ ကိုလံဘတ်လောက် မခက်တော့ပါဘူး..၊ ဒီလိုနဲ့ ဂျပန်စကားကို ကြွမ်းကြွမ်းကျင်ကျင်ပြောနိုင်တဲ့ တစ်ကိုယ်တော် ကိုတောက် တစ်ယောက် ဟစ်စပန်းနစ်စကားပြောတဲ့နိုင်ငံ တစ်ခုကိုရောက်လာရပေတော့သည်၊ ကဲ.. ဘာဆက်လုပ်မလည်းကိုတောက်ရေ.. ဒီနိုင်ငံကလူတွေတောင် တတ်နိုင်ရင် အကုန်လုံး အမေရိကန်နိုင်ငံမှာ သွားနေချင်ကြတာ..၊
ကိုတောက်လည်း ခန့်ခန့်ကြီး နေရင်းနဲ့ ကြာလာတော့ ပွဲစားကို ဖုန်းဆက်ပြီးမေးရတော့သည်၊ ဘယ်လိုဖြစ်တာလည်းပေါ့..၊ ပွဲစားက စိတ်ချရတဲ့ လမ်းကြောင်းစောင့်နေတာတဲ့..၊ အေးလေ.. အမေရိကားတိုက်ကြီးပေါ်ရောက်နေပြီဘဲ..ဖြေဖြေပေါ့၊ နောက်ပြီး ဒီလမ်းကအန္တရယ်လည်းအများသား..၊ အားလုံးသိကြတဲ့အတိုင်း နယ်စပ်တရိုးမှာ မူးယစ်ရာဇာတွေရဲ့ အပစ်အခတ်အသတ်အဖြတ်တွေက နေ့စဉ်လိုဖြစ်နေတာ..၊ ဒီအတော အတွင်း ကိုတောက်ကို မက္ကဆီကိုနိုင်ငံကိုပိုဖို့လုပ်နေရင်း ကနေ အခြားနိုင်ငံတစ်ခုနှစ်ခုကို အလည်ပတ်လိုက်ရသေးသည်၊ နောက်ဆုံးတော့ ကိုတောက်ကို ဂွာတီမာလာ နိုင်ငံကို ဖြစ်သလို ဗီဇာမပါဘဲ ကုန်းကြောင်းကနေပို့လိုက် လေတော့သည်၊ ကိုတောက်လည်း တခါ ဂွာတီမာလာမှာ သောင်တင်နေပြန်ရော ကိုတောက်သာ မေယန်ယဉ်ကျေးမှုကို စိတ်ဝင်စားရင် ဂွာတီမာလာမှာလေ့လာစရာတွေကအများကြီး..၊ ဒါပေမယ့် ဒီ အယ်ဆာဗေဒို တို့ ဂွာတီမာလာတို့ ကလည်းအတော်ကို ရှုပ်တဲ့နိုင်ငံတွေ..၊ ဓလေ့တွေကလည်း ခပ်ဆန်းဆန်းတွေ..၊ လူသေပြီးတာတောင် မြေမမြှုပ်ဘဲ ဘီဒိုအံဆွဲလို အဆင့်ဆင့်နဲ့ ထားတဲ့နေရာမှာ လခပေးပြီးအလောင်းကို ထားကြတဲ့သူတွေရှိတယ်၊ ဆွေမျိုးတွေက လခဆက်မပေးနိုင်တော့ရင်တော့ ကြုံသလို မြေမြှုပ်လိုက်တယ်တဲ့..၊
ကဲကဲ..ထားတော့ လူပျိုကြီး ကိုတောက်ကဒါတွေစိတ်ဝင်စားတာမဟုတ်..၊ အမေရိကန်နိုင်ငံကိုဘဲစိတ်ဝင်စားတာ..၊ ဂွာတီမာလာ ဆိုတော့ အမေရိကန်နဲ့ အတော်ကို နီးစပ်လာပြီ၊ ကြားမှာ မက္ကဆီကို တစ်နိုင်ငံဘဲကျန်တော့တာကလား..၊ ပွဲစားတွေ ကအလုပ်မဖြစ်တော့လို့ ကိုယ့်ဟာကိုဘဲ လမ်းကြောင်းရှာနေရသည်၊ ပိုက်ဆံလည်းအတော်ကုန်သွားပြီ အချိန်လည်း အတော်ကုန်သွားပြီ၊ ဒီလိုနဲ့ ဂွာတီမာလာ နိုင်ငံကို ဖြတ်ပြီး မက္ကဆီကို နိုင်ငံကို ကူးဖို့လုပ်နေစဉ်မှာ ကိုတောက်အဖမ်းခံရတော့သည်၊ ဂွာတီမာလာ အချုပ်ထဲရောက်မှ ကိုတောက် အဆက်အသွယ်တွေရလာသည်၊ ကိုယ်လိုလူတွေတွေ့လာရသည်၊ အချုပ်ကလွတ်ဖို့တော့ အတော်လုပ်ရသေးသည်၊ ဟစ်စပန်းနစ်စကားပြောတဲ့သူတွေနဲ့ဆိုတော့ ဘာသာစကားအခက်အခဲကလည်းရှိသေးသည်၊ နောက်တော့ဂွာတီမာလာရဲတွေကဘဲ မက္ကဆီကို နိုင်ငံကို ကူးဖို့လူတွေနဲ့ ချိပ်ပေးပြီး ကိုတောက်ကို လွတ်လိုက်လေတော့သည်၊ ပိုက်ဆံကတော့ အတော်ကုန်သွားပြန်သည်၊ မိဘတွေလည်း အတော်စိတ်ပူနေကြပေမည်၊ အခုတော့ ကိုတောက်တစ်ယောက် မက္ကဆီကို နိုင်ငံကို နောက်ဖေးပေါက်ကနေရောက်ခဲ့ပါပြီ၊ နာမည်ကြီး အမေရိကန် နယ်စပ် ဆူးခင်းလမ်းကန္ကာရကို ဖြတ်ရပေဦးမည်၊
ကိုတောက်တစ်ယောက် မက္ကဆီကိုမှာ အိပ်တစ်လုံးနဲ့ အဆက်အသွယ်လမ်းကြောင်း ရှာနေစဉ်မှာဘဲ မက္ကဆီကိုနိုင်ငံက ကြိုဆိုရေးအဖွဲ့ (ရဲ) နဲ့ တွေ့လေတော့သည်၊ ဒီလိုနဲ့ ကိုတောက် မက္ကဆီကို ထောင်ထဲကို ရောက်သွားပြန်လေတော့သည်၊ တစ်သက်လုံး ဘာပြစ်မှုမှ ကြီးကြီးကျယ်ကျယ်မလုပ်ခဲ့၊ မြန်မာပြည်မှာ ရဲစခန်းတောင်မရောက်ခဲ့ဘဲနဲ့ အမေရိကတိုက်မှာ အချုပ်တွေ ထောင်တွေနဲ့ချည်းတွေ့နေရသည်၊ မက္ကဆီကို ထောင်ကတော့ ဂွာတီမာလာ အချုပ်လို အသေးလေးမဟုတ် လူတွေအများကြီးရှိသည်၊ အာဖရိကတိုက်က လာတဲ့သူတွေ၊ တရုတ်ပြည်ကလာသူတွေ၊ ဘ၀တူ အမေရိကန်ကိုသွားမည့်သူများတည်း၊
မက္ကဆီကို ထောင်ထဲမှာ ကိုတောက် ကို သူလိုတရားမ၀င်ရောက်လာသူတွေ အများစုနှင့်အတူနေစေသည်၊ အဲ့ဒီအထဲမှာ အာဖရိကဖက်ကရောက်လာ သူတွေကအုပ်စုအတော်တောင့်ပြီး တွေ့သမျှလူကို အနိုင့်ကျင့်ချင်ကြသည်၊ ကိုတောက်က ဂျပန်မှာ စူရှီးဘဲလိပ်လာတာ အိုက်ကီဒို တို့ဘာတို့လေ့လာခဲ့တာမဟုတ်၊ ဒီတော့ ကိုတောက်အနိုင့်ကျင့်ခံရဖို့ဖြစ်လာတော့သည်၊ ဒါပေမယ့်လည်း ကယ်တင်ရှင်တွေရှိလို့ ကိုတောက်သက်သာသွားရသည်၊ ကယ်တင်ရှင်တွေကတော့ တရုတ်ပြည်ဘက်က လာသူတွေဖြစ်သည်၊ သူတို့ အဖွဲ့ကလည်းအင်အားမနည်း..၊ ကိုတောက်ကို အနိုင်ကျင့်ဖို့ကြိုးစားတဲ့ အာဖရိကသားတွေနဲ့ ကိုတောက်လို အာရှသားတွေရဲ့ ရန်ပွဲက တကယ်ကို ပွဲကြီးပွဲကောင်းတွေဘဲဖြစ်သည်၊ ဒီလိုနဲ့ မက္ကဆီကို ထောင်ထဲမှာ အာရှ အာဖရိက ချစ်ကြည်ရေးရိုက်ပွဲတွေမှာ ကိုတောက်ကန့်လန့်ကန့်လန့်ဖြစ်နေရင်းနဲ့ ထောင်ထဲကထွက်နိုင်ဖို့ ကြိုးစားနေရလေတော့သည်၊ အဲ့ဒီထောင်ထဲက တရုတ်အဖွဲ့တွေကလည်း အတော်ကိုအားကိုးရသည်၊ ဘယ်အာရှသားမှ အနိုင်ကြင့်မခံရအောင်အုပ်စုဖွဲ့ပြီးကာကွယ်ပေးထားသည်၊ သူတို့တွေကြည့်ရတာ အတော်အသတ်အပုတ်ကျွမ်းကျင်ပုံ ရပြီး တကယ့်ဆတ်ဆတ်ထိမခံတွေတဲ့၊ အင်း.. ထောင်တွင်းအသတ်အပုတ်ရုပ်ရှင်တွေကို တောင်ပြန်အမှတ်ရလာသည်၊
ဒီလိုနဲ့ မက္ကဆီကို ထောင်မှာ ၆လ နေပြီးတော့ ကိုတောက်ထောင်မှလွတ်လာတော့သည်၊ ဒီမှာလည်း ရဲတွေရဲ့ အကူအညီနှင့် ကိုတောက် အဆက်အသွယ်ရပြီး အမေရိကန်ဘက်ကို ထွက်လာနိုင်ခဲ့လေတော့သည်၊ ပိုက်ဆံတော့အတော်ကိုကုန်မှာသေခြာသည်၊
ကိုတောက်ရွေးချယ်ထားတဲ့ မက္ကဆီကို နဲ့ တက္ကဆက်နယ်စပ် ကမိုင်ပေါင်းများစွာရှည်ပြီး ၀င်ပေါက်တွေကအများကြီး..၊ အမေရိကန်အစိုးရကလည်း တတ်နိုင်သလောက်ကြိုးစားပြီးကာကွယ်ထားပေမယ့်တရားမ၀င် ရောက်လာသူတွေကအများကြီး…၊ ကျောက်တောင် နဲ့ ကန္တာရကို ဖြတ်သန်းရသည့် ခရီးက အန္တရယ်နဲ့ အပြည့်၊ ဘာဘဲပြောပြော ကိုတောက် ကတော့ရအောင်ဖြတ်သန်းနိုင်ခဲ့ပါသည်၊ ဒါပေမယ့် ကြာကြာတော့ မနေလိုက်ရ လာကြိုမယ့်သူတွေနဲ့လွဲပြီး အမေရိကန် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့တိုးပြီး အမေရိကန်မှာ ဟိုတယ်အစား အချုပ်ခန်းထဲကို တန်းရောက်သွားပြန်လေတော့သည်၊ ဒါပေမယ့် အမေရိကန်မှာက တာဝန်ယူခေါ်ထုတ်ပေး မယ့်လူရှိရင် ချက်ချင်း အာမခံနဲ့လွတ်ပေးလို့ တော်သေးသည်၊ ကျန်တဲ့ အမှုကိစ္စကိုတော့ တရားရုံးမှာ ဆက်ရှင်းပေတော့..၊ အဲ့ဒီကျမှ ကိုတောက်ကို အမေရိကန်မှာ နေခွင့်ပြု့မလား ပြန်ပို့မလား ဆုံးဖြတ်ပေလိမ့်မည်၊
ကိုတောက် ရယ် သူများလိုကျောင်းလေးဘာလေးလာတက် ကျောင်းပြီးတော့ အလုပ်လေးဘာလေးလုပ်ပြီး နေခွင့်ဆက်ရှောက်ရင် မလွယ်ဘူးလားလို့ တွေးမိသည်..၊ အခုတော့ အမှုအခင်းတွေ ရင်ဆိုင်ရပေဦးမည်၊ ဒါပေမယ့် ကိုတောက်လို စိတ်ဓာတ်ကြံခိုင်ပြီး ခေသူမဟုတ်တဲ့ လူတစ်ယောက်အဖို့တော့ အမေရိကန်မှာ ဘာမှ အခက်အခဲရှိလိမ့်မည်မဟုတ်ပါ၊
ဒီလို ကိုတောက်နဲ့တွေ့ပြီး နောက်တစ်ရက် နှစ်ရက်မှာဘဲကိုတောက် ဘယ်ရောက်သွား သည်မသိတော့ပါ၊ ဂျပန်မှာအတူ နေခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ်လို့တော့ ကိုတောက်ပြောသံကြားလိုက်သည်၊ ကျွန်တော်လည်း မိုးလင်းက မိုးချုပ် အေးစက်တဲ့ စူရှီးဘား မှာ စူရှီးမျိုးစုံကို အချိန်မှီပြီးဖို့ တွန်းလိပ်နေရလေသည်.. နောက်တော့ ပူနွေးတဲ့ ဖလော်ရီဒါကို ကျောခိုင်းပြီး ရေကြည်ရာ အရပ်အမှတ်နဲ့ နော့လ်ကာရိုလိုင်းနားကို ထွက်ခဲ့တော့သည်၊
အခုနေ ကိုတောက်တစ်ယောက်ဘယ်ရောက်နေလည်းတော့မသိပါ၊ အမေရိကန်ကို ရက်ပိုင်းသာခြားပြီးရောက်ခဲ့ပြီး အခုဆို ဘာလိုလိုနဲ့ သုံးနှစ်ခွဲတောင်ကြာခဲ့ပါပြီ၊