Monday, January 11, 2010
ရေကြည်ရာ
အမေရိကန်နိုင်ငံနော့လ်ကာရိုလိုင်းနားပြည်နယ်အတွင်း အမှတ် ၈၅ အဝေးပြေးလမ်းမကြီး အတိုင်း အရှေ့မြောက်အရပ်မှ အနောက်တောင် အရပ်ဘက်သို့ တိုရိုတာကင်မရီ အဖြူရောင် တစ်စီး ခပ်လောလော မောင်းနှင်လာနေသည်၊ သူ့နောက်မှာ တော့ ချက်ပလက်ထရပ် အနက်ရောင် တစ်စီးကထပ်ချက်မကွာ မလှမ်းမကမ်းမှလိုက်ပါမောင်းနှင်လျက်ရှိ သည်၊ ထုံးစံအတိုင်း အမှတ်၈၅ လမ်းမကြီးကတော့ ကားတွေအမြဲပြည့်ကြပ်နေလေသည်၊ မိုးလေ၀သ ခန့်မှန်းချက်အရတော့ ညနေပိုင်းမှာ မိုးနဲ့စနိုး ရောကျဖို့ရှိလေသည်၊ လောလောဆယ်တော့ အေးစက်ပြီး အုန့်မှိုင်းနေသည်၊
ကိုရိုး လည်း ကားမောင်းနေရင်းကနေကောင်းကင်ကို မှော့်ကြည့်လိုက်ပြီး စနိုးရေနေပါအုံးလို့ဆုတောင်းနေမိသည်၊ နောက်ကြည့်မှန်ကိုလှည့်ကြည့်လိုက်တော့ အနောက်က ချက်ပလက်ကားကြီးက မလှမ်းမကမ်းမှာပါလာတာကိုတွေ့ရသည်၊ အဲ့ဒီ လူဆိုးကားလိုလို ကားကြီးကိုမောင်းလာတာကတော့ ကိုရိုး ဘော်ဒါ ကိုသိမ်း၊ သူတို့ခရီးဆုံးကို အချိန်မှီရောက်မှဖြစ်မည်၊ ချိန်းထားတာက နေ့လည်၁၂နာရီ၊ ထရပ်ကားပေါ်က ပစ္စည်းတွေကို အမြန်ချရမည်၊ ပြီးတော့ဒီမိုင်တစ်ရာ့ငါးဆယ်ခရီးကို အပြေးပြန်လာရဦးမည်၊ ကိုရိုး အမြန်နှုန်းပြဒိုင်ခွက်ကိုလှမ်းကြည့်လိုက်တော့ မိုင်၈၀နှုန်း ပြနေသည်၊ ကိစ္စမရှိသေး၊ လမ်းပေါ်မှာလည်း ရဲကားအရိပ်အရောင်မမြင်ရ၊ ဒီလိုနဲ့ အဝေးပြေလမ်း ထွက်ပေါက်အမှတ် ၁၁၈ နားအရောက်မှာ ကားကို သဲနဲ့ဝိုင်းပက်သလို မျိုး မိုးရွာသလိုအသံတွေဆူညံ သွားလောက်အောက် ရေခဲမှုန်တွေကျလာသည်၊ အင်း..ဒုက္ခဘဲ ဒီလိုဆိုအချိန်မှီမှရောက်ပါ့မလား..၊ သိပ်မကြာခင်မှာဘဲ မိုးတွေလေတွေပါကျလာသည်၊ မြင်ကွင်းကမကောင်းတော့ ဒါပေမယ့်ကားကိုတော့တက်နိုင်သလောက် အရှိန်မြှင့်မောင်းနေသေးသည်၊ နောက်ထပ် အဝေးပြေးလမ်းပေါ်မှာ မိုင်၈၀လောက်မောင်းရဦးမယ် ပြီးရင် ၄၈၅ လမ်းကိုထွက်ပြီး ဆောက်ကာရိုလိုင်းနားဘက်ကိုမောင်းရမည်၊ အချိန်ကို ကြည့်လိုက်တော့ ၁နာရီလောက်ဘဲကျန်တော့သည်၊ နောက်ကလိုက်လာတဲ့ ကိုသိမ်းကိုဖုန်းဆက်ပြီးပစ္စည်းတွေ အခြေအနေလှမ်းမေးလိုက်တော့ အားလုံး အိုကေ၊ ဒါပေမယ့် ရောက်ရမယ့်နေရာကို အချိန်မှီရောက်ဖို့မသေခြာ..ဒီတော့ သေခြာအောင်တစ်ဖက်ကလူကို ဖုန်းလှမ်းဆက်လိုက်တော့ ဟစ်စပန်းနစ်အသံဝဲ၀ဲနဲ့ တစ်ဖက်ကအမျိုးသမီးက သူတို့ ရာသီဥတုအခြေအနေအရ နေ့လည်တစ်နာရီထိစောင့်ပေးဖို့ သဘောတူလိုက်သည်၊
ဒီလိုနဲ့ ရှားလော့မြို့ထဲကိုဝင်တော့ မိုးကပုံမှန်လောက်ဘဲရွာနေသည်၊ ၁၂နာရီမိနစ်၃၀မှာတော့ ကိုရိုး ကားကို အိမ်ယာဝင်းတစ်ခုထဲကို ချိုးဝင်လိုက်တော့သည်၊ သူကတွေ့ရမည့်သူတွေကို အရင်မတွေ့သေးဘဲပစ္စည်းတွေကို ချရမယ့်နေရာမှာ အရင်သွားချထားလိုက်သည်၊ ပြီးတော့ ကိုသိမ်းကိုလက်ဆွဲနှုတ်ဆက်လိုက်ရင်း နောက်မှတွေကျသေးတာပေါ့လို့ပြောလိုက်ပြီးတာနဲ့ ကိုသိမ်းသူ့ထရပ်ကား အနက်ကြီးထဲဝင်ထိုင်လိုက်ပြီးမိုးတွေလေတွေထဲမှာ လာရာလမ်းအတိုင်း အပြင်းမောင်းထွက်သွားလေတော့သည်၊
ကိုရိုးနဲ့ မောင်ခီး နှစ်ယောက်ထဲပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပြီး နောက် အစောင့်မရှိဘဲဒီအတိုင်းပစ်ထားခဲ့ကာ အိမ်ယာဝင်းကြီးရဲ့ အပေါက်ဝက အဆောက်အဦးလေးစီကို ပြန်မောင်းခဲ့ကြသည်၊ ဒီလောက်အေး ပြီးမိုးရွာနေတာဘယ်သူမှလည်း အပြင်မှာဒီပစ္စည်းတွေကို စောင့်ကြည့်မနေနိုင်၊
အိမ်ယာဝင်းကြီးရဲ့ ရုံးခန်းအဆောက်အဦးလေးထဲကိုဝင်လိုက်တော့ တာဝန်ခံ ဟစ်စပန်းနစ်အမျိုးသမီးက ဆီးကြိုနှုတ်ဆက်လိုက်ရင်း ကိုရိုးရဲ့ အမျိုးသမီး ကို အတင်းမေးလေသည်၊ ကိုရိုးက သူတို့ဒီနေ့မပါလာဘူး နောက်နေ့မှ လိုက်လာမယ်ဆိုတော့ အမျိုးသမီးက စာချုပ်မှာ နှစ်ယောက်လုံးရဲ့ လက်မှတ်မပါရင် အိမ်သော့ကိုပေးလို့ မရဘူးတဲ့၊ ဟိုက်..သေပြီ..ပစ္စည်းတွေကအခန်းအပေါက်ဝမှာရောက်နေပြီ..နောက်ပြီးကိုသိမ်း လည်းပြန် သွားပြီ ၊ ဒါနဲ့.. အေးပါ ပေးစရာရှိတဲ့ငွေအပြေရှင်းပြီး ထိုးစရာရှိတဲ့လက်မှတ်ကိုထိုးခဲ့ပါ့မယ်၊ ကျန်တဲ့ လက်မှတ်ကိုတော့ မနက်ဖြန်အမျိုးသမီးလာမှ ဆက်ထိုးပါ့မယ်၊ ဒီညဒီမှာလည်းမအိပ်ပါဘူး ပစ္စည်းထားရုံပါဘဲဆိုတော့မှ သော့ပေးဖို့သဘောတူတော့တယ်၊ အမှန်တော့ မနက်ဖြန်မှ ပြောင်းဖို့ပါဘဲ ဒါပေမယ့် ရာသီဥတု ကမနက်ဖြန်ပိုဆိုးမယ်ဆိုလို့ ဒီနေ့ပြောင်းလိုက်ရတာဖြစ်သည်၊
ဒီလိုနဲ့ ကိုရိုးနဲ့ မောင်ခီး နှစ်ယောက်ပစ္စည်းတွေကိုအိမ်ထဲသွင်းဖို့လုပ်နေစဉ်မှာဘဲ အမျိုးသမီးက နောက်ကလိုက်လာပြီး လက်မှတ်ထိုးရမယ့်အိမ်ငှားစာချုပ်ကို လာပေးသည်၊ များလိုက်တဲ့စာရွက်တွေ၊ မူးယစ်ဆေးဝါးမသုံးစွဲရ၊ ဂစ်မီးဖိုမသုံးရ စသည်ဖြင့်လက်မှတ်ထိုးပေးလိုက်သည်၊ အိမ်ခန်းကတော့ အရင်ကနေခဲ့တဲ့ အခန်းထက်အများကြီးကျယ်သွားသည်၊ အိပ်ခန်းနှစ်ခန်း၊ အိမ်သာရေချိုးခန်းနှစ်ခန်းပါသည်၊ ရေချိုးခန်းတစ်ခန်းမှာကိုဘဲ ကုတင်သွင်းပြီးတစ်ယောက်အိပ်လို့ရအောင်ကျယ်သည်၊ နံရံကပ်ဘီရိုတွေကလည်းမနည်းပါသည်၊ ကိုရိုးလည်း ဟစ်စပန်းနစ်အမျိုးသမီးလိုက်ပြတာကို ကြည့်ပြီးချိန်မှာဘဲ မောင်ခီးတစ်ယောက်ပစ္စည်းတွေကို သူတစ်ယောက်ထဲအိမ်ထဲသွင်းပြီး သွားလေသည်၊ အမျိုးသမီးပြန်ထွက်သွားချိန်မှာ နာရီကြည့်လိုက်တော့ အချိန်သိပ်မရှိတော့၊ ဗိုက်ကလည်းဆာလှပြီဆိုတော့ မိုးရွာထဲမှာဘဲပြန်ထွက်လာခဲ့လိုက်ကြတော့သည်၊ အပြန်ခရီး ၂နာရီခွဲလောက်မောင်းရဦးမှာဆိုတော့ နီးရာ ဆိုင်မှာ အရင်ဝင်စားလိုက်ကြသည်၊
ပြန်မယ်ဆိုမှ မိုးကပိုသည်းလာသည်၊ ၄၈၅ မြို့ပတ်လမ်းကို ၀င်လိုက်ချိန်မှာတော့ ကားရှေ့ကိုက်အနည်းငယ်ခန့်ကိုသာမြင်ရတော့သည်၊ မီးဖွင့်ပြီး ရှေ့ကားရဲ့နောက်မီး အနီလေးကိုသာ အတင်းကြည့်ပြီးမောင်းရတော့သည်၊ ရှေ့ကားဘီး တွေကရက်ထုတ်လိုက်တဲ့ ရေစက်ရေမှုန်တွေက မြင်ကွင်းကိုပိုဝါးနေစေတော့သည်၊ ဒီလိုနဲ့ အမှတ်၈၅ အဝေးပြေး လမ်းမကြီး ပေါ်ကိုပြန်ထွက်ရမည့်နေရာကို အတင်းပြူးပြဲကြည့်ရသည်၊ တော်ကြာ ထွက်ပေါက်ကျော်သွားရင် နောက်တစ်ပတ်ပြန်ပတ်နေရဦးမည်၊ ဒီမိုးဒီလေ နဲ့ ဒီအချိန်မှာ တော့ အမှားမခံနိုင်တော့…ဒီလမ်းကလည်း မကြွမ်းသေးတော့ ပိုသတိထားရသည်၊ နောက်ပြီး ဂျီပီအက်တွေဘာတွေလည်းမရှိ၊ ဒီတော့ ထွက်ပေါက်နီးလာတာနဲ့ သေခြာအောင်အစွန်ဆုံးလမ်းကို ယူမောင်းလိုက်သည်၊ ဒီကြားထဲ မိုးတွေကပို ပိုသည်းလာတော့ လမ်းညွန်ဆိုင်းဘုတ်တွေကို အနားရောက်မှဘဲဖတ်လို့ရတော့သည်၊ ဟောတွေ့ပြီ ၈၅ သို့ ထွက်ပေါက်အမှတ် ၁၀ အေ၊
၈၅ပေါ်ပြန်ရောက်မှဘဲ အိမ်ပြန်ရောက်သလို စိတ်အေးတော့သည်၊ အင်း..ဘာဘဲပြောပြော ကိုသိမ်းကြီးဆီဖုန်းဆက်ဦးမှ သူအိမ်ပြန်ရောက်လောက်ပြီ..၊ ကိုသိမ်းကြီးက အိမ်မှာ ထမင်းတွေဘာတွေတောင်စားနေပြီကိုး…ဒါပေမယ့် ကိုသိမ်းဆီက သတင်းကသိပ်မကောင်း လမ်းမှာစနိုးတွေအရမ်းကျနေပြီတဲ့..၊ ဒီမှာတော့ မိုးဘဲရွာနေသေးတယ်၊ ရှားလော့မြို့ကအထွက်မှာ ကိုရိုး တစ်ယောက်မိုးနည်းနည်းစဲသွားလိုစိတ် ချမ်းသာမလိုရှိနေတုန်းမှာ စနိုးတွေအဖတ်လိုက်ကျလာတော့သည်၊ ဒီတော့ အိမ်အမြန်ရောက်အောင်မောင်းမယ်လို့ ကြံလိုက်သည်၊ ဘေးခုံမှာတော့ မောင်ခီးတစ်ယောက် တစ်ရူးရူးနဲ့ အိပ်မောကျနေလေသည်၊ သူ့ခင်ဗျာ ညည တွေမှာ ညလုံးပေါက်စစ်တိုက်ရ၊ ကားမောင်းပြိုင်ရနဲ့ဆိုတော့ပင်ပန်းရှာသည်၊ လောလောဆယ်တော့ သူ့ကမ္ဘာက ပလေးစတေရှင်သရီး နဲ့ အလုပ်ဘဲရှိသည်၊ “မောင်ခီးရေ စနိုးတွေကျလာပြီဟ” “အင်း.. “ စိတ်မ၀င်စားသလို တစ်ချက်ခေါင်းထောင်ကြည့်ပြီးပြန်အိပ်ပျော်သွားလေတော့သည်၊
ဒီလိုနဲ့ကိုရိုးတစ်ယောက်ပျူးတူးပြဲတဲ အတင်းမောင်းလာရင်း ရုတ်တရက်ရှေ့ ကားတွေအကုန်ဘရိတ်မီးတွေလင်းပြီးအရှိန်ရှော့လိုက်ကြသည် နောက်တော့ တစ်နာရီ ၁၀မိုင်နှုန်း ခန့်နဲ့လှိမ့်တယ်ဆိုယုံသာ သွားနေကြတော့သည် ၊ ဟောတွေ့ပါပြီ ရှေ့မှာ ကားတွေတစ်သီကြီး လမ်းဘေးမှာထိုးကျနေသည်၊ တိုက်ထားလို့ပိန်လိမ်နေကြပြီး တစ်စီးက လမ်းပေါ်မှာ တစ်ချမ်းရှိနေသေးသည်၊ ရဲကားတွေဘာတွေမရောက်သေး၊ အဲဒီနေရာနဲ့ နဲနဲကျော်တာနဲ့ ကားတွေအရှိန်ပြန်တင်မောင်းကြပြန်သည်၊ စနိုးတွေကတော့ နေရာတစ်ကာမှာဖွေးလို့နေသည်၊
အဖတ်လိုက်စနိုးတွေကကားလမ်းပေါ်မှာ တစ်ဖြေးဖြေးစုပုံလာနေပြီ၊ ခဏခဏ လမ်းပြောင်းမောင်းရင် အန္တရယ်များသည်၊ ရှေ့ကားဘီးရာအတိုင်းလိုက်မောင်းမှ..၊ ၇၅မိုင်နှုန်းဆို အိုကေ လောက်ပါရဲ..၊ စဉ်းစားနေစဉ်မှာဘဲ လမ်းဘေးထိုးကျနေတဲ့ ကားတွေပိုများလာသည်၊ လျှော့မှလျှော့မှ..၊ အရှိန် လျှော့လိုက်မှဘဲ ကားက ရုတ်တရက် ရှောကနဲဆွဲသွားသည် အသာလေးအလိုက်သင့် လိုက်သွားပြီး မှ လမ်းပေါ်ကိုပြန်ချိန်ပြီး မျှောတင်လိုက်ရသည်၊ ရောင်လို့များ ဘရိတ်အုပ်လိုက်လို့ ကတော့ လမ်းဘေးတောအုပ်ထဲမှာ ကိုရိုးတို့ စနိုး အမြှုတ်ခံရမည်..၊ တော်သေးသည် ဘေးမှာ ကားတစ်စီးမှမရှိလို့ မတိုက်မိတာ၊ ကားတွေအကုန်လုံး တစ်စီးနဲ့ တစ်စီးအဝေးကြီးခွာမောင်းနေကြသည်၊
အနက်ရောင်လမ်းမကြီးကလည်း အဖြူရောင်ပြောင်းနေပြီ၊ လမ်းအမှတ်အသားတွေလည်း မတွေ့ရတော့.. ရှေ့ကားဘီးရာတွေသာ အားကိုးမောင်းရတော့သည်၊ စောစောကမိုးထဲမှာ ရှေ့ကားရဲ့နောက်မီးကိုအားကိုးမောင်းခဲ့ရပြီး အခုတော့ ဘီးရာကို အားကိုးနေရသည်၊
အံမာ ပြောရင်းဆိုရင်းကနေ ဖို့ မတ်စတန်းပြိုင်ကားအနီလေးက နောက်မှာကပ်လိုက်နေသည်၊ ကိုယ့်ဆရာက စိတ်ရှည်ပုံမရ လမ်းပြောင်းပြီးကျော်တက်သွားသည်၊ ကားဘီးနဲ့တိုက်ခြေလိုက်တဲ့ စနိုးနဲ့ရေခဲမှုန်တွေ ဖွားကနဲလွှင့်စဉ်ထွက်လာပြီး မတ်စတန်းလေးရဲ့နောက်မီးနီနီလေးတစ်စုံဟာ တရိတ်ရိတ်နဲ့ ပျောက်ကွယ်သွားလေတော့သည်၊ ကောင်းလှချည့်လား.. တကယ်ဆိုအဲ့ဒီလိုပေါ့ပေါ့ပါးပါး ကားလေးတွေက ပိုပြီးထိမ်းမောင်းရမှာ.. တွေ့သမျှ ပြိုင်ကားလေးတွေအားလုံးဖြေးဖြေးဘဲမောင်းနေကျတာ..၊ သိပ်မကြာလိုက် ဟိုး…ခပ်ဝေးဝေးလမ်းဘေးတစ်နေရာ တောအုပ်အစပ် လမ်းအနိမ့်ထဲက စနိုးပုံထဲမှာ လာရာလမ်းကို ခေါင်းလှည့်ပြီး ရှုန်းကန်နေရှာတဲ့ မတ်စတန်းလေးကို စိတ်မကောင်းစွာဘဲ တွေ့လိုက်ရသည်၊ သူ့ခင်ဗျာ ဘာတွေအရေးကြီးလာလည်းမသိ၊ အခုတော့တညတာ တော့ဒုက္ခရောက်ပြီ၊ ဟိုက်ပွိုင့်မြို့နားရောက်တော့ စနိုးတွေကပိုပိုကျလာပြီး အရာရာဟာ ဖြူဖွေးပြီး အုန့်မှိုင်းနေလေတော့သည်၊ ကိုရိုးရဲ့ကားကလည်း မိုင်၆၀ အောက်မှာဘဲမောင်းနေရတော့သည်၊ စနိုးထူတဲ့နေရာဆိုမိုင် ၅၀ လောက်နဲ့ဘဲမောင်းရတော့သည်၊ ဒီတော့ အမြန်လမ်းမကြီးမှာ ကားတွေတစ်ရွေ့ရွေ့နဲ့ခပ်ခွာခွာ မောင်းနှင်နေကြရသည်၊
ကံမကောင်းကြရှာတဲ့ လမ်းဘေးထိုးကျနေတဲ့ကားတွေကိုလည်း ကိုယ်ခြင်းစာမိသည်၊ ဘာဘဲ ပြောပြောခပ်ဖြေးဖြေးမောင်းနေရသေးလို့တော်သေးသည်၊ အိမ်ကိုတော့ ဒီညပြန်ရောက်မှဖြစ်မည်၊
၈၅ လမ်းမကြီးကနေ ချက်ပါဟေး၊ကာဘိုရိုကိုထွက်တဲ့ ထွက်ပေါက်အမှတ် ၁၄၈ ကနေ ၅၄လမ်းပေါ်ကိုဆင်းလိုက်ပြီး လမ်းဘေးဓာတ်ဆီဆိုင်မှာခဏ၀င်လိုက်နားလိုက်သည်၊ စနိုးအဖတ်လိုက်ကျနေပြီးလေတိုက်နေတော့ အပြင်မှာဆေးလိပ်သောက်လို့မရတာနဲ့ ကားထဲပြန်ဝင်ပြီး တခါးနဲနဲချပြီးကားထဲမှာဘဲသောက်ရတော့သည်၊ အေးလိုက်တာလည်းလွန်ပါရောလား..၊ အဲ့ဒီအချိန်မှာ မောင်ခီးတစ်ယောက် စတိုးဆိုင်ထဲဝင်သွားပြီး ကော်ဖီပူပူနဲ့ မှုန့်ဝယ်လာသည်၊ ကားထဲမှာဘဲကော်ဖီသောက်ပြီးခဏနားရသည်၊ မှောင်နေပြီဆိုတော့ ကြာကြာလည်းနားလို့မဖြစ်၊
တောလမ်းသာသာ ၅၄လမ်းပေါ်ရောက်တော့ ကားအသွားအလာအရမ်းရှင်းနေသည်၊ ရှေ့မှာရော နောက်မှာရော ကားတစ်စီးမှမတွေ့ လမ်းကလည်းဖြူဖွေးနေပြီး စနိုးတွေရေခဲတွေနဲ့ လမ်းအမှတ်အသားကိုမမြင်ရတော့..ခက်ပြီ၊
ဘီးယာမှိန်မှိန်ကျန်နေတဲ့ လမ်းပေါ်မှာဘဲမှန်းပြီးမောင်းရတော့မည်၊
ဘာဘဲပြောပြော ကာဘိုရိုမြို့ကိုတော့ ချောချောမောမော ပြန်ရောက်ခဲ့ပါပြီ၊ အဲ..ဒါပေမယ့် မောင်ခီးအိမ်ကိုပြန်လိုက်ပို့ပေးရဦးမည်၊ သူ့ဆိုင်ကယ်ကိုတော့ အိမ်မှဘဲတညသိပ်လိုက်ရတော့သည်၊ မြို့ထဲမှာ စနိုးရှင်းတဲ့ ရှေ့မှာ ဂေါ်ပြားတပ်ထားတဲ့ ကားကြီးတွေတွေ့တော့ နဲနဲတော့အားရှိသွားရသည်၊
မောင်ခီး တို့နေတဲ့နေရာက တောင်ကုန်းလေးတစ်ခု အဆင်းလမ်းတစ်ဝက်မှာ ဆိုတော့ အတော်သတိထားပြီး သူတို့အိမ်ဘက်ကိုဝင်ရသည်၊ မောင်ခီးကို နှုတ်ဆက်ပြီးအပြန်မှာတော့ ကုန်းတက်ကို ချိုးကွေ့ပြီးတက်ရမည်၊ စနိုးတွေကလည်း အပြည့်..အတင်းသတိထားနေတဲ့ကြားမှာ ဘဲကားက တရွှတ်တိုက်ဆွဲပြီး ကုန်းဆင်းလမ်းကို ဆွဲချသွားလေတော့သည်၊ သေပြီ..မှောင်မိုက်အေးစက်တဲ့ ဒီလိုညမှာ စနိုးပုံထဲက ရှုန်းထွက်ရပေတော့မည်၊ အင်း..စိတ်ရှည်ရှည်ထားမှ..၊ ကားက လမ်းဘေးမှာ တရွှတ်တိုက်ဆွဲဆင်းသွားပြီး လမ်းဘေးအကာကို သွားထိပြီးရပ်သွားလို့တော်သေးသည်၊ လမ်းဟိုဘက်..မှာတော့ ချောက်ကအတော်နက်သည်၊ ဖြည်းဖြည်းချင်း ဘီးလိမ့်ထွက်ပြီး လက်ကိုင်ကို ပြန်မျှောထွက်တော့ ကားက လမ်းပေါ်ပြန်ရောက်သွားလို့တော်တော့သည်၊
ဒီလိုနဲ့ ကိုရိုးတစ်ယောက် အဲ့ဒီညက အိမ်ကို အတော်နောက်ကြမှပြန်ရောက်သည်၊ ဘာဘဲပြောပြော ပြန်ရောက်လို့တော်ပါသေးသည်၊ နော့လ်ကာရိုလိုင်းနား ကပုံမှန်အားဖြင့်စနိုးပါးပါးဘဲကျတတ်ပြီး ရာသီဥတုအလွန်သင့်တင့်တဲ့ နေရာလို့ပြောရမှာဖြစ်သည်၊ ဒီတော့ နော့လ်ကာရိုလိုင်းနားသားတွေက စနိုးထူထူနဲ့တွေ့တော့လမ်းဘေး ထိုးကျကုန်တော့သည်၊ ကိုရိုးတစ်ယောက် နယူးယောက်တို့ အင်ဒီယားနားတို့က လူတွေဆိုဘယ်လိုနေပါ့လိမ့်လို့တွေးမိသေးသည်၊
ကိုရိုး အဲဒီညက ၀ီစကီတစ်ခွက်ကို အားရပါးရသောက်ပြီး နောက် မနက်ဖြန်တစ်ခေါက်ပြန်ရဦးမည့် ခရီးကို အိမ်ရှင်မနှင့်တိုင်ပင်နေမိသည်၊ ကလေးတွေနဲ့ ဒီစနိုးနဲ့ ဖြည်းဖြည်းဘဲမောင်းမှ..
ဘာဘဲပြောပြော ကိုရိုးတို့ အိမ်ပြောင်းခဲ့ပါပြီ..၊ နှုတ်ဆက်ခဲ့ပါတယ် ချက်ပါဟေးရေ..
သိပ်မဝေးလှတဲ့ခရီးမို့ လာချင်ရင်တော့အနီးကလေး မကြာမကြာတော့ပြန်ရောက်နေဦးမှာပါ..၊
ရွှင်လန်းချမ်းမြေ့ကြပါစေ..
(အောက်မှ ဓာတ်ပုံနှစ်ပုံမှာ အင်တာနက်မှရယူပါသည်)
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)
2 comments:
အတော်ဆိုးရွားတဲ့  ရာသီဥတုပါလားနော် ။
နှင်းတောထဲမှာ ခဏတဖြုတ်လောက် နေရတာ ပျော်စရာကောင်းပေမဲ့ ဒီလို နေ့ စဉ်ရက်ဆက်ဆိုရင်တော့ စိတ်ပျက်စရာ ဖြစ်နေမှာပဲ ။
နှစ်သစ်မှာ မိသားတစု ပျော်ရွှင် ချမ်းမြေ့ ကြပါစေ ..
နှင်းတွေက ကြည့်လို့သာကောင်းတာနော် ကားမောင်းရတာကျတော့ အန္တရယ်များသား...
အားလုံးအဆင်ပြေပါစေ။
Post a Comment