
ဒီနေ့တော့ ကျွန်တော့တို့ နော့လ်ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြန်မာဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းပွဲတော်ကျင်းပခဲ့ပါတယ်၊ ကျွန်တော်တို့ မိသားစုလည်း အချိန်မှီ အရောက်သွားခဲ့ပါတယ်၊ ကျောင်းမှာ ဓမ္မာရုံကြီးလည်း ပြီးစီးသွားပြီမို့ အလွန်ကို အားရစရာကောင်းပါတယ်၊

နော့လ်ကာရိုလိုင်းနားကို ရောက်လာကြတဲ့လူသစ်တွေအတော်များများကိုလည်းသတိထားမိပါတယ်၊ ကဲကဲ.. ဘာတွေလုပ်ခဲ့သလဲဆိုတာကိုဆက်တင်ပြပါမယ်..၊

ပထမဆုံးဆရာတော်ကို ဖူးပြီး လှူစရာရှိတာလှူပြီးတာနဲ့ တပြိုင်နက်အကျွေးအမွေးအစီအစဉ် ရှိရာကို သွားပါတယ်၊ အားပါးပါး..စားစရာတွေကတော့ ကောင်းမှကောင်းပါခင်ဗျာ..၊

ကိုအောင်ကျော်မိုးသုတ်တဲ့ အသုတ်စုံကို ပွဲဦးထွက်အားပေးနေစဉ်မှာဘဲ.. ဘူးသီးကျော်ရပြီဆိုတာနဲ့ ဆက်လက်အားပေးပါတယ်..၊ ဟောဗျ..အသုတ်စုံက ဟင်းခါးနဲ့စားရတာဆိုပြီး ဟင်းခါးပါထယူပါတယ်..၊ ပြီးရင် ကိတ်မုန့်မျိုးစုံနဲ့ အချိုတဲစရာရှိပါသေးတယ်..၊ ဒါတင် ဘဲလားဆိုတော့..မကသေးပါဘူး၊ အန်တီသန်းရဲ့ လက်ရာ ကော်ပြန်စိမ်းပါသေးတယ်၊ မြင်လိုက်တာနဲ့ ရန်ကုန်ရွှေတောင်တန်းလမ်းက ကော်ပြန်စိမ်းကို သွားသတိရပါတယ်၊ တချိန်က ရွှေတောင်တန်းလမ်းထဲမှာ ကြေးအိုးစားပြီးရင် ဒီဘက်လမ်းထိပ်က ကော်ပြန်စိမ်းပါဝင်အားပေးတတ်တာပြန်လွမ်းမိရဲ့..(အစားပုတ်ပုံများ)၊ အမယ်..ဆမူဆာပါရတယ်ခင်ဗျ..၊ မုန့်ဟင်းခါးကတော့ လက်မလွတ်သင့်တော့ အသုတ်စုံနဲ့တပါထဲပေါင်းအားပေးလိုက်တယ်..၊

စားပြီးလို့..တရားမနာခင်..၊

ဒီဘက်ထွက်လာတော့ ကိုရခိုင်တို့ရဲ့ ရခိုင်ရိုးမလက်ဖက်ရည်က အသင့်..၊ လက်ဖက်ရည်တင်ဘဲလားဆိုတော့ ကွမ်းယာပါရတယ်တဲ့..၊

အမေရိကန်မှာ ကော်ဖီပေါပေမယ့် လက်ဖက်ရည်က ရှာမရ၊ ရတာကလည်းအမေရိကန်စတိုင်ဆိုတော့ မမိုက်ဘူး၊ ကျဆိမ့်လေးတစ်ခွက်လောက်မှာ သောက်လိုက်ရတာ တခါထဲ နတ်ပြည်ရောက်သွားသလိုခံစားမိရဲ့၊ လက်ဖက်ရည်တငုံ ဝင်သွားတာနဲ့ကို ကာလယန္တရားကြီးကို နောက်ပြန်လှည့်လိုက်သလိုကို.. အကုန်လုံးအာရုံထဲမှာပြန်မြင်လာတယ်..၊ မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ယူနီဆန်၊ ၂၃လမ်း၈၄လမ်းဒေါင့်က ရိန်းဘိုး လက်ဖက်ရည်ဆိုင် (ကျွန်တော်က ၂၂ လမ်း၈၄လမ်းဒေါင့် က မိုးကုတ်၊လာရှိုး မူဆယ်ကားဂိတ်တွေနားမှာနေခဲ့ဘူးတယ်) စတဲ့ မန္တလေးဆိုင်တွေ ကအစ ရန်ကုန် အလုံနဲ့ ၇မိုင်က လပ်ကီးဆဲဗင်း၊ မြေနီကုန်းထဲက စိတ်တိုင်းကြ စတဲ့သောက်နေကျဆိုင်တွေကို ပြန်သတိရသေးတယ်..၊ တကယ်ဆို..အဲ့ဒီဆိုင်တွေထက် ပိုပြီး ရင်ခုန်ခဲ့ရတဲ့ဆိုင်တွေအကြောင်းကိုတော့ချန်ခဲ့လိုက်တော့မယ်၊
လိုရင်းဆက်ဦးမှဲ..လူပျိုကြီးလိုလို လုပ်နေလိုမဖြစ် သမီးရှာဦးမှ..ဟောဗျာ မိဘကိုတောင်မေ့လို ကစားနေလိုက်ကြတာ..
ဒီလိုအချိန်အခါကောင်းကိုစောင့် နေကြတဲ့ ကလေးတွေကတော့ အကြိုက်ပေါ့..၊ဒါနဲ့ကလေးတွေအနားသွားကြည့်တော့..၊ သူတို့တွေအားလုံး အင်္ဂလိပ်လိုဘဲပြောကြတော့တယ်..၊ အင်း..မြန်မာလိုရည်ရည်မွန်မွန်ပြောတတ်အောင်ကို အတော်သင်ပေးရဦးမယ်..၊ ဒီလို ပွဲတွေမကြာမကြာရှိနေတာလည်း သူတို့အတွက်အတော်ကောင်းပါတယ်..၊

သိပ်မကြာခင်မှာဘဲ ဆီမီးလှည့်လည်ပူဇော်ပွဲကျင်းပပါတယ်..၊ ဒိုးပတ်ဝိုင်းကတော့ အတော်စောစောကဘဲ တီးခတ်နေတာတွေ့ပါတယ်..၊

မီးပူဇော်တော့ ဒိုးပတ်ဝိုင်းနားပြီး တရားစာတွေရွှတ်ဆိုပြီးလှည့်လည်ပါတယ်..၊
ဒီလိုနဲ့မှောင်လာတော့ ပြန်ကြဖိုပြင်ပါတယ်..၊ သမီးကမပြန်ချင်ဘူးလုပ်နေလို့ သူ့ကိုစောင့်နေရတာ အတော်ကိုထပ်ကြာသွားပါတယ်..၊ အသိမိတ်ဆွေတွေကိုနှုတ်ဆက်နေစဉ်မှာဘဲ..၊ ကျောင်းရဲ့ပင်တိုင်အလှူရှင်တစ်ဦးဖြစ်တဲ့ အန်တီသန်းက သူ့လက်ရာ ကော်ပြန့်စိမ်းတွေထဲ့ပေးလိုက်တော့..အတိုင်းထက်အလွန်ကျေးဇူးတင်ပါ တယ် (အိမ်ရောက်မှ ရွှေတောင်တန်းလမ်းကိုထပ်သတိရပါဦးမယ်)၊

ပြန်ဖိုပြင်နေရင်းကနေ ရှစ်နာရီလောက်မှပြန်ဖြစ်ပါတယ်၊ ဆောင်းရာသီရောက်တော့မှာမို့ မှောင်တာနဲနဲစောလာပါတယ်၊ ကလေးငယ်လေးလည်းပါတာနဲ့ ကားကိုဖြည်းဖြည်းဘဲမောင်းကာ တခါတုန်းကလက်ဖက်ရည်ဆိုင်လေးတွေ အကြောင်းစဉ်းစားနေစဉ်မှာဘဲ ကလေးကနို့ဆာလိုထငိုတာနဲ့ အတေွးပြတ်သွားပါတယ်..၊ အိမ်ရောက်တော့မှာပါသမီးရယ်..ခဏလေးနေပါဦး၊
မကြာခင်မှာလည်း နောက်ထပ်ပွဲတွေထပ်လာပါဦးမယ်..၊

ပွဲတွေရှိတိုင်းလည်း မလွတ်တမ်းသွားရပါဦးမယ်..၊ အဲ့ဒီလိုနေ့ရက်တွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရပါဘူး..၊ မျိုးဆက်သစ်တွေအတွက် ဘာတွေများချန်ထားခဲ့နိုင်မလည်းလို့ ကျွန်တော်စဉ်းစားနေရင်း..နားပါရစေခင်ဗျာ..
ချမ်းမြေ့ကျပါစေ..
5 comments:
ပျော်စရာကြီး။ကလေးတွေကမြန်မာအချင်းချင်းတွေ့တာ
တောင် E လိုပြောတယ်လား!!!!!!
စားချင်စရာကြီး ပုံနဲ့ စာနဲ့ အပြောနဲ့ ကိုက်တော့ သွားရည်တောင် ကျချင်တယ်.....
ဘိုလိုပြောတဲ့သမီးကို မြန်မာလို ရည်ရည်မွန်မွန်ပြောတတ်အောင်သင်ပေးမယ်တဲ့လား...!!!!!
စားချင်စရာတွေမှန်သမျှကို သွားရည်ယိုအောင် တင်ပေးထားတာ ကျေးဇူးပါရှင်...... မြန်မာခလေးတွေ မြန်မာလိုမပြောကြတာ စိတ်မကောင်းဖြစ်မိတယ်
ကိုရန်မျိုးရေ
လိုက်စားလိုက်လွမ်းသွားပါတယ်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
ခုလို ပြည်ပရောက် မြန်မာလူမျိုးတွေ စည်းစည်းလုံးလုံးနဲ့ ရိုးရာ မပျက် ယဉ်ကျေးမှု ပွဲတော် တွေလုပ်ကြတာ အားရစရာကောင်းပါတယ် ....
စားစရာတွေလည်း အများကြီးပါလား ....
လွမ်းမိပြန်ပြီ မြန်မာပြည်သို့  ...
Post a Comment