Tuesday, September 29, 2009

ကျောင်း




သမီးရဲ့ ကျောင်းအကြောင်းကို ရေးလိုက်ပါတယ်၊ သမီးတို့ကျောင်းက သြဂုတ်လ ၂၅ရက်မှာ ပြန်ဖွင့်ပါတယ်၊ သမီးက ဒီနှစ် ၂ တန်းရောက်ပါပြီ၊ သမီးအမေရိကန်စရောက်တော့ ၃နှစ် ၈လပါ၊ သူရန်ကုန်မှာတော့ စံပြမူကြိုမှာ တစ်နှစ်နေခဲ့ပါသေးတယ်၊ အိမ်မှာ အရွယ်တူ ဆော့ရမယ့်အဖော်မရှိတော့ သူကျောင်းမှာ အရမ်းပျော်ပါတယ်၊ ဒီလိုနဲ့ သူချစ်တဲ့ စံပြမူကြိုကျောင်းကို ပစ်ပြီး အမေရိကန်ကိုရောက်လာပါတော့တယ်..၊

ဖလော်ရီဒါ ကို ရောက်ရောက်ခြင်းကလေးကို မူကြိုကျောင်းထားဖို့ကြိုးစားပါတယ်၊ အလုပ်ရှင်က မကူညီနိုင်ဘူးဆိုတော့ ကိုယ့်ဟာကိုယ်ဘဲ လိုက်စုံစမ်းရပါတယ်၊ အဲ့ဒီညမှာ ဘဲ အနီးအနားက ဆဲဗင်းအလဲဗင်း (မနက် ၇နာရီမှ ည၁၁နာရီဖွင့်တဲ့ဆိုင်) စတိုးဆိုင်မှာ သွားစုံစမ်းပါတယ်၊ ဒီတော့ အဲ့ဒီဆိုင်ကလူတစ်ယောက်က လမ်းညွှန်လိုက်ပါတယ် အနီးကလေးပါ၊ လမ်းရှောက်သွားလို့ရပါတယ်၊ နောက်နေ့မနက်မှာ ဘဲ အလုပ် နားရက်ရတော့ သမီးကိုလက်ဆွဲပြီး လမ်းရှောက်သွားပြီးကျောင်းအပ်လိုက်ပါတယ်၊ ဒီတော့ သမီး နွေရာသီကျောင်းကို စတက်ပါတယ် အဆင်ပြေပါတယ်၊ ကျောင်းလခကတော့ တစ်လ ဒေါ်လာ၂၀၀ပါ၊ ကလေးကို ကျောင်းအရင်တက်ခိုင်းပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို နောက်မှလိုက်လုပ်ပါတယ်၊ အဓိက ကတော့ ကာကွယ်ဆေးတွေစုံအောင်ထိုးဖို့လိုပါတယ်၊ မြန်မာပြည်မှာ သံရုံးကညွှန်ကြား တဲ့ အတိုင်းကာကွယ်ဆေးတွေထိုးလာပေမယ့် အမေရိကန်မှာတော့ လိုတာတွေထပ်ထိုးရပါတယ်၊ တီဘီတွေဘာတွေပြန်စစ်ရပါတယ်၊ ဒီတော့ အမေရိကန်ကို လာရင် ကာကွယ်ဆေးထိုးထား တဲ့မှတ်တမ်းကအရေးကြီးပါတယ်၊ ဖလော်ရီဒါ က “ပန်းဘရုတ်ပိုင်း” မြို့နယ်ကျမ်းမာရေးဆေးခန်းကို ဘက်စ်ကားစီးသွားပြီးဆေးထိုးပါတယ်၊ ဆေးခန်းမှာ လူတွေအလွန်များပေမယ့် အဆင်ပြေပါတယ်၊ ဒီလိုနဲ့ နေရင်းကနေ အလုပ်ရှင်နဲ့သဘောထား ညှိနှိုင်းမရတော့ လမ်းခွဲလိုက်ပါတယ်၊ အမျိုးသမီးမှာ အချိန်ပိုင်းအလုပ် စရ သလို ကျောင်းတက်ဖို့လည်း လက်ခံကြောင်းစာရပြီး မှ အားလုံးဖျက်ခဲ့ရပါတယ်၊ သူတို့အမျိုးက အဲ့ဒီလို ကူညီမစကြပါတယ်၊ ထားပါတော့…ဒီလိုနဲ့

နော့ကာရိုလိုင်းနားဘက်ကို ကလေးလက်ဆွဲပြီး ဂရေးဟောင်းဘတ်စ်ကားကြီးစီးပြီးထွက်လာ ခဲ့ပါတယ်၊ နော့ကာရိုလိုင်းနားမှာတော့ မူကြိုကျောင်းအပ်ဖို့အလွန်ကိုခက်ပါတယ်၊ အပြင်မူကြိုကျောင်းက ဈေးအလွန်ကြီးပါတယ် တစ်လ ၈၀၀ တောင်တောင်းပါတယ်၊ ချပ် ကျောင်းတွေမှာ အများအားဖြင့်မူကြို ဖွင့်ထားပါတယ်၊ ချပ်ကျောင်းတွေမှာ ကျွန်တော်ကြိုးစားကြည့်ပါတယ် မရပါဘူး၊ အခုမှ ပြန်စဉ်းစားကြည့်တော့ ကျောင်းအပ်မရခဲ့တာကတောင်ပိုကောင်းပါသေးတယ်၊ မြို့နယ်ပညာရေးဌာနကဖွင့်တဲ့ကျောင်းတွေမှာလျှောက်တော့ ဖောင်တွေသာ အခါခါဖြည့်လိုက်ရတယ် ကျောင်းကတော့ မရပါဘူး၊ ဖောင်တင်တော့ တစ်လစောင့်ဆိုလိုစောင့်ပြီး ဘာမှအကြောင်းမပြန်လို သွားစုံစမ်းတော့..အဲ့ဒီက တာဝန်ရှိအမျိုးသမီးက မင်းတို့ ဘာဖောင် မှမတင်ရသေးဘူးလို့ငြင်းပါတယ်၊ ဒီတော့ စကန်ဖတ်ထားတဲ့ အထောက်အထားကော်ပီတွေတစ်ခေါက်ယူပြတော့.. ဟိုရှာဒီရှာ လုပ်ပြီးနောက်တော့ ပျောက်သွားတယ်ဆိုပြီးပြန်တင်ခိုင်းပြန်ပါတယ်၊ ဒီလိုနဲ့ အလွန်ကို များပြားလှတဲ့ဖောင်တွေကို ထပ်တင်ရပြန်ပါတယ်၊ ရက်ဆွဲမပြောင်းစေခြင်လို့ စကန်ဖတ်ထားတဲ့ ဖောင်တွေကို ပရင့်ပြန်ထုတ်ပြီး ပြန်တင်ပါတယ်၊ ထပ်ပျောက်ပြန်ပါတယ်၊ ဒီတော့ ကျွန်တော့အလွန်မဟုတ်တော့ပါဘူး..၊ ထပ်တော့မတင်နိုင်ဘူး မင်းတို့တွေ့အောင်ရှာ ငါစောင့်မယ်ဆိုပြီ ထိုင်စောင့်ပါတယ်၊ နောက်တော့ သူတို့လူကြီးလုပ်တဲ့ အမျိုးသမီးကြီးထွက်လာပြီးတောင်းပန်ပါတယ်၊ ဒါမျိုးအချိုလာသပ်လို့ရမလားဗျာ၊ သူတို့တွေအလွန်ညံ့ဖြင်းကြောင်း ကို ပေါ်တင်ဘဲပြောလိုက်ပါတယ်၊ မင်းတို့တခြားလူတွေလည်းဒီလိုဘဲပျောက်သလားလို့ မေးလိုက်ပါသေးတယ်၊ ဒါကို လူမျိုးခွဲခြားတာလို့ဘဲ ကျွန်တော်သတ်မှတ်ပါတယ်၊

ဒီလိုနဲ့ သမီးက KG တက်ဖို့အရွယ်ရောက်လာပါတော့တယ်၊ ကျောင်းကသြဂုတ်လ မှာဖွင့်ပေမယ့် အောက်တိုဘာ ၁၆ရက်အတွင်း အသက် ၅နှစ်ပြည့်သူကို KG စထားလို့ရပါတယ် (နော့ကာရိုလိုင်းနားမှာ) ၊ သမီးက အောက်တိုဘာ ၁၃မှာ ၅နှစ်ပြည့်မှာ ဖြစ်လို့ ၃ရက်နဲ့ကပ်ပြီး ကျောင်းတက်ခွင့်ရသွားပါတယ်၊ မဟုတ်ရင်သူ တစ်နှစ်ထပ်စောင့်ရမှာပါ၊ ကျောင်းမတက်ရသေးခင် အချိန်တွေကတော့ သမီးရောအမေရော အိမ်ထဲမှာဘဲနေကြရပါတယ်၊








ဒီမှာတော့ ကျောင်းအပ်ဖို့ကို မြို့နယ်ပညာရေးရုံးရှိတဲ့ကျောင်းမှာ သွားအပ်ရပါတယ်၊ ဒီတော့ “လင်ကွန်းစင်တာ” မှာ သမီးကိုကျောင်းသွားအပ်ပါတယ်၊ သူတို့ကနေ ရွေးစရာကျောင်းတွေပေးပြီး ဖောင်ဖြည့်ခိုင်းပါတယ်၊ နောက်တော့ “ဖရန့်ပေါ်တာ ဂရာဟန်” မူလတန်းကျောင်းကို ချပေးပါတယ်၊ ဂရိတ်ဝမ်းလည်း ရောက်ရော “ကာဘိုရို” ကို သူတို့ပြောင်းလိုက်ပါတယ်၊ အခုလည်း ကျောင်းမဖွင့်ခင်တစ်လကျော်လောက်မှာ အကယ်လို့ ကျောင်းပြောင်းချင်ရင်ပြောင်းဖို့ ကျောင်းနာမည် ကျောင်းရဲ့ အဆင့်နဲ့ ဖြည့်စွတ်ရမယ့်ဖောင်တွေပို့ပေးပါ တယ် သမီးက ကျောင်းပြောင်းမှာ မဟုတ်လို့ ဘာမှလုပ်စရာမလိုတော့ပါဘူး၊ ဒီမှာက တက်ရမယ့်ကျောင်းကို နေရပ်လိပ်စာနဲ့ ခွဲပြီးချပေးပါတယ်၊ အဲဒီချပေးထားတဲ့ ကျောင်းစာရင်းထဲက နေပြီးတက်ချင်တဲ့ကျောင်းကို ပထမဦးစားပေး ဒုတိယဦးစားပေး စသည်ဖြင့် ၃-၄ ကျောင်းလောက်ရှောက်လို့ရပါတယ်၊ ဒါပေမယ့်လည်း အခြေအနေအရ သူတို့ချပေးတဲ့ကျောင်းကိုဘဲသွားရပါတယ်၊ နောက်တစ်ခုက နှစ်စဉ် ကျောင်းတွေကို (ကလေးတွေကို) စစ်ဆေးပြီး အဆင့်သတ်မှတ်ပေးပါတယ်၊ မနှစ်ကတော့ သမီးတို့ကျောင်းအဆင့် ကျသွားပါတယ်၊ ဒီတော့ ဒီနှစ်ဆရာမတွေပိုကြိုးစားကြပေါ့..၊ သမီးကိုတော့ နောက်တစ်ကျောင်းမပြောင်းခိုင်း တော့ပါဘူး၊

ကျောင်းဖွင့်ခါနီးရင် လုပ်ရတာတွေကတော့ ကျောင်းအတွက်လိုအပ်တဲ့ School Supplies တွေဝယ်ရပါတယ်၊ အဲ့ဒါတွေကတော့ ကျောင်းက ဝက်ဆိုက်မှာ ကြည့်ပြီးဝယ်လည်းရပါတယ်၊ ကျောင်းမှာသွားယူလည်းရပါတယ်၊ ကျောင်းမဖွင့်ခင် မှာဘဲ မိဘတွေကို အတန်းလာကြည့်ဖို့နဲ့ ဆရာမနဲ့တွေ့ဖို့ဖိတ်လို့သွားတွေ့ရပါတယ်၊ သမီးတို့ကတော့ မနှစ်ထဲကသူတက်ရမယ့်အခန်းကို ကြည့်ထားပြီးသား ဆရာမတွေနဲ့မိတ်ဆက်ထားပြီးသားမို့ သူ့အတန်းသူသိပါတယ်၊ အဲ့ဒီမှာဘဲ ဆရာမ ကသူတို့အတန်းအတွက်လိုတဲ့ school supplies list ပေးပြန်ပါတယ်၊ ကျောင်းကဝက်ဆိုက်ထဲက နဲ့ကွာနေလို့ အချို့ထပ်ဝယ်ရပါတယ်၊ သိပ်မကုန်ပါဘူး ဒေါ်လာ ၃၀ နဲ့ ၅၀ ကြားလောက်ဘဲကုန်ပါတယ်၊



လုံခြုံရေးအတွက်ကတော့ သူတို့ကျောင်းတွေမှာ ကင်မရာတွေတပ်ထားပါတယ်၊ နောက်ပြီး ကျောင်းကိုမိဘတွေလာရင်လည်း ကွန်ပျူတာမှာ ကိုယ့်ဟာကို ဓာတ်ပုံရိုက် စတစ်ကာ ထုတ် “ချက်အင်”လုပ် ပြီး စတစ်ကာကိုရင်ဘတ်မှာ ကပ်သွားရပါတယ်၊ ပြန်ထွက်ရင်လည်း အဲဒီမှာ “ချက်အောက”် ကိုယ့်ဟာကို လုပ်သွားရပါတယ်၊

ကလေးတွေကို KG မှာတုန်းကတော့ အိမ်စာမပေးပေမယ့်၊ 1st Grade ကနေစပြီးအိမ်စာပေးလာပါတယ်၊ အခုတော့ နေ့စဉ်အိမ်စာရှိလာပါတယ်၊ သင်္ချာတွေအတော်များများပါလာပါတယ်၊ စာတွေနေ့တိုင်း အိမ်မှာဖတ်ခိုင်းပါတယ်၊







သူတို့ပေးထားတဲ့ Reading Log ထဲမှာ ဘယ်နေ့ဘယ်စာအုပ်ဖတ်တယ်ဆိုတာ ရေးပေးရပါတယ်၊ ကလေးကို နေ့တိုင်း ဖိုဒါ တစ်ခုကျောင်းကထဲ့ပေးပါတယ်၊ ဖိုဒါထဲမှာ တစ်ဖက်က မိဘသိမ်းထားဖို့အတွက်စာရွက်စာတမ်းတွေဖြစ်ပြီးနောက်တစ်ဖက်ကတော့ လိုအပ်တာလုပ်ပြီးရင်ကျောင်းကိုပြန်ပို့ဖို့ပါ၊ နောက်ထပ်ဖိုဒါတစ်ခုရှိပါသေးတယ် အဲ့ဒါတွေကတော့ အိမ်စာနဲ့ပတ်သတ်တဲ့ဟာတွေပါ၊ ဖိုဒါနှစ်ခုကိုအရောင်နဲ့ခွဲထားသလို စာလည်းအပေါ်မှာရေးထားပါတယ်၊ အဲ့ဒီလို့ မိဘနဲ့ဆရာကြားမှာ ဆက်သွယ်ရေးလုပ်ထားပါတယ်၊ အရေးအကြောင်းဆိုရင်တော့ ဖုန်းဆက်ရပါတယ်၊ ဥပမာ ကလေးချောင်းဆိုးနေတယ်ဆိုရင် မိဘကိုဖုန်းဆက်ပြီးချက်ခြင်းလာခေါ်ခိုင်းပါတယ်၊ ချောင်းဆိုးနေတဲ့ကလေးကို ကျောင်းပေးမတက်ပါဘူး၊ ကလေးနေမကောင်းရင်လည်း ကိုယ်ကဖုန်းဆက်ပြီးဆရာမကို အကြောင်းကြားခွင့်တိုင်ရပါ တယ်၊

နောက်တစ်ခုကတော့ ကျောင်းကနေ့လည်စာအတွက်ပါ၊ ဝယ်စားရတာပါ၊ မဝယ်စားခြင်ရင်လည်း အိမ်ကထဲ့လာလို့ရပါတယ်၊ အများစုကတော့ ကျောင်းက နေ့လည်စာ ကိုစားတာများပါတယ်၊ အဲ့ဒီနေရာမှာ လည်း မိဘဝင်ငွေ အပေါ်မူတည်ပြီး ပိုက်ဆံပေးရပါ တယ်၊ ဝင်ငွေနည်းရင် ရာခိုင်နှုန်းအလိုက် နဲနဲဘဲပေးရပါတယ်၊ သိပ်နည်းနေရင်တော့ အလကားကျွေးပါတယ်၊ ရှောက်လွှာမှာ မိဘဝင်ငွေဖြည့်ပြီးလျှောက်လိုက်ရုံပါဘဲ၊ တစ်နှစ်တစ်ခါလျှောက်ရပါတယ်၊ အဆာပြေ အတွက် Snack ကိုတော့ မိဘတွေကအလှည့်ကျထဲ့ပေးရပါတယ်၊ တစ်ပတ်တစ်ခါ ပေးရပါတယ်၊ ကျောင်းသား ၁၈ ယောက်စာလောက်အောင် မှုန့်ဝယ်ထဲ့ပေးရပါတယ်၊ တစ်တန်းမှာ ကျောင်းသား ၁၈-၂၀ လောက်ရှိပြီး ဆရာမတစ်ယောက်နဲ့ လက်ထောက်ဆရာမတစ်ယောက်သင်ပါတယ်၊ မိဘတွေလည်း အတန်းမှာ လာကူပေးလို့ရပါတယ်၊ လိုအပ်တဲ့ကျောင်းသားတွေကို အထူးသင်ပေးပါသေးတယ်၊ မနှစ်က သမီးက စာဖတ်အားနဲလို့ အခြားဆရာမတစ်ယောက်က သူ့ကို လာခေါ်ပြီး နေ့တိုင်းစာဖတ်လေ့ကျင့် ပေးခဲ့ပါသေးတယ်၊ မိဘတွေအနေနဲ့လည်းမိဘ ဆရာအသင်းဝင်ပြီးကျောင်းကိုကူညီလို့ ရပါတယ်၊ အချိန်လုပြီး ကျွန်တော်ဆိုအမြဲ ကျောင်းမှာ သွားကူပေးလေ့ရှိပါတယ် မနှစ်ကတော့ တစ်ပတ်တစ်ရက် တစ်နာရီလောက် သွားပြီး အတန်းထဲမှာစာသင်တာကို ဝိုင်းကူပေး ပါတယ်၊ ကျောင်းကကျင်းပတဲ့ ရံပုံငွေပွဲတွေမှာလည်း သွားကူပါတယ်၊ ဒါဟာ လုပ်သင့်ပါတယ်၊ ဒီလိုဝင်လုပ်ပေးမှ လည်း သူတို့ဆီမှာ ဘယ်လိုသင်တယ် ဘယ်လိုစည်းကမ်းရှိတယ် ဆိုတာ သိရမှာပါ၊ နောက်ပြီး လူမှုရေးအရလည်း အသိမိတ်ဆွေတိုးလာပါတယ်၊

သမီးတို့ရဲ့ ကျောင်းမှာ တစ်နေ့တာပြောရရင်တော့..သူတို့တွေ ၇နာရီ ၄၀မှာ ကျောင်းရောက်ရင် ပထမဆုံး ကျောပိုးအိပ်ကို သူ့နေရာသူသွားထားရပါတယ်၊ နောက်တော့ နေ့လည်စာ ဘာစားချင်လည်းရွေးရပါတယ်၊ သုံး-လေး မျိုးလောက်ရွေးလို့ရပါတယ်၊ ကိုယ့်နာမည်ရေးထားတဲ့ တုတ်ချောင်းလေးကို နေ့လည်စာ စာရင်းရေးထားတဲ့ အကန့်လေးထဲကို ထဲ့လိုက်ရုံပါဘဲ၊ နောက်တစ်ခုကတော့ တံခါးမှာ မိမိနာမည်ရေးပြီး ချိတ်ထားတဲ့ “ချက်အင် ချက်အောက်” ကဒ်လေးကို မိမိအတန်းထဲမှာရှိကြောင်းသိရအောင် သွားရွှေ့ပေးရပါတယ်၊ ပြီးရင် တော့ အတန်းရှေ့မှာ သွားစုပြီးထိုင်နေရပါတယ်၊ အဲ့ဒီအချိန်မှာဘဲ အတန်းထဲက စပီကာကနေ အသင့်ပြင်ဖို့ အချက်ပေးသံထွက်လာပြီး နိုင်ငံတော်သီချင်း ကိုတစ်ကျောင်းလုံးတစ်ပြိုင်ထဲ သီဆိုရပါတယ်၊ အဲဒီနောက်တော့ သူတို့ “စမတ်ဘုတ်”မှာ ပေါ်လာတဲ့သင်္ချာတွေကို ရွှတ်ရပါတယ် (အလီ ရွှတ်သလိုမျိုးပါ)၊ တစ် အမြောက် တစ် ညီမျှချင်း ကို ကွတ်လပ် ပေးထားပြီးကိုယ့်ဟာကို ဖြည့်ပြီးရွှတ်သွားရတာပါ၊ အဲဒီကနေပြီး မနက် ၈နာရီကနေ တစ်နေ့တာစ ပါတော့တယ်..၊ 2nd Grade မှာသင်တာတွေကတော့ Math, Reading, Writing, Social studies, Science, Spanish, Word study, Art, Music နဲ့ PE တို့ဖြစ်ပါတယ်၊ တစ်ခြား Read aloud တို့ Learning Lab တို့ အစီအစဉ်တွေလည်းရှိပါသေး တယ်၊ ၉နာရီ ၄၅ ကနေ ၁၀နာရီ ၁၅ထိ မှုန့်စားနားပါတယ်၊ ၁၂ နာရီ၁၅မှာတော့ နေ့လည်စာစားရပါတယ် ၂၅မိနစ်ပေးပါတယ်၊ ကျောင်းက ၂ နာရီခွဲမှာ ဆင်းပါတယ်၊ after school ထားတဲ့ကလေးတွေကတော့ ၆ နာရီထိဆက်တက်ရပါတယ်၊ အဲ့ဒါကလည်း သတ်သတ် လျှောက်လွှာတင်ရတာပါ။ တစ်လကို ဒေါ်လာ ၂၀၀ ပေးရပါတယ်။ ကျောင်းကတစ်ခြားကျောင်းမှာသွားတတ်ခြင် ရင်လည်းသွားတက်ရ တတ်ပါတယ်၊ ဒီတော့ မိဘတွေအလုပ်ပြီးချိန်နဲ့ အတော်ဖြစ်သွားပါမယ်၊

နောက်တစ်ခုကတော့ အတန်းထဲမှာ သုံးတဲ့ “စမတ်ဘုတ်”ပါ၊ ကျွန်တော်တို့ငယ်ငယ်တုန်းက ဘလက်ဘုတ်နဲ့ ကျောက်သင်ပုန်းနဲ့သင်ခဲ့ကြရပြီး သူတို့လေးတွေကြတော့ စမတ်ဘုတ် နဲ့ Apple ကွန်ပျူတာနဲ့၊



ကျွန်တော်စဉ်စားနေတာကတော့ဗျာ.. အမေရိကန်မှာ ဒီလောက်ပညာရေးအတွက် အခြေခံကနေရင်းနှီး မြှုပ်နှံ ခဲ့ပေမယ့်..ဘယ်လောက်လူတော်တွေမွေး ထုတ်နိုင်ခဲ့သလဲဆိုတာ ကိုပါ..၊

သိတဲ့အတိုင်းအမေရိကန်မှာ လူတော်တွေအများကြီးရှိပါတယ်၊ ဒါပေမယ့် ညံ့တဲ့ ဆိုးတဲ့လူတွေက အလွန်ကိုပိုများပါတယ်၊ အထူးသဖြင့် ပျမ်းမျှလူတွေအများစုဟာ သင်္ချာညံ့ပါတယ်၊ ကိုယ်တွေ့ပါ၊ မကောင်းကြောင်းသိပ်မပြောချင်လို့ထားလိုက်ပါတော့မယ်၊

တစ်ခါတစ်လေ ကျွန်တော်သမီးကို မြန်မာပြည်မှာ ၃ တန်း ၄တန်းလောက်တက်ပြီးမှ အမေရိကန်လာရင်ပိုကောင်းမယ်လို့တွေးမိပါတယ်၊ ဘာလို့လည်းဆိုတော့ သူ့ရဲ့စရိုက်တွေ ကို တစ်ဖြေးဖြေးနဲ့ မကြိုက်လာလို့ပါ၊ သူ့မှာ မြန်မာပြည်ရဲ့ အငွေ့အသက်ပါးပါးလေးဘဲ ပါလာတော့ ကျွန်တော်တို့မှာ ပူပန်စရာတွေအများကြီးရှိလာပါပြီ..၊
ကျွန်တော့်အသိတစ်ယောက်ရဲ့ ကလေးက ၄တန်းလောက်ဘဲရှိသေးတယ် မိဘကို အမွေခွဲခြင်လာပြီ၊ ဒီအိမ်က ဘယ်သူပိုင်သလဲ ဒီကားကကော.. အဖေသေရင် ကျွန်တော် ဘာယူမယ်..ညီလေးကဘာယူ..စသည်ဖြင့်မေးနေပြီတဲ့.. ကောင်းရောဗျာ၊ ကလေးကစာတော့ တော်ပါရဲ့ မိဘမေတ္တာကို မသိတတ်တော့ရင်..ဘယ်လိုလုပ်ကြမလဲ၊ အဖေတစ်ခု သမီးတစ်ခု နေနေတဲ့ ကြားကနေ ၁၈နှစ် လည်းပြည့်ရော အဖေကို ပြစ်ပြီး ဘွိုင်းဖရမ့်နဲ့ သွားနေတဲ့သူလည်းရှိတယ်၊ ဖိုမကိစ္စတွေကို ပညာပေးဆိုပြီး ကျောင်းမှာ သင်ပေးတာကကော..၊

နောက်တစ်ခုကတော့ အတော်များများကလေးတွေဟာ အထက်တန်းအဆင့်မှာ ဘဲကျောင်းထွက်ကုန်ကြပါတယ်၊ နော့ကာရိုလိုင်းနားကတော့ အမေရိကန်ရဲ့ ကလေးတွေအထက်တန်းမှာ ကျောင်းအထွက်ဆုံး ပြည်နယ် ၁၅ခုထဲမှာပါပါတယ်၊ ဒါကလည်း ကလေးတွေဟာ ကျောင်းပိတ်ရင်အလုပ်စလုပ်ရတော့ ငွေရတဲ့ဘက်ကို စိတ်ပါသွားတာလည်းဖြစ်နိုင်ပါတယ်၊ ဒီမှာက ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုပြီးလုပ်ထားတာကိုး..၊
ကဲ ဘာဘဲပြောပြော ကိုယ့်ကလေးကို ကိုယ်ဘဲ ဂရုစိုက်ပြီး လေ့ကျင့်ပေးရတော့မှာပါဘဲ..၊ တစ်ခုအားရှိစရာကတော့ ဘုန်းကြီးကျောင်းတွေကနေ အခြေခံယဉ်ကျေးမှုသင်တန်းလေးတွေ သင်ကြားပေးလာတာပါဘဲ..၊

ဘာဘဲပြောပြော သမီးငယ်လေးကတော့ ၂ လကျော်လာပါပြီ..သူ့ကိုတော့ မူကြိုကျောင်းအပ်ဖို့ စဉ်းစားရပါဦးမယ်..၊



ကဲ…ဒီလောက်နဲ့ဘဲနားလိုက်ပါရစေခင်ဗျာ..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, September 20, 2009

မီးထွန်းပွဲ



ဒီနေ့တော့ ကျွန်တော့တို့ နော့လ်ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြန်မာဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းပွဲတော်ကျင်းပခဲ့ပါတယ်၊ ကျွန်တော်တို့ မိသားစုလည်း အချိန်မှီ အရောက်သွားခဲ့ပါတယ်၊ ကျောင်းမှာ ဓမ္မာရုံကြီးလည်း ပြီးစီးသွားပြီမို့ အလွန်ကို အားရစရာကောင်းပါတယ်၊




နော့လ်ကာရိုလိုင်းနားကို ရောက်လာကြတဲ့လူသစ်တွေအတော်များများကိုလည်းသတိထားမိပါတယ်၊ ကဲကဲ.. ဘာတွေလုပ်ခဲ့သလဲဆိုတာကိုဆက်တင်ပြပါမယ်..၊





ပထမဆုံးဆရာတော်ကို ဖူးပြီး လှူစရာရှိတာလှူပြီးတာနဲ့ တပြိုင်နက်အကျွေးအမွေးအစီအစဉ် ရှိရာကို သွားပါတယ်၊ အားပါးပါး..စားစရာတွေကတော့ ကောင်းမှကောင်းပါခင်ဗျာ..၊















ကိုအောင်ကျော်မိုးသုတ်တဲ့ အသုတ်စုံကို ပွဲဦးထွက်အားပေးနေစဉ်မှာဘဲ.. ဘူးသီးကျော်ရပြီဆိုတာနဲ့ ဆက်လက်အားပေးပါတယ်..၊ ဟောဗျ..အသုတ်စုံက ဟင်းခါးနဲ့စားရတာဆိုပြီး ဟင်းခါးပါထယူပါတယ်..၊ ပြီးရင် ကိတ်မုန့်မျိုးစုံနဲ့ အချိုတဲစရာရှိပါသေးတယ်..၊ ဒါတင် ဘဲလားဆိုတော့..မကသေးပါဘူး၊ အန်တီသန်းရဲ့ လက်ရာ ကော်ပြန်စိမ်းပါသေးတယ်၊ မြင်လိုက်တာနဲ့ ရန်ကုန်ရွှေတောင်တန်းလမ်းက ကော်ပြန်စိမ်းကို သွားသတိရပါတယ်၊ တချိန်က ရွှေတောင်တန်းလမ်းထဲမှာ ကြေးအိုးစားပြီးရင် ဒီဘက်လမ်းထိပ်က ကော်ပြန်စိမ်းပါဝင်အားပေးတတ်တာပြန်လွမ်းမိရဲ့..(အစားပုတ်ပုံများ)၊ အမယ်..ဆမူဆာပါရတယ်ခင်ဗျ..၊ မုန့်ဟင်းခါးကတော့ လက်မလွတ်သင့်တော့ အသုတ်စုံနဲ့တပါထဲပေါင်းအားပေးလိုက်တယ်..၊








စားပြီးလို့..တရားမနာခင်..၊


















ဒီဘက်ထွက်လာတော့ ကိုရခိုင်တို့ရဲ့ ရခိုင်ရိုးမလက်ဖက်ရည်က အသင့်..၊ လက်ဖက်ရည်တင်ဘဲလားဆိုတော့ ကွမ်းယာပါရတယ်တဲ့..၊


အမေရိကန်မှာ ကော်ဖီပေါပေမယ့် လက်ဖက်ရည်က ရှာမရ၊ ရတာကလည်းအမေရိကန်စတိုင်ဆိုတော့ မမိုက်ဘူး၊ ကျဆိမ့်လေးတစ်ခွက်လောက်မှာ သောက်လိုက်ရတာ တခါထဲ နတ်ပြည်ရောက်သွားသလိုခံစားမိရဲ့၊ လက်ဖက်ရည်တငုံ ဝင်သွားတာနဲ့ကို ကာလယန္တရားကြီးကို နောက်ပြန်လှည့်လိုက်သလိုကို.. အကုန်လုံးအာရုံထဲမှာပြန်မြင်လာတယ်..၊ မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ယူနီဆန်၊ ၂၃လမ်း၈၄လမ်းဒေါင့်က ရိန်းဘိုး လက်ဖက်ရည်ဆိုင် (ကျွန်တော်က ၂၂ လမ်း၈၄လမ်းဒေါင့် က မိုးကုတ်၊လာရှိုး မူဆယ်ကားဂိတ်တွေနားမှာနေခဲ့ဘူးတယ်) စတဲ့ မန္တလေးဆိုင်တွေ ကအစ ရန်ကုန် အလုံနဲ့ ၇မိုင်က လပ်ကီးဆဲဗင်း၊ မြေနီကုန်းထဲက စိတ်တိုင်းကြ စတဲ့သောက်နေကျဆိုင်တွေကို ပြန်သတိရသေးတယ်..၊ တကယ်ဆို..အဲ့ဒီဆိုင်တွေထက် ပိုပြီး ရင်ခုန်ခဲ့ရတဲ့ဆိုင်တွေအကြောင်းကိုတော့ချန်ခဲ့လိုက်တော့မယ်၊

လိုရင်းဆက်ဦးမှဲ..လူပျိုကြီးလိုလို လုပ်နေလိုမဖြစ် သမီးရှာဦးမှ..ဟောဗျာ မိဘကိုတောင်မေ့လို ကစားနေလိုက်ကြတာ..
ဒီလိုအချိန်အခါကောင်းကိုစောင့် နေကြတဲ့ ကလေးတွေကတော့ အကြိုက်ပေါ့..၊ဒါနဲ့ကလေးတွေအနားသွားကြည့်တော့..၊ သူတို့တွေအားလုံး အင်္ဂလိပ်လိုဘဲပြောကြတော့တယ်..၊ အင်း..မြန်မာလိုရည်ရည်မွန်မွန်ပြောတတ်အောင်ကို အတော်သင်ပေးရဦးမယ်..၊ ဒီလို ပွဲတွေမကြာမကြာရှိနေတာလည်း သူတို့အတွက်အတော်ကောင်းပါတယ်..၊



သိပ်မကြာခင်မှာဘဲ ဆီမီးလှည့်လည်ပူဇော်ပွဲကျင်းပပါတယ်..၊ ဒိုးပတ်ဝိုင်းကတော့ အတော်စောစောကဘဲ တီးခတ်နေတာတွေ့ပါတယ်..၊

မီးပူဇော်တော့ ဒိုးပတ်ဝိုင်းနားပြီး တရားစာတွေရွှတ်ဆိုပြီးလှည့်လည်ပါတယ်..၊

ဒီလိုနဲ့မှောင်လာတော့ ပြန်ကြဖိုပြင်ပါတယ်..၊ သမီးကမပြန်ချင်ဘူးလုပ်နေလို့ သူ့ကိုစောင့်နေရတာ အတော်ကိုထပ်ကြာသွားပါတယ်..၊ အသိမိတ်ဆွေတွေကိုနှုတ်ဆက်နေစဉ်မှာဘဲ..၊ ကျောင်းရဲ့ပင်တိုင်အလှူရှင်တစ်ဦးဖြစ်တဲ့ အန်တီသန်းက သူ့လက်ရာ ကော်ပြန့်စိမ်းတွေထဲ့ပေးလိုက်တော့..အတိုင်းထက်အလွန်ကျေးဇူးတင်ပါ တယ် (အိမ်ရောက်မှ ရွှေတောင်တန်းလမ်းကိုထပ်သတိရပါဦးမယ်)၊

ပြန်ဖိုပြင်နေရင်းကနေ ရှစ်နာရီလောက်မှပြန်ဖြစ်ပါတယ်၊ ဆောင်းရာသီရောက်တော့မှာမို့ မှောင်တာနဲနဲစောလာပါတယ်၊ ကလေးငယ်လေးလည်းပါတာနဲ့ ကားကိုဖြည်းဖြည်းဘဲမောင်းကာ တခါတုန်းကလက်ဖက်ရည်ဆိုင်လေးတွေ အကြောင်းစဉ်းစားနေစဉ်မှာဘဲ ကလေးကနို့ဆာလိုထငိုတာနဲ့ အတေွးပြတ်သွားပါတယ်..၊ အိမ်ရောက်တော့မှာပါသမီးရယ်..ခဏလေးနေပါဦး၊

မကြာခင်မှာလည်း နောက်ထပ်ပွဲတွေထပ်လာပါဦးမယ်..၊
ပွဲတွေရှိတိုင်းလည်း မလွတ်တမ်းသွားရပါဦးမယ်..၊ အဲ့ဒီလိုနေ့ရက်တွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရပါဘူး..၊ မျိုးဆက်သစ်တွေအတွက် ဘာတွေများချန်ထားခဲ့နိုင်မလည်းလို့ ကျွန်တော်စဉ်းစားနေရင်း..နားပါရစေခင်ဗျာ..

ချမ်းမြေ့ကျပါစေ..

Sunday, September 13, 2009

အားလပ်ရက် တနေ့တာ


မနေ့ညက “ခီး” နဲ့ “လေး” (ဘော်ဒါလေးတွေ) က ငါးသွားဖမ်းဖို့ ပြောတော့ လိုက်မယ်ဆိုပြီး မလိုက်ဖြစ်လိုက်၊ ဒါပေမယ့် ဒီမနက် မှာ တစ်ခေါက်ထပ်သွားဖို့စီစဉ်ထားတဲ့ အတိုင်းသွားဖြစ်သည်၊ ကျွန်တော့်အတွက်တော့ နှစ်ပေါင်းများစွာကြာပြီးမှ ဒါပထမဆုံး အကြိမ်ပြန်ပြီး ငါးမျှားထွက်ဖြစ်တာဖြစ် သလို အမေရိကန်မှာ လည်းပထမဆုံးအကြိမ်ငါးမျှားခြင်းဘဲဖြစ်သည်၊



မသွားခင် မအေးတို့အိမ်မှာ ဈေးသွားဝယ်လိုက်သေးတယ်၊ ဗူးညွှန့်နှစ်စီး၊ မုန်ညင်းနှစ်စီး၊ မြင်းခွာရွက်နှစ်စီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး နဲ့မျှစ်တစ်ထုတ်ကို မှ ၁၁ ဒေါ်လာဘဲပေးရသည်၊ တစ်ထမ်းကြီးကိုရသည်၊ ဒါတောင်ချဉ်ပေါင် မဝယ်ခဲ့လို့၊ သူကလည်း မိတ်ဆွေတွေအတွက် အရင်းအတိုင်းလောက်ကို ရောင်းပေးတာဖြစ်မည်၊ နောက်ပြီးအမြဲတော့မရောင်းတစ်ပတ်တစ်ရက် သူသွားရင်းလာရင်းဒိုင်က သေတ္တာလိုက်ယူပြီးပြန်ရောင်းပေးတာ..၊

ငါးမျှားတာဆက်ရရင်..ဒီမှာက ငါးမျှားတံဝယ် လိုင်စင်တစ်နှစ်စာလုပ်ပြီးမှ ငါးမျှားရတာ၊ နောက်ပြီးဘယ်လောက်အရွယ် ဘယ်လိုငါးမျိုး ကို တစ်နေ့ဘယ်နှစ်ကောင်ဘဲ မျှားယူခွင့်ရှိတယ်ဆိုတာကနေရာအလိုက်သတ်မှတ်ချက်က ရှိသေးတယ်၊
အမေရိကန်မှာ အားအားယားယားလူအတော်များများက ငါးမျှားတာကို အပျော်သဘောမျိုး အားလပ်ချိန်မှာ လုပ် ကြတာများသည် ၊ ငါးမိပြန်တော့လည်း ပြန်လွှတ်လိုက်ပြန်ရော၊ သူတို့လိုခြင်တဲ့ ငါးမျိုးမဟုတ်လို့ ဒါမှမဟုတ် အကောင်ငယ်လို့ နောက်ပြီးငါးကို လုံးဝအိမ်ကိုမယူခြင်လို့၊ ဝါသနာသက်သက်အရမျှားတာ စတဲ့ အကြောင်းတွေတော့ ရှိမှာပေါ့လေ၊ ဒါတွေကတော့ သူတို့အပိုင်း ကျွန်တော်တို့ဒီနေ့သွားတာကတော့ ငါး ကို လိုခြင်လို၊ မိရင်တော့ အကုန်အိမ်သယ်ပြန်မလို့၊ ပြီးတော့ စားမလို့ (မစားလည်းမွေးလို့မှမရတာ)၊ ဒီတော့ တစ်ကျပ်သားအရွယ်မှ ချန်မယ့်ပုံမပေါ်၊ တကယ်တော့လည်း ကျွန်တော်တို့ဖမ်းနည်းက ငါးအသေးလေးတွေလည်းမိစရာမရှိ၊ ဘာလို့လည်းဆိုတော့ လှံချွန်လိုမျိုးနဲ့ ငါးကိုထိုးဖမ်းတာ၊ ဒီတော့ကျွန်တော်တို့ကငါးကို အစာနဲ့ သွေးဆောင်ဖျားယောင်းပြီး ဖမ်းတာမဟုတ်၊ သူတို့အတွက် လွတ်ဖို့လမ်းတွေ အများကြီးပေးထားသည်၊ ဒီတော့ ဒီလိုနည်းနဲ့ငါးဖမ်းတာ တရားပါတယ်ဗျာ..၊ ဟင်းဟင်း..လူလောကကြီးမှာ ဒီလိုဘဲ မဟုတ်တာလုပ် သူတပါးကိုဒုက္ခပေးပြီးမှ ကိုယ်ဘက်ကိုယက်ပြီး မိမိလုပ်တာ တရားကြောင်းအတင်း သက်သေပြကြတာ ဓမ္မတာဘဲကိုးဗျ..၊ ကျွန်တော်လည်း အမျိုးသမီးက အတန်တန်မလုပ်ပါနဲ့တားနေတဲ့ ကြားကလုပ်ပြီးမှ တရားကြောင်း ဆင်ခြေဆင်လက်တွေပေးရတာပေါ့ဗျာ..၊ လိပ်မျိုး.. လို့တော့မပြောနဲ့ဗျို့ ကျွန်တော့် ဘော်ဒါလေးတွေက လိပ်တွေ့ လည်းဆော်မှာဘဲတဲ့..၊ အလကား နောက်တာပါ..၊
ကဲဗျာ..ငယ်ငယ်ကလေးထဲက အကောင်ပလောင်ဖမ်းရတာအလွန်ဝါသနာပါခဲ့၊ နဲနဲကြီးလာတော့ မုဆိုးတစ်ပိုင်းလုပ်ခဲ့ပြီး တောမှာကြီးပြင်းခဲ့တဲ့ ကျွန်တော့အတွက်တော့ အကြိုက်တွေ့ခဲ့ပါတယ်၊ တခါတလေဘာသာရေးလည်းလုပ်ပါတယ်၊

မနက်ဆယ်နာရီမှာ ထွက်ကြမလို့စီစဉ်ထားပေမယ့် ဘော်ဒါ လေးတွေ အစားအသောက်စီစဉ်နေတာစောင့်ရင်းနဲ့နဲနဲနောက်ကြသွားပါတယ် ဒီမှာဘဲ သမီးကပါ လိုက်ခြင် တယ်ဆိုတာနဲ့ သူ့ပါခေါ်လာခဲ့လိုက်ပါတယ်၊ ကားနှစ်စီး နဲ့ထွက်ကြပါတယ်၊ ကလေးကနှစ်ယောက်ပါလာပါတယ်၊ နေရာကတော့ အနီးအနားက မြစ်ငယ်လေးတစ်ခု မှာပါ၊ ပျော် ပွဲစားထွက်သလိုမျိုးပေါ့..၊ ဘော်ဒါလေးတစ်ယောက်ရဲ့ အမေလည်းပါလာတော့ သမီးကို သူတိုနဲ့ထားခဲ့ပြီး ကျွန်တော်တို့လေးယောက် မြစ်ရဲ့ အထက်ဘက်ကိုတက်ခဲ့ကြပါတယ်၊ ညှပ်ဖိနပ်နဲ့ ကျွန်တော့်အတွက်အတော်အဆင်မပြေပါဘူး၊ ဖနပ်ချွတ်လမ်းရှောက်တော့လည်း ရေထဲက ကျောက်တုံးကျောက်ချွန်တွေထိုးလို့အတော်နာ ပါတယ်၊ နောက်ပြီးရေညှိတွေနဲ့ ချော်မလည်းအောင်အတော်ဂရုစိုက်ရတော့ နောက်ဆုံးမှာကျန်နေခဲ့ပါတယ်၊ သူတို့ကတော့ လူငယ်တွေဆိုတော့အတော်မြန်ပါတယ်၊ ရေအိုင်ရှိတဲ့နေရာရောက်တော့ ရေထဲဆင်းပြီးငါးရှာပါတယ်၊ ကျွန်တော်လည်းလိုက်ရှာပါတယ် ငါးတွေအများကြီးရှိပေမယ် အတော်မြန်လို့ ဖမ်းဖို့မလွယ်ပါဘူး၊ ဟိုနေရာရွေ့ ဒီနေရာရွေ့ နဲ့ ညနေသာ ရောက်လာတယ်ကျွန်တော်တစ်ကောင်မှမမိပါဘူး၊ အကုသိုလ်အကျိုးမပေးပုံများ..၊ ဘယ်ရမလဲမရရင်မပြန်ဘူးဆိုပြီးဖမ်းလိုက်တာ ငါးတစ်ကောင်ပြန်ခါနီးမှာ ရလိုက်တော့..ဟဲဟဲ ငါကွ ဆိုပြီးသဘောတွေကျလို့..တွတ်ပီ နီးနီးလောက်တော်လာပြီ..၊










ဒီလိုနဲ့ မြစ်ဘေးက ကျောက်တုံးတွေမှာ လျှောက်သွားတော့ ကျောက်တုန်းကြားမှာ မြွေတစ်ကောင်တွေ့ပါ သေးတယ်၊ တော်သေးလို့တက်မနင်းမိတယ်..၊














နောက်စခန်းချရာနေရာ ကိုပြန်လာတော့ သမီးတို့လည်း တုတ်ချောင်းလေးတွေမှာ ငါးမျှားချိပ်တပ်ပြီးမျှားတာ ငါးတစ်ကောင်နှစ်ကောင်ရပါ သေးတယ်၊


အိမ်ပြန်တော့.. အဝတ်အစားတွေရေစိုနေပြီး လဲ စရာ အပို မပါလာလို့ ကားထိုင်ခုံမှာ ပလက်စတစ်အိပ်ကို ဖြဲပြီး ခင်းထိုင်ခဲ့ရပါတယ်၊ အိမ်ရောက်လို့ရေချိုးတော့ အမလေးလေးစပ်လိုက်တာများ..ဒူးခေါင်းမှာလည်း ကွဲပြဲလို့.. ခြေကျင်းဝတ်မှာလည်း ဘာနဲ့ရှတယ်မသိ သွေးတွေထွက်နေတာ ခြောက်တောင်နေပြီ..၊ စပ်လိုက်တာများ..၊ ငါးတွေအိမ်မယူလာပါနဲ့ လို့ အမျိုးသမီးက မှာလိုက်ပေမယ့် (တစ်ကောင်မှရမယ်မထင်လို့ ရွဲ့ပြောလိုက်သလား၊ ဘာလားတော့မသိ) ယူလာခဲ့တဲ့အပြင် မြွေဓာတ်ပုံပါမြင်တော့ နောက်တစ်ခါသွားဖို့ ပါမစ် ရဖို့မသေခြာတော့..၊

အိမ်ပြန်ရောက်တော့ အမျိးသမီးကဘာလို့ဖုန်းမကိုင်တာလည်းစမေးတော့မှ အိပ်ထဲထိုးထဲ့ထားတဲ့ ဖုန်းနဲ့ပိုက်ဆံအိပ်သတိရပြီးပြန်ကြည့်တော့ ခေါ်ထားလိုက်တာ အများကြီးဘဲ..၊ အသိမိတ်ဆွေတွေကိုလည်းအဲ ဒီတော့မှပြန်ခေါ်ရတယ်၊

ကဲကဲဈေးဝယ်ထွက်ကြမယ်ဆိုပြီးဈေးဝယ်၊ အပြန်မှာ ဦးစိန်တို့အိမ်ကို ဝင်လည်တော့ လားလား.. ပွဲတော်နဲ့တိုးတော့တာဘဲ..၊ ဘာတွေလည်းတော့မခေါ်တတ် ထိုင်းအစားအစာတွေ ကောင်းကောင်းနဲ့တီးလိုက်တာ ည ၁၁ နာရီခွဲမှဘဲအိမ်ပြန်ရောက် တော့တယ်၊ ဒီကြားထဲဗျာ.. ဦးစိန်တို့အိမ်ကို အရင်ရောက်နှင့်တဲ့ ကို ကြည်တစ်ယောက်ပြန်မယ်ဆိုပြီး အိမ်ကအထွက်မှာ လမ်းဘေးဘဲရောက်သေးတယ် ရဲတွေအများကြီး သေနတ်တွေနဲ့ ချိန်ပြီးဝိုင်းဖမ်းလိုက်တယ်၊ ရဲတွေတော်ပုံပြောပါတယ်.. လူအင်အားအများကြီးနဲ့ သေနတ်တွေနဲ့ဝိုင်းချိန်ပြီး တော့ ကိုကြည်ကို လက်ထိပ်တခါထဲတန်းခပ်လိုက်တယ်၊ ပြီးတော့မှ လူမှားလို့တဲ့ ကောင်းရောဗျာ..၊ ကိုကြည်မှာ ဝမ်းနည်းရမှာလားဝမ်းသာရမှာလား ဖြစ်သွားတယ်၊ တောင်းပန်တော့လည်းကြေနပ်လိုက်ရတယ်ပေါ့..၊ အိုဘားမားသူငယ်ချင်း ပါမောက်္ခကြီးတောင်မှားဖမ်းခံရသေးတာဘဲ..၊ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတော့ UNC ကကျောင်းသားတစ်ယောက် ၉၁၁ ခေါ်လိုက်တာ အဲ့ဒီ ခေါ်လို့ရောက်လာတဲ့ ရဲတွေကဘဲ သေနတ်နဲ့ပစ်လို့သေသွားရှာတယ်၊ အဲဒီကိစ္စ စစ်တာဆေးတာတွေကတော့ဆက် လုပ်နေကြတုန်း..၊ တခါမှ ရဲနဲ့မပတ်သတ်ဘူးတဲ့ လူအေးကိုကြည်တစ်ယောက်အခုလို ရဲကလူမှားဖမ်းခံရတာ သေခြာပြန်စဉ်းစားကြည့်ရင် ကျွန်တော့်အပြစ်တောင်ပါတယ်၊ လေးဇီးကလပ် ရဲ့ ချက်ပါဟေးပွဲပုံတွေကြည့်ရင်းကနေ.. ကိုကြည့်ကင်မရာအသစ် လေး ကို ကြည့်ခြင်တယ်ဆိုလို့သူ့ခင်ဗျာ အားနာနာနဲ့ယူလာပြတာကို အပြန်မှာ ရဲကလက်ထဲမှာကိုင် လာတာသေနတ် မှတ်ပြီးအတင်းသေနတ်နဲ့ချိန်ဖမ်းလိုက်တာကိုးဗျ..၊ တကယ်တော့ ရဲတွေကသတင်းအရ အိမ်ကိုလာဝိုင်းတာဗျ..၊ နောက်တော့မှ အိမ်နံပတ်မှားလို့တဲ့၊ လမ်းဒေါင့်ဟိုဘက်အိမ်ကိုသတင်းပေးတာ လမ်းဒေါင့်ဒီဘက်က ဦးစိန်တို့အိမ်ကိုမှားဝိုင်းတာတဲ့၊ ဘယ်အချိန်ထဲကဝိုင်းနေတယ်တော့မသိ..၊ ကံကောင်းလို့ ကိုကြည်ရေ..ခင်ဗျားတော့ ယတြယာခြေပြီးသားဖြစ်သွားပြီ၊

သတ္တဝါအပေါင်းဘေးရန်ကင်းရှင်းကြပါစေ..လို့ဆုတောင်းရင်း စက်တင်ဘာလ ၁၂ ရက်နေ့မှတ်တမ်းကို တစ်ခန်းရပ်လိုက်ပါတယ်..၊