Wednesday, July 29, 2009

အမေရိကန်ရောက် မြန်မာပိုင်သွန်များ


အမေရိကန်တောင်ပိုင်းပြည်နယ်တွေကို တစ်စတစ်စနယ်ချဲ့နေပြီး ဒေသခံတွေနဲ့ယဉ်ပြိုင်အနိုင်ယူလာနေတဲ့ သူတို့တွေကတော့ မြန်မာပိုင်သွန်တွေပါ၊ သူတို့တွေဘယ်လောက်ထိ နယ်ချဲ့နိုင်မလဲဆိုတာကို ခန့်မှန်းထားတဲ့မြေပုံကိုထုတ်ပြန်ထားပါတယ်၊
ကောင်လေးတွေကငယ်စဉ်ကတော့သိပ်လှတယ်၊ အရောင်အသွေးစုံနဲ့ တိတ်ဆိပ်ငြိမ်သက်ပြီး အလွန်လိမ္မာပုံရတာကို မြင်တာနှင့်သိနိုင်ပါတယ်၊ သူတို့တွေက အရှေ့တောင်အာရှသား မြန်မာမျိုးရိုးတွေ၊ လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင်လောက်ကစပြီး သူတို့တွေကို အမေရိကန်နိုင်ငံထဲကိုတင်သွင်းလာကြတာပါတဲ့၊ အခုတော့ သူတို့ကို ကျုးကျော်သူတွေအဖြစ်မြင်သူတွေကမြင်လာကြပြီး သူတို့အန္တရယ်ကို တဖြေးဖြေးနှင့်သတိထားမိလာကြပါတယ်၊ သူတို့တွေကတော့ မြန်မာစပါးအုံးမြွေမျိုး Burmese Python တွေပါဘဲ၊ ကမ္ဘာ့အကြီးဆုံး မြွေမျိုး ၆မျိုးထဲမှာပါ ပါတယ်၊

အဲဒီ မြန်မာစပါးအုံးမြွေတွေကို ကျွန်တော်ဖလော်ရီဒါမှာစတွေ့ခဲ့ဖူးတယ်၊ တညနေမှာ သူများဈေးဝယ်တာကို ကားပါကင်ဘေးမှာထိုင်စောင့်ရင်းက ပျင်းလာတာနဲ့ အနီးက အိမ်မွေးအကောင်လေးတွေရောင်းတဲ့ဆိုင်ထဲဝင်ကြည့်မိတယ်၊ ဆိုင်ကလည်းအကြီးကြီးဆိုတော့ အကောင်လေးတွေစုံတယ်၊ ဒါနဲ့မြွေတွေရောင်းတဲ့ဘက်ရောက်သွားတော့ မြန်မာစပါးအုံးအပေါက် လက်မလုံးသာသာကောင်ကလေးကို ဒေါ်လာ၉၉ လို့ဈေးရေးထားတာတွေ့ရတယ်၊ အမယ်..ဒီလိုမှန်းသိရင် အမေရိကန်ကိုအလာမှာ တောကမြွေတွေဖမ်းထဲ့ခဲ့ရင်တောင်စရိတ်ရနိုင်တယ်လို့ ရီစရာသဘောမျိုး တွေးမိသေးတယ်၊

အဲ့ဒီမြန်မာစပါးအုံးမြွေတွေက ဖလော်ရီဒါကိုစမျိုနေပြီလို့ တချို့ကလည်းတင်စားလာကြတယ်၊ သူတို့တွေက အမေရိကန်သဘာဝပတ်ဝန်းကျင်ကို စတင်တိုက်ခိုက်လာနေပြီဆိုဘဲ၊ ဘယ်လိုဘဲပြောပြော မွေးချင်သူတွေများလွန်းလို့ ပြည်ပကနေတင်သွင်းနေဆဲပါတဲ့၊ ခန့်မှန်းချေ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ခု ငါးနှစ်အတွင်းမှာဘဲ မြန်မာစပါးအုံးမြွေပေါက်ကလေးတွေ အကောင် တစ်သိန်းငါးသောင်းခန့်တင်သွင်းခဲ့ပါတယ်တဲ့၊ သူတို့တွေကိုအိမ်မွေးအဖြစ်တင်သွင်းနေတာကတော့ကြာပါပြီ၊ အခုတော့တင်သွင်းစရာမလိုလောက်အောင် သူတို့တွေအမေရိကန်ရာသီဥတုမှာမျိုးဆက်ပြန်ပွားပြီးနေနိုင်ပါပြီတဲ့၊



တစ်ခါတုန်းက ဖလော်ရီဒါကို ဝင်မွှေသွားတဲ့ မုန်တိုင်း တစ်ခုက အိမ်မွေးတိရိဆန်အရောင်းဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြစ်လိုက်ရာက နေမြန်မာစပါးအုံးတွေအတော်များများလွတ်သွားဘူးတယ်ဆိုပါတယ်၊ အဲ့ဒါကို ပြသနာအစလို့တစ်ချို့ကလည်းပြောကြပါတယ်၊

ဇာတ်လမ်းကတော့ဒီလိုပါ လူတွေကအိမ်မွေးအဖြစ်ဝယ်ယူမွေးမြူကြတဲ့ မြန်မာစပါးအုံးမြွေတွေဟာ အရောင်အသွေးအကွက်တွေကလှပပြီး အေးဆေးလိမ္မာကြပါတယ်၊ သူတို့ကအဆိပ်လည်းမရှိပါဘူး၊ ဒီတော့အကောင်ပလောင်မွေးရတာ အလွန်ဝါသနာပါတဲ့ အမေရိကန်တွေက စတိုင်ကျကျ မြန်မာစပါးအုံးမြွေတွေကို မွေးလာကြပါတယ်၊ သူတို့တွေက အသက် ၂၅နှစ်၃၀လောက်ထိနေနိုင်ပါတယ်၊ အရှည် ကပေနှစ်ဆယ်ကျော်နဲ့ ပေါင် ၄၀၀ လောက်ထိရှိနိုင်ပါတယ်၊ မှတ်တမ်းတခုအရတော့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နီုင်ငံ အီလီနွိုက်ပြည်နယ်က Scrpent Safari Park မှာ ၂၇ ပေအရှည် အလေးချိန် ၄၀၃ ပေါင်ရှိတဲ့ မြန်မာစပါးအုံးမြွေတစ်ကောင်ဖမ်းမိဖူးတယ်လို့ဆိုပါတယ်၊ သူတို့ဇာတိကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာနေပါတယ်တဲ့၊ အိန္ဒိယကနေ အင်ဒိုနီးရှားကြားထဲမှာနေကြတာလို့ဆိုပါတယ်၊ မြန်မာပြည်မှာ အထင်အရှားအများအပြားနေကြလို့နာမည် ကိုတော့ Burmese Python လို့ပေးထားပါတယ်၊



Burmese Python မျိုးစိတ်တွေထဲမှာ Albino Burmese Python ကတော့ အဝါရောင်အကွက်နဲ့အတော်လှပါတယ်၊ မြန်မာပြည်မှာတော့ ကျွန်တော်တခါမှမမြင်ဖူးပါဘူး၊ Dwarf Burmese Python ကတော့ ၇ပေ ထက်ပိုမရှည်ပါဘူးတဲ့၊ နောက်ပြီး Green Burmese Python, Granite Burmese Python, Caramel Burmese Python မျိုးတွေလည်းရှိပါသေးတယ်၊ နောက်တစ်မျိုး Reticulatus Python တွေကတော့ မြန်မာနာမည်မပါပေမယ့် မြန်မာပြည်ပင်လယ်ကမ်းရိုးတမ်းတွေမှာ တွေ့ရပြီး ဖိလစ်ပိုင်ကျွန်းစုများနဲ့ အင်ဒိုနီးရှားဒေသတစ်လျှောက်ထိနေကြပါတယ်တဲ့၊သူတို့ကတော့ ကမ္ဘာ့အရှည်ဆုံးမြွေတွေပါတဲ့၊ မြန်မာပိုင်သွန်တွေရဲ့နောက်ထူးခြားချက်တစ်ခုကတော့ အလွန်အကြီးမြန်တာပါဘဲ၊ ဖြစ်နိုင်တာက သူတို့ကိုမွေးထားပြီးအစာကြွေးနေရင်ကြွေးသလောက်စားတယ်တဲ့၊ ဒါကြောင့်မို့လည်း တစ်နှစ်ကျော်မှာ ၈ပေကျော်ထိကြီးနိုင်ပါတယ်တဲ့၊ ပိုင်သွန် တစ်ကောင်နဲ့ Anaconda တစ်ကောင်ယှဉ်မွေးတဲ့လူတစ်ယောက်ကတော့ မြန်မာပိုင်သွန်တစ်နှစ်သားဟာ Anaconda နှစ်နှစ် သားထက်တောင်ပိုကြီးပါတယ်တဲ့၊


မြန်မာပိုင်သွန်တွေဟာ ရေထဲမှာ နာရီဝက်လောက်အသက်မရူဘဲဆက်တိုက်ငုတ်ပြီးနေနိုင်ပါတယ် ကုန်းပေါ်မှာရော ရေထဲမှာရော သစ်ပင်တွေပေါ်မှာပါ နေကြပါတယ်၊ သိကြတဲ့အတိုင်း သူတို့ထက်အဆမတန်ကြီးတဲ့အကောင်ကြီးတွေကိုတောင် ရအောင်ဖမ်းပြီး မျိုချစားသောက်ကြတဲ့ကောင်တွေဆိုတော့ သူတို့ဟာသိပ်သန်တယ်ဆိုတာပြောစရာမလိုပါဘူး၊

သူတို့ကို ဝယ်ယူစဉ်ကတော့ အကောင်ငယ်လေးဆိုတော့ ဘာမှပြသနာမရှိပါဘူး၊ အကောင်ပလောင်ချစ်တတ်တဲ့ အမေရိကန်တွေကလည်းဂရုစိုက်ကြမှာပြောစရာမလိုပါဘူး၊ ဒီမှာက လူ့အခွင့်အရေးထက် တိရိဆန်အခွင့်အရေးကို ပိုအလေးပေးတယ်လို့တစ်ချို့တောင်ဝေဖန်ကြတာကြားဖူးတယ်၊ ဖလော်ရီဒါမှာ လူတစ်ယောက်ကားထဲကနေ မြန်မာစပါးအုံးမြွေကြီး လည်ပင်းပတ်ပြီးဆင်းလာကာ တိရိဆန်အစာဆိုင်ထဲဝင်သွားတာ တွေ့ဖူးပါတယ်၊ လျှပ်စစ်စောင်ကြီးတစ်ထည်လုံးကို မျိုချလို့ခွဲစိတ်ပြီးထုတ်ပေးတာဖတ်ရပါတယ်၊ အဲ.. ဒီလိုမွေးရင်းနဲ့ ၁နှစ်ကျော်လောက်လဲကြာရော ပိုင်သွန် ကလေးဟာ ၆ပေ ၇ပေကျော်ရှိလာပါတယ်၊ အဲဒီကနေတဖြည်းဖြည်းနဲ့ ကြီးလာတော့ သူ့ကို ထိမ်းဖို့ခက်လာပါတယ်၊ အစာဖိုးတတ်နိုင်တယ်ထားအုံး ထိမ်းသိမ်းရတာကမလွယ်ကူလှပါဘူး၊ တချို့လည်း မှန်ကန်ကြီးတွေလုပ်ပြီးထားကြပါတယ်၊ ဒီလိုနဲ့ တနေ့မှာ မွေးထားတဲ့မြန်မာ စပါးအုံးမြွေတစ်ကောင်က ခွေးပုလေးကို သခင်ရှေ့မှာဘဲကောက်ကာငင်ကာဖမ်းပြီး ရစ်ပတ်လိမ်ချိုးသတ်ပစ်ပြီးမျိုချလိုက်တော့ အားလုံးလှန့်ဖျန့်ကုန်ပါတယ်၊ နောက်တခါ ဖလော်ရီဒါမှာ ဘဲ မွေးထားတဲ့ အယ်ဘီနိုမြန်မာပိုင်သွန်တစ်ကောင် လှောင်အိမ်ကနေလွတ်ပြီး အိပ်နေတဲ့ ၂နှစ်အရွယ်ကလေးကို သွားတိုက်ခိုက်တာ အသိနောက်ကြလို့ကလေးသေသွားပါတယ် ကလေးကို စမျိုဖို့လုပ်နေတုန်းတွေ့သွားတာပါ၊ အဲ့ဒါတောင်မြွေကသိပ်မကြီးသေးပါဘူး၊ ကျွန်တော့အထင်ပြောရရင် လှောင်ထားတဲ့မြွေကဗိုက်ဆာလို့ဆိုးလာတာလားတော့မသိပါဘူး၊

အဲဒီအချိန်ကစပြီး ဥပဒေတွေ တင်းကျပ်လာပါတယ်၊ လိုင်စင်ကြေးတွေတိုးလာပြီးစည်းကမ်းတွေထုတ်လာရပါတယ်၊ ဒါပေမယ့် နောက်ကြသွားပါပြီ၊ အရင်မွေးသူတွေဟာ မြွေတွေသိပ်ကြီးလာလို့ မထိမ်းသိမ်းနိုင်တော့ရင် တောထဲမှာသွားလွတ်လိုက်ကြလေ့ရှိပါတယ်၊ အထူးသဖြင့် ဖလော်ရီဒါက Everglades National Park ထဲမှာ လွတ်ကြတယ်လို့ဆိုပါတယ်၊ နောက်ပြီး မုန်တိုင်းတိုက်တုန်းကလွတ်သွားတဲ့မြွေတွေလည်း ဆက်လက်ရှင်သန်နေကြမယ်လို့ယူဆကြပါတယ်၊ သူတို့ရဲ့ပတ်ဝန်းကျင်ဒေသအသစ်နဲ့လိုက်လျောညီထွေနေနိုင်ကြတယ်ဆိုတာတွေ့ လာရပါတယ်၊ ဖလော်ရီဒါကလည်း မြန်မာပြည်လိုပူတာကိုး၊ အဲဒီကနေ ပြီးတော့ မြန်မာပိုင်သွန်တွေဟာ သူ့ဟာသူမျိုးဆက်တွေပြန်ပွားကုန်တော့တာပါဘဲ၊ စိုးရိမ်စရာကတော့ Everglades ထဲမှာ စပါးအုံးမြွေသိုက်တွေတောင်ရှာတွေ့လာပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ သူတို့ ဒီလို လွတ်လပ်စွာကြီးခွင့်ရှိပါ့မလာ်း.. မြွေဖမ်းသမားတွေကများကများနဲ့၊ ဈေးကလည်းကောင်းတယ်၊ အဲ..အမေရိကန်မှာတော့ မြန်မာစပါးအုံးတွေ အေးအေးဆေးဆေးကလေးတွေ မွေးပြီး နယ်မြေတစ်စတစ်စချဲ့လာနေကြပါတယ်၊ အမေရိကန်ဒေသခံ အကောင်ပလောင်လေးတွေလည်းသူတို့အစာဖြစ်လာကြရပါပြီ၊ ဒါကို သဘာဝဝန်းကျင်ထိမ်းသိမ်းသူတွေက အတော်ကိုစိုးရိမ်လာကြပါတယ်၊ အမေရိကန်ပြည်ကဒေသခံ အပူပိုင်းအဆိပ်ရှိမြွေတွေနဲ့ အဆိပ်မရှိတဲ့မြွေ တချို့ဟာ ၇ပေ ၈ပေထိရှိတတ်ကြပါတယ်၊ ဒါပေမယ့် အားကောင်းမောင်းသန် မြန်မာပိုင်သွန်တွေကတော့ သူတို့ကို အစာလို့ဘဲသဘောထားမှာသေခြာပါတယ်၊ သူတို့ကို ယှဉ်ပြိုင်အနိုင်ယူပြီး သဘာဝဘက်မျှမှုကို ထိမ်းထားဖို့ဒေသခံ တိရိဆန်တစ်မျိုးမျိုးလိုပါတယ်၊ ဒီနေရာမှာ အများစုက အမေရိကန် မိကျောင်း (Alligator) တွေရှိတယ်လို့ဆိုပါတယ်၊ မိကျောင်း Crocodile ကပါးစပ်ရှည်ပြီး Alligator ကတော့ ခေါင်းကြီးကြီးပါးစပ်ပြဲပြဲနဲ့ပါ၊ ဟုတ်ပါတယ် ဖလော်ရီဒါတစ်ဝိုက်က နွံအိုင်တွေမှာ မင်းမှုသူတွေက အယ်လီဂေတာ အမေရိကန်ဒေသခံမိကျောင်းတွေပါဘဲ၊ သူတို့တွေကမြွေတွေကိုဖမ်းစားတတ်ပါတယ်၊ ဒါပေမယ့်အဲ့ဒီမြွေတွေထဲမှာ မြန်မာစပါးအုံးမြွေပါရဲ့လားဆိုတာတော့ ဘယ်သူမှအသေအခြာမပြောနိုင်သေးပါဘူး၊ ပြောနိုင်တာကတော့ အဲ့ဒီမြန်မာစပါးအုံးမြွေတွေက အယ်လီဂေတာတွေကိုပါ ဖမ်းစားတာကိုတော့ တွေ့လာရလို့ပါ၊



ဇာတ်လမ်းကတော့ ဒီလိုပါ.. ၁၃ပေအရှည်ရှိတဲ့ မြန်မာပိုင်သွန်တစ်ကောင်က ၆ပေရှည်တဲ့ အယ်လီဂေတာတစ်ကောင်ကိုမျိုပြီးနောက် သူ့ဗိုက်ပွင့်ထွက်ပြီး သေသွားပါတယ်၊ ခေါင်းပြတ်နေတဲ့..မြွေအသေကြီးနဲ့ ဗိုက်ထဲကနေတစ်ပိုင်းတစ်စထွက်နေတဲ့ မိကျောင်း ကိုကြည့်ပြီး ပြိုင်ဘက်ကိုတိုက်ခိုက်အနိုင်ယူမျိုချပြီးကာမှ မြွေဘာလို့သေသွားတယ်ဆိုတာ အခုထိအတိအကျဘယ်သူမှအပြောနိုင်ကြသေးပါဘူး၊ တစ်ချို့ကတော့ မိကျောင်းကို မျိုအချအပြီးမှာ နောက်မိကျောင်းတစ်ကောင်ကလာတိုက်ခိုက်လက်စားခြေ သွားတယ်လို့ဆိုပါတယ်၊ အခြားတစ်ယောက်ပြောတာကတော့ မဖြစ်နိုင်ဘူးတဲ့ မိကျောင်းကိုက်ရင်မြွေခေါင်းဟာ ဒီလိုပုံမျိုးမပြတ်နိုင်ဘူးဆိုပါတယ်၊ ကျားသစ်လိုအကောင်လာကိုက်တာဖြစ်နိုင်တယ်လို့လည်းပြောတယ်၊ ဒါပေမဲ့လည်း ကျားသစ်ကနွံအိုင်ထဲအထိဆင်းလာပါ့မလား မဖြစ်နိုင်ပါဘူးတဲ့၊ နောက်တစ်ယောက်ကတော့ (ပါမောက္ခတစ်ယောက်) မိကျောင်းကမျိုအချခံရ ပြီးတဲ့နောက်ဗိုက်ထဲမှာ သတိပြန်ရပြီးရုန်းလို့ မြွေဗိုက်ကွဲတာတဲ့၊ ဘာဘဲပြောပြော၁၃ပေ မြန်မာစပါးအုံးမြွေက ၆ပေအယ်လီဂေတာ ကိုဖမ်းစားတာတော့ တွေ့လိုက်ရပါပြီ၊ ဖလော်ရီဒါမှာမင်းမှုနေတဲ့ အမေရိကန်အယ်လီဂေတာတွေတော့ပြိုင်ဘက်အသစ်နဲ့ သူသေကိုယ်သေ ရင်ဆိုင်ပြီးအစာလုစားနေရပါပြီ၊ ကံဆိုးရင်သူပါအစာဖြစ်သွားအုံးမည်၊ သူတို့တိုက်ပွဲတွေကို မျက်မြင်တွေ့သူတွေရှိပါတယ်၊ တိုက်ပွဲတစ်ခုမှာတော့ မြန်မာပိုင်သွန်တစ်ကောင်ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာကိုယ်လုံးတစ်ပိုင်းဝင်လျက်နဲ့တိုက်ခိုက်ကြတာ ၂၄ နာရီကျော်တောင်ကြာတယ်တဲ့..နောက်တော့နှစ်ကောင်လုံး မောပြီး တိုက်ပွဲကို အဆုံးသတ်ခါ သရေနဲ့ လမ်းခွဲလိုက်ကြတယ်တဲ့၊ အဲဒီလို မြန်မာစပါးအုံးနဲ့ အမေရိကန်အယ်လီဂေတာတို့ရဲ့ တိုက်ပွဲတစ်ခုကို အကောင်းဆုံးမှတ်တမ်းတင်ထားတာကိုကြည့်လိုက်ပါဦး၊



ကဲ..သူတို့တွေဘယ်လောက် ဖလော်ရီဒါမှာပတ်ကြမ်းနေကြသလဲဆိုတာ ကိုတော့ သိလောက်ပါပြီ၊ သူတို့တွေကဖလော်ရီဒါမှာတင်နေမှာ မဟုတ်ပါဘူး နယ်မြေတွေချဲ့ထွင်နေမှာ သေခြာပါတယ်၊ ဒါကြောင့်ဒီမြန်မာ စပါးအုံးမြွေတွေ ဘယ်အချိန်မှာ ဘယ်လောက်ထိပြန့်နှံ့သွားမလည်းဆိုတာကို ခန့်မှန်းချက်မြေပုံမှာကြည့်နိုင်ပါတယ်၊ နောင်ဆိုရင်တော့ တက္ကဆက်ကိုဖြတ်ပြီး ကာလီဖိုးနီးယားထိတောင်ရောက်လာပါလိမ့်မယ်၊ ကံကောင်းတာကတော့ သူတို့အအေးပိုင်းတော့သွားမှာမဟုတ်လို့ပါ၊ အခု တော့အစိုးရက သူတို့ကို ထိမ်းချုပ်ဖို့ ဒေါ်လာ သန်း၂၀၀ ဘက်ဂျက်ချပေးမယ်လို့တစ်နေရာမှာဖတ်လိုက်ရ ပါတယ်၊ တချို့ကလည်း သိပ်နောက်ကျသွားပြီတဲ့၊ တချို့ကတော့ ဒီမြန်မာပိုင်သွန်တွေ ဖလော်ရီဒါနွံအိုင်ဒေသကို မင်းမှုနိုင်နေရင်၊ အမေရိကန်ရာသီဥတုကို လိုက်လျောညီထွေနေနိုင်နေရင် အမေရိကန်ပိုင်သွန်လို့နာမည်ပြောင်းလိုက်ဖို့ (အလွတ်) အဆိုပြုကြပါတယ်၊ တစ်ချို့ကလည်း Burmese Python လို့ခေါ်မဲ့အစား Python လို့ဘဲခေါ်ဖို့အဆိုပြုပြန်ပါတယ်၊ ဒါပေမယ့်လည်း ပိုင်သွန်အမျိုးကွဲချည်းဘဲက ၃၂ မျိုး (ဖတ်မိသလောက်) ရှိတာဆိုတော့ ဒီလိုခေါ်လို့လည်းမဖြစ် ပါဘူး၊
Python လို့ဘဲဖော်ပြထားတာတွေ့ဘူးသလို၊ အချို့ကလည်း Burmese လို့ချစ်စနိုး တင်စားခေါ်တာဖတ်ရဖူးပါတယ် (ငါ့မှာ ၁၂ပေရှည်တဲ့ဗားမိရှိတယ်လို့ ရေးထားတာတွေ့ဖူးတာပါ)၊

ကဲ.. အမေရိကန်မှ မြန်မာစပါးအုံးမြွေတွေရဲ့ဇာတ်လမ်းကို ဒီမှာဘဲ ရပ်နားခွင့်ပြုပါ၊

ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

မူရင်းကိုးကား..

http://edis.ifas.ufl.edu/UW286
http://www.nationalparkstraveler.com/2009/05/creature-feature-burmese-pythons-prowl-everglades-and-s-not-good-thing
http://conservationreport.com/2008/02/26/invasive-species-burmese-pythons-an-invasive-species-in-south-florida-could-spread-to-one-third-of-united-states/
http://www.flickr.com/photos/jonnygoldstein/3616889916/
http://ianramjohn.wordpress.com/2008/02/27/burmese-pythons-invading-california/
http://notwrong.blogspot.com/2006/12/those-crazy-animals.html
http://www.cnn.com/2004/TECH/science/10/22/predators.in.paradise/index.html
http://blogs.herald.com/dave_barrys_blog/2005/10/python_vs_gator.html
http://www.brisbanetimes.com.au/world/pet-python-strangles-2yo-girl-20090702-d5gj.html
http://daymix.com/Burmese-Python/

Sunday, July 26, 2009

အမေရိကန် ဟစ်စပန်းနစ်



အမေရိကန်မှာ အင်္ဂလိပ်စကားမပြောတတ်တဲ့သူတွေအများကြီးရှိတာ အမေရိကန်ရောက်မှဘဲသိတော့သည်၊ သန်းနဲချီတဲ့လူတွေဟာ အင်္ဂလိပ်စကားမပြောကြပါဘူး၊ တချို့ကတော့ နဲနဲပါးပါးအလုပ်ဖြစ်ရုံလောက်ဘဲပြောတတ်ကြသည်၊ ဘာလို့သူတို့တွေ အင်္ဂလိပ်လို မပြောတတ်ကြတာလည်းဆိုတော့ ပြောတတ်ဖို့မှမလိုဘဲကိုးဗျ၊ ကျွန်တော်တို့ နော့ကာရိုလိုင်းနားမှာ ဘဲကြည့် နဲနဲနောနောဟစ်စပန်းနစ်တွေမှမဟုတ်တာ၊

တောင်အမေရိကနိုင်ငံတွေကနေစိမ့်ဝင်လာကြတာ အမေရိကန်အနှံ့ပြည့်နေပြီ၊ ကျွန်တော်တို့ အမေရိကန်ရောက်ရွှေမြန်မာ များကတော့ သူတို့ကို “ပဲ” တွေလို့ခေါ်တယ်၊ အင်ဒီယားနားဘက်ကမြန်မာတွေကတော့ “မားကတ်” တွေလို့ခေါ်တယ်ကြားတယ် သူတို့ဘက်မှာက မက္ကစီကန်တွေများလို့လဲဖြစ်မည်၊

“ကိုမွေစတား” ရုတ်တရက်ကျွန်တော့်မိန်းမကြောင်သွားသည် ဒီတော့မှကျွန်တော်လည်း အလိုက်သင့်ဝင်ပြောလိုက်ရသည် “မွေဘီယန်” ၊ ဒီတော့တဖက်ကလူ က အမျိုးသမီးကိုသေသေခြာခြာကြည့်ရင်း“အက်စပန်ညော်” ထပ်မေးလာသည်၊ နိုးနိုး အာရှ ဆိုတော့မှ ကိုယ့်ဆရာလည်းလစ်သွားတော့သည်၊ ဟုတ်သည် အမျိုးသမီးက မျက်လုံး မျက်ခုံးမှာ မက္ကဆီကန်နဲ့တော်တော်တူသည်၊ ဒီတော့ စပန်းနစ်တွေက သူ့ကိုတွေ့ရင် စပန်းနစ်လိုစကားလာလာပြောတတ်ကြသည်၊ သူကစပန်းနစ်လို တစ်လုံးမှ မတတ် ကျွန်တော်က တစ်လုံးနှစ်လုံးတတ်သည်၊ တတ်သလောက်နဲ့ နဲနဲပါးပါးတော့ရောလို့ရသည်၊ ကိုမွေစတားကတော့ နေကောင်းလားပေါ့ဗျာ မွေဘီယန် (မွေဗြန်) ကတော့ ကောင်းတယ်ပေါ့၊ ပရာမီးဆို၊ ဒီနားဒါ (နဲနဲလောက်၊ ရပါတယ်)၊ ဘိုကီဆိုဗီညဲရို မုချိုသရာဘာဟိုး (လုပ်ရတော့ အများကြီးပိုက်ဆံရတော့နဲနဲလေး)၊ မုချိုဖရီဟို (အရမ်းအေးတယ်) ဘိုနီတာ ကတော့ လှတယ်၊ ဂျာကရေမိုပတ်ဆေလ်.. ဂျာကရေမိုပတ်ဆေလ်.. ကန်ကယ်ဆေးရိုးပေးသတ်ဆီတို… ဂျာကရေးမို ပတ်ဆေလ်.. ကတော့ ဟတ်ပီဘတ်ဒေ တူးယူး မွေးနေ့သီချင်း စသည်ဖြင့်ပေါ့ဗျာ.. ကဲတတ်တာတော့ အကုန်နီးပါးဘဲ၊

အမျိုးသမီးကို ဟစ်စပန်းနစ်နဲ့တူတာသာပြောနေတာ မနေ့ကဘဲဆေးရုံကဖောင်ဖြည့်ဖို့စာပို့လိုက်တာ အကုန်လုံး စပန်းနစ်လိုဘဲ ရေးထားတော့ ဘာမှဖတ်မတတ်၊ အင်း..တခါတလေ မသိရင်ဒီကလူတွေက စပန်းနစ်စာရင်းထဲထဲ့လိုက်သလားမသိ၊ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို အတော်လေး စိတ်ကသိကအောက်ဖြစ်ရသည်၊ တလောက အသိတစ်ယောက်ကို ကားအမြန်မောင်းလို့ရဲဖမ်းတာမှာ ရဲကစာရွက်ထဲမှာ လူမျိုးကိုဟစ်စပန်းနစ်လို့ မမေးမစမ်းဘဲထဲ့ထားသည်၊ ဒီကိစ္စက ကျွန်တော်တို့တွေသာမဟုတ်အမေရိကန်တွေမှာ လည်း ဟစ်စပန်းနစ်ပြသနာလေးတွေရှိသည်၊ စပန်းနစ်စကားနေရာရလာတာ၊ အလုပ်ကိစ္စ၊ အမှုအခင်း စတာတွေလည်းပါသည်၊ ဟစ်စပန်းနစ်တွေလို့ရောခေါ်ထားတဲ့ “လက်တီနို” “လာတီနာ” တောင်အမေရိက နိုင်ငံတွေကနယ်စပ်ဖြတ်ဝင်လာကြသူတွေက အမေရိကန်မှာအများကြီး၊ တလောက စီးပွားပျက်ကပ်ဆိုက်တော့တချို့လည်းပြန်ကုန်ကြသည်၊ အခုတော့ အမေရိကန်အစိုးရက တဖြည်းဖြည်းပြန်ပို့နေတာတွေလည်းလုပ်လာသည်၊
အမှန်ကတော့ အမေရိကန်နိုင်ငံကအစကထဲက ဒီလူတွေဝင်လာနေတာသိသိကြီးနှင့် မျက်စိမှိတ်ပြီးနေတာဖြစ်မည်၊ မြန်မာပြည်ထက်မသိမသာပိုကျယ်တဲ့တက္ကဆပ် နယ်စပ်ကလည်းဖြတ်လာရင်အလွယ်လေးကိုး (ကျူးဘားကလာသူတွေကတော့ ဖလော်ရီဒါမှာပြည့်လို့) အခုမှ စည်းရိုးကာလို့ရောရမလားတော့မသိ၊ မြန်မာတွေတောင်တစ်ချို့အဲ့ဒီ နယ်စပ်ကဖြတ်ဝင်လာတာရှိတယ်၊ တစ်ပတ်ဘဲကွာပြီး အမေရိကန်ကိုရောက်လာတဲ့ မြန်မာတစ်ယောက်လည်း မက္ကဆီကိုနယ်စပ်ကဖြတ်ဝင်လာခဲ့တာတဲ့၊ တောင်အမေရိက နိုင်ငံတွေကို အဆင့်ဆင့်ဖြတ်ပြီး အမေရိကန်ကိုရောက်ဖို့ ၂နှစ် ကြာခဲ့တဲ့သူ့ဇတ်လမ်းကတော့အရှည်ကြီးမို့ထားလိုက်ဦးမယ်၊ ဆက်ပြောရရင်တော့ အာရှနိုင်ငံတွေမှာလို အမေရိကန်မှာက နေရာတစ်ကာရဲကလိုက်ဖမ်းနေတာမဟုတ် အထဲရောက်လို့ကတော့ လွတ်လွတ်လပ်လပ်ဘဲ၊ ကျွန်တော်တို့လမ်းထိပ်နားက ကားမှတ်တိုင်မှာ မနက်မနက်ဆို တရားမဝင်ရောက်လာတဲ့ဟစ်စပန်းနစ်တွေ အလုပ်စောင့်နေတာမှ အများကြီး၊ ဘာရဲမှမဖမ်းဘူး တခါတလေရဲတွေလည်းရှိနေတာဘဲ၊ သိရသလောက်တော့ ရဲကဘယ်တော့မှ တရားမဝင်တဲ့သူတွေကို မေးမှာဖမ်းမှာမဟုတ်ဘူးထင်တယ်၊ သိရသလောက်ကတော့ သူတို့အလုပ်ကပြစ်မှုဖြစ်မှဖမ်းမှာဆိုဘဲ၊ အဲဒါက လူဝင်မှုကြီးကြပ်ရေးရဲ့အလုပ်သူတို့ဝင်မရှုပ်ပါတဲ့၊ မနှစ်ကတော့ နော့ကာရိုလိုင်းနားရဲက လူဝင်မှုကြီးကြပ်ရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးနေတာဖတ်လိုက်ရတယ် ဖြစ်မဖြစ်တော့မသိပါ၊ အခုတစ်လော လူဖမ်းပြန်ပို့တဲ့ဇတ်လမ်း ရုပ်ရှင်တွေတော့ ရိုက်လာတာတွေ့ရသည်၊

အရေးအကြီးဆုံးအချက်ကတော့ တောင်အမေရိက ကရောက်လာသူတွေဟာ အလုပ်တော့အတော်လုပ်ကြသူတွေဖြစ်သည်၊ တရားမဝင်ရောက်လာသူတွေဆိုတော့ လုပ်ခနဲနဲပေးပြီး အလုပ်အများကြီးခိုင်းလို့ရသည်၊ အမေရိကန်က အမဲတွေအဖြူတွေထက် အလုပ်လုပ်ရာ (သာမန်အလုပ်ကြမ်းမျိုး) မှာ အများကြီးသာတော့ သူတို့တွေကိုလွှတ်ထားပေးတာလည်းဖြစ်မည်၊ နော့ကာရိုလိုင်းနားက စိုက်ပျိုးမွေးမြူရေးအလုပ်တွေ၊ ပြုပြင်ထိမ်းသိမ်းရေးအလုပ်တွေ၊ စားသောက်ဆိုင်တွေမှာ ဟစ်စပန်းနစ်တွေချည်းပြည့်ကုန်တော့သည်၊ ဒီလိုနဲ့ရောက်တာကြာတဲ့သူတွေကတရားဝင်သူတွေဖြစ်လာပြီး လုပ်ငန်းတွေဘာတွေတစ်ချို့လည်းတရားဝင်ထောင်ပြီး သူတို့လူသူတို့ပြန်ခိုင်းပြီး အလုပ်လုပ်လာကြသည်၊ မွေးလာတဲ့ကလေးတွေက အမေရိကန်တွေဖြစ်ကုန်သည်၊ ဒီလိုနဲ့လူဦးရေများလာတော့ သူတို့အတွက်ကူညီတဲ့အဖွဲ့တွေရှိလာသည်၊ ဒီလိုနဲ့ဟစ်စပန်းနစ်တွေဟာအမေရိကန်မှာ အင်္ဂလိပ်စကားတတ်စရာမလိုတော့အောင်ဖြစ်လာတော့တာပါဘဲ၊ တနေရာရာကိုဖုန်းခေါ်ရင် စက်ကနေ အင်္ဂလိပ်လိုပြောရင် ဝမ်းကိုနှိပ်ပါလို့မေးမယ် မနှိပ်မိလို့ကတော့ စပန်းနစ်လိုပြောလာလိမ့်မယ်၊



အခုဆို အောက်ခြေနဲ့ အလယ်အလတ်အလုပ်တွေမှာ စပန်းနစ်တတ်သူကိုမှဦးစားပေးခန့်တာတွေ့လာရသည်၊ ဒီတော့ တစ်ချို့အောက်ခြေအမေရိကန် တွေအလုပ်ရှာရခက်လာတော့သည်၊ လူမဲ တွေ အဲဒီကိစ္စမကြေနပ်လို့ ဆန္ဒပြဘူးသည်၊ အစကတော့ သူတို့ဘဲမလုပ်ချင်လို့ မျက်စိမှိတ်နေပြီးအခုမှ ပြာပြာသလဲဖြစ်လာကြသည်၊ အရင်ကဆိုနော့ကာရိုလိုင်းနားမှာ တရားမဝင်ရောက်လာတဲ့ ပဲတွေကို တရားဝင်အလုပ်လုပ်လို့ရအောင်ဆိုပြီး အခွန်ထမ်းဆောင်သူမှတ်ပုံတင်ဆိုပြီး ဆိုရှယ်ကဒ်အစားထုတ်ပေးသည်ဟုကြားသည်၊ အဲ့ဒီ အိုင်ဒီနဲ့ အိမ်ပါဝယ်လို့ရတော့ ဟစ်စပန်းနစ်တွေက အိမ်တွေဘာတွေအကြွေးနဲ့ဝယ်နေကြသည်၊ အဲဒီအိမ်တွေမှာ တခြားသူတို့လူတွေကို အဆင့်အငှားပြန်ချပြီး အမြတ်တောင်ထွက်သေးသည်၊ စီးပွားပျက်တော့ အိမ်ဘိုးမပေးဘာမပေးနဲ့ပြန်ပြေးတော့ ငွေချည်းပေးထားတဲ့ဘဏ်တွေပြသနာတက်တာကြားဘူးသည်၊ သူတို့တွေက မိသားစုသုံးလေးစုကို ဖြစ်သလိုစုပေါင်းပြီးအိမ်တခန်း မှာ နေနိုင်သူတွေဖြစ်သည်၊ ဒါကြောင့်လည်းသူတို့ပိုက်ဆံစုနိုင်ကြသည် တနှစ်တနှစ် မက္ကဆီကိုနိုင်ငံတခုထဲ ကိုပြန်ပို့တဲ့ငွေက ဘီလီယံနှင့်ချီတော့သူတို့ဘယ်လောက်စုနိုင်သလဲတွက်သာကြည့်တော့၊ တရားဝင်ဖြစ်လာသူတွေ ကားတွေဘာတွေဝယ်ရင် အမေရိကန်အစစ်တွေအားကြရလောက်အောင် အကောင်းစားကြီးတွေ ကိုလက်ငင်းငွေပြေချေပြီးဝယ်တတ်ကြသေးသည်၊ အကြွေးနဲ့သာကားဝယ်ကြတဲ့အမေရိကန်လောကမှာ သူတို့ကလက်ငင်းငွေးရှင်းသည်၊ သူတို့က ကဒ်တွေဘာတွေထက်ငွေသားကိုင်သုံးကြသူတွေများသည်၊ ဒါကတော့ လူမဲတွေတော်တော်များများလည်းငွေသားကိုင်သုံးနေကြတာ တွေ့နေရသည်၊ များသောအားဖြင့် အေတီအမ်မှာ ငွေထုတ်ပြီး ဈေးဝယ်ရင်ငွေသားနဲ့သုံးကြသည်၊ အခုတောင်ကျွန်တော်လည်း ငွေသားကိုပိုကိုင်သုံးလာသည်၊ တခါကဒ်နဲ့ဝယ်တာ နှစ်ဆရိပ်လိုက်လို့ တိုင်ရသေးသည်၊ ပြန်တော့ရပါရဲ့ အလုပ်ရှုပ်သည် အချိန်ကုန်သည်၊ မသိလိုက်ရင်၊ ဘဏ်စာရင်းမကြည်မိရင် ဘယ်လိုလုပ်သိတော့မလဲ၊

ဟိုးနှစ်ပေါင်းများစွာ ကထဲကနေလာတဲ့ ဟစ်စပန်းနစ်တွေနဲ့ အရှိန်အဟုန်နဲ့စိမ့်ဝင်လာတဲ့ သူတွေကြောင့်အမေရိကန်မှာ ဟစ်စပန်းနစ်စကားကနေရာရလာပါပြီ နောက်ဆိုစပန်းနစ်စကားပါသင်ရမလားမသိပါ၊ သာမန်ရုံးတွေ၊ ဆိုင်တွေ၊ ဆေးခန်းတွေမှာ နေရာတကာ စပန်းနစ်လိုပြောပါတယ်၊ ကျွန်တော်တို့ဖက်က မက်ဒေါနယ်ဆိုင်တွေဆို စပန်းနစ်တွေ ဖရန်ချိုင်း ယူပြီးလုပ်လာကြတာတွေရပါတယ်၊ တချို့မြို့တွေမှာဆို စပန်းနစ်တွေက လူများစုဖြစ်လာပြီးလူဖြူတွေက လူနည်းစု
ဖြစ်လာတာတွေဖတ်လာရပါတယ်၊

ဒါပေမယ့် ဒါတွေကသာမန်နေရာတွေပါ အောက်ခြေနဲ့သာမန်လူလတ်တန်းစားတွေထိတွေတဲ့နေရာတွေဖြစ်မှာပါ၊ လူချမ်းသာတွေ၊ ပညာတတ်တွေရဲ့နေရာမှာတော့မဟုတ်လောက်ပါဘူး၊ ဘာလို့လည်းဆိုတော့ စပန်းနစ်တွေကို ဘယ်လိုသဘောထားမယ်ဆိုတာစဉ်းစားကြည့်လို့ရပါတယ်၊ နောက်ပြီးသူတို့က ပိုက်ဆံဖြုန်းမယ့် သူတွေမှမဟုတ်တာဘဲ၊ အလုပ်သမားတွေများတာကိုး၊

တစ်ခု ဟစ်စပန်းနစ်တွေကို မကြိုက်ကြတာကတော့ ပြစ်မှုတွေများတာပါဘဲ၊ မှုယစ်ဆေးဝါးအမှုတွေ သတ်ဖြတ်မှုတွေ ယဉ်တိုက်မှုတွေရှိပါတယ်၊ တစ်ချို့မှာ တရားဝင် ဘာအထောက်အထားမှမရှိတော့ တစ်ခုခုလုပ်ပြီးပြေးရင်ရှာရခက်ပါလိမ့်မယ်၊ နယ်စပ်ဖြတ်လိုက်ရင်လည်းလွတ်ပြီကိုး၊ မှုယစ်ဆေးဝါးရောင်းဝယ်သူတွေလည်းအများကြီး၊ အဲဒီကိစ္စကတော့အတော်ကိုရှုပ်ပါတယ်၊ ဖတ်လိုက်ရမလားတော့မသိ မှုးယစ်ဂိုဏ်းတွေက
အမေရိကန်ပေါက် ဟစ်စပန်းနစ် အမေရိကန်လူငယ်လေးတွေကို ဟစ်မန်းလုပ်ခိုင်းပြီးလူတွေသတ်ခိုင်းနေတာ၊ ကောင်လေးတွေက ၁၄၊၁၅ လေးတွေဘဲရှိသေးတယ်၊ ရှင်းတာကတော့ အတော်ကိုရက်စက်ကြတယ်ဆိုဘဲ၊ သတင်းစာထဲမှာ သူတို့ပြောပုံအရ မက္ကစီကို စစ်ထွက်ရဲထွက်တွေအများစုနဲ့ဖွဲ့ထားတဲ့အဲ့ဒီဂိုဏ်ဟာ အမေရိကန်တစ်ခွင်ကမြို့ကြီးတွေမှာပြန့်နေပြီတဲ့၊ ကျွန်တော်တို့ပြည်နယ်က Charlotte မြို့တောင်ပါသေးတယ်၊ အသိကိုရီးယား တစ်ယောက်ကအကြံပေးတယ် ညဖက်ဆို မြောက်ပလာဇာ လမ်းတို့ စင်ထရယ် လမ်းတို့ကိုမသွားတာအကောင်းဆုံးဘဲတဲ့၊ အဲဒီကိုရီးယားကလည်းအတော်ထူးဆန်းတယ် အမေရိကန်မှာ ဟစ်စပန်းနစ်နဲ့ ပေါ်တူဂီစကားပြန်လုပ်နေတာ၊ သူလာတာက ပါရာဂွေးနိုင်ငံကတဲ့၊ အမေရိကန်ရောက်တာအနှစ် နှစ်ဆယ်ရှိတဲ့ ဒီလူကလည်းတကယ့်လူစုံ၊ ကျွန်တော်တို့ဂိုဏ်..အဲလေ ယောင်လို့ ကျွန်တော်တို့စကားပြန်အဖွဲ့ထဲမှာ ထူးထူးဆန်းဆန်းစပန်းနစ်စကားပြောကိုရီးယားပေါ့ဗျာ၊
တခါတုန်းက အိမ်နီးနားချင်းအဖြူလင်မယားနှစ်ယောက်ဟာ ညဖက်ဆို လမ်းရှောက်ပြီးလမ်းထိပ်ဓာတ်ဆီဆိုင်ကိုသွားပြီးဘာလေးညာလေးဝယ်တတ်လေ့ရှိတယ်.. ဒါကဘာမှဆန်းတဲ့ကိစ္စမဟုတ် ကောင်မလေးတွေတောင်ည၁နာရီ၂နာရီ အပြေးလေ့ကျင့်နေတာရှိသေးတာဘဲ၊ ဒါပေမယ့်တစ်ညမှာတော့ သူတို့လင်မယားကို စပန်းနစ်တစ်ယောက်ကနောက်ကလိုက်လာပြီးဓားနဲ့ထိုးတာ အဖိုးကြီးတစ်ကိုယ်လုံးဒဏ်ရာအတော်ရသွားပြီးဆေးရုံမှာ အတော်ကြာအောင်ကုလိုက်ရတယ်၊ နောက်တော့သူတို့လည်းပြောင်းသွားပါတယ်၊ အဲဒီလို ညှိကြတာလေးတွေကတော့အများကြီးပေါ့ဗျာ..၊

ဂွာတီမာလာကလာတဲ့ စပန်းနစ်အသိတစ်ယောက်ကတော့ ပြောတယ် သူတို့တွေကို မက္ကစီကန်တွေလို့ထင်တာမကြိုက်ဘူးတဲ့၊ ဘာလို့လည်းဆိုတော့ မက္ကစီကန်တွေကဆိုးတယ် သူတို့ကမဆိုးဘူးတဲ့၊ သူတို့တွေကနိုင်ငံသာကွဲတာ စကားတူတော့ (တချို့အသုံးလေးတွေတော့မသိမသာကွဲပါတယ်) ကျွန်တော်တို့လည်းသိပ်ခွဲမသိဘူးပေါ့ဗျာ၊

ကာလီဖိုးနီးယားတို့ တက္ကဆက်တို့ကမြန်မာတွေကတော့ သူတို့အကြောင်းပိုသိလိမ့်မယ်ထင်ပါတယ်၊
တကယ်တော့လည်း အမေရိကန်ကို ပထမဆုံးအခြေချဖို့ ကြိုးစားတဲ့သူတွေထဲမှာ စပန်နစ်တွေက အင်္ဂလိပ်တွေထက်ပိုစောတယ်လို့ဖတ်ရဖူးပါတယ်၊ ကျွန်တော်ရေးခဲ့တဲ့နော့ကာရိုလိုင်းနား အကြောင်းမှာတောင်ထဲ့ရေးခဲ့ဘူးသေးတယ်၊

ကဲကဲ စပ်မိစပ်ရာ သိသလောက် လက်တင်အမေရိကနိုင်ငံကလာသူများအကြောင်းကို ဒီမှာဘဲနားလိုက်ပါရစေ၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..၊

Sunday, July 19, 2009

အမေရိကန် စကားပြန်အလုပ်



တနာရီ ၃၅ ဒေါ်လာ၊ ကားမောင်းချိန်တစ်နာရီ ၁၇.၅ ဒေါ်လာ၊ ခရီးအကွာအဝေးတစ်မိုင် ၀.၄၀ ဒေါ်လာ နဲ့ အသွားအပြန်ခရီးကို ပေါင်းပြီးရတဲ့ စကားပြန်အလုပ် က အမေရိကန်မှာမဆိုးဘူးလို့ပြောလို့ရပါတယ်၊ သူများဒုက္ခရောက်မှ ကိုယ်အလုပ်ဖြစ်တယ်ဆိုတာထက် တတ်နိုင်သလောက်ကူညီတယ်လို့သဘော ထားရင်တော့ကုသိုလ်လည်းရဝမ်းလည်းဝပေါ့ဗျာ၊ ဒီဈေးက တရားသေတော့မဟုတ်ပါဘူး..ကျွန်တော်ရတဲ့နှုန်းပါ၊ အခြေအနေအလိုက် အတိုးအလျော့ရှိနိုင်ပါတယ်၊

ကျွန်တော်နဲ့ပတ်သတ် တဲ့စကားပြန်အမျိုးအစားတွေကတော့ ဆေးဘက်ဆိုင်ရာစကားပြန် ခြင်း(medical interpreting)၊ တရားရုံးစကားပြန်ခြင်း (legal interpreting) နဲ့ အလုပ်သမားလျော်ကြေးဆိုင်ရာစကားပြန် ခြင်း (workers’ compensation interpreting) တို့ဖြစ်ပါတယ်၊ ဒီနေရာမှာ ကျွန်တော်ကတော့ တရားရုံးစကားပြန်အလုပ်ကိုလုပ်ပါတယ်၊ Independent Contractor Agreement နဲ့အလုပ်လုပ်ပါတယ်၊ အမေရိကန်မှာ
တရားစရိတ်မတတ်နိုင်သူတရားခံတွေ ရှေ့နေမငှားနိုင်သူတွေကို အစိုးရက စိုက်ပြီး ငှားပေး ရပါတယ်၊ အဲ့ဒီနေရာမှာ စကားပြန်ကိုလည်း တရားရုံးကဘဲငှားပေးပါတယ်၊ ဒီတော့ ကျွန်တော်ရတဲ့ပိုက်ဆံက တရားခံဘက်ကမဟုတ်ပါဘူး အစိုးရဆီကပါ၊ အချိန်တွက်ရာမှာ တရားရုံးကိုစရောက်တဲ့အချိန်ကနေပြီးတော့ ပြန်ထွက်ချိန်အတွင်းကို စကားပြန်နာရီ တနာရီ ၃၅ဒေါ်လာနှုန်းနဲ့ရပါတယ်၊ အနည်းဆုံးနာရီကို ၂နာရီသတ်မှတ်ပေးထားတော့၊ မစောင့်ရဘဲ ၁၅မိနစ်လောက်ဘဲစကားပြန်ပြီး ရက်ချိန်းရွှေ့လိုက်ရင်လည်း ၂နာရီစာရပါတယ် ၊ဒီအတောအတွင်းရှေ့ကအမှုတွေကိုစစ်နေလို့ စောင့်နေရတဲ့အချိန်တွေပါ ရပါတယ်၊ များသောအားဖြင့် ကျွန်တော် Charlotte မြို့ကတရားရုံးမှာ သွားလုပ်ရတာများပါတယ်၊ အိမ်နဲ့ မိုင်၁၄၀ ဝေးပြီး မောင်းချိန် ၂နာရီခွဲရှိပါတယ် (မြို့ထဲမှာတခါတလေယဉ်ကျောပိတ်ပြီးပိုကြာတတ်ပါတယ်)၊ ဒီတော့ မိုင်၂၈၀ နဲ့ ကားမောင်းချိန်၅နာရီ ကသပ်သပ်ရပါတယ်၊

ကျွန်တော်တို့မှာစောင့်ထိမ်းရတဲ့ကျင့်ဝတ်တွေလည်းအများကြီးရှိပြီး၊ အန္တရယ်များတဲ့အခါတွေလည်းရှိပါတယ်၊ ဆေးရုံမှာဆိုလည်း ဆရာဝန်ကပြောတာနဲ့ လူနာကပြောတာ၊ ကြားမှာလည်း ကြားဝင်ပြီးပတ်သတ်သူတွေဝင်ပြောတာတွေ၊ နာနာကျင်ကျင်နဲ့ ဆရာဝန်တွေကို လူနာကဒေါသတကြီးဆဲရေးတာတွေ၊ မဆိုင်တာတွေကို အပ်ကြောင်းထပ်ပြီးရှင်းနေတာတွေ၊ အဲဒီအထဲမှာ စိတ်မနှံ့တဲ့သူတွေကို ကုသတဲ့နေရာမှာစကားပြန်ရရင်ပိုဆိုးသေးတယ်၊ နောက်တစ်ခုက လူနာ သို့ အမှုသည်နဲ့အပြင်မှာအမှတ်တမဲ့ပြန်ဆုံရင် ရောနှုတ်ဆက်ရမှာလား၊ ထွက်ပြေးရမှာလား၊ များသောအားဖြင့်တော့သူကမှတ်မိလို့လာနှုတ်ဆက်ရင်အလိုက်သင့်ပြန်နှုတ်ဆက်ပြီး ထွက်သွားလို့ရပါတယ်၊ အတတ်နိုင်ဆုံးကတော့ မမြင်ချင်ယောင်ဆောင်ပြီးလစ်တာအကောင်းဆုံးပါဘဲ၊ ဘာလို့လည်းဆိုတော့ ယခင်စကားပြန်တဲ့ကိစ္စကို အပြင်မှာပြန်ပြောခွင့်မရှိလို့ပါ၊ အဓိကကတော့ စကားပြန်တစ်ယောက်အနေနဲ့ အကုန်လျှို့ဝှက်ပေးထားရပါတယ်၊ ဒီမှာက လူနာကို ကာကွယ်ပေးထားတဲ့ဥပဒေတွေအပြည့်ရှိတော့အတော်ဂရုစိုက်ရပါတယ်၊ မြန်မာတွေအနေနဲ့ပြသာနာမရှိပေမယ့် တခြားလူမျိုးတွေမှာတော့အတော်ရှိပါတယ်၊ စိတ်ညစ်စရာတစ်ခုကတော့ စာရွက်စာတမ်းတွေဖြည့်ရ လက်မှတ်ထိုးခိုင်းရတာပါဘဲ၊ ဥပမာ လူနာကသူ့ကိုယ်စားပြောခွင့်ပေးကြောင်း၊ နက်စ်တွေက စကားပြန်လာရောက်ကြောင်းအထောက်အထား စတာတွေလိုပါတယ်၊

တရားရုံးစကားပြန်လည်းဒီအတိုင်းပါဘဲ၊ ကျင့်ဝတ်တွေကိုလိုက်နာရပါတယ်၊ တရားရုံးတွေကိုဝင်ပြီဆိုတာနဲ့မျက်နာထားတင်းတင်း ရဲထွားထွားကြီး တွေကအပေါက်ဝမှာ (ဘုကျကျ) စစ်ဆေးတာတွေလုပ်ပါတယ်၊ လာသမျှလူတွေကလည်း အမှုပွေသူတွေမဟုတ်လား၊ ဒီတော့ သတ်သတ်ရပ်ရပ်နဲ့ ဝတ်စားထားရပြီး ရင်ဘတ်မှာ မိမိဓာတ်ပုံပါတဲ့ကုမဏီတံဆိပ် Badge တပ်ထားရပါတယ် (ရှိခဲ့ရင်) ဒါမှမဟုတ်ရင်တရားရုံးက ကိုယ့်ကိုထုတ်ပေးထားတဲ့တံဆိပ်တပ်ထားရပါတယ်၊ ဒါမှကိုယ့်ကို စကားပြန်မှန်းသိမှာပါ၊ အဲ..တရားရုံးကတံဆိပ်ရထားရင်တော့ ဝန်ထမ်းဝင်ပေါက်ကနေ ခန့်ခန့်ကြီးဝင်သွားလို့ရပါတယ်၊ တရားရုံးခန်းထဲရောက်ပြီဆိုရင်တော့ တရားရုံးရှေ့နေ ကို သတင်းပို့ပြီး သပ်မှတ်ထားတဲ့နေရာမှာထိုင်ရပါတယ်၊

စကားပြန်တဲ့နေရာမှာ နည်းသုံးမျိုးနဲ့ပြန်ရတာများပါတယ် Simultaneous Interpreting အဆက်မပြတ် ရှေ့ကပြောသွားတဲ့စကားတစ်ကြောင်းနှစ်ကြောင်း နောက်ကနေလိုက်ပြန်နေရတာပါ၊ ခက်ပါတယ် ဘာသာစကားကြွမ်းကျင်မှု၊ တရားရုံးအသုံးအနှုန်းကြွယ်ဝမှုအပြင် မှတ်ညဏ်ကိုလည်းတော်တော်လေးသုံးရပါတယ်၊ အလေ့အကျင့်အများကြီးလိုပါတယ်၊ တရားရုံးမှာ အဓိကပြန်ရတာကလည်းဒီ အဆက်မပြတ်စကားပြန်နည်းနဲ့ပါ၊ တရားသူကြီးနဲ့ တရားခွင်တစ်ခုလုံး လူအများရှေ့မှာပြန်ရပါတယ်၊
စကားပြန်နောက်တစ်နည်းကတော့ Consecutive Interpreting ပါ အဲ့ဒီနည်းကတော့ ပြောနေစဉ်မှာ Note လိုက်မှတ်ပြီးနောက်မှ အပြည့်အစုံစကားပြန်ရတဲ့နည်းပါ၊ တရားခံ သို့မဟုတ် သတ်သေထွက်ချက်ယူတဲ့အခါမျိုး ရှေ့နေနဲ့ တရားလို မေးမြန်းတဲ့အခါမျိုးမှာသုံးပါတယ်၊ စာကြမ်းလိုက်မှတ်တဲ့နေရာမှာ ကြွမ်းကျင်မှုအများကြီးလိုပါတယ်၊
နောက်တစ်နည်းကတော့ Sight Translation လို့ခေါ်ပါတယ်၊ ဘာသာပြန်ပေးရတာပါ၊ မိမိစကားပြန်ပေးရသူ အတွက်စာတစ်စောင်စောင်ထုတ်ပြန်တဲ့အခါမှာ ဖြစ်ဖြစ် သူ့ကိုတရားရုံးက ဖောင်ဖြည့်ခိုင်းပြီးလက်မှတ်ထိုးခိုင်းတဲ့အခါမျိုးမှာဖြစ်ဖြစ် တခါထဲပြန်ပေးရပါတယ်၊

နောက်တစ်ခုက အမှုနဲ့တရားရုံးအလိုက် စကားပြန်တာကို အသံသွင်းသိမ်းထားပြီး ပြန်ရီဗျူး လုပ်တတ်ပါတယ်၊ ဒီတော့စကားပြန်ရတာတာဝန်ကြီးပါတယ်၊ စကားပြန်အနေနဲ့လည်းမိမိ ပြန်ပေးရသူကို ဥပဒေဆိုင်ရာအကြံမပေးရပါဘူး၊ စကားပြန်တွေအနေနဲ့ဒီတရားရုံးတွေထဲဝင်ထွက်နေပြီး အမူပေါင်းများစွာကြုံတွေ့နေရတော့ အထာပေါက် တာတွေရှိတာပေါ့ဗျာ၊ ဒါတွေကိုသွားအကြံပေးလို့မရပါဘူး၊

နောက်တစ်ခုကတော့ ဘာသာစကားနဲ့အသုံးအနှုန်းတွေပါဘဲ၊ ကျွန်တော့်ကို တရားရုံးစကားပြန်လုပ်နေတယ်ဆိုလို့အတော်ဟုတ်နေတယ်မထင်ပါနဲ့ မသိတဲ့နားမလည်တဲ့ဟာတွေအများကြီးကြုံခဲ့၊ ကြုံနေဆဲပါ၊ ကဲ..မသိတဲ့ကိစ္စ၊စကားလုံးပါလာရင်ဘယ်လိုလုပ်မလည်း၊ ရောတော့မချလိုက်ပါနဲ့ စကားပြန်ကြီးကယ်မှ ထောင်လုံးလုံးကျသွားတယ်ဖြစ်နေမယ့်အပြင် ကိုယ်ပါအဖော်လိုက်နေရမယ်၊ မသိရင်ပြန်မေးရပါတယ်၊ မရှင်းရင်ပြန်ရှင်းပြခိုင်းရပါတယ်၊ လူတွေကလည်းလေယူလေသိမ်းမတူကြတော့ တစ်ချို့လူတွေပြောတာအတော်ကိုနားစိုက်ထောင်ရပါတယ်၊
မြန်မာပြည်မှာတောင် တရားရုံးထဲကို တခါမှမရောက်ဖူးပါဘူး၊ အမေရိကန်ရောက်မှခပ်တည်တည်စကားပြန်ဝင်လုပ်ရတာက မိသားစုစားဝတ်နေရေး အတွက်ကြောင့်ပါ၊ နောက်ပြီးရေကူးတတ်ခြင်ရင် ရေနစ်မှာ ကြောက်လို့မရဘူးလေ၊ ဒီနေရာမှာကျွန်တော်က တရားရုံးရဲ့ Approved, Registered or Authorized အဆင့်စကားပြန်ပါ၊ Certified အဆင့်မဟုတ်ပါဘူး၊ အဆင့်မြင့်တရားရုံးတွေတက်ရင်တော့ Certified အဆင့်မှပြန်လို့ရပါတယ်၊ ကိုယ်ကအမေရိကန်ကိုမနေ့တစ်နေ့ကမှရောက်တာ ဆိုတော့အတော်လေးကို အားစိုက်ရပါတယ်၊ တရားခွင်အပြည့် လူတွေအများကြီးရှေ့မှာ ရှေ့နေတွေတရားသူကြီးတွေနဲ့ တရားလို တရားခံ သက်သေတွေကြားမှာ စကားပြန်ရတဲ့အလုပ်ကို ကျွန်တော်ကြိုက်လွန်းလို့တော့မဟုတ်ပါခင်ဗျာ..၊ အမေရိကန်ရုပ်ရှင်လေးဘာလေး ကြည့်ဖြစ်လို့ တရားခွင်အခန်းလေးပါခဲ့ရင် အဲ့ဒီထဲမှာ ကျွန်တော့်ကိုထဲ့ပြီးမြင်ယောင်ကြည့်ပေတော့ဗျာ..၊

ဘာဘဲပြောပြော အမှုကိစ္စကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..၊

(ဒီအလုပ်ကို နော့ကာရိုလိုင်းနားစင်ထရယ်ယူနီဗာစီတီမှ မြန်မာ ပါမောက်္ခကြီးတစ်ယောက်ကရှာပေးခဲ့ပါတယ်၊)

Wednesday, July 15, 2009

သမီးလေး ဘယ်လိုမွေးခဲ့..



ဂျူလိုင်လ ၂ရက်နေ့မှာ တော့ ကလေးမမွေးခင်နောက်ဆုံးရက်ချိန်းအနေနဲ့ ဆရာဝန်နဲ့ရက်ချိန်းယူထားတဲ့အတိုင်းသွားတွေ့ရပါတယ်၊ ဆရာဝန်ကစစ်ဆေးစရာရှိတာကိုစစ်ဆေးပြီးတော့ ဗိုက်နာလာရင်ဘယ်ကိုဆက်သွယ်ရမယ် ဘာလုပ်ရမယ်ဆိုတာကိုအဆင့်ဆင့်ညွှန်ကြားပါတယ်၊ ရုံးချိန်အတွင်းမှာနာရင်ဘယ်ကိုဆက်သွယ်ပါ၊

အကယ်လို့ညပိုင်းလိုမျိုးနဲ့ရုံးပိတ်ချိန်ဆိုဘယ်ကိုဆက်သွယ်ပါစသည်ဖြင့်သေသေခြာခြာပြော ပြပါတယ်၊ ဥပမာရေမွှာပေါက်ရင်အချိန်ဘယ်လောက်ရတယ် ဆိုတာနဲ့ဆေးရုံဘယ်နေရာကိုသွားပါစသည်ဖြင့်ရှင်းပြပါတယ်၊ အရေးပေါ်ကနေတဆင့်သွားရင်ရတယ်ဆိုပေမယ့် မလိုအပ်ဘဲအရေးပေါ်ကိုသွားစရာမလိုတော့ဘူးပေါ့ဗျာ၊ ကိုယ်ဝန် ၆ လလောက်တုန်းကတစ်ခါညကြီးမင်းကြီး မနက်၎ နာရီလောက် အမျိုးသမီးသူ့ဟာသူ ရိုးရိုးလေအောင့်ပီးဗိုက်နာတာကို စိုးရိမ်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး ၉၁၁ ခေါ်ရင်ကောင်းမလား စဉ်းစားသေးတယ်၊ နောက်တော့ တောင့်ထားဆိုပြီးသမီးကြီးကိုနှိုးပြီး အရေးပေါ်ဌာနကိုကိုယ့်ဟာကိုမောင်းသွားလိုက်တယ်၊ ဟိုရောက်တော့ ချက်ချင်း အရေးပေါ်ကနေ မွေးတဲ့ဌာနကို အမြန်ပို့လိုက်ပြီးမွေးကုတင်ပေါ်တင်လိုက်ပါတယ်၊ နောက်တော့ စစ်ဆေးပြီး သာမန်ရိုးရိုးဗိုက်နာတာမှန်းလည်းသိရော ပြန်ဆင်းလာကြဘူးပါတယ်၊့ ရေးပေးလိုက်တဲ့ဆေးစာကတော့ ဝမ်းမှန်ဖို့သောက်ရတဲ့ Miralax ပါတဲ့၊ ကောင်းရော..၊ ဆေးရုံကြွေးတွေနင်းကန်တက်သွားတယ်၊ နောက်တော့မှ UNC က ဖောင်ဒေးရှင်းတစ်ခုကို ရှောက်လိုက်တာ လက်ခံပြီး အကြွေးတွေကိုသူတို့စိုက်ဆပ်ပေးလိုက်တယ်၊ နောက်အခေါက်တွေတော့ ရာခိုင်နှုန်းနဲ့ဘဲပေးရတော့မယ်တဲ့၊
ကဲပြန်ဆက်ရရင်တော့ ဆရာဝန်က နောက်တစ်ခေါက်ကို ကလေးမွေးပြီးမှဘဲပြန်တွေ့ကြမယ်လို့ပြောပြီး အကယ်လို့ သူ့ရက်အတိုင်းမမွေးခဲ့ရင် စစ်ဆေးဖို့ဆေးရုံကို ရက်ချိန်းတောင်းပေးပါတယ်၊ ကျွန်တော်တို့ပြနေတာက လိုကယ် သာမန်အစိုးရ နေ့ဆေးခန်းပါ ဒါကြောင့်ကလေးမွေးရမယ့်ဆေးရုံနဲ့သူတို့ကနေ တဆင့်ချိပ်ထားပေးပါတယ်၊ ဒီလိုနဲ့ပေါ့ဗျာ ဂျူလိုင်၎ရက်လည်းကြရော သမီးကြီးကစိတ်လှုပ်ရှားပြီးဘယ်အချိန်မွေးမလည်းဘဲထပ်ခါထပ်ခါမေးနေပေမယ့်ညရောက်တဲ့အထိဗိုက်မနာခဲ့ပါဘူး၊ သမီးကြီးက ညီမလေးမမွေးသေးရင် သွားနေကြလွတ်လပ်ရေးနေ့မီးရှုးမီးပန်းတွေဖောက်တာသွားကြည့်ချင်တယ်ဖြစ်ပြန်ရော၊ အဲဒီနေရာက ဘောလုံးကွင်းကြီးထဲမှာ ကား ထားပြီးရင်လည်းအဝေးကြီးလမ်းရှောက်ရမယ် အရေးပေါ်ဆိုလည်းပြန်ထွက်ဖို့ခက်မှာမို့ အဝေးကနေဘဲသားအဖသုံးယောက် ကားရပ်ပြီးကြည့်ကာ ည ၁၀နာရီလောက်ပြန်ခဲ့ကြပါတယ်၊ နောက်နေ့လည်း ဗိုက်မနာပြန်ဘူး၊ အဲ့ဒီအချိန်မှာ အမျိုးသမီးကသူ့ဘော်ဒါကြီး စင်္ကာပူက သင်္ချာမာစတာ အမ်ဘီအေ ဆြာအောင်ကို ဂျီတော့ကနေ စကားစပ်မိပြီး ဘယ်နေ့မွေးရင်ကောင်းမလည်းတွက်ခိုင်းတော့ အတွက်ဝါသနာဆရာက တွက်ပေးလိုက်တယ် ကြာသာပတေး၊ သောက်ကြာ၊စနေ ကောင်းတယ်ပေါ့ဗျာ၊ ဒီလိုနဲ့ အင်္ဂါနေ့ ဂျူလိုင် ၇ရက်နေ့မှာ ဆေးရုံသွားစစ်တော့ အာထရာဆောင်းပြန်ရိုက်တယ် ကွန်ထရက်ရှင်တိုင်းတယ် ကလေးနှလုံးခုန်တာစစ်တယ် ပြီတော့ ၁၀ရက်နေ့မနက်၉နာရီမှာ မွေးမယ် ပြန်လာခဲ့ဆိုပြီးရက်ချိန်းပေးလိုက်ပါတယ်၊ အဲဒီနေ့မှာ အရင်အကြွေးတွေထဲက ကျန်နေတဲ့ အကြွေးတစ်ခုကိုဘယ်လိုပေးရမလည်းဆိုတာ ဆေးရုံက ငွေကြေးအကြံပေးကို ဝင်တိုင်ပင်တော့ သူကနဲနဲပါးပါးမေးပြီး ပေးစရာမလိုတော့ဘူးဆိုပြီး ကွန်ပျူတာထဲမှာ မှတ်ချက်ရေးထဲ့ပြီးရှင်းပေးလိုက်တယ်၊ ဟုတ်ကဲ့..ဒီကြားထဲမှာများမွေးမလားစောင့်ရင်းနဲ့ ၁၀ရက်နေ့သာရောက်သွားတယ်ဗိုက်ကနဲနဲမှ မနာဘူးဖြစ်နေရော၊ အဲ..၁၀ရက်နေ့လည်းရောက်ရော လင်မယားနှစ်ယောက်သမီးကြီးကို အသိတစ်ယောက်အိမ်မှာ ထားပြီး (ကလေး တွေမွေးခန်းထဲဝင်မရလို့) မနက်စောစောဘဲဆေးရုံကိုချီတက်ခဲ့ကြပါတယ်၊ အကောင်းကြီးဘဲဆေးရုံကိုရောက်သွားတယ်ဆိုပါတော့ဗျာ..၊ အဲ..ဆေးရုံကမွေးခန်းတွေရှိတဲ့ ၄ထပ်ကိုလည်းရောက်ရော ဟောခန်းကြီးနဲ့ ပိတ်ထားတဲ့တံခါးကြီးတစ်ခုဘဲရှိတယ်၊ လူလည်းတစ်ယောက်မှမတွေ့၊ လင်မယားနှစ်ယောက်ကြောင်တောင်တောင်နဲ့ ဟိုဒီရှောက်ကြည့်ရင်းတံခါးကြီးမှာရေးထားတဲ့စာကို မြင်တော့ မှသဘောပေါက်သွားပြီး အဲ့ဒီဘေးကဖုန်းကိုကောက်ကိုင်ပြီး အထဲကိုလှမ်းပြောမှ တံခါးကြီးကပွင့်သွားပြီးအထဲကိုရောက်တယ်၊ (လုံခြုံရေးအကြောင်းတော့မဆက်တော့ပါဘူး၊ အမေရိကန်မှာ ကလေးခိုးတွေအရမ်းများတယ်ဗျ)၊ အရင်တစ်ခေါက်အရေးပေါ်ကတစ်ဆင့်လာတုန်းကတော့ သူတို့ကတွန်းလှည်းနဲ့အတွင်းလမ်းကပို့ပေးတာဆိုတော့ အခုမမှတ်မိတော့၊ တကယ်ဆိုတော့ဆေးရုံထဲက ဟောဝေးတွေက မျက်စိလည်စရာကြီး၊

ဒီလိုနဲ့ လင်မယားနှစ်ယောက်ကို ရီဂျက်စတာသွင်းပြီးတော့ မွေးခန်းတစ်ခုထဲကိုပို့လိုက်ပါတယ်၊ အခန်းနံပတ် 4W11 ပါ၊ အချိန်က မနက်၈နာရီခွဲဘဲရှိပါသေးတယ် နှစ်ယောက်စလုံးမှာ ပိုက်ဆံအိပ်တစ်လုံးစီနဲ့ ကင်မရာတစ်လုံးကလွဲပြီးဘာမှမပါ၊ မွေးခန်းအဝတ်ဝတ်ပေးပြီးတော့ နပ်စ်မတစ်ယောက်က ကလေးနှလုံးခုန်နှုန်းတိုင်းတာနဲ့ ကွန်ထရက်ရှင်တိုင်းတာတွေကိုဗိုက်မှာတပ်ပြီး Fetal monitor နဲ့ OBTV စက်တွေနဲ့ချိပ်ပေးပါတယ် နောက်တော့ လူကြီးသွေးခုန်နှုန်းတိုင်းတာကိုလည်းလက်မောင်းမှာက နေတစ်ဆင့် စက်နဲ့ချိပ်ပေးပြီး လိုအပ်တာတွေပြင်ဆင်မှာကြားပြီးပြန်ထွက်သွားပါတယ်၊


၉ နာရီ ၂၈မိနစ်မှာ လက်ဖျံကနေ တစ်ဆင့် သွေးပုလင်းသေး ၆ပုလင်းဆေးစစ်ဖို့ဖောက်ယူသွားပါတယ်၊ ပြီးတော့ ဆေးသွင်းစက်နဲ့လက်ဖျံကနေသွင်းပေးပါတယ် (သားအိမ်ပွင့်ဆေးမဟုတ်သေးပါဘူး)၊ ၁၀ နာရီ ၅၀မှာ ဆရာဝန်တစ်ယောက်လာပြီး ရေမွှာဖောက်ပေးပြီး သားအိမ်ပွင့်ဆေးစသွင်းပေးပါတယ်၊ နောက်တော့ တနာရီလောက် နေမှဘဲနပ်စ်ကပြန်ဝင်လာကြည့်ပါတယ်၊ သူတို့ကလူနာဘေးမှာ လိုအပ်ရင်ခေါ်ဖို့ ဖုန်းကိုတော့ချထားပေးပါတယ်၊ ၁၂နာရီ ၅မိနစ်မှာမှ ရေဆင်းများလာပြီး ၁၂ နာရီ၄၅မှာ ဗိုက်စနာလာပါတယ်၊ နက်စ်ဝင်လာပြီး ဆေးသွင်းတဲ့ ဆေး ဒို့စ် ကို နံပတ် ၈ကိုတင်ပေးလိုက်ပါတယ်၊ ၁နာရီ ၂၀မှာတော့ အတော်နာလာပြီးအမျိုးသမီးရဲ့နာကျင်သံကစကျယ်လာပါတယ်၊ ၁နာရီ၄၅မှာတော့ ဆေးကို နံပတ် ၁၀ထိတင်လိုက်ပြီး လက်ဖျံကသွင်းတဲ့ဆေးကို တစ်ထုတ်တိုးပြီး ၃ထုတ်ချိပ်ပေးထားပါပြီ၊ တစ်ခုက သူတို့အဲ့ဒီလိုချိပ်ပြီးသွင်းနေတဲ့ဆေးထုတ်တွေကို မကြာခဏလဲပေးနေတာတွေ့ရပါတယ်၊ သွင်းကာစဆေးထုတ်တွေကို ပေါပေါဘဲသွန်ပစ်လိုက်ပါတယ်၊ အဲဒီလို နာလို့အော်တော့မှ မေ့ဆေး ဆရာဝန်ကရောက်လာပြီး မနာတဲ့ဆေးသွင်းဖို့ပြင်ဆင်ပါတယ်၊ ဒါပေမယ့်မသွင်းသေးပါဘူးပြန်ထွက်သွားပါတယ် ၊ဒါနဲ့မခံနိုင်တော့လို့ ခေါ်တော့မှ ၂နာရီ ၂၅မိနစ်မှာ ရောက်လာပြီး ခါးကနေ အင်ပီဒီရယ်ဆေးသွင်းပေးပါတယ်၊ မနာအောင်ဆေးသွင်းပေမယ့်လည်း နဲနဲတော့နာတာပါဘဲ ဆေးသွင်းတာကြည့်ရတာကတော့ အမြင်မှာနဲနဲကြမ်းသလိုပါဘဲ ဆေးကို ထိုးထဲ့တဲ့နေရာမှာ ဆောင့်ဆောင့်ပြီးထဲ့ရတာတွေ့ရပါတယ်၊ လူနာကတော့ကုန်းကုန်းကြီးထိုင်ထားပေးရပါတယ်၊ကျွန်တော်ကတော့ အမျိုးသမီးဘေးကထိုင်ခုံမှာ ငုတ်တုတ်ကြီးထိုင်ပြီး အမျိုးသမီးလက်ကိုကိုင်ထားပြီး သူတို့လုပ်တာကိုဘဲမျက်ခြေမပျက်ကြည့်နေမိပါတယ်၊ နက်စ်မကြီးကတော့ ရှေ့တဲ့တဲ့ကနေပုခုန်းကိုကိုင်ထားပေးပါတယ်၊ ဘယ်ကနာတာလည်းတော့ မသိဘူးအမျိုးသမီကတော့ တအီးအီးနဲ့အော်ညည်းနေပါတယ်၊ မေးကြည့်တော့ ဗိုက်ကနာတာလို့ပြောပါတယ်၊ ခါးကဆေးသွင်းတာလည်းနာမှာပါဘဲ အပ်တွေပိုက်တွေနဲ့ဖောက်ပြီးသွင်းရတာကိုး..၊ ပြီးတော့ သူတို့လည်းဆေးသွင်းတဲ့စက်ကလေးနဲ့ချိပ်ပြီး စက်ကို သော့ခပ်ပြီးထွက်သွားကြတာ မွေးပြီးတဲ့ထိပေါ်မလာတော့ပါဘူး၊ အမျိုးသမီးကတော့ဗိုက်နာနေဆဲပါ..၊ မြန်မာပြည်မှာတုန်းကတော့ဆေးသွင်းပြီးရင် ဒီလောက်ထိပေးမနာထားပါဘူး ဒီမှာတော့ တော်တော်လေးကိုပေးနာထားပါတယ်၊ နောက်တော့ ၄နာရီခွဲမှာ နက်စ်မကို နာလို့ တစ်ခါခေါ်တော့ ဆရာဝန်အဖွဲ့တွေဝင်လာပြီး မွေးဖို့အသင့်စပြင်ကြပါတယ် နောက်တော့ဟိုစစ်ဒီစစ်လုပ်ပြီးပြန်ထွက်သွားကြပြန်ပါတယ်၊


အဲဒီလိုနဲ့ နေလာရင် ကလေးနှလုံးခုန်စက်က မမှန်ဖြစ်လာတာကိုတွေ့သလို အမျိုးသမီးကလည်း ညှစ်ချင်လာပြီဆိုပြီး နက်စ်မကိုခေါ်ပြန်ပါတယ် သူရောက်လာတော့ သူနဲ့ကျွန်တော်နှစ်ယောက်အမျိုးသမီးကိုညှစ်ခိုင်းပြီး ဝိုင်းမွေးကြပါတယ်၊ ကလေးခေါင်းကဆံပင်တွေကိုမြင်နေရပါပြီ..၊ရင်ခုန်စရာပါဘဲ၊ ဒီလိုနဲ့ အမျိုးသမီးလည်းထပ်ညှစ်လို့မရဖြစ်နေတုန်းကလေးနှလုံးခုန်သံပျောက်သွားပြီး ရှာမရတော့တာနဲ့ နက်စ်ကရေဒီယိုနဲ့ခေါ်လိုက်တော့ဆရာဝန်အဖွဲ့တွေဗြုံးဆိုရောက်လာပြီးအတင်းဝိုင်းမွေးကြပါတော့တယ်၊ မွေးပေးတဲ့အမျိုးသားဆရာဝန်ကအတော်လေးမြန်ပါတယ်၊ ချက်ချင်းလေစုတ်ခွက်ကိုပြင်ရင်း လေစုတ်လို့ရရင်ရမရရင်တခါထဲခွဲမယ်လို့ကျွန်တော့်ကိုလှမ်းပြော ရင်း ကလေးကို လေနဲ့စုတ်ရင်ဘေးကနက်စ်တွေကလည်းညှစ်ဖို့ဝိုင်းအားပေးတော့ကလေးကခေါင်းတစ်ခုလုံးထွက်လာပေမယ်အချင်းကလည်ပင်းပတ်ပြီး ပုခုံးတွေထွက်လို့မရဘူးဖြစ်နေပါတယ်၊ ကလေးကလှုပ်လည်းမလှုပ်တော့သလို ပြာနေပါပြီ၊ ဒီတော့ ဆရာဝန်ကအမြန်ဘဲချက်ကြိုးကိုကျွမ်းကျင်စွာဖြတ်လိုက်ပြီး နောက်ကအဖွဲ့ကိုကလေးကိုလက်ဆင့်ကမ်းလိုက်ပါတယ်၊


သူ့ကိစ္စပြီးသွားတော့ ကလေးကိုလှည့်မကြည့်တော့ပါဘူး အမျိုးသမီးကိုဘဲဂရုစိုက်နေပါတယ်၊ သူ့ဘေးက ဆရာဝန်မကိုလည်းအလုပ်လုပ်ရင်းပါးစပ်ကလည်း သူဘာလို့ဒီလိုလုပ်ရတယ်ဆိုတာနဲ့ အခြေအနေတွေကိုတရပ်စပ်ရှင်းပြပေးနေပါတယ်၊


ချက်ကြိုးတစ်စကိုလည်းဆရာဝန်တစ်ယောက်က သဲကြီးမဲကြီးဂရုတစ်စိုက် ဆေးထိုးအပ်တစ်ချောင်းနဲ့ထိုးပြီး အလုပ်ရှုပ်နေပါတယ် (ကင်ဆာကုဖို့ပါ၊ အစကထဲက ကြိုရှင်းပြထားပါတယ် အဲဒီကနေကင်ဆာတစ်မျိုးကုလို့ရပါတယ်၊ UNC ကလည်းအမေရိကန်ရဲ့ ကင်ဆာသုတေသနမှာ ရှေ့တန်းကပါတဲ့နာမည်ကြီးပါဘဲ)၊ ကလေးကိုပြုစုတဲ့ဆရာဝန် လေး၊ငါးယောက်ဟာ အလုပ်ရှုပ်နေပြီးတစ်မိနစ်လောက်မှာဘဲကလေးကအသံထွက် လာပြီးစငိုပါတော့တယ်၊ အဲဒီတော့မှ ဘဲ ဟင်း ချ နိုင်ပါတော့တယ်၊ ဒီတော့မှဘဲကင်မရာသတိရပြီး ပြေးဆွဲပြီးကလေးကိုဓာတ်ပုံရိုက်လိုက်ပါတယ်၊ သူတို့တွေလုပ်တာကတော့အတော်မြန်ပါတယ်၊ အေးပေါ့လေ..တစ်နေ့တစ်နေ့မွေးနေတာလည်း နည်းတာမှ မဟုတ်တာ၊


သူတို့အတွက်တော့ထမင်းစားရေသောက်ဖြစ်နေမှာဖြစ်ပေမယ့် ကျွန်တော်အတွက်တော့ ပထမဆုံးအတွေ့အကြုံပါဘဲ၊ ပြီးတော့ဘာ ဝတ်စုံမှလည်းမဝတ်မိခဲ့ပါဘူး၊ နောက်တော့အမျိုးသမီး ကပြန်ပြောပြပါတယ် ဆရာဝန်က စီးဆက်ရှင် လို့ပြောသံလည်းကြားရော ခွဲရမှာ ကျောက်ကျောက်နဲ့ညှစ်လိုက်လို့ကလေးခေါင်းထွက်လာတာလို့ပြောပါတယ်၊ ကျွန်တော်ကတော့ ခွဲရတာပိုသက်သာကြောင်း ခောတ်မှီတဲ့ဒီနေ့မှာ လွယ်လွယ်လေးပါဆိုပြီး ကိုယ်မခံရတိုင်း သူများအားရှိအောင်ပြောမိပါသေးတယ်၊ တကယ်တော့ကလေးကြီးတာလည်းပါမှာပါ၊

အစက နက်စ်မနဲ့တိုင်ပင်ထားသလို ကျွန်တော်ကချက်ကြိုးဖြက်ရင်သူဓာတ်ပုံရိုက်ပေးမယ်ဆိုတဲ့အစီအစည်လည်းပျက်သွားခဲ့ပါ တယ်၊ ဒီလိုနဲ့ နာရီဝက်လောက်အတွင်းမှာဘဲ မှတ်တမ်းရေးသူ၊ ကလေးပြုစုသူတွေတစ်ဖွဲဖွဲ နှုတ်ဆက်ကာပြန်ထွက်သွားကြပြီး နက်စ်နှစ်ယောက်လောက် နဲ့ မွေးပေးတဲ့ဆရာဝန်နှစ်ယောက်ဘဲကျန်ပါတော့တယ်၊ အဲဒီဆရာဝန်က အချင်းထုတ်တာ ချုပ်တာတွေကို ဘေးကဆရာဝန်ကိုသေသေခြာခြာသင်ပေးပြီးချုပ်ခိုင်းနေပါတယ်၊ အမျိုးသမီးလည်းအေးဆေးဖြစ်နေတော့၊ ကျွန်တော်လည်း ကလေးကိုကြည့်လိုက် သူတို့ကိုကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အလုပ်ရှုပ်နေဆဲပါ၊ ၄၅မိနစ်လောက်ကြာတော့ နက်စ်နဲ့ ကျွန်တော်တို့မိသားစုသုံးရောက်ဘဲကျန်ပါတော့တယ်၊ နက်စ်ကလည်း ၇နာရီဂျူတီပြီးတော့ပြန်ရတော့မှာဖြစ်ပေမယ့် နောက်ကြတဲ့အထိနေပါတယ်၊ နောက်ရောက်လာတဲ့နက်စ်မကတော့ အသက်နဲနဲကြီးပါတယ်၊ သူကအခန်းရရင်လာခေါ်မယ်ဆိုပြီး ထွက်သွားတော့ ကျွန်တော်တို့သုံးယောက်ဘဲမွေးခန်းထဲမှာတိပ်တိပ်ဆိပ်ဆိပ်ပြန်ကျန်ရစ်ပါတော့တယ်၊



အဲဒီလိုနဲ့နောက်တစ်နာရီလောက်ကြာမှ လာခေါ်ပြီး အခန်းပြောင်းရပါတော့တယ်၊ ကျွန်တော်လည်း အမျိုးသမီးရဲ့ အိမ်ကဝတ်လာတဲ့အဝတ်ထုတ်ကလေးဆွဲပြီးတွန်းလှည်းနောက်ကလိုက်ရင်းအခန်း 5W09 ကိုပြောင်းရပါတယ်၊ ကလေးကိုတော့ နာစရီ အခန်းကိုခေါ်သွားကြပါတယ်၊



အမျိုးသမီးနဲ့တာဝန်ကျနက်စ်ကို အခန်းထဲမှာထားခဲ့ပြီးကျွန်တော်လည်း သမီးကြီးထားခဲ့ရာအိမ်ကို သမီးကိုသွားခေါ်ဖို့အပြေးသွားပါတော့တယ်၊ ဗိုက်ကလည်းမနက်ကထဲကကော်ဖီတစ်ခွက်နဲ့ငှက်ပျော်သီးတစ်လုံးဘဲစားထားရတာဆိုတော့ ည ၉နာရီမှာ အတော်ကိုဆာနေပါပြီ၊ အမျိုးသမီးကိုတော့ ဆေးရုံက ချက်ခြင်းညစာကျွေးပါတယ်၊ သမီးဆီလည်းရောက်ရော ဘာလို့တနေကုန်သူ့ကိုပြစ်ထားတာလည်းဆိုပြီးငိုလို့အတော်ကိုချော့ရပါသေးတယ်၊ သူလည်းဗိုက်ဆာနေပါပြီ၊ ဒါနဲ့သားအဖနှစ်ယောက် အသိအိမ်ကထွက်တော့၁၀ နာရီကျော်ပါပြီ စားသောက်ဆိုင်အတော်များများကဒီအချိန်မှာ ပိတ်ကုန်ပါပြီ၊ ဒါပေမယ့် အိမ်အပြန်လမ်းမှာ ဝင်ဒီ ဟမ်ဘာဂါဆိုင်ဖွင့်သေးလို့(အရင်ကစားနေကြမဟုတ်တော့ဖွင့်ချိန်ပိတ်ချိန်မသိပါ) ဝင်ဝယ်လိုက်ပါတယ်၊


အိမ်ပြန်ပြီးသားအဖနှစ်ယောက်ငတ်ငတ်နဲ့ စားလိုက်ရင်းသမီးကို ဓာတ်ပုံတွေပြပြီး သူ့ညီမလေးအကြောင်းတွေပြောပြတော့ သူအရမ်းစိတ်လှုပ်ရှားလာပြီး အတင်းဆေးရုံသွားမယ်လုပ်ပါတယ်၊ ဒါနဲ့ကဗျာကယာ အိမ်ကပြန်ထွက်ပါတယ်၊ ကားထဲမဝင်ခင် ငတ်ငတ်နဲ့ မာဘိုရိုတစ်လိပ်ကို အားရပါးရရှိုက်ဖွာ လိုက်တော့ လောကကြီးဟာ အရာရာပြည့်စုံသွားသလို အားရကြေနပ်သွားတာ ပြောမပြတတ်အောင်ပါဘဲဗျာ..၊



ဆေးရုံလည်းရောက်ရော ညည့်အတော်နက်နေပါပြီ ဒါနဲ့ရောက်လာတဲ့နက်စ်မကမေးစရာရှိလားဆိုတော့ ဆေးရုံစည်းကမ်းတွေကို မေးကြည့်ပါ တယ် အဓိက ကတော့ဆေးရုံမှာဘယ်အချိန်အထိလူနာစောင့်လို့ရသလဲဆိုတော့ ကြိုက်သလောက်ရပါတယ်တဲ့..၊ဒါနဲ့ သားအဖနှစ်ယောက် ကလေးကိုကြည့်ရင်း အိမ်မပြန်တော့ဘဲ ဆိုဖာပေါ်မှာဘဲအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်၊ အိပ်လို့တော့ဘယ်ရပါ့မလည်းဗျာ၊


မိုးလင်း ၇နာရီမှာ မကြာခင်ကမှ အိပ်ပျော်သွားတဲ့သမီးကိုနှိုးပြီး ဆေးရုံကနေအသိအိမ်ကို သမီးကိုပြန်ထားရပြန်ပါတယ်၊ နောက်ပြီးတော့ ကဗျာကယာဘဲ တရားရုံးက ယာဉ်စည်းကမ်းဖောက်ဖျက်လို့ သင်တန်းတက်ခိုင်းထားတာက မနက်၈နာရီကနေ ၁နာရီခွဲအထိဆို တော့ သင်တန်းတက်ရမယ့် နေရာကို အချိန်မှီအောင်အတင်းမောင်းပြေးရပါတယ်၊ သင်တန်းလည်းရောက်ရော ဗိုက်ကလည်းဆာ အိပ်ကလည်းအိပ်ချင်နဲ့ သင်တန်းခန်းမထဲမှာအိပ်ပျော်သွားပါတော့တယ်..၊ အို..ဘာဘဲဖြစ်ဖြစ် သင်တန်းတက်တယ်ဆိုပြီးတာဘဲမဟုတ်လား အရေးထဲမှ ရက်ကလည်းလာတိုက်နေတာကိုး..၊ သင်တန်းပြီးလို့ပြန်ထွက်တော့ ဆေးလိပ်သောက်ချင်လိုက်တာများ..ဗိုက်ဆာတာထက်ခံရခက်တယ်..၊ ဒါနဲ့..သမီးဆီကိုအတင်းပြန်မောင်း..သူ့ကိုပြန်ခေါ် မနေ့ညကဟမ်းဘာဂါဆိုင်မှာ ဘဲထပ်ဝယ်စား ပြီး ဆေးလိပ်တစ်လိပ်ကိုဇိမ်နဲ့သောက် ပြီးတော့မှ ကလေးနာမည်ကို အင်တာနက်ကနေအသည်းအသန်ရှာပြီးစာရွက်မှာကောက်ရေးခဲ့ရတယ်၊ နာမည်မပေးလို့မရတော့ဘူးလေ ဆေးရုံကမဆင်းခင်ပေးရမှာ မွေးစာရင်းသွင်းရမှာကိုး၊ သမီးအကြီးတုန်းကတော့ ၃နှစ်မှ နာမည်ပေးဖြစ်တယ် ဒါတောင် အမေရိကန်လာဖို့လုပ်ရလို့ပေးဖြစ်သွားတာ၊ နာမည်တွေကလည်းအများကြီးဆိုတော့ ဖြစ်နိုင်မယ့်ဟာတွေရေး ပြီးဆေးရုံကိုပြန်သွားကြတယ်၊ နောက်တစ်ညထပ်အိပ်ကြတယ်၊ ဆေးရုံကမနက်ပိုင်းဆင်းရမယ်ဆိုလို့ သမီးအတွက်မုန့်လောက်ဘဲဝယ်ခဲ့တယ်၊ တကယ်တော့ နေ့လည် ၃နာရီခွဲမှဆင်းနိုင်ခဲ့တယ်၊ သမီးလည်းဗိုက်ဆာတော့ သူ့အမေကိုဆေးရုံကကျွေးတဲ့ ဟာတွေသူအရင်ယူစားလိုက်တယ်၊


အင်းလေ..ဆေးရုံဆင်းနောက်ကြတာက..ကလေးနာမည်ပေးတာနောက်ကြနေတာကိုးဗျ..၊ ကလေးနာမည်ကတော့ Tiffany Ivy Myo ပါတဲ့..၊ အဲဆေးရုံကဆင်းတော့ အမျိုးသမီးကို အိမ်ကယူလာတဲ့အဝတ်တစုံလဲပေးပြီး ဆေးရုံကပေးတဲ့ အိပ်ထဲကို ဆေးရုံကပေးလို့သုံးပြီးကျန်တဲ့ပစ္စည်းတွေအကုန်စုထဲ့ပြီးပြန်ခဲ့ကြပါတယ်၊ တကယ်ဆိုရင်အိမ်ကဘာမှယူစရာမလို.. သွားတိုက်ဆေးသွားတိုက်တံ၊လိုးရှင်းကအစ ကလေးပစ္စည်းအဆုံး အစုံကိုပေးတာကိုး..၊




ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, July 12, 2009

သမီးလေးမွေးပါပြီ..



သမီးလေး ကို သတ်မှတ်ရက်ထက် တစ်ပတ်နောက်ကျပြီး ပြီးခဲ့တဲ့သောကြ်ာ နေ့ ညနေ ၆ နာရီ ၂၅မိနစ်မှာ အခက်အခဲတချို့ကြားမှ
အောင်မြင်စွာ မွေးဖွားလိုက်ပါပြီ၊ မိသားစုလေးယောက်လုံးဆေးရုံမှာနှစ်ညအိပ်ပြီး ဒီနေ့ နေ့လည် ၃နာရီခွဲမှာ ဆေးရုံကဆင်းလာခဲ့ပါတယ်၊ ဒီပုံကတော့ မွေးပြီးလို့ဝိုင်းပြု့စုနေကြတုန်း ကလေးစငိုတော့မှ ဓာတ်ပုံရိုက်ဖို့သတိရလို့ ရိုက်လိုက်တဲ့ပထမဆုံးပုံပါ၊ ၅ မိနစ်အတွင်းရိုက်ထားတာပါ၊
ဒီနေ့တော့ အလုပ်ရှုပ်နေတာနဲ့ အပြည့်အစုံမရေးနိုင်သေးဘူး နောက်မှ ဖြစ်စဉ်ကို သေသေခြာခြာရေးရပါဦးမယ်၊

အမျိုးသမီးကဗိုက်မနာဘဲနဲ့ ဆေးရုံသွားမွေးတာဆိုတော့ အချိန်တော့အတော်ကုန်ပါတယ်၊ မနက် ၈နာရီ ခွဲမှာမွေးခန်းထဲစဝင်ကြတာ ညနေ ၆နာရီ၂၅မှမွေးတာ ဆိုတော့ အတော်ကိုကြာပါတယ်၊ ရိုးရိုးနည်းနဲ့ဘဲမွေးပါတယ်၊ ဗိုက်သိပ်မနာအောင်တော့ Epidural ခါးမှာထိုးပြီးထိမ်းပါတယ်၊ ဆီးချိုထိမ်းနေတဲ့ကြားထဲကဘဲ ကလေးက နဲနဲကြီးသွားပါတယ် မွေးတော့ ၈ပေါင်၉အောင်စရှိပါတယ်၊ အရပ်က ၂၀.၇၅ လက်မရှိပါတယ်၊ ကလေး ချက်ကြိုးလည်ပင်းမှာပတ်နေတော့ အလွယ်တကူထွက်မလာပါဘူး၊ အရေးပေါ်ခေါ်ပြီးမွေးလိုက်လို့လားတော့မသိဘူး စုစုပေါင်းဆရာဝန်ဆရာမ ၁၀ ယောက်ကျော်လောက်ရှိမယ်ထင်ပါတယ်၊ အင်္ဂုလိမာလသုတ်လည်းသတိမရတော့ပါဘူး၊ ကလေးမွေးတာကိုတော့ ဒီတခါဘဲသေသေခြာခြာကြုံဘူးပါတယ်၊ သမီးကြီး တစ်ယောက် ကတော့ ညီမလေးရလို့ပျော်နေပါတယ်၊



ရွှင်လန်းချမ်းမြေ့ကြပါစေ..၊

Saturday, July 4, 2009

ကြိုဆိုပါတယ်သမီးငယ်..



၂၀၀၂ ခု အောက်တိုဘာလ ၁၁ရက်နေ့ သောင်္ကြာနေ့ နေ့လည်နှစ်နာရီလောက်မှာ စစ်တွေမြို့ကထွက်လာတဲ့လေယာဉ်ပေါ်မှာ အတေွးပေါင်းများစွာနဲ့ စီးနင်းလိုက်ပါလာတဲ့ကျွန်တော်ဟာမကြာခင် လူ့လောကထဲကိုရောက်လာတော့မဲ့ ပထမဆုံးသမီးအတွက် စိတ်လှုပ်ရှားနေမိတယ်၊ အမှန်အတိုင်းပြောရရင်တော့ သားလိုချင်နေခဲ့တာပါ၊ ကိုယ်မလုပ်နိုင်ခဲ့တဲ့ မလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို သားဆိုရင်တော့ဆက်လုပ်နိုင်လိမ့်မယ်လို့ယူဆထားခဲ့မိသည်၊ သို့သော်လည်းဘာမှမတတ်နိုင်၊

သမီးဆိုရင် ကျွန်တော်မချစ်မှာကို အမျိုးသမီးကစိုးရိမ်နေခဲ့ကြောင်းပြောဖူးသည်၊ အခုတော့ သမီးက ကျွန်တော့်ကျောပေါ်ကမဆင်း သူလိုချင်တာတွေကိုတစ်ခုပြီးတစ်ခုရဖို့ ပူဆာနေတော့သည်၊ ကျွန်တော့မှာလည်း ကလေးကို အငိုတိတ်အောင် ကြိုးစားဖို့ကလွဲပြီးဘာမှမတတ်နိုင်..၊

ရန်ကုန်ကို ရောက်တော့နားချိန်မရှိ၊ မကြာခင်မွေးလာတော့မယ်ကလေးအတွက် လိုအပ်တာတွေလိုက်လုပ်ရသည်၊ နောက်နေ့စနေနေ့ မှာလည်း ဆရာဝန်နဲ့ချိန်းထားသည်၊
ဒီလိုနဲ့စနေနေ့မနက်ပိုင်းမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးပါမောက္ခ်ဒေါက်တာဒေါ်မြမြနဲ့ တွေ့တော့ လိုအပ်တာတွေအကုန်စစ်ဆေးပြီး ဘယ်လိုပုံမျိုးမွေးချင်တယ်ဆိုတာကိုသေသေချာချာရှင်းပြပြီးမေးသည်၊ အမျိုးသမီးကို သူ့အမေမွေးတုန်းကလည်း ဆရာဝန်ကြီးဒေါက်တာဒေါ်မြမြဘဲမွေးပေးခဲ့သည်ဟုပြောပြသည်၊ လောလောဆယ်ခေတ်စားနေတာက ဗိုက်မနာဘဲမွေးတဲ့နည်း၊ ဒီတော့ မနာဘဲမွေးရမယ်ဆိုတော့ အမျိုးသမီးကအဲ့ဒီနည်းနဲ့ဘဲမွေးချင်ကြောင်းပြောလာသည်၊ ဒါဆိုရင်တော့ မေ့ဆေးအထူးကုဆရာဝန်ကြီးဒေါက်တာဦးကြင်ဟွန်းနှင့်သွားတွေ့ရမည်ဖြစ်ကြောင်းပြော
သည်၊ ဒါနဲ့ အဲ့ဒီနေ့ညနေဘဲဆရာကြီးနှင့်တွေ့ဖို့ချိန်းလိုက်သည်၊ ဖြစ်ချင်တော့ အလွန်အလုပ်များသော ဆရာကြီးက အဲ့ဒီနေ့ညနေမှာဘဲ စံပြရုပ်-+ရှင်ရုံနဲ့မနီးမဝေးက သူ့အိမ်မှာလာတွေ့ဖို့ပြောသည်၊ ဒါနဲ့လင်မယားနှစ်ယောက်ညနေ ၅နာရီခန့်မှာဘဲဆရာကြီးနဲ့သွားတွေ့ပြီး ညွှန်ကြားတာများကိုနားထောင်ပြီးပြန်လာခဲ့သည်၊ အပြန်လမ်း မှာ ရွှေပုဇွန်မှာ အအေးဝင်သောက်လိုက်ကြသေးသည်၊ ဘင်္ဂလားနယ်စပ်မှာငတ်ခဲ့တဲ့ကျွန်တော်လည်း အအေးကိုဇိမ်ခံသောက်ပြီးကလေးဘယ်နေ့မွေးမယ်ဆိုတာကို ပြောရင်းမြေနီကုန်းဘက်ကိုပြန်လာခဲ့ကြသည်၊ မွေးရမယ့် ရက်က ရောက်နေပြီဆိုတော့အချိန်မရွေးမွေးနိုင်နေတာကိုး၊

နောက်နေ့တနင်္ဂနွေနေ့ မနက် ၈နာရီလောက်မှာဘဲ အမျိုးသမီးဗိုက်စနာလာကြောင်းပြောသည်၊ ရေမိုးချိုးပြီးသူပြင်ဆင်နေတော့ ကျွန်တော်လည်းဘာလုပ်လို့လုပ်ရမှန်းမသိ ယောင်နေမိသည်၊ တော်သေးသည် ယောက်္ခမကြီး၊ မရီးများ နှင့် နှစ်ပေါင်းများစွာသူတို့နဲ့ နေလာတဲ့ အိမ်နီးချင်းများရှိလို့ပူစရာမလို၊ ဒီလိုနဲ့ဗဟိုစည်ဆေးရုံကို ၁၁နာရီကျော်ကျော်လောက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်ကြီးဒေါ်မြမြတို့လည်းရှေ့ဆင့်နောက်ဆင့်ရောက်လာတာတွေ့ရသည်၊ ဒါနဲ့ ဆေးရုံတင်ဘို့နဲ့မွေးဖို့ ပြင်ဆင်ကြသည်၊ အခန်းက ပထမထပ် နံပတ် ၁၁၃ မှာရသည်၊ အဆင်ပြေဖို့ဖြစ်လာတော့ မေ့ဆေးဆရာဝန်ကြီးလည်း ဗဟိုစည်မှာရှိနေသည်၊ ဒါပေမယ့်အဲ့ဒီတုန်းက မနာဘဲမွေးဖို့ခါးကိုထိုးရတဲ့ဆေးက ဆာကူရာဆေးရုံမှာသွားယူရမည်ဖြစ်ကြောင်းဆရာဝန်ကြီးကပြောသည်၊ ဒီတော့ ကျွန်တော်လည်းဆရာဝန်းကြီးဆီကစာကိုယူပြီးဆာကူရာကိုအမြန်ပြေးရသည်၊ ဆေးမရောက်ခင် အမျိုးသမီးတော့နာတာကိုအောင့်ခံထားဦးပေါ့၊ ဒါပေမယ့်ဒီလောက်ကြီးလည်းနာသေးပုံတော့မရပါ၊ ဆေးလည်းရောက်ရော မွေးခန်းအပြင်ကအခန်းတစ်ခန်းထဲမှာ ဆေးထိုးပြီးစောင့်ကြည့်နေရသည်၊ ဆရာကြီးကတော့ အချိန်မရှိ၊ သူ့တပြည့်ဆရာဝန်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်၊ ရောက်လာတဲ့ဆရာဝန်ကလည်း သူ့ဆေးခန်းကိုပိတ်ပြီးအမြန်လာခဲ့ရကြောင်းသိရသည်၊ သူ့ကြည့်ရတာလည်း ဒီလိုမနာမကျင်မွေးတဲ့ကိစ္စကိုအတော်စိတ်ဝင်စားပုံရသည်၊ ဘာဘဲပြောပြောအချိန်အတော်ကြာကြာကိုစောင့်ရသည်၊ မနာတော့မိခင်က အားမထုတ်လို့ကြာတာလည်းဖြစ်နိုင်သည်၊ ဒီလိုနဲ့ ညနေ ၇နာရီ၄၆မိနစ်မှာ ၇ ပေါင်၂အောင်စရှိတဲ့သမီးကိုမွေးတော့သည်၊



မွေးမွေးချင်းလာပြတော့ နီတာရဲသမီးလေးက မျက်လုံးလေးကြောင်တောင်တောင်နဲ့ဖြစ်နေသည်၊ ဒီလိုနဲ့ဆေးရုံမှာ ၅ရက်ကြာခဲ့သည်၊ သွေးထဲမှာ ဟေမိုကလိုဗင်များနေလို့ အသားဝါတာဆိုပြီးဓာတ်ကင်နေရလို့ကြာသွားတာဖြစ်သည်၊
အိမ်ပြန်ရောက်တော့ ကလေးတစ်ယောက်နဲ့ ကျွန်တော်တို့လင်မယားဘာမှမလုပ်တတ် ဒီတော့ယောက်္ခမအိမ်မှာဘဲဆက်နေလိုက်ကြရသည်၊ အဲဒီလိုကလေးနဲ့အလုပ်ရှုပ်နေရင်းဘဲ ခွင့် ၁၄ရက်ကပြည့်သွားတော့သည်၊ ဒါနဲ့ အလုပ်ရှိရာ ဘင်္ဂလားနယ်စပ်ကိုပြန်ခဲ့ရတော့သည်၊
ဘာဘဲပြောပြော ခွင့်နဲ့ပြန်ရောက်ရောက်ချင်းမွေးလို့ တော်သေးသည်၊ အချိန်အတော်ကြာကြာကလေးနဲ့နေလိုက်ရသည်၊ နောက်တစ်ခေါက် လေးလ ကြာလို့ပြန်ရောက်တော့ကလေးကအတော်ချစ်စရာကောင်းနေပြီ၊ သုံးလ လေးလ ကြာမှ တစ်ခါသာ ရန်ကုန်ကို အလုပ်နဲ့လာရင်းပြန်ရောက်ပြီး လေး၊ငါးရက်ထက်ကြာအောင်မနေရတာကများတော့ ကလေးကအဖေကို သိပ်မမှတ်မိပါ၊



သမီး တစ်နှစ်နဲ့ နှစ်လ ပြည့်ပြီး ကျွန်တော် သီရိလင်္ကာမသွားမှီ အညာက မိဘများကို တစ်ခေါက် ကလေးသွားပြလိုက်နိုင်သည်၊



ဒီတော့မှ အမေ၊အဖေ တို့လည်းကလေးကိုတွေ့ဘူးတော့သည်၊ သမီးတစ်နှစ်နဲ့ရှစ်လအရွယ် ကျွန်တော် သီရိလင်္ကာနိုင်ငံကနေပြန်လာတော့ သူအဖေကိုသိတ် မမှတ်မိတော့ တော်တော်နဲ့အကပ်မခံပါ၊ သူ့နားသွားရင်ငိုပြီးထွက်ပြေးသည်၊ တစ်ဖြေးဖြေးနဲ့ သူနဲ့ အတူတူဆော့ရင်းနဲ့ ပြန်ရင်းနှီးလာသည်၊ နောက်တော့ အဖေကိုမလွှတ်တော့ သူလိုချင်တာအကုန်ရတာကိုး..၊



ကျွန်တော်တို့မိသားစုအတူတူနေဖို့ အတော်ကိုအချိန်ယူကြိုးစားခဲ့ရသည်၊ နောက်ဆုံး တော့မျှော်လင့်ချက်တစ်ခုပေါ်လာတော့ အလုပ်ကနေအပြီးထွက်ပြီးရန်ကုန်မှာဘဲနေလိုက်သည်၊ နောက်ရမယ့်အလုပ်က သေခြာသလောက်ဖြစ်နေတာလည်းပါသည်၊ အဲဒီအလုပ်ကို လူတစ်ရာကျော်ရှောက်တဲ့အထဲကနေ စာမေးပွဲနှစ်ဆင့်ဖြေပြီးတော့ နောက်ဆုံး လေးယောက်ဘဲကျန်သည်၊ အဲဒီအထဲမှာ ယောက်ျားလေးကကျွန်တော်တစ်ယောက်ထဲကျန်တော့သည်၊ ပြီးတော့ကျွန်တော်က အသက်အငယ်ဆုံး၊ ကျန်တဲ့သူတွေက နိုင်ငံတစ်ကာအတွေ့အကြုံနဲ့လုပ်သက် နှစ်ပေါင်းများစွာသာတယ်ဆိုပေမယ့်၊ အလုပ်က ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်နဲ့အမျိုးအစားအတူတူဖြစ်ပြီး ဘာမှသင်စရာမလိုတော့အောင်ဖြစ်နေပြီးသား၊ အင်တာဗျူးတော့ လည်းအားလုံးအိုကေ၊ မေးခွန်းတွေက လည်း မလုပ်ဘူးတဲ့သူတွေ ဖြေနိုင်ဖို့မလွယ်တဲ့ လက်တွေ့မေးခွန်းမျိုးတွေ၊ ပြီးတော့မေးတဲ့သူတွေအားလုံးက ဥရောပနိုင်ငံအသီးသီးကလာသူတွေ နောက် ပြီးသူတို့နဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းကျွန်တော်တွဲလုပ်ဖူးထားတော့အားလုံး အဆင်ပြေသလောက်ကိုဖြစ်နေတာပေါ့ဗျာ..၊ ဒီလိုနဲ့ အိမ်မှာ နေရင်းသတင်းကောင်းကိုနားစွင့်ရင်းစိတ်အေးအေးနဲ့ဘဲစောင့်နေခဲ့တယ်၊ တစ်နေ့မှာတော့ မျှော်လင့်ချက်တွေကို ရိုက်ချိုးမယ့်သတင်းတစ်ပုဒ်ကို ဘီဘီစီကနေလွှင့်သွားပါတယ်၊ ကျွန်တော်ဟာမဟုတ်ပါစေနဲ့ လို့ရင်ခုန်စွာဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ခဲ့ပါ..၊
ရွှေတူးကျောက်တူးသမားဘဝမှာ ဆုတောင်းတွေတစ်ခုမှမပြည့်ခဲ့သလို အဲ့ဒီတုန်းက လည်းမပြည့်ပြန်ခဲ့ပါ..၊

အခုလည်းသားလိုချင်ပေမယ့်သမီးဘဲထပ်ရဦးမည်၊ မတတ်နိုင် သမီးကြီးအတွက်ကောင်းတာပေါ့လို့ဘဲတွက်ရတော့မည်၊ အသက်ကတော့ ၆နှစ်ကျော်ကွာ သွားမည်ဖြစ်သည်၊



တစ်ယောက်ထဲ နေတတ်တဲ့ကျွန်တော့်အတွက် ဘယ်နေရာနေနေ ဘာမှမဆန်းပေမယ့်၊ အမျိုးသမီးနဲ့ သမီး အဖော်မဲ့ဖြစ်နေပြန်ရင် ကျွန်တော်တကိုယ်ကောင်းဆန်ရာကြမည်၊ သမီးအတွက်ရှေ့ရေးတွေကို တွေးရင် သမီးအတွက်မောင်နှစ်မတစ်ယောက်လိုနေပြီဆိုပြီး အမျိုးသမီးရဲ့ အလုပ်ရပ်သွားစဉ်မှာ ကလေးအမြန်ယူလိုက်ရတာဖြစ်သည်၊ သမီးကလည်း “မီးမီး ရဲ့ညီမလေးတွေ မောင်လေးတွေကဘယ်မှာလည်း”လို့ခဏခဏ မေးနေတာ ကလည်းတစ်ကြောင်းပေါ့လေ၊



မနေ့ကဆရာဝန်ပြောတာကတော့ သားအိမ်က 3cm ပွင့်နေပြီဆိုတော့ ဒီနေ့လား မနက်ဖြန်လားမသိမွေးတော့မည်၊ သူ့ရက်အတိုင်း ဇူလိုင်၎ရက် လွတ်လပ်ရေးနေ့မှာ မွေးရင်လည်းကောင်းမည်၊ ဆေးရုံက မီးရူးမီးပန်းတွေဖောက်တဲ့ တက္ကသိုလ် ဘောလုံးကွင်းနဲ့နီးတော့ သူ့ကိုကြိုဆိုသလိုမျိုးပေါ့..၊