Thursday, October 21, 2010

ဟိုက်ပွိုင့်မြို့မှ သီတင်းကျွတ်ပွဲ


အောက်တိုဘာလ ၁၆ရက်စနေနေ့မှာ ဟိုက်ပွိုင့်ဘုန်းတော်ကြီးကျောင်းမှာ သတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားစွာကျင်းပခဲ့ပါတယ်၊
ကလေးများအတွက် သီးသန့် သီလယူစေပြီးမှ လူကြီးများအတွက် သီလယူတရားနားပွဲကိုဆက်လက်ကျင်းပ ပါတယ်၊ ဆရာတော်ကျောင်းမှာ ကျောင်းပိတ်ချိန်တွေမှာ ကလေးများအတွက် သင်တန်းများပို့ချလေ့ရှိပါတယ်၊ နောက်ပြီး အဂဿ်လိပ်လိုနဲ့မြန်မာလိုနှစ်မျိုးတွဲ ပြီးသီလပေးတော့ ကလေးများနားမလည်မှာပူစရာမလိုတော့ဘူးပေါ့ခင်ဗျာ..၊




အီးမေးမှတဆင့်ရရှိတဲ့ဓာတ်ပုံများကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်၊


ဓာတ်ပုံကိုနှိပ်ကြည့်ပါခင်ဗျာ



ရွင်လန်းချမ်းမြေ့ကြပါစေ

Monday, June 21, 2010

တရုတ်ပြည်မှ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်များ



တရုတ်ပြည်ရဲ့ယဉ်ကျေးမှုမှာ ဗုဒ္ဓ ဘာသာဟာဘယ်လောက်အရေးပါနေသလည်း၊ ဗုဒ္ဓ ဘာသာဆိုတာဘာလည်း၊ တရုတ်ပြည်ကို ဘယ်လိုရောက်လာသလည်း စသည်ဖြင့်စိတ်ဝင်စားစရာကောင်းတဲ့ အမေးအဖြေ နဲ့ ဗုဒ္ဓ ရဲ့ ဓာတ်တော်မွေတော်အစစ်တွေကို စီစီတီဗွီ ကတဆင့်ဖူးရအောင်လက်ဆင့်ကမ်းလိုက်ပါတယ်၊





တရုတ်ပြည်မှာ မနှစ်က တွေ့ရှိခဲ့တဲ့ ဗုဒ္ဓ ရဲ့ ဓာတ်တော်မွေတော် အစစ်တွေ အပူဇော်ခံတဲ့ပွဲကို ဇွန်လ၁၂ရက်နေ့က နန်ကျင်းမြို့ က ကျင်ရှား ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ကြပါတယ်၊ ဓာတ်တော်တွေကို တရုတ်ပြည်ရှေးဟောင်းသုတေသနဌာနက တွေရှိခဲ့ပြီး လောလောဆယ်မှာတော့ ကျင်ရှား ဘုန်းကြီးကျောင်းမှာ တလကြာ ပြည်သူလူထု အပူဇော်ခံမယ်လို့သိရပါတယ်၊ ထူးခြားတာကတော့ ဗုဒ္ဓ ရဲ့ ဦးခေါင်းခွံ ရိုး ဓာတ်တော်တွေဖြစ်ပြီး၊ ဟောင်ကောင် ထိုင်ဝမ်နဲ့ တခြားဒေသက နာမည်ကြီးဘုန်းကြီးတွေအများအပြားလာရောက်ကြပါတယ်၊
ဒီဓာတ်တော်တွေဘယ်လိုတရုတ်ပြည်ကို ရောက်လာသလည်းဆိုတာနဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အမေးအဖြေ လုပ်ထားတာတွေကလည်း ဘာသာခြားလူမျိုးခြားတစ်ယောက်သိခြင်မယ့် စိတ်ဝင်စားစရာတွေဖြစ်ပါတယ်၊
တရုတ်ပြည်ရဲ့ နာမည်ကြီးဗုဒ္ဓ ဘာသာအကြောင်းဇာတ်လမ်းတွဲ ရုပ်ရှင်ဖြစ်တဲ့ Journey to the west ကိုလည်း ပြန်အမှတ်ရစေပါတယ်၊ နောက်ပြီး အိန္ဒိယဘုန်းကြီးတွေက ဗုဒ္ဓ စာပေတွေကို တရုတ်လိုဘာသာပြန်ရာမှာကူညီခဲ့ကြပြီး သာသနာပြန့်ပွားစေခဲ့တဲ့အကြောင်းတွေ၊ အာသောကမင်းကြီး (အရှုပ်ခမင်းကြီး - အတူတူလို့ထင်ပါတယ်) ရဲ့ ဓာတ်တော်မွေတော် ၈ သောင်းကျော်နဲ့ သာသနာပြုခရီးစဉ်တွေအကြောင်းလည်းပါဝင်ပါတယ်၊

ဒီနေရာမှာအမေးအဖြေလုပ်ထားတဲ့မေးခွန်းတွေကတော့ ဘာလို့ နှစ်တစ်ထောင်လောက်နောက်ကြပြီးမှ ဓာတ်တော်တွေတရုတ်ပြည်ကိုရောက်လာသလဲ၊ ဘာလို့ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲတွေရှိနေသလည်း၊ တရားကျင့်ပုံတွေကရောဘာလို့ကွဲပြားနေကြသလည်း၊ ဘုန်းကြီးတွေဘယ်လိုတရားကျင့်ကြံကြသလည်း၊ တရားစာတွေက ဗုဒ္ဓကရေးသားခဲ့တာလား၊ အဲ့ဒီတရားစာတွေကို အလွတ်ရနေဖို့ လေ့လာနားလည်ဖို့လိုပါသလား၊ ဘာလို့ ဗုဒ္ဓကို ဖယောင်းတိုင်၊ ပန်း၊ အမွှေးနံ့သာတွေဆပ်ကပ်ပူဇော်ကြလည်း စသည်ဖြင့်ပါဝင်ပါတယ်၊

ဒီနေ့ခေတ်ကြီးမှာ နျူကလီးယားဗုံးကို တီထွင်နိုင်ခဲ့ကြပြီဆိုတော့ ကမ္ဘာကြီးကတော့ အချိန်မရွှေး လူတွေပရောဂနဲ့ပျက်ဆီးမယ်ဆို ပျက်ဆီးနိုင်နေပါပြီ၊ ဒီတော့ ငရဲသွားမလား နိဗ္ဗာန် သွားမလားကြိုက်ရာရွေးဖို့ပြင်ဆင်ထားရမလိုဖြစ်နေပါပြီ၊ နောက်ပြီး ငရဲတို့နိဗ္ဗာန် တို့ကို ရော ဘယ်လိုမြင်ပါသလည်း၊ တကယ်ရှိရဲ့လား၊ ဗုဒ္ဓ ကတော့ (God) ဘုရားမဟုတ်ပါဘူး ထာဝရဘုရားလို့လည်း ဘယ်တုန်းကမှလည်းမပြောခဲ့ပါဘူး၊ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေကိုဘယ်သူကယ်မလည်း၊ ဒုက္ခကလွတ်ငြိမ်းရာလွတ်မြောက်ရာကို ဘယ်လိုသွားကြမလည်းဆိုတာတော့ အလွန်နက်နဲတဲ့မေးခွန်းတွေပါဘဲ၊ ကျွန်တော်တို့ ခေါ်တဲ့ ဘုရားဆိုတဲ့ အဓိပါယ်နဲ့ တခြားဘာသာက ဘုရားအဓိပါယ်တခြားစီပါ၊ ကိုယ့်ထက်ကြီးမြတ်သူ ဘုန်းကြီး၊ မူးမတ် ဘုရင်စသည်ဖြင့်ကို အကုန်ဘုရားတပ်ခေါ်ကြရတာကိုး..၊ ဒီတော့ သေသေခြာခြာမလေ့လာဘူးသေး လို့ ဒီလောက်ဘဲထားလိုက်ပါရစေခင်ဗျာ၊

ဒီလိုနဲ့ တရုတ်ပြည်ရဲ့ အဓိကဘာသာ တောင်ဘာသာ ကွန်ဖြူးရှပ် တို့အပြင် တစ်စတစ်စ တိုးပွားလာနေတဲ့ ဗုဒ္ဓဘာသာဟာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုမှာ အလွန်ကို အရေးပါလာနေတဲ့အကြောင်းကို တင်ပြထားပါတယ်၊

ကျွန်တော်ကိုယ်တိုင်တော့ ဗုဒ္ဓ စွယ်တော်အစစ်ကို သီရိလင်္ကာနိုင်ငံ ကန်နီ မြို့မှာဖူးမြော်ခွင့်တခါရဖူးခဲ့ပါတယ် (ဘလောက်တနေရာမှာဖော်ပြခဲ့ပါတယ်)၊

ဖလော်ရီဒါမှာ ဦးဖုန်း လက်ဆင့်ကမ်းလိုက်တဲ့ အီးမေးမှသတင်းဖြစ်ပါတယ်ခင်ဗျာ..
ရွှင်လန်းချမ်းမြေ့ကြပြီး သံသရာမှ လွတ်မြောက်အောင်အားထုတ်နိုင်ကြပါစေ..၊

Saturday, November 28, 2009

ကျောင်းဖွင့်ပွဲ


ဒီနေ့ နိုဝင်လာလ ၂၈ ရက် မှာ နော့လ်ကာရိုလိုင်းနားပြည်နယ် ချက်ပါဟေးမှာ မြန်မာဘုန်းတော်ကြီးကျောင်းဖွင့်ပွဲကျင်းပခဲ့ပါတယ်၊ ပီနန်ဆရာတော်ဘုရားကြီးနှင့်အတူ.. ဟိုက်ပွိုင့် ဆရာတော်၊ ဂျော်ဂျီယာဆရာတော်အစရှိတဲ့ဆရာတော်များနှင့် အနယ်နယ်အရပ်ရပ်က ဆရာတော်များလည်းတက်ရောက်လာတာတွေ့ရပါတယ်၊







ကျောင်းဖွင့်ပွဲမှာ ရိုးရာအစားအစာမျိုးစုံနဲ့ဧည့်ခံခဲ့သလို အနယ်နယ်အရပ်ရပ်က မြန်မာများလည်း လာရောက်တာကိုတွေ့ရပါတယ်၊ ထို့အပြင် အထက်တန်းကျောင်းသူကျောင်းသားများရဲ့ ကရင်ဒုံးယိမ်းအကများဖြင့်လည်းကပြဖျော်ဖြည်ခဲ့ပါတယ်၊






၁၀ဧကကျယ်တဲ့ ခြံဝင်းထဲမှာ ကလေးများလည်း လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရခဲ့ကြပါတယ်၊


အင်မတန်အလုပ်ရှုပ်နေကြတဲ့ ဂေါပကအဖွဲ့ဝင်တွေနဲ့တော့ စကားပြောခွင့်သိပ်မရခဲ့ပေမယ့် ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို တင်ပြလိုက်ရပါတယ်၊
















Sunday, October 25, 2009

ချက်ပါဟေး၊ကာဘိုရို မြန်မာဘုန်းကြီးကျောင်း



ကျွန်တော်တို့ ချက်ပါဟေး ကာဘိုရို မြို့ အ၀င်မှာ မြန်မာဘုန်းတော်ကြီးကျောင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ၊ နောက်ဆိုရင် ခရီးဝေးကပြန်လာ တဲ့အခါများမှာ မြို့အ၀င်က ဘုန်းတော်ကြီးကျောင်းက လူတိုင်းကို နွေးထွေးစွာကြိုဆိုနေ သလိုခံစားရပါလိမ့်မယ်၊ ဘယ်ကိုရောက်ရောက် ဘယ်မှာ နေနေ ကျွန်တော်တို့ကတော့ မြန်မာ့ဓလေ့စရိုက်ကို ဆက်လက်ထိမ်းသိမ်းသွားကြမှာလည်းဖြစ်ပါတယ်၊







ဒီလိုဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသူတွေကတော့ ချက်ပါဟေး ကာဘိုရိုနဲ့ အနယ်နယ်အရပ်ရပ်က ငွေအား လူအား နဲ့အစွမ်းကုန်ပါဝင်ကြတဲ့ အလှူရှင်များဘဲ ဖြစ်ပါတယ်၊

ကျွန်တော်မနေ့က( စနေနေ့) ကမှ ကိုသန်းကျော်ဌေးနဲ့တွေ့တော့မှ ဘုန်းတော်ကြီးကျောင်းဝယ်ယူပြီးကြောင်းသိရပါတယ်၊ သူတို့ ၀ယ်ယူပြီးတဲ့အိမ်ကို ပြုပြင်ဖို့လုပ်နေကြကြောင်း၊ ခြံသန့်ရှင်းရေးလုပ်နေကြောင်းပြောတာနဲ့ နေရာမေးပြီး လိုက်သွားလိုက်ပါတယ်၊ အလွန်ကိုသာယာတဲ့နေရာလေးဖြစ်ပါတယ်၊
ခြံဝင်းအကျယ်ကဘဲ ၁၀ဧက ရှိပါတယ်၊ အိမ်ကလေးကတော့ လူမနေတာကြာလို့အတော် လေးပျက်စီးနေပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းနားလည်တဲ့ ကိုကျော်စိုးဝင်းတို့ ကိုဇင်ဝင်းအောင်၊ ကိုအောင်ကျော်မိုးတို့နဲ့ အခြားလူငယ်အတော်များများ အလုပ်များနေကြတာတွေ့ရပါတယ်၊ ရေ ကောင်းကောင်းရအောင်လုပ်ရပါဦးမယ်တဲ့၊ ရေက အ၀ီစိတွင်းတူးပြီးတင်ရမှာဆိုတော့ တွင်းဟောင်းကိုပြင်ရင် ၃၀၀၀ကျော်လောက်ကုန်မှာဖြစ်ပြီး အသစ်တူးရင်တော့ ၆၀၀၀ကျော်လောက်ကုန်မယ်လို့ အကျမ်းဖျင်းသိရပါတယ် (တရားဝင် အတိအကျတော့မသိသေးပါဘူး)၊ အိမ်ပြုပြင်စရိတ် တွေလည်းရှိပါသေးတယ်၊ ဘာဘဲပြောပြော အားလုံးကတော့တက်ကြွပျော်ရွှင်နေကြပါတယ်၊ ကျွန်တော်လည်းမြင်ရတာ အတော်ကို အားရမိပါတယ်၊ အားလုံးတက်ညီလက်ညီ ၀ိုင်းလုပ်ကိုင်နေကြတာ မြန်မာပြည်မှာအတိုင်းပါဘဲ၊






ကျောင်းဝင်းထဲက ရေညှိထူထူတွေ ပေါ်မှာဖြတ်ရှောက်ရတာ ကော်ဇော်ထူထူပေါ်မှာလမ်းရှောက်ရသလိုပါဘဲ၊ နောက်ပြီး ကျောင်းဝင်းထဲကသစ်ပင်ကြီးတွေက ဆောင်းရာသီရောက်လာပြီဖြစ်လို့ အရောင်ပြောင်းကုန်ကြပါပြီ၊ တစ်ချို့လည်းအနီရောင် တစ်ချို့လည်းအ၀ါရောင်နဲ့ သိပ်ကိုလှပါတယ်၊ ကျောင်း အနောက်ဖက်က အရောင်စုံ တော အုပ်လေးကို လှမ်းကြည့်လိုက်တော့ ဘာကိုလွမ်းမှန်းမသိအောင်ကို လွမ်းမိပါသေးတယ်၊



ကျွန်တော်ကသာ ဘာမှမလုပ်ဘဲလွမ်းနေတာ သူများတွေကတော့လွမ်းအားပုံမရ၊ ဟိုဘက်မှာ ရေပန်းနဲ့အိမ်နံရံကဆေးဟောင်းတွေကိုထိုးခွာနေသူရှိသလို၊



အိမ်ထဲမှာလည်း မီးသွယ်ဖို့လုပ်နေသူ၊ သန့်ရှင်းရေးလုပ်နေသူ၊ နံရံပြင်နေသူ၊ လှေကားလုပ်ဖို့မြေပြင်နေသူစသဖြင့်အလုပ်ရှုပ်နေကြပါတယ်၊ ကျွန်တော်လည်း သူတို့တွေ ခဏနားချိန်မှာ အိမ်ထဲဝင်ကြည့်ပါတယ်၊




နောက်တော့ မပြန်ခင် ကိုအောင်ကျော်မိုးနဲ့ စကားနဲနဲပြောဖြစ်ပါတယ်၊ ကျောင်းအတွက်က နောက်ထပ်ကုန်ကျမှာတွေ ရှိသေးတော့ အကယ်လို့များ လှူချင်တန်းချင်သူများရှိရင်ဘယ်လိုလှူရမလည်းလို့မေးတော့ လောလောဆယ်တော့ ကိုသန်းကျော်ဌေး၊ ကိုအောင်ကျော်မိုး (၉၁၉-၉၂၃-၇၅၆၉) တို့ ကနေတစ်ဆင့်လှူလို့ရကြောင်းသိရပါတယ်၊ နောက်ပြီး တစ်ခြားဂေါပကအဖွဲ့ဝင်တွေကနေလည်းလှူလို့ရပါတယ်တဲ့၊ လောလောဆယ်တော့ ရေ ကောင်းကောင်းရဖို့နဲ့ ကျောင်းကိုအမြန်ဆုံးပြုပြင်ပြီးစီးဖို့လုပ်နေကြပါတယ်၊

နောက်ဆိုရင် ဘာသာရေးလူမှုရေးပွဲတော်တွေ ကျင်းပဖို့အတွက်တော့ပူစရာမလိုတော့ပါဘူး၊ ၁၀ ဧကကျယ်တဲ့ ခြံကြီးထဲမှာ တကယ်ကို တရားရိပ်ရဲ့ ဧချမ်းမှုနဲ့အတူ မြန်မာပြည်ကိုပြန်ရောက်သွားသလိုခံစားရမှာဖြစ်ပြီး.. ချက်ပါဟေး ကာဘိုရိုက မြန်မာလူမျိုးတိုင်းရင်းသားတို့ရဲ့ လှိုက်လှဲပျူငှာတဲ့ဖော်ရွေမူတွေကိုလည်း ဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူးဆိုတာ..ပြောရင်း..
အလှူရေစက်လက်နဲ့မကွာ လူမျိုးဘာသာမရွေး တတ်အားသမျှပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေး နိုးဆော်လိုက်ရပါတယ်..

ရွှင်လန်းချမ်းမြေ့ကြပါစေ..








Sunday, September 20, 2009

မီးထွန်းပွဲ



ဒီနေ့တော့ ကျွန်တော့တို့ နော့လ်ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြန်မာဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းပွဲတော်ကျင်းပခဲ့ပါတယ်၊ ကျွန်တော်တို့ မိသားစုလည်း အချိန်မှီ အရောက်သွားခဲ့ပါတယ်၊ ကျောင်းမှာ ဓမ္မာရုံကြီးလည်း ပြီးစီးသွားပြီမို့ အလွန်ကို အားရစရာကောင်းပါတယ်၊




နော့လ်ကာရိုလိုင်းနားကို ရောက်လာကြတဲ့လူသစ်တွေအတော်များများကိုလည်းသတိထားမိပါတယ်၊ ကဲကဲ.. ဘာတွေလုပ်ခဲ့သလဲဆိုတာကိုဆက်တင်ပြပါမယ်..၊





ပထမဆုံးဆရာတော်ကို ဖူးပြီး လှူစရာရှိတာလှူပြီးတာနဲ့ တပြိုင်နက်အကျွေးအမွေးအစီအစဉ် ရှိရာကို သွားပါတယ်၊ အားပါးပါး..စားစရာတွေကတော့ ကောင်းမှကောင်းပါခင်ဗျာ..၊















ကိုအောင်ကျော်မိုးသုတ်တဲ့ အသုတ်စုံကို ပွဲဦးထွက်အားပေးနေစဉ်မှာဘဲ.. ဘူးသီးကျော်ရပြီဆိုတာနဲ့ ဆက်လက်အားပေးပါတယ်..၊ ဟောဗျ..အသုတ်စုံက ဟင်းခါးနဲ့စားရတာဆိုပြီး ဟင်းခါးပါထယူပါတယ်..၊ ပြီးရင် ကိတ်မုန့်မျိုးစုံနဲ့ အချိုတဲစရာရှိပါသေးတယ်..၊ ဒါတင် ဘဲလားဆိုတော့..မကသေးပါဘူး၊ အန်တီသန်းရဲ့ လက်ရာ ကော်ပြန်စိမ်းပါသေးတယ်၊ မြင်လိုက်တာနဲ့ ရန်ကုန်ရွှေတောင်တန်းလမ်းက ကော်ပြန်စိမ်းကို သွားသတိရပါတယ်၊ တချိန်က ရွှေတောင်တန်းလမ်းထဲမှာ ကြေးအိုးစားပြီးရင် ဒီဘက်လမ်းထိပ်က ကော်ပြန်စိမ်းပါဝင်အားပေးတတ်တာပြန်လွမ်းမိရဲ့..(အစားပုတ်ပုံများ)၊ အမယ်..ဆမူဆာပါရတယ်ခင်ဗျ..၊ မုန့်ဟင်းခါးကတော့ လက်မလွတ်သင့်တော့ အသုတ်စုံနဲ့တပါထဲပေါင်းအားပေးလိုက်တယ်..၊








စားပြီးလို့..တရားမနာခင်..၊


















ဒီဘက်ထွက်လာတော့ ကိုရခိုင်တို့ရဲ့ ရခိုင်ရိုးမလက်ဖက်ရည်က အသင့်..၊ လက်ဖက်ရည်တင်ဘဲလားဆိုတော့ ကွမ်းယာပါရတယ်တဲ့..၊


အမေရိကန်မှာ ကော်ဖီပေါပေမယ့် လက်ဖက်ရည်က ရှာမရ၊ ရတာကလည်းအမေရိကန်စတိုင်ဆိုတော့ မမိုက်ဘူး၊ ကျဆိမ့်လေးတစ်ခွက်လောက်မှာ သောက်လိုက်ရတာ တခါထဲ နတ်ပြည်ရောက်သွားသလိုခံစားမိရဲ့၊ လက်ဖက်ရည်တငုံ ဝင်သွားတာနဲ့ကို ကာလယန္တရားကြီးကို နောက်ပြန်လှည့်လိုက်သလိုကို.. အကုန်လုံးအာရုံထဲမှာပြန်မြင်လာတယ်..၊ မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ယူနီဆန်၊ ၂၃လမ်း၈၄လမ်းဒေါင့်က ရိန်းဘိုး လက်ဖက်ရည်ဆိုင် (ကျွန်တော်က ၂၂ လမ်း၈၄လမ်းဒေါင့် က မိုးကုတ်၊လာရှိုး မူဆယ်ကားဂိတ်တွေနားမှာနေခဲ့ဘူးတယ်) စတဲ့ မန္တလေးဆိုင်တွေ ကအစ ရန်ကုန် အလုံနဲ့ ၇မိုင်က လပ်ကီးဆဲဗင်း၊ မြေနီကုန်းထဲက စိတ်တိုင်းကြ စတဲ့သောက်နေကျဆိုင်တွေကို ပြန်သတိရသေးတယ်..၊ တကယ်ဆို..အဲ့ဒီဆိုင်တွေထက် ပိုပြီး ရင်ခုန်ခဲ့ရတဲ့ဆိုင်တွေအကြောင်းကိုတော့ချန်ခဲ့လိုက်တော့မယ်၊

လိုရင်းဆက်ဦးမှဲ..လူပျိုကြီးလိုလို လုပ်နေလိုမဖြစ် သမီးရှာဦးမှ..ဟောဗျာ မိဘကိုတောင်မေ့လို ကစားနေလိုက်ကြတာ..
ဒီလိုအချိန်အခါကောင်းကိုစောင့် နေကြတဲ့ ကလေးတွေကတော့ အကြိုက်ပေါ့..၊ဒါနဲ့ကလေးတွေအနားသွားကြည့်တော့..၊ သူတို့တွေအားလုံး အင်္ဂလိပ်လိုဘဲပြောကြတော့တယ်..၊ အင်း..မြန်မာလိုရည်ရည်မွန်မွန်ပြောတတ်အောင်ကို အတော်သင်ပေးရဦးမယ်..၊ ဒီလို ပွဲတွေမကြာမကြာရှိနေတာလည်း သူတို့အတွက်အတော်ကောင်းပါတယ်..၊



သိပ်မကြာခင်မှာဘဲ ဆီမီးလှည့်လည်ပူဇော်ပွဲကျင်းပပါတယ်..၊ ဒိုးပတ်ဝိုင်းကတော့ အတော်စောစောကဘဲ တီးခတ်နေတာတွေ့ပါတယ်..၊

မီးပူဇော်တော့ ဒိုးပတ်ဝိုင်းနားပြီး တရားစာတွေရွှတ်ဆိုပြီးလှည့်လည်ပါတယ်..၊

ဒီလိုနဲ့မှောင်လာတော့ ပြန်ကြဖိုပြင်ပါတယ်..၊ သမီးကမပြန်ချင်ဘူးလုပ်နေလို့ သူ့ကိုစောင့်နေရတာ အတော်ကိုထပ်ကြာသွားပါတယ်..၊ အသိမိတ်ဆွေတွေကိုနှုတ်ဆက်နေစဉ်မှာဘဲ..၊ ကျောင်းရဲ့ပင်တိုင်အလှူရှင်တစ်ဦးဖြစ်တဲ့ အန်တီသန်းက သူ့လက်ရာ ကော်ပြန့်စိမ်းတွေထဲ့ပေးလိုက်တော့..အတိုင်းထက်အလွန်ကျေးဇူးတင်ပါ တယ် (အိမ်ရောက်မှ ရွှေတောင်တန်းလမ်းကိုထပ်သတိရပါဦးမယ်)၊

ပြန်ဖိုပြင်နေရင်းကနေ ရှစ်နာရီလောက်မှပြန်ဖြစ်ပါတယ်၊ ဆောင်းရာသီရောက်တော့မှာမို့ မှောင်တာနဲနဲစောလာပါတယ်၊ ကလေးငယ်လေးလည်းပါတာနဲ့ ကားကိုဖြည်းဖြည်းဘဲမောင်းကာ တခါတုန်းကလက်ဖက်ရည်ဆိုင်လေးတွေ အကြောင်းစဉ်းစားနေစဉ်မှာဘဲ ကလေးကနို့ဆာလိုထငိုတာနဲ့ အတေွးပြတ်သွားပါတယ်..၊ အိမ်ရောက်တော့မှာပါသမီးရယ်..ခဏလေးနေပါဦး၊

မကြာခင်မှာလည်း နောက်ထပ်ပွဲတွေထပ်လာပါဦးမယ်..၊
ပွဲတွေရှိတိုင်းလည်း မလွတ်တမ်းသွားရပါဦးမယ်..၊ အဲ့ဒီလိုနေ့ရက်တွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရပါဘူး..၊ မျိုးဆက်သစ်တွေအတွက် ဘာတွေများချန်ထားခဲ့နိုင်မလည်းလို့ ကျွန်တော်စဉ်းစားနေရင်း..နားပါရစေခင်ဗျာ..

ချမ်းမြေ့ကျပါစေ..

Tuesday, February 24, 2009

အခြေခံဗုဒ္ဓဘာသာ

မင်းလိုလူရေးသားတဲ့ အခြေခံဗုဒ္ဓဘာသာ ကိုတင်ဆက်လိုက်ပါတယ်၊ နောက်အခန်းဆက်များကိုလဲ အပတ်စဉ်တင်ဆက်သွားပါမည်၊
အခြေခံဗုဒ္ဓဘာသာ သင်ကြားရေးအတွက်လည်း အကြံပြုကြစေလိုပါသည်၊

အခန်း(၁)
ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုယုံကြည်သက်ဝင် သောသူကိုဆိုပါသည်။
ရတနာမြတ် (၃)ပါး
(၁) ဘုရားရတနာ
လေးအသင်္ချေနှင့်တစ်သိန်းသောကမ္ဘာကာလပတ်လုံးဘုရားဖြစ်တော်မူရန်အတွက် ပါရမီ(၁၀)ပါး၊ စွန့်ခြင်း(၅)ပါးနှင့်တကွ အထူးထူးသောပါရမီတို့ဖြည့်ကျင့်ခဲ့ပြီး နောက်ဆုံးယခု ဘဒ္ဒကမ္ဘာ၌ သဗ္ဓညုတဥာဏ်၊ ဗောဓိဥာဏ်၊ အသဝေက္ခယဥာဏ်များကိုရရန်(၆)နှစ်တာမျှ ကျင့်ကြံခဲ့ပြီး ဘုရားဖြစ်တော်မူခဲ့သော သုံးလောကထွဋ်ထားမြတ်စွာဘုရား။

(၂) တရားရတနာ
မြတ်စွားဘုရားသည် ကောင်းစွာဟောကြားထားအပ်သော သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး အစရှိသည့် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး ပေးစွမ်းနိုင်သော ပိဋက(၃)ပုံ။
(၃) သံဃာရတနာ
ဘုရားဟောကြားထားအပ်သောတရားတော်များကို လိုက်နာကျင့်သုံးပြီး နိဗ္ဗာန် ရောက်ကြောင်းအကျင့်တို့ကို ကျင့်ကြံအားထုတ်နေကုန်ကြသော အရိယာသံဃာ၊ သမုတိ သံဃာနှင့်တကွပရိယတ္တိသာသနာ၊ပရိပတ္တိသာသနာပဋိဝေဓသာသနာတော်ထမ်းဆောင် လျှက် ရှိ သောရဟန်း သံဃာတော်များ။
ဤရတနာမြတ်(၃)ပါးကို ကိုးကွယ်ယုံကြည်သက်ဝင်သောသူကို ရတနာမြတ်(၃)ပါး ဟုခေါ်ပါသည်။
ရွတ်ဆိုပုံမှာ ----
( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။ )
ရတနာ(၃)ပါး၌သက်ဝင်ယုံကြည်သောသူကို သရဏဂုံတည်သူဟုခေါ်ပါသည်။
သရဏဂုံတည်သောသူသည် ဗုဒ္ဓဘာသာ၏ အောက်အထစ်ဆုံးသောနေရာ၌ ရှိသူဖြစ် သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာ၏ အောက်အကျဆုံးသောသူဖြစ်ပါသည်။ သို့သော်လဲ သရဏဂုံတည်ကာမျှဖြင့် များစွာသောအကျိုးကျေးဇူးရှိပါသည်။ အကယ်၍ သရဏဂုံ တည်သူသည် အခြားသောကြီးလေးသည့် အကုသိုလ်ကံမရှိပါက အပါယ်(၄)ဘုံသို့ မကျ ရောက်တော့ပါ။ ထိုသရဏဂုံတည်သူအဖြစ်မှတဆင့်တက်ကာ ပါရမီဖြည့်ကျင့်ပြီး အဆုံး စွန်သောဘ၀၌ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါသည်။ ထို့ကြောင့်ကွယ်လွန်အနိစ္စ ရောက်သွားသူအား အစွဲအလမ်းကြောင့် နေအိမ်ပတ်ဝန်းကျင်မှာရှိနေပါက သရဏဂုံတည်ရန် သေသူကိုသရဏဂုံတင်လေ့ရှိပါသည်။


ကံကံ၏အကျိုးကိုယုံကြည်ခြင်း
(၃၁)ဘုံ၌ကျင်လည်ကြကုန်သော ကောင်းကင်၌ရှိကြကုန်သောနတ်၊ ဗြဟ္မာများ၊ လူသားများ၊ တိရိစ္ဆာန်ဘုံ၌နေကြကုန်သော ကျွဲ၊ နွား၊ မြွေ၊ ကျား၊ ဆင်၊ ရေ၌ရှိကြကုန်သောငါး စသည့်တိရိစ္ဆာန်များ၊ ငရဲပြည်၌ရှိကြကုန်သော ငရဲခံနေကြသူများ၊ သရဲ၊ တစ္ဆေ၊ ပြိတ္တာ စသည့် မကောင်းသောဘ၀၌ ရောက်ရှိနေကြကုန်သောသတ္တ၀ါများ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အသက်ရှည်ခြင်း/တိုခြင်း၊ ရုပ်အဆင်းလှခြင်းမလှခြင်း စသည့် မိမိတို့ပြုလုပ်ခဲ့သော မကောင်း သောအလုပ် (အကုသိုလ်ကံ) ၊ ကောင်းသောအလုပ် (ကုသိုလ်ကံ) တို့ကြောင့် ဖြစ်ကြရသည် ဟု ယုံကြည်လက်ခံခြင်း။
ဤသို့အားဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏ အကျိုးကို ယုံကြည်လက်ခံသောသူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ပါသည်။
ထိုမှတပါး သင်သည်ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုမယုံကြည်ခြင်း (သို့) ဘုရားသည်ဘုရားဟုတ်မှဟုတ်ပါ့မလား၊ တရားတော်အတိုင်းကျင့်ကြံရင်ကော အကျိုး ထူးခံစားရမလား၊ ရဟန်းသံဃာတော်သည်လဲလူကဲ့သို့သာလျှင်မဟုတ်ဘူးလား၊ လူသည်၎င်း၊ တိရိစ္ဆာန်သည်၎င်း သေပြီးရင်ပြီးပြီ ဘာမှမရှိတော့ဘူးလား (သို့) အခြားဘာသာဝင်များ ပြောသကဲ့သို့ဖြစ်နေမလား၊ စသည်စသည်ကဲ့သို့သော ယုံမှားသံသယဖြစ်ခြင်း (သို့) ငါ၏ဘိုးဖွားမိဘများက ဤဘာသာကိုကိုးကွယ်သောကြောင့်ငါလဲကိုးကွယ်ရပါသည်ဟု မိမိကိုယ်ကိုခံယူထားသူများ၊ ဤကဲ့သို့ဖြစ်နေကြသူများသည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြ သေးပါ။
ထို့ကြောင့်သင်သည်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အတွက် ရတနာမြတ်(၃)ပါးနှင့် တကွ ကံကံ၏အကျိုးကိုသံသယရှင်းရှင်းဖြင့် အကြွင်းမဲ့ယုံကြည်ဖို့ လိုအပ်ပါသည်။
(စကားချပ်၊၊ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့်(၃၁)ဘုံအကြောင်းများကို နောင်အခန်းများ တွင် အကြယ် တ၀င့် ရှင်းပြပါမည်၊ )

မင်းလိုလူ