Wednesday, March 28, 2018

ရှားလော့ မြို့- ပထမဆုံးလွတ်လပ်ရေးကြေညာတဲ့မြို့


ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၄၀ ကျော်တုန်းက ဈေးရုံကလေးရှိခဲ့ပြီး..၊ အဲ့ဒီဈေးရုံအောက်က နေ အမေရိကန်တော်လှန်ရေးသမားတွေ အင်္ဂလိပ်တပ်ကြီးကို ခံချခဲ့တယ်..၊ နောက်က လမ်းက သမိုင်းဝင် အင်ဒီယန်းကုန်သွယ်လမ်းပါ..၊


လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၀ ကျော်ခန့်က ဒီမြို့ဟာ အင်္ဂလိပ်ဘုရင်ဂျော့ တတိယ ရဲ့မိဖုရား ဂျာမန်သူ ရှားလော့ ရဲ့နာမည်ကို ပေးခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီမြို့တစ်မြို့ပါ..၊ ဒီနယ်ကိုလည်း မိဖုရား ဇာတိ ဂျာမန်နယ် မက်ဂ်လင်ဘက် ကိုအစွဲပြုပြီး မက်ဂ်လင်ဘက်မြို့နယ်လို့ဘဲ ခေါ်တွင်စေခဲ့ပါတယ်..၊ အဲ့ဒီကစပြီး ဒီမြို့ရဲ့ ငယ်နာမည် ကို ကွင်းစီတီးလို့ခေါ်ခဲ့ကြတယ်..၊
ဒါပေမယ့် မြို့အမည်ကို မိဖုရားနာမည် ပေးလိုက်တာနဲ့ ဘုရင်ကိုသစ္စာခံကြေးဆိုရင်တော့..အဲ့ဒီအထဲမှာ ရှားလော့မြို့သားတွေမပါတာ သေချာတယ်..
ရှားလော့မြို့ ဟာ အင်ဒီးယန်းကုန်သွယ်လမ်းကြောင်းပေါ်မှာရှိခဲ့ပြီး.. တချိန်တုန်းကတော့ ကုန်သည် လှည်းတေ၊ွ လူစွန့်စားတွေ၊ ကြေးစားတေ၊ွ အင်ဒီးယန်းတွေ၊ အင်္ဂလိပ်တပ်တွေ၊ အမေရိကန် တော်လှန်ရေးသမားတွေ.. ဒီမြို့လည် လမ်းကနေသွားခဲ့ကြလိမ့်မယ်…၊
ဒီလိုနဲ့ တဖြေးဖြေးစည်ကားလာတော့ ..ဒေသခံတွေဟာ မြို့လည်နားမှာ ကွင်းကောလိပ်ဆိုပြီးကျောင်းတစ်ကျောင်းထောင်ခဲ့တယ်..၊ အဲ့ဒီကျောင်းကို ၀ီစကီ အရက်ရောင်းရတဲ့အပေါ်မှာ အခွန်ကောက်ခံပြီး ရတဲ့ငွေနဲ့လည်ပတ်မယ်ဆိုပြီး ရည်ရွယ်ခဲ့ကြတယ်..၊ ဒါပေမယ့် ဂျော့ဘုရင်ကိုတင်ပြတဲ့အခါ ခွင့်မပြု့ခဲ့ဘူး..၊ တကယ်လို့များခွင့်ပြု့ခဲ့ရင်တော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအစိုးရတက္ကသိုလ်ဖြစ်လာနိုင်ပါတယ်..၊ အဲ့ဒီမှာ ရှားလော့သားတွေ အလွန်အမင်းစိတ်ဆိုးပြီး.. မိုင်ပေါင်းများစွာအဝေး မှာနေတဲ့လူတစ်ယောက်က ငါတို့ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာကို လာပြီးချုပ်ချယ်တာကို လုံးဝလက်မခံနိုင်ဘူးဖြစ်လာတယ်..၊
ဒီလိုနဲ့အကြောင်းမျိုးဆုံလာတော့.. တစ်နေ့ ၁၇၇၅ ..မေလ ၂၀ ရက်နေ့မှာ.. အင်္ဂလိပ်ဘုရင်နဲ့ အင်္ဂလန်ပါလီမန်ကထုတ်ပြန်တဲ့အမိန့်တွေကို လိုက်နာ တော့မည်မဟုတ်ကြောင်း ရှားလော့ ရီဆော့ ခေါ် မက်ဂ်လင်ဘက် လွတ်လပ်ရေး ကြေညာစာတန်းထုတ်ပြန်ခဲ့တယ်..၊ မေလ၃၁ရက်နေ့မှာ စတင်ခဲ့တဲ့အဲ့ဒီကြေညာချက်ဟာ အမေရိကန်တစ်နိုင်ငံလုံးလွပ်လပ်ရေးကြေညာတဲ့ ရက်ထက် တစ်နှစ်ကျော်စောခဲ့တယ်..၊ အဲ့ဒီကြေညာချက်ကို ဖီလာဒယ်ဖီးယားက ကွန်တီနက်တယ် ကွန်ကရက်ကို သွားပို့ခဲ့တဲ့ ပြည်သူ့စစ်ဗိုလ် ကပ္ပိတန်ဂျိမ်းဂျက်ရဲ့ ရုပ်ထုဟာ ရှားလော့မြို့တစ်နေရာမှာရှိတယ်..၊ အဲဒီလို မျိုး ဆင်တူတဲ့ နောက်ထပ် ကြေညာချက် ဟေလီဖတ် ရီဆော့ကို ဧပြီလ ၁၂ရက်နေ့ ၁၇၇၆မှာထုတ်ပြန်ခဲ့ပြန်တယ်၊


ကပ္ပိတိန် ဂျိမ်းဂျက် ရုပ်တု..






























ဒီလိုနဲ့ အမေရိကန်တော်လှန်ရေးသမားတွေ ကိုနှိပ်နင်းဖို့ အင်္ဂလိပ်တပ်တွေ စစ်ကြောင်းကြီးသုံးကျောင်းခွဲပြီး ကာရိုလိုင်းနားကို ထိုးစစ်ဆင်လာတော့..ဗဟိုပင်မ စစ်ကြောင်းကြီးကို ဦးဆောင်လာတဲ့ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ချားလ်ကွန်ဝဲလစ်ရဲ့တပ်မကြီး ဟာ ရှားလော့မြို့ကို ရောက်လာပါရော..၊ အောင်ပွဲတွေ အလီလီဆင်လာတဲ့ တပ်မကြီး အတွက်တော့ ရှားလော့မြို့ဟာ သူတို့အတွက်အေးအေးဆေးဆေးလို့ယူဆထားခဲ့ပြီး ရက်ရှည်တပ်စွဲဖို့ရည်ရွယ်ခဲ့ပုံရပါတယ်..၊ ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး မြို့လည် ဈေးရုံအောက်နဲ့ လမ်းတစ်ဖက်တစ်ချက်ကနေ သေနပ်သံတွေရုပ်တရက်ထွက်လာပြီး ပြင်းပြင်းထန်ထန်ခုခံပါတော့တယ်..၊ မနိုင်မှန်းသိလျက်နဲ့ အင်္ဂလိပ်တပ်ကြီးကို အကျအဆုံးများစွာ နဲ့ ခုခံခဲ့တဲ့ ဒီမြို့သူမြို့သားတွေကို အင်္ဂလိပ်ဗိုလ်ချုပ်ချားလ်ကွန်ဝဲလက် ကိုယ်တိုင်က အင်္ဂလိပ်ကို အပြင်းထန်ဆုံးဆန့်ကျင်တဲ့မြို့အဖြစ် သတ်မှတ်ခဲ့ပြီး..၊ ပဒူအုံကို တုတ်နဲ့ထိုးလို့ ၀ိုင်းတုတ်သလိုတင်စားပြီး ရှားလော့မြို့ကို ပဒူအုံမြို့ Hornet’s Nestလို့ အမည်ပြောင်ပေးခဲ့လေရဲ့..၊ အခုချိန်မှာတော့ Charlotte မြို့က နာမည်ကြီးဘတ်စ်ကက်ဘော အသင်းနာမည်ကို Charlotte Hornet လို့ခေါ်ပါတယ်..၊ရှားလော့ မြို့ မက်ဂ်လင်ဘက် ကောင်တီရဲတွေရဲ့ တံဆိပ်ကလည်း ပဒူအုံ တံဆိပ်ပါ၊ နောက်ပြီးနေရာတကာမှာ ကွင်းစီးတီး အမှတ်အသား မိဖု၇ား ခေါင်းဆောင်းပုံကို ရှားလော့မြို့ အနှံ့အပြားမှာတွေ့နိုင်ပါတယ်..၊
ဒီလိုသမိုင်းကြောင်းတွေနဲ့ ပထမဆုံးအင်္ဂလိပ်ထံက လွတ်လပ်ရေးကြေညာခဲ့တဲ့အတွက်…
နော့လ်ကာရိုလိုင်းနားအလံ နဲ့ ပြည်နယ်စည်းတံဆိပ်မှာ အဲ့ဒီရက်ဆွဲတွေကိုထည့်သွင်းထားပါတယ်..၊
ဒါတင်မကသေးပါဘူး..နော့ကာရိုလိုင်းနားရဲ့ ကားလိုင်စင်ပလိပ်မှာလည်း First in Freedom အမည်နဲ့ရက်စွဲကို ဖေါ်ပြထားပါတယ်..၊ အမေရိကန်မှာ ပထမဆုံးလွတ်လပ်ရေးကြေညာတဲ့ပြည်နယ်ဟာ.. နော့ကာရိုလိုင်းနားပါ..၊

ဒါကြောင့် First in Freedom ပြည်နယ် ဆိုပြီး နော့လ်ကာရိုလိုင်းနားသားတွေ အခုတော့ ဂုဏ်ယူလို့မဆုံးနိုင်ပါ..၊
မနိုင်မှန်းသိရက်နဲ့ အင်အားအဆမတန်များတဲ့ အင်္ဂလိပ်တပ်တွေကို မြို့လည်မှာ အသက်ပေါင်းများစွာရင်းပြီးခံတိုက်ခဲ့ ကြတာ.. က သူတို့အတွက် အသက်ရှင်တာသေတာ၊ တိုက်ပွဲ ရှုံးတာနိုင်တာ ထက်အရေးကြီးတာတွေ အများကြီးရှိပါသေးတယ်..၊
သူတို့က ဥစတာစကော့တစ်တွေ .. သူတို့အကြောင်းကို နောက်အလျင်းသင့်သလိုဖော်ပြပေးပါမယ်..၊ စိတ်ဝင်စားရင်တော့ သူတို့သမိုင်းကို နောက်ခံရိုက်ထားတဲ့ Brave Heart ရုပ်ရှင်ကိုကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ..၊
ကိုမျိုး..ကာရိုလိုင်းနား..

Thursday, January 13, 2011

လေဘာတီမီးတုတ် နဲ့ ဒေါ်လာလေးသောင်း


လေဘာတီရုပ်ထုကြီး ဘယ်ဘက် လက်နဲမီးထုတ်ကိုင်ထားသလဲသိပါသလားခင်ဗျာ..၊ ဓာတ်ပုံမကြည့်ဘဲ စိတ်ထဲကဖြေကြည့်ပါ..၊ ဒါလေးများ ကလေးကလား လာမေးနေရသလားလို့မထင်လိုက်ပါနဲ့ဦး၊ မှန်အောင်ဖြေနိုင်ရင် ဒေါ်လာလေးသောင်းတောင်ရဖို့ အခွင့်အရေးရတဲ့သူတွေရှိပါတယ်..၊ကျွန်တော်တို့ဆီက အမေးအဖြေ တီဗွီအစီအစဉ်တခုမှာ တစ်နေ့ကမေးသွားတဲ့မေးခွန်းပါ၊ ဒီလိုပါ.. စစခြင်းမှာ ဒေါ်လာတစ်သန်းပုံပေးထားပြီး မေးခွန်း ၇ခု တစ်ခုပြီးတစ်ခုမေးပါတယ်..၊ ဖြေရတာတော့ မခက်ပါဘူး အေ၊ဘီ၊စီ၊ဒီ ရွေးသလိုမျိုးပါ၊ အဲ..မေးခွန်းတွေကတော့ မသိရင်ဘယ်အဖြေရွေးရမှန်းမသိအောင် ဖြစ်စေပါတယ်..၊ ဖြေတဲ့သူက ဒေါ်လာတစ်သန်းအပုံကြီးကို ကိုယ်ထင်တဲ့ အဖြေအကွက်ထဲကို ပုံထဲ့ပြီးလောင်းရပါတယ်..၊ ကိုယ်သေခြာရင်တော့ တစ်သန်းလုံး အကွက်ထဲပုံအောလိုက်ရုံပါဘဲ..၊ သိတ်မသေခြာရင်တော့၊ ငါးသိန်း သုံးသိန်း နှစ်သိန်းစသည်ဖြင့်ထင်တဲ့အဖြေတွေကို ခွဲလောင်းရပါတယ်..၊ လေးကောင်ဂျင်ထိုးသလိုပေါ့ဗျာ..၊ အဖြေကြေညာပုံကတော့ ဆန်းပါတယ်..၊ အဖြေမှားတဲ့အကွက်တွေ က ဂျိုင်းကနဲ အပေါက်ဖြစ်သွားပြီး လောင်းထားတာတွေ အောက်ကိုပြုတ်ကျပြီးစားသွားပါတယ်..၊ အဖြေမှန်ပေါ်ကိုတင်ထားတဲ့ငွေတွေဘဲကျန်ခဲ့ပါတယ်..၊ အဲ့ဒီကျန်တဲ့ငွေတွေနဲ့ နောက်မေးခွန်းတွေကို ဆက်လောင်းပေါ့ဗျာ..၊ နောက်ဆုံးမေးခွန်း မှာ အဖြေမှန်လို့တင်ကျန်ခဲ့တဲ့ ငွေထုတ်ကိုတော့ အသာပိုက်ပြန်ရုံပေါ့…၊ ဘာဘဲ ပြောပြော စစခြင်းမှာ ဒေါ်လာတစ်သန်းကို လက်ထဲကိုင်ကစားရတာ ရင်ခုန်စရာပါဘဲ..၊

အောက်မှာ စုံတွဲတစ်တွဲ မေးခွန်းတွေဖြေလာလိုက်တာ နောက်ဆုံးမေးခွန်းလည်း ရောက်ရော ဒေါ်လာလေးသောင်းဘဲကျန်တော့တယ်…၊ အဲ့ဒီအချိန်မှာ မေးလာတာက လေဘာတီရုပ်ထုကြီး မီးတုတ်ကို ဘယ်ဘက်လက်နဲ့ကိုင်ထားသလဲတဲ့..၊ လွယ်လိုက်တာများ..၊ ဟေ့ ဟေ့.. ဓာတ်ပုံမကြည့်နဲ့၊ အင်တာနက်က သေခြာအောင်လည်း ရှာမကြည့်နဲ့နော်..၊ စိတ်ထဲကဘဲဖြေကြည့်ပြီး.. နောက်မှ သူတို့နဲ့ အဖြေတိုက်ကြည့်..တူလားလို့..၊



အင်း…သူတို့ခင်ဗျာ အတော်ယူကြုံးမရဖြစ် ရှာမှာဘဲ..၊ လေဘာတီ ရုပ်တုကြီးကို တစ်သက်လုံးမြင်လာရတာ..ဘေးကလူကြီး ၀င်နှောက်လို့ အခုလိုဖြစ်ရတာ..၊ တစ်ခါတစ်လေလူတိုင်းဖြစ်တတ်ပါတယ်..၊
ကျွန်တော်တောင် သေခြာအောင် လက်တစ်ဖက်မြှောက်ပြီး လေဘာတီ ရုပ်တုကြီးလို လုပ်ကြည့်နေမိတယ်.. ဒါလေးများ သိသားဘဲ.. သေခြာအောင်လို့..ဟဲဟဲ..၊
အေးလေ.. ကမ္ဘာကျော် ဘော်လုံးသမားကြီးတွေတောင် ပယ်နယ်တီကန်တာ ဂိုးပေါက်လွဲသေးတာဘဲ..၊
လူ့ဘ၀ မှာ အမှန်တွေကို အမှားလို့ ထင်ယောင်ထင်မှားဖြစ်အောင် ဘေးက နှောက်တဲ့သူတွေ..၊ သံသယတွေဝင်အောင်လုပ်တဲ့သူတွေ အများသားလား..၊

ပျော်ရွင်ချမ်းမြေ့ကြပါစေ..၊

Friday, July 9, 2010

အောင်ပွဲခံ ရေဘ၀ဲနဲ့ ဘော်လုံးပွဲ

ကျွန်တော်တို့ဆီက ဘော်လုံးပွဲ အရှုံးအနှိုင် ခန့်မှန်းတာနဲ့ ဂျာမဏီကလူတွေခန့်မှန်းတာ သိပ်တော့မကွာလောက်ဘူး၊ ဘော်လုံးသမိုင်းကျောင်း၊ ဖွဲ့စည်းပုံအပြင်နည်းပြနည်းဖျုဟာတွေသာမက ဗေဒင်ယတြာအဆောင်လက်ဖွဲ့တွေအဆုံး ဘုန်းကြီးပါမနေရ ဆိုသလိုကိုးဗျ..၊ မာယာဒိုနာကြီးရဲ့လက်ဖွဲ့အဆောင်ကြီးကတော့ မစွံတာသေခြာသည်၊ လောလောဆယ်တော့ဂျာမဏီက ရေဘ၀ဲတကောင်ကတော့ ဦးဆောင်ခန့်မှန်းပြီးအောင်ပွဲခံနေလေရဲ့..ဗိုလ်လုပွဲမှာသူဘဲ ထပ်အောင်ပွဲခံမလား..ဟင်းအိုးထဲရောက်သွားမလားစောင့်ကြည့်ရပေတော့မည်..၊သူကလည်းထူးထူးခြားခြား ၆ပွဲဆက်တိုက်မှန်ထားတာဆိုတော့ မယုံကြည်နိုင်လောက်အောင်ပါဘဲ..၊ ဂျာမဏီ စပိန် ပွဲမစခင် အော်တိုပတ်ရဲ့ ဘော်လုံးပွဲခန့်မှန်းတာ တီဗွီမှာ အရင်ပြတော့ အထင်သေးပြီး ရီမိသေးတယ်၊ ကလင်းစမန်းကတော့ တူး ၀မ်းနဲ့ဂျာမဏီနိုင်မယ်ခန့်မှန်းတာသတိထားမိတယ်..၊
စပိန်ကနာမည်ကြီးစာဖိုမှူးကြီးက တော့ သူ့ဟင်းလျာစာရင်းမှာ ရေဘ၀ဲ ကိုဖျက်လိုက်မယ်တဲ့..၊ရေဘ၀ဲမုန်းသူတွေ ချစ်သူတွေရှုပ်ရှက်ခတ်နေမှာတော့ မြင်ယောင်သေးတယ်၊ ဘာဘဲပြောပြော..ရေဘ၀ဲကြောင့်နိုင်တာတော့မဟုတ်ပါဘူး၊ သူက ခန့်မှန်းယုံခန့်မှန်းပေးတာနေမှာပါ..၊ သူ့ဟာသူ ၀င်မိဝင်ရာအပေါက်ထဲဝင်သွားတာလား၊ ဒါမှမဟုတ် အကြားအမြင်များရနေသလားမသိ..၊ အေးလေ..သူလည်းရေကန်ထဲမှာ ဖမ်းလှောင်ခံထားရပြီး ကျွေးသမျှလေးစားပြီးတရားကျင့်နေသလားမှမသိတာ..၊ အယူသီးသူတွေကတော့ အတော်ယုံနေကြမှာ..၊ တောက်..စောစောကများ ရေဘ၀ဲကိုယုံပြီး လိုက်လောင်းရင်အတော်ထောနေပြီ..၊နောက်ဆုံးပွဲတော့ ရေဘ၀ဲမှန်ဦးမလားစောင့်ကြည့်ရပါဦးမယ်..၊


Sunday, May 16, 2010

ရှားလော့ မြို့မှ အာရှ ပွဲတော်



မေလ ၁၅ ရက်နေ့ မနေ့က နော့လ်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့မှာ အာရှပွဲတော်ကျင်းပခဲ့ပါတယ်၊ အဓိကအားဖြင့် အာရှအလှမယ်ရွေးချယ်ပွဲနဲ့ နဂါးလှေလှော်ပြိုင်ပွဲတို့ပါဝင်ပါတယ်၊ မြန်မာ အလှမယ်လေးနှစ်ဦးလည်းပါဝင်ဆင်နွဲခဲ့ပါတယ်၊




အလှမယ်ပြိုင်ပွဲမှာတော့ ရိုးရာဝတ်စားဆင်ယင်မူ၊ အမေးအဖြေ နဲ့ အကအလှ အနုပညာတို့အပေါ်မှာ အခြေခံပြီးရွေးချယ်မယ်လို့သိရပါတယ်၊


နဂါးလှေပြိုင်ပွဲကလည်း အတော်ကိုစည်ကားလှပါတယ်၊ Bank of America, Wachovia Bank, Food Lion, Microsoft, Wells Fargo, AT&T, Duke Energy အသင်းတွေအပြင် အခြား အသင်းအတော်များများ ပါဝင်ပါတယ်၊


အလှမယ်လေးတွေရဲ့ အနုပညာအစွမ်းကလည်း အံ့မခန်းကို ကောင်းမွန်လှပါတယ်၊ အိန္ဒိယ အလှမယ်ကလေးရဲ့ ဘော်လီးဝုစတိုင် အက ကလည်းတကယ့်ကို ရုပ်ရှင်ထဲကအတိုင်းပါဘဲ၊ မြန်မာအလှမယ်လေးနှစ်ဦးကလည်း ခေတ်ပေါ်အက များအပြင် ရိုးရာ အကဖြင့် လည်း ပရိသတ်ရင်သတ်ရှုမောအောင် ကပြခဲ့ကြပါတယ်၊ ရှားလော့မြို့က နဂါးလှေပြိုင်ပွဲနဲ့ အာရှပွဲတော် ကို ဒီနေရာ မှာဝင်ကြည့်လို့ရပါတယ်၊

မိတ်ဆွေများလည်း ၀င်ကြည့်ပြီးအကဲဖြတ်လို့ရပါတယ်၊







ရွှင်လန်းချမ်းမြေ့ကြပါစေ..

Tuesday, April 6, 2010

ဈေးမ၀ယ်တတ်သူများ


အမေရိကန်မှာ အင်တာနက်နဲ့ ရှောပင်းထွက်ရတာ အရမ်းအဆင်ပြေတယ်ဆိုလို့ အတွေ့အကြုံလေးတစ်ခုလောက် တင်ပြပါရစေ၊
တစ်ခါက အမေရိကန်ရဲ့ နာမည်မကြီးတကြီး တက္ကသိုလ်တစ်ခုမှာ စီးပွားရေးလုပ်ငန်းသင်ခန်းစာ သင်ကြားနေစဉ် ဆရာမက ကျောင်းသားတွေကို အွန်လိုင်းရှောပင်း လုပ်တဲ့သူဘယ်နှစ်ယောက် အတန်းထဲမှာ ရှိလဲလို့မေးလိုက်ပါတယ်၊

br />
မေးသမျှ လက်ထောင်ပြီး သူများထက်ဦးအောင်ဖြေတတ်တဲ့ မောင်ဖြူကလွဲလို့တစ်တန်းလုံးတစ်ယောက်မှမလှုပ်၊ မောင်ဖြူတစ်ယောက်ကလည်း အတန်းထဲမှာ in class participation point ၁၀ ပွိုင့်ရလည်း မနည်းဘူးဆိုပြီး တက်ကြွနေပုံရပါတယ်၊ တစ်ရာသီကုန်ရင်စုစုပေါင်း ၂၂၀ လောက်အများဆုံးရနိုင်တာကိုး..၊

အတန်းထဲက ကျောင်းသားတွေထဲမှာ ရေတပ်မှာ ၂၁နှစ် စစ်မှု့ထမ်းခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေသူ၊ နာမည်ကြီးဘဏ်တစ်ခုမှာ မန်နေဂျာလုပ်နေသူ ကနေ ဆံပင်ညှပ်ဆရာကနေ လက်ရှိအလုပ်လက်မဲ့အထိအမျိုးမျိုးပါဝင်ပါတယ်၊ စုစုပေါင်း၂၁ယောက်၊

ဘာဖြစ်လို့လည်းလို့ တစ်ယောက်စီမေးကြည့်တော့ လုံခြုံစိတ်ချရမှု့၊ သယ်ယူပို့ဆောင်ချိန်ကြန့်ကြာမှု၊ ပစ္စည်းမှာ အပြစ်အနာပါလာရင် ပြန်ပို့ပြန်လဲရမှာစိတ်ပျက်လို့၊ မိမိကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းမှာမဖော်ပြခြင်လို့ စတဲ့အချက်တွေကြောင့်ပါတဲ့၊

ဒါဆိုဘယ်လိုပုံစံမျိုးဈေးဝယ်တာကြိုက်သလဲဆိုတော့.. ဆိုင်မှာ ကိုယ်တိုင်မျက်မြင်ကြည့်ပြီး လူချင်းတွေ့စကားပြောပြီးဝယ်ရတာကိုအများစုက ကြိုက်ပါတယ်တဲ့၊

ပိုက်ဆံပေးတဲ့အခါမှာလည်း လူခြင်းတွေ့ပြီး ခရက်ဒစ်ကဒ်၊ ဒက်ဘစ်ကဒ်တွေကို ရှေ့မှာ ကိုယ်တိုင်ခြစ်သုံးရတာ စိတ်ရှင်းတယ်လို့ဆိုပါတယ်၊ ပေးမန့်ဘေလ် တွေပေးတဲ့အခါမှာ လည်း ချက်နဲ့ပေးတာများတယ်လို့ဆိုကြပြန်ပါတယ်၊ ဒါမှမဟုတ် ဖုန်းဆက်ပြီး ပေးစရာရှိတာပေးတယ်လို့ဆိုကြပါတယ်၊

လူတိုင်းကတော့ အွန်လိုင်းမှာ ၀ယ်ချင်တဲ့ပစ္စည်းနဲ့ ရနိုင်မယ့်နေရာ ရှာကြပါတယ်တဲ့ ပြီးတော့ လူကိုယ်တိုင်သွားဝယ်လိုက်ကြပါတယ်တဲ့၊ အကယ်လို့ မရှိမဖြစ်အရေးကြီးအသုံးလိုပြီး အွန်လိုင်းမှာဘဲဝယ်လို့ ရမယ်ဆိုရင်တော့ တစ်ခါတစ်လေ၀ယ်ပါတယ်တဲ့၊

ရော..ခက်ပြီ၊ ဒီလောက်တိုးတက်တဲ့ခေတ်ကြီးမှာ တိုးတက်တဲ့အမေရိကန်နိုင်ငံမှာနေပြီး ဘာလို့ဒီလိုလုပ်ရတာလည်း..၊ ဆရာမ ပုံကြည့်ရတာအတော်စိတ်ပျက်သွားပုံရပါတယ်၊ ဘယ်လိုလူတွေ ပါလိမ့်..၊ လူပိန်းတွေ..၊
ဆရာမက သုတေသနလုပ်ထားတဲ့စာစောင်တွေကို ကိုးကားပြီး ရှင်းပြပါတယ်၊ စာတိုက်ကနေ ချက်တစ်စောင်ပို့လိုက်တာဟာ အွန်းလိုင်းမှာ ခရက်ဒစ်ကဒ်နဲ့ဈေးဝယ်တာထက်ပို ပြီး အန္တရယ်များပါတယ်တဲ့၊ အကြောင်အမျိုးမျိုးကြောင့် ချက်ပျောက်သွားနိုင်တယ်..သူများကချက်နံပတ်ကို ရယူသွားနိုင်တယ်လို့ဆိုပါတယ်၊ ဖုန်းနဲ့ ပိုက်ဆံပေးတော့လည်း ဘာထူးလည်း ကိုယ့်ရဲ့ အချက်အလက်တွေကို ပြောပြရတာဘဲ အဲ့ဒီအချိန်မှာ တဖက်ကလူက ကွန်ပျူတာထဲကို အကုန်ရိုက်ထဲ့ရတာဘဲကိုး၊

နောက်ပြီးဆရာမကမေးသေးတယ် အီးဘေးမှာ ၀ယ်ရောင်းလုပ်တဲ့သူဘယ်နှစ်ယောက်ရှိလည်းဆိုတော့ နှစ်ယောက်က ဘဲ တစ်ခါတစ်လေလုပ်ပါတယ်တဲ့၊ ကျန်တဲ့၁၀ယောက်လောက်ကတော့ တစ်ခါနှစ်ခါလောက်ဘဲလုပ်ဘူးပြီး၊ ကျန်တဲ့သူတွေကတော့ ၀င်ကြည့်ရုံလောက်ပါဘဲတဲ့၊
အမေရိကန်မှာလူ ခုနှစ်သိန်းခွဲကျော်ကျော်လောက်အီးဘေးကို အဓိက၀င်ငွေ၊ဒါမှမဟုတ် ဒုတိယ၀င်ငွေရှာတဲ့နေရာ အဖြစ်သုံးနေကြတယ်ဆိုဘဲ၊ လူဦးရေတစ်သန်းခွဲလောက်ကတော့ ပုံမှန်သုံးကြပါတယ်တဲ့၊ အဲ့ဒါဘယ်တုန်းက သုတေသနလုပ်ထားတာလည်းတော့မသိပါဘူး၊ အခုနောက်ပိုင်းမှာ ပိုသုံးကြမယ်ထင်ပါတယ် အလုပ်မရှိတိုင်း တွေ့ရာပစ္စည်းတွေရှောက်ကောက်ပြီးအီးဘေးမှာတင်ရောင်းနေကြမှာကိုး..၊ မနှစ်က UNC တက္ကသိုလ် ဘတ်စကတ်ဘောလုံးအသင်းနေရှင်နယ်ချံပီယံဖြစ်တော့ နောက်နေ့မနက်အစောကြီးထွက်တဲ့ အလကားဖြန့်တဲ့ တာဟီးသတင်းစာတွေတစောင်မှရှာမရဘဲပျောက်ကုန်တယ်၊ အဲ့ဒီသတင်းစာကိုလူတိုင်းဖတ်ခြင်သိမ်းထားခြင်ကြတာကိုးဗျ..၊ ဆရာသမားစီးပွားရေးအကွက်မြင်တဲ့ ချာတိတ်တွေက အကုန်လိုက်သိမ်းပြီး အီးဘေး တို့ခရက်လစ်တို့မှာပြန်တင်ရောင်းနေကြတာ..၊

ဒီတော့မောင်မဲကထပြောတယ် ဒါဆိုဘာလို့ ကုမ္မဏီတွေ အစိုးရဌာနတွေက စာတိုက်ကနေ အရေးကြီးစာရွက်စာတန်းတွေပို့ရတာလည်းတဲ့..၊ ဥပမာ အိုင်ဒီကဒ် လို့ဆိုတော့ ဆရာမက ဘာအိုင်ဒီလည်းတဲ့၊ ဒရိုင်ဘာလိုင်စင်လေဗျာ ဆိုတော့..ဟုတ်လား ဘာလားနဲ့ဆရာမရှောချသွားတယ်၊ ငါလည်းငါ့ပတ်စပို့သတ်တန်းတိုးတော့စာတိုက်ကနေဘဲလုပ်ရတာ သိပ်ကြာတယ်ဘာညာနဲ့ ရှောချသွားတယ်၊

တိုတိုပြောရရင်တော့ သီအိုရီနဲ့ လက်တွေ့တခါတစ်လေ မကိုက်တာတွေကအများကြီး၊ စဉ်းစားစရာတခြားအချက်တွေ ကိုးကားစရာတခြားသီအိုရီတွေ ကတစ်ပုံကြီးကိုး..၊ အင်တာနက် မှာလုံခြုံရေးကိုဘယ်လောက်တာဝန်ယူနိုင်မလည်း၊ သူများကိုယ်ရေးအချက်အလက်တွေကိုခိုးပြီး မသမာတာတွေလုပ်နေကြတာတစ်ပုံကြီး၊ တစ်လောကဘဲ ဖလော်ရီဒါဖက်က လက်လီဆိုင်တွေရဲ့ ခရက်ဒစ်ကဒ် စနစ်တွေကို ၀င်ပြီးခိုးတဲ့ ကွန်ပျူတာ ဆရာတောင်ထောင်ချလိုက်ပြီဆိုဘဲ၊
နောက်ပြီး အီးဘေးကနေ လက်ကိုင်ဖုန်းဝယ်တော့ ဟိုတစ်ဖက်က ပိုက်ဆံယူလိုက်ပြီး ဖုန်းဓာတ်ပုံကော်ပီကူးထားတဲ့စာရွက်နှစ်ရွက်ဘဲပို့လိုက်လို့ တရားရုံးမှာရှင်းရတာတွေ့လိုက်ဖူးတယ် (အဲဒီလို တရားခွင်တွေ တီဗွီမှာ ကြည့်ဖူးကြမှာပေါ့)၊
ဇတ်လမ်းတွေက လူတိုင်းသိပြီးသားမို့ထားလိုက်ပါတော့..၊
တချို့ လေ့လာတွေ့ရှိချက်ဆိုတာ တွေကလည်းသိပ်မှန်တာမဟုတ်..၊ မောင်ရိုး လို မပြောချင်လို့ငြိမ်နေသူတွေဘယ်နှစ်ယောက်ရှိမလည်းမသိ၊ ငြိမ်နေတယ်ဆိုတာက အငြင်းမပွားချင်လို့ ဒါမှမဟုတ် ရှယ်ယာမလုပ်ခြင်လို့ ၊ ဒီကြားထဲ လူကြားကောင်းအောင် ရှောက်ပြောသူတွေလည်းရှိမှာဘဲ..၊

အတန်းရဲ့ အလည်တဲ့တဲ့မှာ ထိုင်နေတဲ့မောင်ရိုးတစ်ယောက်ဘာမှဝင်မပြော..၊ တကယ်ဆို မောင်ရိုး မနက်ကဘဲ သူ့ကွန်ပျူတာ အစုတ်လေးကို မန်မိုရီမြှင့်ဖို့ အွန်လိုင်းကနေ ၀ယ်လိုက်သေးတယ်၊ နောက်ပြီး အွန်လိုင်းဘဏ်ကင်းလုပ်တယ် ပေးစရာတော်တော်များများကို အွန်လိုင်းကနေဘဲမောင်ရိုးပေးထားတာရှိတယ်၊ ဒီလိုရှိပါတယ်.. မီးတို့ဖုန်းတို့ ကားအာမခံတို့ စသည်ဖြင့်အမြဲပေးနေရတဲ့ မပေးမဖြစ်တွေက ဘာမှမဆန်းလို့ဘယ်လိုပေးရပေးရမဆန်းပါဘူး၊ စိတ်မချစရာလည်းမရှိပါဘူး၊ ပြီးတော့ လွယ်လည်းလွယ်တာကိုးဗျ..၊နောက်ပြီး စာတိုက်သွားစရာမလို၊ တံဆိပ်ခေါင်းဖိုး မကုန်တော့ဘူး၊

ဒါပေမဲ့ တစ်ခြားပစ္စည်းတွေတော့သိပ်မ၀ယ်ဘူး၊ တခါတစ်လေ မှားလို့ပြန်လဲရတာတို့ ဘာတို့က အလုပ်ရှုပ်တယ်၊ သုံးလေးခါလောက် ရှင်းလိုက်ရပြီးနောက်ပိုင်း သိပ်မ၀ယ်တော့ဘူး၊ ၀ယ်မယ်ဆိုရင်လည်း စိတ်ချရအောင် ၀ယ်မယ့်ဆိုဒ်ကိုလေ့လာပြီးမှဝယ်တော့တယ် ဥပမာ ဘီသုံးလုံးတို့၊ စားသုံးသူအမှတ်တို့ ရီဗျူးတို့ တို့ကိုဖတ်ပြီးမှဝယ်တယ်၊ ဒါတောင်စိတ်ချရတာမဟုတ်.. ကိုယ်တွေ့ တရားဝင်လှည့်စားတတ်တဲ့ဆိုဒ်တွေရှိသေးတယ်..၊

အခုတော့ မောင်ရိုးလည်း တွေ့သမျှအကုန်ကောက် ရေဆေး ပြန်သပြီး ရောင်းဖို့အွန်လိုင်းစတိုးလေးလုပ်မလားလို့..၊ တကယ်လို့ မိတ်ဆွေတို့ အွန်လိုင်းမှာမှ လက်ယားလို့ဈေးဝယ်ချင်ရင် မောင်ရိုးဆိုဒ်မှာအားပေးကျဗျာ.. အနှစ်တစ်သောင်းက ဘီလူး နဖာကလော်ကနေ အနာဂတ် လောင်စာဆီဖော်မြူလာအထိရောင်းမယ်..၊ မရှိတာမှ ၀ယ်ချင်သူတွေကိုလည်း ရောင်းမယ်၊ အလကားစတာနော်..

အတွေ့အကြုံလေးတွေရှိလည်း ဝေမျှခဲ့အုံး..

ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ..


Sunday, November 22, 2009

ချက်ပါဟေးမှ သရဲပုံပြင်များ



၁၉၅၃ ခုနှစ် အတွင်းက ရက်တစ်ရက်၊ ချက်ပါဟေးမြို့ ဖရန်ကလင်လမ်းမှ အိမ်ကြီးတစ်အိမ်မှာ ကက်သရင်း ဘယ်ရီဟေးလို့ အမည်ရတဲ့ အမျိုးသမီးကြီးတစ်ယောက် စာတစ်စောင်ရေးနေသည်၊ သူနေထိုင်ခဲ့ရာ အိမ်ကြီးက မထွက်ခွာမှီ အိမ်ကြီး အကြောင်းကို နောက်ပြောင်းရွှေ့ရောက်ရှိလာမည့် သူများအတွက်အမှာစာ ရေးသားနေခြင်းဖြစ်သည်၊ စာကိုအပြီးသတ်ခါနီးမှာ ဘာများကျန်ခဲ့သလဲလို့ စဉ်းစားရင်း အိမ်ကြီးအတွင်းပိုင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည် “အိုး..ဒီအိမ်ကြီးက သရဲအကြောင်းကိုတော့ သေသေခြာခြာမှာခဲ့ ဖို့မေ့လို့အဖြစ်ဘူး…” စသည်ဖြင့်ရေးသားရင်းစာကိုနိဂုံးချုပ်လိုက် လေသည်၊

ထိုအချိန်မှစပြီး ဒီအိမ်ကြီးရဲ့ သရဲဇတ်လမ်းကလူသိရှင်ကြားဖြစ်လာလေတော့သည်၊
ဒီလိုနဲ့ သရဲခြောက်တဲ့အိမ်ကြီးကနာမည်ကြီးလာသည်၊ ဒီအိမ်ကြီးမှာနေထိုင်ကြီးပြင်းခဲ့တဲ့ လေဒီ ကက်သရင်းဘယ်ရီဟေး အဆိုအရ သူငယ်စဉ်က ညညတွေမှာ သရဲတစ်ယောက်သူ့အခန်းထဲကို ရောက်ရောက်လာတတ်ပြီး သူမ နဲ့စကားပြောလေ့ရှိသည်တဲ့၊ နောက်ပြီး အိမ်သာမှာ သူ့ဟာသူရေဆွဲချတာတို့၊ လှုပ်ကုလားထိုင်ကသူ့ဟာသူလှုပ်နေတာတို့၊ ပစ္စည်းတွေသူ့ဟာသူနေရာရွှေ့သွားတာတို့ဖြစ်တတ်ပါတယ်တဲ့၊ နောက်ထက်ရောက်လာကြတဲ့ ဖရက်ဝေဘာတို့ဇနီးမောင်နှံကလည်း ဒီအိမ်မှာ သရဲရှိကြောင်းသူတို့ယုံကြည်ကြသတဲ့..၊ စာကြည့်ခန်းထဲမှာ အမြဲလို အသံတွေကြားနေရတတ်ပြီး၊ ညဘက်တွေမှာ သရဲကြီးတစ် ယောက်လမ်းရှောက်နေတတ်တယ်လို့ ဆိုပြန်ပါတယ်..၊
ရာဇ၀င်ကိုလိုက်ကြည့်လိုက်တော့..အဲဒီ သရဲ ကြီးဟာ နော့ကာရိုလိုင်းနားတက္ကသိုလ်က ပါမောက်္ခကြီး ဟိုရေ့ ၀ီလီယံဖြစ်ပါတယ်တဲ့၊ သူဟာအဲ့ဒီအိမ်ကြီးမှာ ၁၈၉၇ ကနေ ၁၉၄၀ သူသေတဲ့အချိန်ထိနေသွားပါတယ်၊ သူသေဆုံးချိန်မှာတော့ အဲ့ဒီအိမ်ကြီးရဲ့ ပိုင်ဆိုင်ခွင့်ကို နော့ကာရိုလိုင်းနားတက္ကသိုလ်ကို ပေးခဲ့ပါတယ်၊ နောက်တော့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ပါမောက္ခ်တွေ အစဉ်အဆက်နေထိုင်ခဲ့ကြပါတယ်၊ အခုတော့ ၁၈၄၀ ခုနှစ်ကဆောက်ခဲ့တဲ့အဲ့ဒီအိမ်ကြီးကို ချက်ပါဟေးမှာ ရှေးဟောင်းအမွေအနှစ်တစ်ခုလိုပြုပြင်ထိမ်းသိမ်းထားပါတယ်၊
ဒါနဲ့ ၂၀၀၇ ကနေ ဒီနေ့ထိ ချက်ပါဟေးရှေးဟောင်းအမွေအနှစ် ပြုပြင်ထိမ်းသိမ်းရေးဌာနမှာ ဒါရိုက်တာ လုပ်နေတဲ့ အားနက် ဒေါ်လာ ကို တာဟီးသတင်းစာကမေးမြန်းကြည့်တော့…၊
ဒီအိမ်ကြီးမှာ ပစ္စည်းတွေနေရာရွေ့တာတွေ၊ အခန်းလွတ်ထဲကနေအသံတွေ ကြားရတာတွေ ကတော့ ခဏခဏပါဘဲတဲ့..၊ တံခါးမကြီးကိုလာခေါက်သံ ကြားလို့ လို့ထပြီးဖွင့်ကြည့်တဲ့အခါမှာ ဘယ်သူမှ မရှိတာမျိုးလည်းမကြာ မကြာဖြစ်တတ်ပါသေးတယ်တဲ့..၊ နောက်တော့ သရဲရှာသူတွေနဲ့ နာနာဘာဝစုံစမ်းစစ်ဆေးရေးအဖွဲ့တွေလည်းသရဲတကယ် ရှိမရှိကို မကြာမကြာ လာရောက်စုံစမ်းကြပါတယ်တဲ့၊
၂၀၀၇ ခုနှစ်အတွင်းက ညတစ်ည မှာတော့ ဒါရိုက်တာ အားနက်ဒေါ်လာ ကိုယ်တိုင် သရဲစုံစမ်းတဲ့အဖွဲ့တစ်ဖွဲ့ နဲ့အတူပါဝင်ခဲ့ပါတယ်၊ သူတို့မှာ အထူး ကင်မရာတွေ၊ အသံဖမ်းစက်တွေ၊ အပူချိန်တိုင်းစက်တွေစတာတွေပါဝင်ပြီး၊ အဲ့ဒီညမှာ သရဲလို့ ယူဆရတဲ့ အလင်းရောင်အရိပ်ပုံတွေလည်းရခဲ့ပါတယ်၊ ထူးခြားတာတစ်ခုကတော့ ဧည့်ခန်းထဲမှာ အသင့်ဆင်ထားတဲ့ ကင်မရာတွေက ဘက်ထရီတွေသူ့ဟာသူအားကုန်သွားပြီး ကင်မရာတွေပိတ်သွား ပါတယ်တဲ့၊ အားနက်ဒေါ်လာအဆိုအရတော့ ဧည့်ခန်းထဲက လျှပ်စစ် မီးတွေဟာ ဒီလိုဘဲ သူ့ဟာသူငြိမ်းငြိမ်းသွားတတ်ပါတယ်တဲ့၊
ဒီလို နဲ့ တစ်နေ့မှာ သရဲတွေရှိမရှိကို သိနိုင်တယ်ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ရောက်လာပြီး အိမ်ကြီးကို လှည့်ပတ်ကြည့်ခွင့်တောင်းခဲ့ပါသေးတယ်၊ သူမနဲ့ အတူလိုက်ပါခဲ့တဲ့ လက်ထောက်ဒါရိုက်တာ ရှယ်ရီရယ် ကိုရိုလပ် အပြောအရတော့ ကက်သရင်းဘယ်ရီဟေး နေခဲ့တဲ့အခန်းကို အရောက်မှာ အမျိုးသမီးကြီးဟာ တွေတွေကြီးရပ်သွားပြီး သူ့တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်းတွေထသွားတယ်လို့ဆိုပါတယ်၊



လူတွေကသရဲမကြောက်ဘူး၊ မယုံဘူးစသည်ဖြင့်ပြောနေတတ်ကြပေမယ့်၊ တစ်ခါလာစုံစမ်းတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ စက်ကရိယာတွေအစုံပါတဲ့အပြင် စုစုပေါင်းလူအင်အားက ၂၁ ယောက်တောင်ပါတယ်တဲ့၊ ဒီလောက်လူအုပ်ကြီးနဲ့ စက်တွေနဲ့ဆိုရင် အိမ်ထဲမှာ သရဲတောင်နေစရာရှိမှာမဟုတ်ဘူးထင်မိတယ်၊



နောက်ထပ်နာမည်ကြီးနေရာတစ်ခုကတော့ ကာရိုလိုင်းနားအင်း ဖြစ်ပါတယ်၊ အဲ့ဒီမှာ လည်းမကြာမကြာ သရဲရှာသူတွေခြေချင်းလိမ်နေတတ်ပါသေးတယ်၊ သူ့ကိုလည်း ရှေးဟောင်းအဆောက်အဦးအဖြစ်ထိမ်းသိမ်းထားပြီး နာမည်ကြီးစားသောက်စရာများနဲ့ တည်းခိုစရာ၊ ပါတီကျင်းပရာနေရာအဖြစ် ထင်ပေါ်ကျော်ကြားပါတယ်၊ အဲ့ဒီမှာ အလုပ်လုပ်တဲ့သူတွေအပြောအရတော့ မြေအောက်ထပ်က စတိုခန်းတွေကိုသွားရင် တစ်ယောက်ထဲပေးမသွားပါဘူးတဲ့၊ နောက်ပြီးတော့ သရဲအခြောက်ဆုံးအခန်းကတော့ အခန်းနံပတ် ၂၅၂ပါတဲ့၊

ဒီလိုနောက်ထပ်နာမည်ကြီး သရဲခြောက်တဲ့နေရာတစ်ခုကတော့ ဒူဘော့ဟောက်လို့ နာမည်ရတဲ့ တောင်ကုန်းလေးတစ်ခုပေါ်က ရှေးဟောင်းအိမ်ကြီးတစ်ခုဖြစ်ပါတယ်၊ သူကလည်းဈေးအလွန်ကြီးတဲ့ နာမည်ကြီး လူချမ်းသာပညာတတ်တွေအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ကြီးလည်းဖြစ်ပါတယ်၊ အဲ့ဒီအိမ်ကြီးကို တော့ မြေအောက်ခန်းတွေထဲထိရောက်ဖူးခဲ့ပါတယ်၊ တစ်ကယ့် သရဲ ရုပ်ရှင်တွေထဲကလိုမျိုး အိမ်ကြီးပါဘဲ၊

အဲ့ဒီနေရာတွေက ကျွန်တော်နေတဲ့နေရာနဲ့ ဆို ၃မိုင်အတွင်းလောက်မှာဘဲရှိပါသေးတယ်၊ နောက်ထပ်သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်တွေလည်းရှိပါသေးတယ်၊ တချို့နေရာတွေကလည်း တိတ်ဆိတ် ပြီး အထီးကျန်ဆန်လွန်းတော့ ခြောက်လှန့် နေသလိုမျိုးခံစားရစေတတ်ပါတယ်၊



နောက်ပြီး သရဲ စုံစမ်းရေးအဖွဲ့တွေလည်း အများကြီးရှိပါတယ်၊ ကာရိုလိုင်းနားအင်းမှာတောင် တခါတလေ သရဲတက္ကသိုလ်ဆိုပြီး သရဲစုံစမ်းထောက်လှမ်းတဲ့နည်းသင်တန်းတွေသင်ပေးပါတယ်၊ တခါမှာ နော့ကာရိုလိုင်းနားတက္ကသိုလ်ထဲက သရဲခြောက်တဲ့နေရာတွေအကြောင်း စုံစမ်းလေ့လာတွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့ပါတယ်၊ တက်ရောက်လာတဲ့သူတွေထဲက ပါမောက္ခတစ်ယောက်ကတော့ သရဲကို ယုံတော့မယုံဘူး ဒါပေမယ့်အလွန်စိတ်ဝင်စားဖို့တော့ကောင်းတယ်လို့မှတ်ချက်ချခဲ့ပါတယ်၊

အမေရိကန်နိုင်ငံကို ပထမဆုံးစတင်ထူထောင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နော့ကာရိုလိုင်းနားမှာ အံ့သြထူးဆန်းဘွယ်ရာပုံပြင်တွေ ဇတ်လမ်းတွေ အများကြီးရှိပါတယ်၊ ဒီတော့ ရှေးဟောင်းအိမ်ကြီးတွေနဲ့သရဲအကြောင်းတွေက ရှိနေတာမဆန်းပါဘူး၊ ဒီအကြောင်းတွေကို တင်ပြထားတဲ့
သရဲစုံစမ်းလေ့ လာသူတွေရဲ့ ၀က်ဆိုက်တွေ အများကြီးရှိပါတယ်၊ ဒီမှာ
လည်းဝင်ကြည့်လို့ရပါတယ်၊ ကိုယ်တိုင် ယုံဖို့ မတိုက်တွန်းချင်သလို မယုံဘူးလို့လည်းမပြောလိုပါ၊ အဲ..သရဲရှိမယ်ဆိုရင်လည်း လူတွေကိုတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး၊



မကြာသေးခင်ကဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ် အရတော့..
အမှန်တကယ် လူတွေကို အန္တရယ်ပေးနိုင်မှာကတော့ ဇွန်ဘီး (zombie) တွေလို့ဆိုရဲ့..၊ အူကြောင်ကြောင်တော့နိုင်ရဲ့ ခေတ်မှီနိုင်ငံကြီးရဲ့ နာမည်ကြီးတက္ကသိုလ်တခုမှာ ဇွန်ဘီးတွေ တိုက်ခိုက်လာရင်ဘယ်လိုကာကွယ်မလည်းဆိုပြီး ဆွေးနွေးပွဲလုပ်ရတယ်လို့၊ထားပါတော့..၊

လူတွေကိုယ်တိုင်ကလည်း စိတ်ထင်ယောင်မှားဖြစ်တဲ့ သဘာဝရှိပေမယ့်
ဘာဘဲပြောပြော လူ့ဘ၀ကြီးမှာ ကျွန်တော်တို့မသိနိုင်တာတွေကအများကြီးရှိနေတာတော့ အသေအခြာပါဘဲ..၊
တစ်ခုသတိရလာတာကတော့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါ၊ လူတိုင်းသိကြတဲ့ “ဟိုတယ်ကယ်လီဖိုးနီးယား” ၊ အဲ့ဒီသီချင်း ရဲ့အဓိပ္ပါယ်ကို ငရဲ နဲ့နတ်ပြည်အကြောင်း…၊ မူယစ်ဆေးဝါး ရဲ့ လွမ်းမိုးမှု့ အကြောင်း..စသည်ဖြင့်..၊အမျိုးစုံခံစားအဖြေထုတ်ကြပါလိမ့်မယ်၊ ဒါမှမဟုတ် မှုးယစ်ရီဝေနေတဲ့ သူတစ်ယောက် လျှောက်သွားရင်း ညတစ်ည ဆေးအပျယ်မှာ သရဲခြောက်ခံရတဲ့အကြောင်းဆိုရင်ကော..၊ သီချင်းစပ်တဲ့ သူပဲသိပါလိမ့်မယ်..၊
You can checkout any time you like, but you can never leave!
နောက်ဆုံးစာသားလေးအရတော့.. ကြိုက်တဲ့အချိန်မှာ ထွက်သွားလို့ရပါတယ်.. ဒါပေမယ့်သံသရာထဲကတော့လွတ်မှာမဟုတ်ဘူးလို့ဘဲ အဓိပ္ပါယ်ဖွင့် လိုက်ရင်းနိဂုံးချုပ်လိုက်ပါတယ်..၊


ခြောက်လှန့်ခံရခြင်းမှ ကင်းဝေးကြပါစေ..

၂၀၀၉ သရဲများနေ့အမှတ်တရ..


ကိုးကား
http://www.hauntednc.com/investigation_carolinainn.htm
http://www.dailytarheel.com/content/lecture-brings-attendees-ghoulish-delight
http://www.dailytarheel.com/content/exploring-supernatural
http://www.dailytarheel.com/content/what-do-if-zombies-attack
http://www.dailytarheel.com/content/chapel-hill-landmark-haunts-franklin-street


Sunday, November 1, 2009

ကထိန်ပွဲတော်နဲ့ သရဲများနေ့



ဒီနေ့ မနက်မှာတော့ ကျွန်တော်တို့နော့ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြို့က ဘုန်းတော်ကြီးကျောင်းမှာ ဘုံကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပခဲ့ပြီး၊ ချက်ပါဟေးကာဘိုရို ဘုန်းတော်ကြီးကျောင်းမှာတော့ ကျောင်းအမြန်ပြုပြင်ပြီးစီးရန်အတွက် အားတက်သရောလုပ်အားပေးကြတာကိုတွေ့ရပါတယ်၊ ညပိုင်းမှာတော့ နာမည်ကြီး သရဲများနေ့ကို ချက်ပါဟေးမြို့လည်မှာ ကျင်းပတာကို ပါဝင်ဆင်နွဲခဲ့ပါတယ်၊

မနက်ပိုင်းဆိုပေမယ်ကျွန်တော်ရောက်တော့ ၁၁ နာရီကျော်နေပါပြီ၊ လှူတန်းစရာရှိတာလှူပြီးတာနဲ့ တစ်ပြိုင်နက် အကျွေးအမွေးဘက်ကို ချီတက်အားပေးပါတယ်၊ ခဏနေတော့ ကထိန်လှည့်ပါတယ်၊ ဒိုးပတ်ဝိုင်းနဲ့ အတော်ကို မြိုင်ဆိုင်လှပါတယ်၊ ပြီးတော့ဆရာတော်များ ရဲ့တရားနာပါတယ်၊ အားလုံးလည်းပြီးရော ပြန်ဖို့ပြင်ဆင်တော့ ချက်ပါဟေးကာဘိုရိုဘက်ကလာတဲ့သူတွေ ကလုပ်စရာရှိတာ တွေကျန်သေးလို့ မပြန်ကြသေးဘူးဆိုတာနဲ့၊ ချက်ပါဟေး ကာဘိုရို ကျောင်းကဆရာတော်ကို ကျွန်တော့်ကား နဲ့ဘဲပြန်ပင့်လာခဲ့ပါတယ်၊ ဘုန်းတော်ကြီးဒီမှာ ရောက်နေတာ အတော်ကြာပြီဖြစ်ပေမယ့် အခုမှ ဘဲ ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရပါတော့တယ်၊ ဆရာတော်က ထားဝယ်ကဖြစ်ပြီး ရန်ကုန်ကန်တော်ကလေးမှာ ကျောင်းထိုင်ခဲ့တဲ့ စာချဆရာတော်ဖြစ်ပါတယ်၊ ဒီလိုနဲ့ ကျောင်းကိုရောက်တော့ ဟိုက်ပွိုင့်ကျောင်းကပြန်ရောက်လာတဲ့တစ်ချို့ လုပ်အားပေးနေတာတွေ့ရပါတယ်၊ တစ်ချို့လည်း မနက်ကထဲက အလုပ်တွေများနေကြတာပါ၊

ကျောင်းနောက်ဘက်တောစပ်က အိမ်အိုတစ်လုံးကို မနက်ကထဲက ဖြိုချပြီး ပြန်သုံးလို့ရမယ် အုပ် တွေထုတ်ယူနေပါတယ်၊ အဲ့ဒီမှာ လည်းအတော်ရှင်းရပါဦးမယ်၊ အိမ်ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ ကိုကျော်စိုးဝင်းကတော့ နေ့တိုင်းကို ဦးစီးပြီးလုပ်နေပါတယ်၊ ကားရောလူကော စက်ကရိယာတွေကော အကုန်ပါ ပါတယ်၊ တစ်အိမ်လုံးကလေးတွေပါမကျန်လာပြီး လုပ်အားပေးနေကြတာပါ၊ ကိုအောင်ကျော်မိုးတို့မိသားစု၊ မမြင့်တို့မိသားစု၊ ကိုမျိုးဝင်း တို့လည်းအလုပ်ရှုပ်နေကြပါတယ်၊










ပန်ရံလုပ်ငန်းကို အလွန်ကျွမ်းကျင်တဲ့ ကို မင်းဒင်တစ်ယောက်လည်း သူလုပ်ရမယ့် အတိုင်းအတာတွေနဲ့ တွက်ချက်ပြီး အင်္ဂတေ အဟောင်းတွေကို ခွာချနေပါတယ်၊ နောက်တော့ ခြုံတွေရှင်းကျ၊ အမှိုက်တွေကြုံးကျနဲ့ပေါ့ခင်ဗျာ..၊ နောက်ပြီး ခရစ်ယန်ဘာသာဝင် မဒေးမှု တို့မိသားစုကလည်း ကျောင်းအတွက်လိုအပ်တာတစ်ချို့ လှူဘို့ဆရာတော်ဆီလာရှောက်သွားပါတယ်၊





မနက်ဖြန်ကျရင်တော့ လူပိုစည်ပါမယ်၊ ကျွန်တော်လည်း မနက်ဖြန်တော့ စောစောသွားပါမယ် ဘာမှမလုပ်တက်လည်း အမှိုက်ကြုံး၊ အုပ်သယ်တော့ ရတာပေါ့ခင်ဗျာ၊ တစ်ကယ်လုပ်နေကြတဲ့ သူတွေလည်းအတော်ကို ပင်ပန်းမှာပါ အနည်းဆုံး သူတို့လိုအပ်တာလေးတွေဘေးက ကူပေးကိုင်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ၊ နောက်ပြီး မနက်ဖြန်တော့ကျောင်းနဲ့ ပတ်သတ်တဲ့လိုအပ်တဲ့ စာရင်းတွေသိရပါမယ်၊ အဲ့ဒီတော့မှ ဘာတွေလိုအပ်နေတယ်ဆိုတာနဲ့ ဘယ်တော့ ဆရာတော်ကျောင်းကို စပြောင်းလာမယ်ဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်၊

ညပိုင်းလည်းရောက်ရော Halloween ပွဲကို ချီတက်ဖို့သမီးကပူစာပါတယ်၊ ကားတွေကမြို့ထဲကို ၀င်လို့မရတော့ပါဘူး၊ ဒီတော့ ကားကို အနီးဆုံး ကားပါကင်မှာရပ်ပြီး လမ်းရှောက်သွားရပါတယ် တစ်မိုင်ခွဲလောက်တော့ရှောက်ရပါတယ်၊ မြို့လည်က ဖရန်ကလင် လမ်းမ ကြီးဘေးမှာ လူတွေအများကြီးပါဘဲ..၊ လမ်းပိတ်လိုက်လို့ ကားတွေမရှိတော့ပေမယ့် သတ်မှတ်ချိန်ကိုစောင့်ရပါတယ် ၉နာရီလည်းထိုးရော လမ်းပေါ်ကိုလူတွေအော်ပြီး ၀င်လာကြတာ အတော်ကို ပျော်စရာပါဘဲခင်ဗျာ တစ်မိုင်ကျော်လောက်ရှိတဲ့ လမ်းမှာ သရဲတွေပြည့်သွားတော့တာပါဘဲ၊ ဓာတ်ပုံတွေရိုက်နေရင်ကံဆိုးစွာဘဲ ကင်မရာက ဘာနဲ့တိုက်မိလိုက်တယ်မသိဘူး ပျက်သွားပါတယ်၊ လူတွေကများလွန်းလို့ သမီးကြီးကို အတင်းဆွဲနေရတာလည်းပါတာပေါ့လေ၊ ဒါတောင်သမီးငယ်လေးနဲ့ သူ့အမေကအိမ်မှာနေခဲ့လို့၊





အဲ့ဒီဟောလိုဝင်းပွဲက တရားဝင်ကျင်းပတဲ့ပွဲတော့ မဟုတ်ဘူးတဲ့ခင်ဗျ၊ လူတွေညဘက် သရဲလိုဝတ်ပြီးထွက်ကျရင်းကနေပွဲလိုဖြစ်လာတာ..၊ ရိုးရာမပျက်ကျင်းပရင်းနဲ့ အခုတော့ တာဝန်ရှိသူတွေနဲ့ မြို့ခံတွေ ပွဲတော်အတွက်အညင်းပွားနေရပါတယ်၊ အရင်ကတော့ ဆိုင်ကယ်ပွဲတစ်ပွဲကိုလည်း မြို့တော်ကနေ လုံခြုံရေးအကျောင်းပြပြီး ပိတ်လိုက်လို့ ပွဲတစ်ပွဲပျောက်သွားခဲ့ဘူးပါတယ်၊ မြို့ခံတွေကတော့ ဒီသရဲပွဲကိုတော့ အပျောက်ခံမယ်မထင်ပါဘူး၊ ဒီပွဲတော်တွေက အစိုးရကတာဝန်ယူကျင်းပတာမဟုတ်ပါဘူး၊ လူတွေသူဘာသာသူ ကျင်းပရင်းဖြစ်လာတာပါတဲ့၊ လူတွေဘယ်လိုဝတ်စားဆင်ယင်ကြသလည်းဆိုတော့ သရဲလိုဝတ်ကြသလို၊ အတွင်းခံဘောင်းဘီလောက်ဘဲဝတ်ပြီးရှောက်သွားတဲ့ ကောင်လေးတွေကောင်မလေးတွေပါတယ်၊ ရှေးခေတ်ဝတ်စုံတွေပါတယ်၊ သွေးစုတ်ဖုတ်ကောင်တွေလည်းပါတယ်၊ လူတွေစိတ်ကူးတဲ့သလိုဝတ်ကြတာကို ထိုင်ကြည့်ရတာကတော့ အလွန်ကိုစိတ်ဝင်စားစရာကောင်းလှပါကြောင်းတင်ပြလိုက်ရပါတယ်၊





Sunday, October 25, 2009

အပိုင်းအစများ

ဘာမှ မရေးနိုင်သေးခင် ကျွန်တော် ကြည့်မိတဲ့ ဗွီဒီယိုလေးတွေပြန် မျှလိုက်တယ်၊ မကြည့်ရသေးရင်တော့ ကြည့်သင့်တယ်ထင်တယ်..၊ နဲနဲလည်း ၀င်လျှာရှည်ထားသေးတယ်.. သည်းခံပြီးသာ ကြည့်ပေတော့..

သဲနဲ့ ပန်းချီဆွဲတာ လေးတော့ အတော်ကြိုက်မိတယ်၊ ဘာကြောင့်များ ကျွန်တော်သူ့လို မဆွဲတတ်တာလဲမသိ၊ ကျွန်တော်လည်း ငယ်ငယ်ထဲက သဲနဲ့ ဆော့လာတာဘဲ.. စမ်းကြည့်ဦးမှ…




ဒီ ဆဲလ်ဖုန်းလေးတော့ ကြိုက်တယ်ဗျာ၊ ဖျား ရင် အပူချိန်ပါတိုင်းလို့ရတယ်တဲ့.. စမ်းကြည့်ပါလား..၊ အင်း…အတော်နောက်တဲ့သူတွေ၊



စွန့်စွန့်စားစား အလုပ်မျိုးမှ လုပ်ချင်ရင်တော့ ဒီအလုပ်နဲ့မှ အဆင်ပြေမယ်ထင်တယ်..



ကျွန်တော်တော့ ဒီလိုမင်္ဂလာဆောင်မျိုးကို ကြိုက်တယ်ဗျာ..၊ မိတ်ဆွေလည်းအဲဒီလိုဆောင်ပါလား.. အားကျစရာကြီး..၊ နောက်ဆုံး သတိုးသမီးထွက်လာတာလည်း မိတယ်..၊



ဆင်ခြေအပေးကောင်းပုံများ…အခန်းထဲမှာ တည့်တည့်ကြီးမိတာကို..



ပျော်ရွှင်ချမ်းမြေ့ကျပါစေ..

Friday, October 16, 2009

မအောင့်နိုင်လို့ပါ

ပြီးခဲ့တဲ့နှစ်လောက်က ငနဲတစ်ယောက်က မြန်မာပြည်အကြောင်းဓာတ်ပုံတစ်ချို့ကို သူ့ဓာတ်ပုံပြပွဲမှာထဲ့ပြတယ်၊ လမ်းဘေးက ခလေးငယ်တွေနဲ့ ညစ်ပတ်တဲ့ဆိုင်လေးတွေပုံပါတယ်၊ ဗီယက်နမ်တို့ ထိုင်းတို့ဓာတ်ပုံတွေလည်းဒီလိုဘဲ၊ လှပတဲ့ပုံတစ်ခုမှမပါဘူး၊ ဒီတော့ ဒီငနဲ ဒီလိုပြတာကို ကျွန်တော် တော်တော် စိတ်ဆိုးမိတယ်၊ ဒီတစ်ခါတော့ကျွန်တော့အလှည့်၊

ကဲပါ..လိုရင်းဘဲရေးတော့မယ်ဗျာ..၊ မြန်မာပြည်မှာ လမ်းဘေးမှာ ရူရူးပေါက်တာတွေ့ရင်မိတ်ဆွေဘယ်လိုမြင်သလဲခင်ဗျာ..၊ မကောင်းဘူး..ဘာဘူး..နိုင်ငံကြီးသားမပီသဘူး စသည်ဖြင့်ပြောမိမလားဘဲ..၊ ကိုယ်ကို တိုင်ကော မအောင့်နိုင်လို့ဆိုပြီးမဆော်မိဘူးလား..၊ စိတ်မဆိုးနဲ့နော်..အတင်းမမေးပါဘူး၊ တစ်ခါထဲပါ ဆိုလည်း ပြီးတာပါဘဲ၊

ဒီတော့ နိုင်ငံကြီးသားဆိုသူတွေကော လမ်းမှာမအောင့်နိုင်ရင်ဘယ်လိုလုပ်ကြမလဲဗျ..၊ အခုမှ သတိရလာပြန်ပြီ.. ငယ်ငယ်က မင်းကွန်းဘက် သွားလည်တုန်း လမ်းဘေးခြုံထဲမှာ ကုန်းကုန်းကွကွနဲ့ ဖြူဖြူဖွေးဖွေးအရာတစ်ခုရုပ်ကနဲတွေ့လိုက်တော့ ဟိုပစ်ဒီပစ်အလွန်ဝါသနာပါတဲ့ ကျွန်တော် ခဲ ရှာပြီးထုမယ်လုပ်မိသေးတယ်..၊ နောက်တော့မှ ကမ္ဘာလှည့်ခရီးသွားအဖြူမတစ် ယောက်ဖြစ်နေတာ သိလိုက်ရတယ်၊ တော်သေးလို့..၊ တောက်.. အဲဒီတုန်းက ကင်မရာတွေဘာတွေမရှိတာနာတယ်..၊

ဟေ့..ဒို့အမေရိကန်မှာတော့ ဒါမျိုးမလုပ်နဲ့ မရဘူး လာမပြောနဲ့..၊ ဒီတစ်ခါတော့ သားကောင်တစ်ကောင်မိပြီ..၊ ကင်မရာကလည်းအရန်သင့်ဆိုတော့ ကဲမင်းဘယ်ပြေးမလည်း..၊


မှတ်ထား.. အရပ်ထဲက ဓာတ်ပုံဆရာ၊ ဒီက "ပါပါရာဇီး" မဟုတ်တောင် "ပါပါနားနီး" တော့ရိုက်တတ်ပါတယ်၊ ကဲ..နောက်မှပုံတွေစုပြီ ပြပွဲလုပ်ရဦးမယ်၊ လာကြည့်ကြနော်..

ဒါနဲ့..အခု.. လျှပ်တစ်ပြတ် ဓာတ်ပုံကိုရူ့စားပြီးရင် မအောင့်နိုင်သူများကို ဘာများပြောမလည်းခင်ဗျာ..၊


ပျော်ရွှင်ကြပါစေ..

Sunday, September 13, 2009

အားလပ်ရက် တနေ့တာ


မနေ့ညက “ခီး” နဲ့ “လေး” (ဘော်ဒါလေးတွေ) က ငါးသွားဖမ်းဖို့ ပြောတော့ လိုက်မယ်ဆိုပြီး မလိုက်ဖြစ်လိုက်၊ ဒါပေမယ့် ဒီမနက် မှာ တစ်ခေါက်ထပ်သွားဖို့စီစဉ်ထားတဲ့ အတိုင်းသွားဖြစ်သည်၊ ကျွန်တော့်အတွက်တော့ နှစ်ပေါင်းများစွာကြာပြီးမှ ဒါပထမဆုံး အကြိမ်ပြန်ပြီး ငါးမျှားထွက်ဖြစ်တာဖြစ် သလို အမေရိကန်မှာ လည်းပထမဆုံးအကြိမ်ငါးမျှားခြင်းဘဲဖြစ်သည်၊



မသွားခင် မအေးတို့အိမ်မှာ ဈေးသွားဝယ်လိုက်သေးတယ်၊ ဗူးညွှန့်နှစ်စီး၊ မုန်ညင်းနှစ်စီး၊ မြင်းခွာရွက်နှစ်စီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး နဲ့မျှစ်တစ်ထုတ်ကို မှ ၁၁ ဒေါ်လာဘဲပေးရသည်၊ တစ်ထမ်းကြီးကိုရသည်၊ ဒါတောင်ချဉ်ပေါင် မဝယ်ခဲ့လို့၊ သူကလည်း မိတ်ဆွေတွေအတွက် အရင်းအတိုင်းလောက်ကို ရောင်းပေးတာဖြစ်မည်၊ နောက်ပြီးအမြဲတော့မရောင်းတစ်ပတ်တစ်ရက် သူသွားရင်းလာရင်းဒိုင်က သေတ္တာလိုက်ယူပြီးပြန်ရောင်းပေးတာ..၊

ငါးမျှားတာဆက်ရရင်..ဒီမှာက ငါးမျှားတံဝယ် လိုင်စင်တစ်နှစ်စာလုပ်ပြီးမှ ငါးမျှားရတာ၊ နောက်ပြီးဘယ်လောက်အရွယ် ဘယ်လိုငါးမျိုး ကို တစ်နေ့ဘယ်နှစ်ကောင်ဘဲ မျှားယူခွင့်ရှိတယ်ဆိုတာကနေရာအလိုက်သတ်မှတ်ချက်က ရှိသေးတယ်၊
အမေရိကန်မှာ အားအားယားယားလူအတော်များများက ငါးမျှားတာကို အပျော်သဘောမျိုး အားလပ်ချိန်မှာ လုပ် ကြတာများသည် ၊ ငါးမိပြန်တော့လည်း ပြန်လွှတ်လိုက်ပြန်ရော၊ သူတို့လိုခြင်တဲ့ ငါးမျိုးမဟုတ်လို့ ဒါမှမဟုတ် အကောင်ငယ်လို့ နောက်ပြီးငါးကို လုံးဝအိမ်ကိုမယူခြင်လို့၊ ဝါသနာသက်သက်အရမျှားတာ စတဲ့ အကြောင်းတွေတော့ ရှိမှာပေါ့လေ၊ ဒါတွေကတော့ သူတို့အပိုင်း ကျွန်တော်တို့ဒီနေ့သွားတာကတော့ ငါး ကို လိုခြင်လို၊ မိရင်တော့ အကုန်အိမ်သယ်ပြန်မလို့၊ ပြီးတော့ စားမလို့ (မစားလည်းမွေးလို့မှမရတာ)၊ ဒီတော့ တစ်ကျပ်သားအရွယ်မှ ချန်မယ့်ပုံမပေါ်၊ တကယ်တော့လည်း ကျွန်တော်တို့ဖမ်းနည်းက ငါးအသေးလေးတွေလည်းမိစရာမရှိ၊ ဘာလို့လည်းဆိုတော့ လှံချွန်လိုမျိုးနဲ့ ငါးကိုထိုးဖမ်းတာ၊ ဒီတော့ကျွန်တော်တို့ကငါးကို အစာနဲ့ သွေးဆောင်ဖျားယောင်းပြီး ဖမ်းတာမဟုတ်၊ သူတို့အတွက် လွတ်ဖို့လမ်းတွေ အများကြီးပေးထားသည်၊ ဒီတော့ ဒီလိုနည်းနဲ့ငါးဖမ်းတာ တရားပါတယ်ဗျာ..၊ ဟင်းဟင်း..လူလောကကြီးမှာ ဒီလိုဘဲ မဟုတ်တာလုပ် သူတပါးကိုဒုက္ခပေးပြီးမှ ကိုယ်ဘက်ကိုယက်ပြီး မိမိလုပ်တာ တရားကြောင်းအတင်း သက်သေပြကြတာ ဓမ္မတာဘဲကိုးဗျ..၊ ကျွန်တော်လည်း အမျိုးသမီးက အတန်တန်မလုပ်ပါနဲ့တားနေတဲ့ ကြားကလုပ်ပြီးမှ တရားကြောင်း ဆင်ခြေဆင်လက်တွေပေးရတာပေါ့ဗျာ..၊ လိပ်မျိုး.. လို့တော့မပြောနဲ့ဗျို့ ကျွန်တော့် ဘော်ဒါလေးတွေက လိပ်တွေ့ လည်းဆော်မှာဘဲတဲ့..၊ အလကား နောက်တာပါ..၊
ကဲဗျာ..ငယ်ငယ်ကလေးထဲက အကောင်ပလောင်ဖမ်းရတာအလွန်ဝါသနာပါခဲ့၊ နဲနဲကြီးလာတော့ မုဆိုးတစ်ပိုင်းလုပ်ခဲ့ပြီး တောမှာကြီးပြင်းခဲ့တဲ့ ကျွန်တော့အတွက်တော့ အကြိုက်တွေ့ခဲ့ပါတယ်၊ တခါတလေဘာသာရေးလည်းလုပ်ပါတယ်၊

မနက်ဆယ်နာရီမှာ ထွက်ကြမလို့စီစဉ်ထားပေမယ့် ဘော်ဒါ လေးတွေ အစားအသောက်စီစဉ်နေတာစောင့်ရင်းနဲ့နဲနဲနောက်ကြသွားပါတယ် ဒီမှာဘဲ သမီးကပါ လိုက်ခြင် တယ်ဆိုတာနဲ့ သူ့ပါခေါ်လာခဲ့လိုက်ပါတယ်၊ ကားနှစ်စီး နဲ့ထွက်ကြပါတယ်၊ ကလေးကနှစ်ယောက်ပါလာပါတယ်၊ နေရာကတော့ အနီးအနားက မြစ်ငယ်လေးတစ်ခု မှာပါ၊ ပျော် ပွဲစားထွက်သလိုမျိုးပေါ့..၊ ဘော်ဒါလေးတစ်ယောက်ရဲ့ အမေလည်းပါလာတော့ သမီးကို သူတိုနဲ့ထားခဲ့ပြီး ကျွန်တော်တို့လေးယောက် မြစ်ရဲ့ အထက်ဘက်ကိုတက်ခဲ့ကြပါတယ်၊ ညှပ်ဖိနပ်နဲ့ ကျွန်တော့်အတွက်အတော်အဆင်မပြေပါဘူး၊ ဖနပ်ချွတ်လမ်းရှောက်တော့လည်း ရေထဲက ကျောက်တုံးကျောက်ချွန်တွေထိုးလို့အတော်နာ ပါတယ်၊ နောက်ပြီးရေညှိတွေနဲ့ ချော်မလည်းအောင်အတော်ဂရုစိုက်ရတော့ နောက်ဆုံးမှာကျန်နေခဲ့ပါတယ်၊ သူတို့ကတော့ လူငယ်တွေဆိုတော့အတော်မြန်ပါတယ်၊ ရေအိုင်ရှိတဲ့နေရာရောက်တော့ ရေထဲဆင်းပြီးငါးရှာပါတယ်၊ ကျွန်တော်လည်းလိုက်ရှာပါတယ် ငါးတွေအများကြီးရှိပေမယ် အတော်မြန်လို့ ဖမ်းဖို့မလွယ်ပါဘူး၊ ဟိုနေရာရွေ့ ဒီနေရာရွေ့ နဲ့ ညနေသာ ရောက်လာတယ်ကျွန်တော်တစ်ကောင်မှမမိပါဘူး၊ အကုသိုလ်အကျိုးမပေးပုံများ..၊ ဘယ်ရမလဲမရရင်မပြန်ဘူးဆိုပြီးဖမ်းလိုက်တာ ငါးတစ်ကောင်ပြန်ခါနီးမှာ ရလိုက်တော့..ဟဲဟဲ ငါကွ ဆိုပြီးသဘောတွေကျလို့..တွတ်ပီ နီးနီးလောက်တော်လာပြီ..၊










ဒီလိုနဲ့ မြစ်ဘေးက ကျောက်တုံးတွေမှာ လျှောက်သွားတော့ ကျောက်တုန်းကြားမှာ မြွေတစ်ကောင်တွေ့ပါ သေးတယ်၊ တော်သေးလို့တက်မနင်းမိတယ်..၊














နောက်စခန်းချရာနေရာ ကိုပြန်လာတော့ သမီးတို့လည်း တုတ်ချောင်းလေးတွေမှာ ငါးမျှားချိပ်တပ်ပြီးမျှားတာ ငါးတစ်ကောင်နှစ်ကောင်ရပါ သေးတယ်၊


အိမ်ပြန်တော့.. အဝတ်အစားတွေရေစိုနေပြီး လဲ စရာ အပို မပါလာလို့ ကားထိုင်ခုံမှာ ပလက်စတစ်အိပ်ကို ဖြဲပြီး ခင်းထိုင်ခဲ့ရပါတယ်၊ အိမ်ရောက်လို့ရေချိုးတော့ အမလေးလေးစပ်လိုက်တာများ..ဒူးခေါင်းမှာလည်း ကွဲပြဲလို့.. ခြေကျင်းဝတ်မှာလည်း ဘာနဲ့ရှတယ်မသိ သွေးတွေထွက်နေတာ ခြောက်တောင်နေပြီ..၊ စပ်လိုက်တာများ..၊ ငါးတွေအိမ်မယူလာပါနဲ့ လို့ အမျိုးသမီးက မှာလိုက်ပေမယ့် (တစ်ကောင်မှရမယ်မထင်လို့ ရွဲ့ပြောလိုက်သလား၊ ဘာလားတော့မသိ) ယူလာခဲ့တဲ့အပြင် မြွေဓာတ်ပုံပါမြင်တော့ နောက်တစ်ခါသွားဖို့ ပါမစ် ရဖို့မသေခြာတော့..၊

အိမ်ပြန်ရောက်တော့ အမျိးသမီးကဘာလို့ဖုန်းမကိုင်တာလည်းစမေးတော့မှ အိပ်ထဲထိုးထဲ့ထားတဲ့ ဖုန်းနဲ့ပိုက်ဆံအိပ်သတိရပြီးပြန်ကြည့်တော့ ခေါ်ထားလိုက်တာ အများကြီးဘဲ..၊ အသိမိတ်ဆွေတွေကိုလည်းအဲ ဒီတော့မှပြန်ခေါ်ရတယ်၊

ကဲကဲဈေးဝယ်ထွက်ကြမယ်ဆိုပြီးဈေးဝယ်၊ အပြန်မှာ ဦးစိန်တို့အိမ်ကို ဝင်လည်တော့ လားလား.. ပွဲတော်နဲ့တိုးတော့တာဘဲ..၊ ဘာတွေလည်းတော့မခေါ်တတ် ထိုင်းအစားအစာတွေ ကောင်းကောင်းနဲ့တီးလိုက်တာ ည ၁၁ နာရီခွဲမှဘဲအိမ်ပြန်ရောက် တော့တယ်၊ ဒီကြားထဲဗျာ.. ဦးစိန်တို့အိမ်ကို အရင်ရောက်နှင့်တဲ့ ကို ကြည်တစ်ယောက်ပြန်မယ်ဆိုပြီး အိမ်ကအထွက်မှာ လမ်းဘေးဘဲရောက်သေးတယ် ရဲတွေအများကြီး သေနတ်တွေနဲ့ ချိန်ပြီးဝိုင်းဖမ်းလိုက်တယ်၊ ရဲတွေတော်ပုံပြောပါတယ်.. လူအင်အားအများကြီးနဲ့ သေနတ်တွေနဲ့ဝိုင်းချိန်ပြီး တော့ ကိုကြည်ကို လက်ထိပ်တခါထဲတန်းခပ်လိုက်တယ်၊ ပြီးတော့မှ လူမှားလို့တဲ့ ကောင်းရောဗျာ..၊ ကိုကြည်မှာ ဝမ်းနည်းရမှာလားဝမ်းသာရမှာလား ဖြစ်သွားတယ်၊ တောင်းပန်တော့လည်းကြေနပ်လိုက်ရတယ်ပေါ့..၊ အိုဘားမားသူငယ်ချင်း ပါမောက်္ခကြီးတောင်မှားဖမ်းခံရသေးတာဘဲ..၊ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတော့ UNC ကကျောင်းသားတစ်ယောက် ၉၁၁ ခေါ်လိုက်တာ အဲ့ဒီ ခေါ်လို့ရောက်လာတဲ့ ရဲတွေကဘဲ သေနတ်နဲ့ပစ်လို့သေသွားရှာတယ်၊ အဲဒီကိစ္စ စစ်တာဆေးတာတွေကတော့ဆက် လုပ်နေကြတုန်း..၊ တခါမှ ရဲနဲ့မပတ်သတ်ဘူးတဲ့ လူအေးကိုကြည်တစ်ယောက်အခုလို ရဲကလူမှားဖမ်းခံရတာ သေခြာပြန်စဉ်းစားကြည့်ရင် ကျွန်တော့်အပြစ်တောင်ပါတယ်၊ လေးဇီးကလပ် ရဲ့ ချက်ပါဟေးပွဲပုံတွေကြည့်ရင်းကနေ.. ကိုကြည့်ကင်မရာအသစ် လေး ကို ကြည့်ခြင်တယ်ဆိုလို့သူ့ခင်ဗျာ အားနာနာနဲ့ယူလာပြတာကို အပြန်မှာ ရဲကလက်ထဲမှာကိုင် လာတာသေနတ် မှတ်ပြီးအတင်းသေနတ်နဲ့ချိန်ဖမ်းလိုက်တာကိုးဗျ..၊ တကယ်တော့ ရဲတွေကသတင်းအရ အိမ်ကိုလာဝိုင်းတာဗျ..၊ နောက်တော့မှ အိမ်နံပတ်မှားလို့တဲ့၊ လမ်းဒေါင့်ဟိုဘက်အိမ်ကိုသတင်းပေးတာ လမ်းဒေါင့်ဒီဘက်က ဦးစိန်တို့အိမ်ကိုမှားဝိုင်းတာတဲ့၊ ဘယ်အချိန်ထဲကဝိုင်းနေတယ်တော့မသိ..၊ ကံကောင်းလို့ ကိုကြည်ရေ..ခင်ဗျားတော့ ယတြယာခြေပြီးသားဖြစ်သွားပြီ၊

သတ္တဝါအပေါင်းဘေးရန်ကင်းရှင်းကြပါစေ..လို့ဆုတောင်းရင်း စက်တင်ဘာလ ၁၂ ရက်နေ့မှတ်တမ်းကို တစ်ခန်းရပ်လိုက်ပါတယ်..၊

Sunday, August 23, 2009

လေးဇီးကလပ် နဲ့ ချက်ပါယ်ဟေး



လေးဇီး ကလပ်ရဲ့ အမေရိကန်နယ်လှည့် ဖျော်ဖြေပွဲ ကတော့ မကြာခင်မှာ စတင်တော့ မှာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာတော့ ချက်ပါယ်ဟေး မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်၊ အဆိုတော်တွေကတော့ ချစ်ကောင်း၊ ဇော်ပိုင်၊ R ဇာနည် နဲ့ သဇင် တို့ပါဝင်မှာပါ၊




ဈေးနှူန်းတွေကတော့ လူကြီး တစ်ယောက် ဒေါ်လာ ၅၀ နဲ့ ကျောင်းသား ဒေါ်လာ၃၀ လို့သိရပါတယ်၊ လက်မှတ်ဝယ်ချင်ရင်တော့ ကိုဇော်မိုးနိုင် (၂၆၀-၃၄၈-၀၀၅၈)၊ ကိုအောင်ကျော်မိုး (၉၁၉-၉၂၃-၇၅၆၉)၊ နှင့် ကိုသန်းဌေး (၉၁၉-၂၄၀-၈၆၈၇) တို့မှာ ဝယ်ယူနိုင်ပါတယ်၊
အခုပွဲကတော့ ပီနန်ဆရာတော်ဘုရားကြီးအား အမှုးထားပြီး မကြာခင်မှာ ဖွင့်တော့မယ့် ဓမ္မိကာရာမ ကျောင်းတိုက်အတွက်ရံပုံငွေပွဲ ဖြစ်ပါတယ်၊

နေရာကတော့ ယခင်က တစ်ခါမြန်မာ အဆိုတော်တွေလာရောက်ဖျော်ဖြေဖူးတဲ့ ချက်ပါယ်ဟေး အထက်တန်းကျောင်းမှာ ဖြစ်ပါတယ် အစီအစဉ် အပြည့်အစုံကတော့..
နေ့ရက် 2009 September 6, Sunday
အချိန် နေ့လည် (၂) နာရီမှ ည (၈)နာရီအထိ ဖြစ်ပြီး
နေရာကတော့ Chapel Hill High School Auditorium
1709 High School Road, Chapel Hill, NC 27516-9242

ဗွီဒီယို ကင်မရာများကိုတော့ ယူလာခွင့်မပြု့ပါဘူးတဲ့၊

ဒီပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြတဲ့ သူတွေထဲက ကိုအောင်ကျော်မိုးနဲ့တွေ့ တော့ သူကကျင်းပရတဲ့အကြောင်းကိုရှင်းပြပါတယ်၊ အဲ့ဒီ ပွဲကျင်းပရာခန်းမက လူ ၈၅၀ ဆန့်ပါတယ်တဲ့၊ အခုလည်းလက်မှတ်အတော်များများရောင်းချပြီးပြီလို့သိရပါတယ်၊ နီးစပ်ရာ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ တင်နဆီ၊ ကင်တက်ကီ နဲ့ ဗာဂျီးနီးယား တို့အပါအဝင် နော့လ်ကာရိုလိုင်းနားထဲက မြို့ကြီးတွေဖြစ်တဲ့ ရာလေ၊ ရှားလော့၊ ဂရင်းဘိုရို တို့ကမြန်မာ ပရိသတ်ကြီးလည်းလာရောက်အားပေးကြမယ်လို့သိရပါတယ်၊

ကျွန်တော်တို့ ဆီမှာ အခုလို ဘုန်းကြီးကျောင်းနောက်ထပ်တစ်ကျောင်းထပ်တိုးလာတာ ကတော့ အလွန်ကို အားတက်စရာကောင်းပါတယ်ခင်ဗျာ၊ ဒါကြောင့်မို့လို့ စတိတ်ရှိုးလည်း ကြည့်ရင်း ဘုန်းကြီးကျောင်းအတွက်လည်း လှူရင်း ကြိုက်နှစ်သက်တဲ့ အဆိုတော်များနဲ့ လေးဇီးကလပ်ကိုလည်း အားပေးရင်း ချက်ပါယ်ဟေးကို အလည်တစ်ခေါက်လာရောက်ပါလို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်၊

နောက်ပြီး ရပ်ဝေးကမိတ်ဆွေတွေ ဘုန်းတော်ကြီးကျောင်းအတွက် သတ်သတ်လှူချင် တယ်ဆိုရင်လည်း တာဝန်ရှိသူတွေဆီမှာ တခါထဲလှူဒါန်းနိုင်ပါတယ်တဲ့၊

မကြာခင်မှာ နောက်ထပ်လည်း မြန်မာအဆိုတော်တွေ လာရောက် ဖျော်ဖြေကြဦးမယ့် အစီအစဉ်တွေရှိသေးတယ်လို့သိရပါတယ်၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

Friday, August 21, 2009

မြန်မာအဆိုတော်တွေ ချက်ပါယ်ဟေး လာမယ်တဲ့

ချက်ပါယ်ဟေး ကာဘိုရို က မြန်မာမိသားစု တွေ ရဲ့ အစီအစဉ် တစ်ခုအနေနဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ မြန်မာအဆိုတော်တွေနဲ့ လေးဇီးကလပ် ချက်ပါယ်ဟေးမှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်၊
ကျွန်တော်အနေနဲ့ အပြည့်အစုံတော့ဘာမှ မသိပါဘူး ကြားတာကို ပြန်တင်ပြလိုက်တာပါ၊ အလွဲအမှားရှိရင်တော့ မတတ်နိုင်ဘူး၊

ကြားရတာကတော့ ချက်ပါယ်ဟေး ကာဘိုရိုမှာ မကြာခင်တည်ထောင်မယ့် ဘုန်းကြီးကျောင်းရံပုံငွေ အတွက်လည်းပါတယ်လို့သိရပါတယ်၊ ဘုန်းကြီးကျောင်းနေရာကတော့ ကာဘိုရို မြို့အဝင် ဟိုက်ဝေး ၅၄ ပေါ်မှာပါတဲ့၊
ဘုန်းကြီးကျောင်းဖွင့်ပွဲကတော့ ဝါကျွတ်မှလို့ကြားပါတယ်၊ သိပ်တော့မလိုတော့ပါဘူး၊
ပီနံဆရာတော်ကြီးလည်း ကြွလာမယ်လို့ကြားပါသေးတယ်၊ ဘာဘဲပြောပြော နော့ကာရိုလိုင်းနားမှာ မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပါတော့မယ်၊

နောက်တစ်ခုကတော့ ကျွန်တော်သိသလောက်ပြောရရင် ချက်ပါယ်ဟေး ကာဘိုရို တစ်ဝိုက်မှာ ဇင်ဗုဒ္ဒဘာသာ ဘုရားကျောင်းနဲ့ တရားစခန်း ၆ နေရာအထက်မှာရှိတယ် (၆ နေရာဘဲလိပ်စာသိလို့) ဟိုက်ဝေး ၈၆ လမ်းဟောင်း ဘေးက တရားစခန်းဆိုရင် ဝင်ဝင်ချင်းကို ဝင်္ကာဘာထဲရောက်သွားသလိုထင်ရအောင် လူတစ်ရပ်ကျော် သစ်ပင်တွေနဲ့ စက်ဝိုင်းလမ်းလိုလုပ်ထားတယ် (အထဲတော့မဝင်မိဘူး)၊ အမျိုးသမီးရဲ့ ဆရာဝန်က လည်းဗုဒ္ဒဘာသာဘဲ ဗျ၊ ဒီလိုဗျ အမျိုးသမီးကိုယ်ဝန်စရှိတော့ ဆိုရှယ်ဝါးကားတွေက ကျွန်တော့်ကို အပြင်ထွက်ခိုင်ပြီး သူ့ကို မေးတယ် ယောက်ျားကစိတ်ချမ်းသာအောင်ထားရဲ့လားတဲ့ ဒီတော့အမျိုးသမီးက တစ်ခါတစ်လေတော့ အော်တတ် တယ်လို့ ပြန်ဖြေလိုက်တယ်၊ ဇတ်လမ်းကအဲ့ဒီက စတာဖြစ်မယ် ကျွန်တော့ကို ဘာ ဘာသာကိုးကွယ်လဲမေးပြီး တော့ တရားထိုင်ရအောင်လို့ တရားစခန်းလိပ်စာတွေပေးတာဖြစ်မယ်၊ ခက်တယ် မိန်းမတွေများ တစ်သက်လုံးအလိုလိုက်လာခဲ့တာကို မေ့ပြီး တခါလောက် စာလေးဘာလေးဖတ်ပါလား (အင်္ဂလိပ်ဆောင်းပါး၊သတင်း) ပြောမိပါတယ်၊ ကြုံတာနဲ့ တခါမှ အရင်ကမတွေ့ဘူးတဲ့ ဆိုရှယ်ဝါးကားကို ရင်ဖွင့်ရတယ်လို့၊ သူက ထမင်းဟင်းအကြောင်းရေးတဲ့ ဘလောက်တွေကို တော့ သဲကြီးမဲကြီးဖတ်တယ်၊ တနေ့တော့ ချက်ကြွေးနိုးနဲ့ အားပေးလိုက်ရတာ အခုထိတခါမှ မချက်ကြွေးသေးဘူး၊ အခုတော့ သူကကလေးငယ်နဲ့ဆိုတော့ ကိုယ့်ဟာကိုဘဲ ဖတ်ပြီးစမ်းချက်နေရတယ်၊ ကဇွန်းရွက်တောင် အခုမှ ကောင်းကောင်းကျော်တတ်တာ..၊ ဆောင်းမဝင်ခင် ပေါ်တုန်း ကဇွန်းရွက်လေးစားရတာ တစ်စီးမှ တစ်ကျပ်ရယ် အဲလေ တစ်ဒေါ်လာရယ် ( ကာဘိုရိုမှာ မြန်မာ အချင်းချင်းဆို ဒေါ်လာကို ကျပ် လို့ဘဲခေါ်တယ်ဗျ၊ ကိုသိန်းကြီးတို့ အိမ်မှာ ဖိနပ်သွားဝယ်တုန်းကတောင် တစ်ရံဘယ်လောက်လဲမေးတော့ ကိုသိန်းက ရှော့ ပေးလိုက်မယ် သူများရောင်းတဲ့အတိုင်းဘဲ တစ်ရံ ၁၂ ကျပ်တဲ့)၊ တစ်ချို့လည်း ချဉ်ပေါင်ရွက်တွေ ပုံးလိုက်ဝယ်ပြီး ကျိုချက်ပြီး ရေခဲသေတ္တာထဲ ထဲ့ပြီးလှောင်တဲ့သူကလှောင်ကုန်ကြပြီ၊ ဒါတွေဝယ်ချင်ရင်တော့ ရာလေ (Raleigh) မြို့ (နော့ကာရိုလိုင်းနားပြည်နယ်ရဲ့ မြို့တော်) က လယ်သမားဈေးမှာ သာသွားဝယ်ကြပေတော့ဗျို့ (တခြားမှာလည်းရှိချင်ရှိမှာ မသိလို့)၊ ဖလော်ရီဒါမှာနေတုန်းက ချဉ်ပေါင်ရွက်ဘယ်မှာရမှန်းမသိတဲ့ဗမာတွေ ဘာအရွက်တွေမှန်းမသိဘူးကို ချက်ပြီး အချဉ်ရည်ထဲ့ပြီး ချဉ်ပေါင်ဟင်းအတုလုပ်စားတာတွေ့ဘူးတယ် (အမေရိကန်မှာ ၁၀နှစ်ကျော်နေပြီး “အ” ပါ့)၊ ကြုံတုန်းပြောလိုက်ဦးမယ် ချက်ပါဟေး ကာဘိုရို ကမြန်မာတွေက အတော်လည်တယ်နော်..၊လျင်လိုက်တာလည်းမပြောနဲ့၊ ဒီနေ့ဒီမှာ တွေ့ပြီးနောက်နေ့ အင်ဒီယားနားရောက်သွားတာ၊ မင်နီဆိုတား တို့ ကယ်လီဖိုးနီးယားတို့မပြောနဲ့၊ ဟာဝိုင်ယီတောင် လှစ် ဆိုသွားလယ်တဲ့လူတွေ၊
အမယ်..ဒေသစွဲတော့ ကြီးတယ်ဗျို့၊ အချင်းချင်း.. စကားပြောရင်တောင် မင်းတို့ရွာနဲ့ငါတို့ရွာ ဘောလုံးကန်မလား.. ဒါမျိုးလာတာ..၊ရွာလို့သာပြောတာ တကယ့်မြို့ကြီးတွေ (ချက်ပါယ်ဟေး၊ ကာဘိုရိုကလွဲလို့)၊

ကဲကဲ ကောလဟာလတွေကို ဒီမှာရပ်တော့မှ သူများအကြောင်းတွေရေးမိလို့ “အတုတ် “ ခံနေရအုံးမယ်၊ ရေးတော့တကယ်ရေးချင်တယ်ဗျာ..၊

တခုတော့ ထပ်ပြောလိုက်ရဦးမယ်.. အဆိုတော်တွေက ချစ်ကောင်း၊ ဇော်ပိုင်၊ အာဇာနီ၊ သဇင် (နောက်လူတွေတော့ မသိဘူး) တို့ပါမယ်လို့ကြားပါတယ်၊ လက်မှတ်ကတော့ တစ်ဆောင် ၅၀ကျပ် လို့သိရပါတယ်၊ နေရာကတော့ ချက်ပါဟေး အထက်တန်းကျောင်းမှာဆိုပါတယ်၊ လက်မှတ် ဘယ်မှာဝယ်ရမလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး၊ အဆိုတော်အဖွဲ့တွေကတော့ ဒီကပြီးရင် ဝါရှင်တန်ဆက်မယ်လို့လည်းကြားပါတယ်၊ ချက်ပါယ်ဟေးနဲ့ ဝါရှင်တန်နဲ့က နီးနီးလေးဆိုတော့ နီးစပ်ရာပြည်နယ်ကမြန်မာ တွေ ချက်ပါဟေးကိုဘဲအရင်လာ အားပေးမလားတော့မသိပါဘူး၊ ဒီမှာလာအားပေးရင်တော့ ကုသိုလ်တွေ အများကြီးပါတခါထဲရမှာနော်..၊
တည်းခိုဖို့လား မပူနဲ့ဗျို့..နောက်ဆိုအမေရိကန်မှာ မြန်မာတွေ ဘုန်းကြီးကျောင်းတွေမှာတည်းပြီး ပြည်နယ်အနှံ့ကို မြန်မာပြည်မှာ ဘုရားဖူးသွားသလို ကို သွားကြတော့မှာ၊ ကျွန်တော်တောင် နောက်နှစ် သွားမလားလို့ ဟဲဟဲ..၊ ကုန်ကျစရိတ်လည်းသက်သာ လှူလည်းလှူနိုင်တန်းနိုင်.. မပိုင်လားဗျာ..၊

ဘယ်ပုံ ဘယ်နည်းနဲ့ဘဲ ရောက်လာရောက်လာ မြန်မာတွေဟာ အချင်းချင်းသာ တခါတလေ မတဲ့တာ ချစ်စရာဓလေ့ကတော့ မပျောက်ဘူးဗျ..၊ ကြည့်လေ.. ကျွန်တော် မတင် ဆီက ဖုံးကဒ် အကြွေးဝယ်ထားတာ ကြာပေါ့..ဒီနေ့မှ သွားပေးဖြစ်တယ်၊ အမလေးလေး..သူ့ကိုများ ဖုံးကဒ်ရောင်းစားတယ်လို့သွားမထင်နဲ့ဗျို့ ခင် လို့ သူများဆီကယူပေးတာ၊ သူတို့ တလတလ ငွေဝင်ကြမ်းချက်များ (အသားတင်) တစ်သောင်းလောက်များရှိမလားမသိ..၊

ကဲကဲနောက်ဆုံးအနေနဲ့ အာချောင်လိုက်ဦးမယ်.. တိုင်းပြည်ချစ်တဲ့သူတွေထဲမှာ ကာဘိုရိုကမြန်မာတွေ ကထိပ်ဆုံးကပါမယ်ထင်တယ်၊ မတင်တို့များ..ဒီလောက်ပိုက်ဆံရှိတာလေ..အိမ်တွေဘာတွေမဝယ်ဘူး၊ သူက ပြောတယ်.. တနေ့ မြန်မာပြည်ပြန်ဖို့ ငါတို့က လက်ချိုးရည်နေတာတဲ့…

နားပါဦးမယ်၊

Friday, August 14, 2009

အရည်မရ အဖတ်မရ



“အမေရိကန်တွေ အပိုလို အာကာသယဉ် နဲ့ လကမ္ဘာကိုရောက်သွားတော့ သူတို့ပထမဆုံးတွေ့တာ ဘာလဲသိလား” ကိုသိန်းက ရုတ်တရက်မေးလာတော့ ကြောင်သွားသည်၊ ဘယ့်နဲ့ ဦးစိန်ဝင်လာ တာကိုမြင်တာနဲ့ ဆိုင်းမဆင့်ဗုံမဆင့် ကျွန်တော့ကိုမေးလိုက်သည်၊ အင်း..ဒီလူ ပညာတော့စမ်းပြီထင်တယ်၊

ဘာရမလဲ.. “ခင်ဗျားကတော့လုပ်ပြီ ဒီကိစ္စကို ဘယ်ကလေးမေး မေး သိတယ်” လို့ပြန်ပြောလိုက်သည် အမှန်တော့ ကျွန်တော် တို့ တစ်ယောက်မှ မသောက်ရသေး ကိုသိန်းထုတ်လာတဲ့ လက်ကျန်ပုလင်း ထဲမှာလည်း တစ်ခွက်စာလောက်သာရှိတော့သည်၊ ဦးစိန်ကလူကြီးဆိုတော့ သူ့ကိုဘဲ အရင် ပသ လိုက်ရသည်၊ ကိုသိန်းက ဟိုအိတ်ဆွဲ ဒီအိတ်ဆွဲလုပ်နေရင်း “သိရင်ဖြေလေဗျာ” တဲ့..
“အမေရိကန်တွေ လပေါ်မှာအရင်ဆုံးတွေ့တာ အင်း.. အဖိုးကြီးတစ်ယောက်နဲ့ ယုန်ဗျာ” ဒီတော့ ဦးစိန်က ပုလင်းကို ထောင်ကြည့်လိုက် ဟိုကြည့်လိုက်လုပ်ရင်း နေစမ်းပါဦး “ကိုမျိုးရ ယုန်ကဘယ်နှစ် ကောင်လည်း..” အထာသိနေတဲ့ ကိုသိန်းစကားဖြတ်ပြီး ခဏဗျာ ဆိုပြီးအပြင်ထွက်ဖို့လုပ် တော့ သူဘယ်သွားမယ်ဆိုတာသိသိကြီးနဲ့ ဘယ်သူမှ သူ့ကိုနေပါဦးမတား ၊ မြန်မြန်တောင် သွားစေချင်နေကြ သည်၊

ကိုသိန်းထွက်သွားတော့ ဦးစိန်ဘက်လှည့်ပြီး “ယုန်က တစ်ကောင်တော့မက လောက်ဘူးဗျ”၊ အဲဒီလိုနဲ့ ယုန်ကိစ္စဆွေးနွေးလိုက် ဟိုရောက်လိုက်ဒီရောက်လိုက် ပြောနေတုန်း ကိုသိန်းပြန်ရောက်လာသည်၊ ရောက်ရောက်ခြင်းဘဲ ပုလင်းကြီးကို စာပွဲပေါ်တင်လိုက်ပြီး အမြည်းတွေပါထုတ်ပြီး မိုက်ခရိုဝေ့ထဲထဲ့နေသည်၊ ဒီအချိန်မှာဘဲ ဦးစိန်က သူ့ပလပ်စတစ်ဘူးညစ်ထပ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး ပတ်ထားတဲ့ သားရေကွင်းကိုဖြည်ပြီးဖွင့်လိုက်သည်၊ ဟောဗျ အထဲမှာ အစုံပါလား၊ ကွမ်းရွက် ကွမ်းသီး ထုံး ဆေးအစုံပါတာကိုး၊ ဦးစိန်ကွမ်းယာနေတာကိုကြည့်ပြီး ကိုသိန်းက “ခင်ဗျားမသိ ရင်မှတ်ထား အမေရိကန်တွေလကမ္ဘာကိုရောက်တော့ အရင်ဆုံးတွေ့တာ ကွမ်းယာရောင်းတဲ့ ကုလားလေးဗျ အမေရိကန်တွေထက်အရင် လကမ္ဘာမှာကွမ်းယာတက်ရောင်းနေတာ ဟားဟားဟား..”၊ အော်..နောက်နေမှန်းတော့သိသား ကွမ်းယာပါမယ်မှန်းမသိလို့သာ၊ “ဒီလူကြီးလို ကွမ်းယာသမားတွေ ရိုက်စားလုပ်ခံနေရတာကြာပြီ”၊ ကွမ်းယာအမေရိကန်ရောက်တာ ဘယ်လောက်ကြာလဲပြောချင်တာများ ကြံကြံဖန်ဖန် အပိုလိုက ပါရသေးတယ်လို့၊ “ဟ..လုပ်စမ်းပါဦး ကိုသိန်းရ ဘယ်လိုလဲဆိုတာ”၊ “ဒီလိုဗျ ပြီးခဲ့တဲ့လက ကိုပါးဖောင်း ထိုင်းကပြန်လာတော့ ကွမ်းသီးတွေအများကြီးသယ်လာ တာ လေဆိပ်မှာ ဖမ်းခံရရော” “အရင်လဲသူ သယ်နေကြဘဲဟာ ဘယ်လိုဖြစ်တာလည်း” “သူကဒီတစ်ခေါက်အများကြီး သယ်လာတာကိုးဗျ အိပ်ကြီးနဲ့အပြည်”့၊ “မလုပ်နဲ့ကိုယ့်လူ အမေရိကားမှာ ကွမ်းသီးကို ကုလားတွေကချုပ်ထားတာ သူတို့ကတရားဝင်သွင်းတဲ့သူတွေ ဒီတော့ အမေရိကန်မှာ သူများကိုပေးအသွင်းမခံဘူး၊ ကွမ်းသီး ဝယ်ချင်ရင်သူတို့ဆီကဝယ်” “ဒါလိုလုပ်မှလဲ ဖြစ်မှာကိုး စီပွားရေးလုပ်စားတဲ့သူက အခွန်ဆောင်ထားရတာမနဲဘူး၊ အဲဒီလို အမေရိကားမှာ ကွမ်းယာဈေးကွက်တွင်ကျယ်လာတာ ဒီလိုလူကြီးတွေများလာလို့၊ ကြည့်လေဗျာ.. ကွမ်းသီးလေး သုံးလေးလုံးကို လေးငါးဒေါ်လာပေးနေရတာ”၊ “ဒီကြားထဲ အိန္ဒိယ ကုလားဆီကနေ ဗမာကုလားက တဆင့်ဝယ်ပြီး ကွမ်းညှပ်နဲ့ညှပ် ပြီးတော့ အိပ်ကလေးတွေနဲ့ထုတ်ပြီး ဒီလူကြီးတွေကိုတစ်ထုတ် ၁၂ ဒေါ်လာနဲ့ပြန်ရောင်း ဟန်ကျတယ်ဗျာ”၊ ဟုတ်တယ်ဗျ.. ကျွန်တော်တောင်ရောက်ရောက်ချင်း စူရှီးလိပ်တော့ စူရှီးပစ္စည်းတွေလာပို့တဲ့ ကုမ္မဏီက လူက သူ့ဗူးလေးထုတ်ပြီး ကွမ်းယာ ယာစားတော့ ဟိုက်..အမေရိကန်မှာလည်း ကွမ်းယာရတယ်ဟဆိုပြီး အံ့သြမိတယ်၊
ကျွန်တော်သူနဲ့ပေါင်းပြီးကွမ်းပြန်စားတတ်လာမှာ ဆိုးလို့မနည်းရပ်လိုက်ရတယ်၊ ကုလားဆိုင်တွေ ထိုင်းဆိုင်တွေမှာ လည်းကွမ်းယာပစ္စည်းတွေ ရတာကိုး၊

ဒီလိုနဲ့ပြောရင်းဆိုရင်း ကနေ ဦးစိန်ကြီးက ကွမ်းယာတွေတယာပြီးတစ်ယာဝါးနေတုန်း ကျွန်တော်လည်း ဆေးလိပ်သောက်ခြင်လာသည်၊ ဒါနဲ့ ဆေးလိပ်လိပ်တဲ့ စတီးဘူးလေးကိုထုတ်လိုက်ပြီး စီးကရက်တစ်လိပ်လိပ်လိုက်သည်၊ ဦးစိန်နဲ့ ကိုသိန်းအထူးအဆန်းကြည့်ရင်း “ဟ ခင်ဗျားက အမေရိကန်လာပြီးပွတ်ချွန်း လိပ်သောက်နေရတယ်လို့ဗျာ..”၊ “ဒီလိုဗျ..အရင်ကကျွန်တော် မာဘိုရိုသောက်တယ် တစ်ဘူး လေးဒေါ်လာခွဲ ပုံမှန် တစ်ဘူးကိုနှစ်ရက်သောက်တယ်၊ တစ်နေ့စပ်စုပြီး ဆေးလိပ် နဲ့ဆေးရွက်ကြီးပစ္စည်း ရောင်းတဲ့ဆိုင်မှာ ရှောက်ကြည့်တော့ ဒါတွေတွေ့ရောဗျို့၊ စီကရက်ကိုယ့်ဟာကိုလိပ်သောက်လို့ရတယ်ဆိုတော့ စမ်းကြည့်လိုက်တယ်၊ ဆေးတွေ လိုက်စမ်းကြည့်ရင်းနဲ့ ဒီဆေးကိုတော့ ကြိုက်သွားတယ် မာဘိုရိုအတိုင်းဘဲ..မိုက်မှမိုက်၊”
ဦးစိန်က သဘောကျပြီး “ခင်ဗျားလည်း ကျွန်တော့လို့ဘဲ အလုပ်ရှုပ်တာဘဲကိုး..”၊ “ဘယ်ရှုပ်ရမှာလည်း ဦးစိန်ရာ ဒီမှာကြည့်လေ ဒီဘူးလေးထဲမှာ အစီခံ၊ ဆေး နဲ့ စီးကရက်စက္ကူ အသင့်ဘဲ၊ ဟောဒီမှာ ကြည့်..” ဘူးလေးကိုဖွင့်ကာ ဆေးလိပ်လိပ်တဲ့နေရာလေးမှာ စက္ကူလေးထဲ့ အစီခံထဲ့ ပြီးတော့ မြောင်းလေးအတိုင်း ဗာဂျီးနီးယားဆေးထဲ့ပြီး ဘူးလေးကိုပိတ်ချလိုက်တော့ အပေါက်လေးထဲကနေ လိပ်ပြီးသားစီးကရက်လေးက ထွက်လာရော ..ကဲမပိုင်ဘူးလား..၊



ကိုသိန်းက အရောင်းအဝယ်သမားပီပီ မေးလာသည် “ဒါတွေကဘယ်လောက်ကုန်သလဲဗျ”၊ “အေးဗျာ စီးကရက်ဘူးဝယ်သောက်တာထက်စာရင်တော့သက်သာပါတယ်၊ ဆေးလိပ်လိပ်တဲ့ ဒီစတီးဘူးလေးက ၈.၅ ဒေါ်လာ၊ စီကရက်စက္ကူက အလိပ်တစ်ရာစာကို ၁ ဒေါ်လာ၊ အစီခံလေးတွေက နှစ်ရာ ကို ၂.၅ ဒေါ်လာပေးရတယ်၊ ဆေးကတော့ တစ်ထုတ်ကို ၇ ဒေါ်လာ အလိပ် ၅၀ လောက်တော့ရမယ်ထင်တယ်၊ တစ်ချို့ဆေးတွေကတော့ ဈေးကြီးတယ် အော်ဂဲနစ် ဆေးဆို အလိပ်သုံးဆယ်စာလောက်ကို ဘဲ ၈ဒေါ်လာပေးရတာ၊ ဒီတော့ ဒီလိုလိပ်သောက်တယ်ဆိုပြီး သက်သာတယ်တော့မထင်နဲ့ဗျို့”၊
“အင်း..ဘာဘဲ ပြောပြော ကျွန်တော်တို့ ကွမ်းယာကမှ အရည်ရောအဖတ်ရောရသေးတယ် ခင်ဗျားတို့ဆေးလိပ်က ပိုက်ဆံကို အရည်မရအဖတ်မရ မီးရှို့တာသတ်သတ်ဘဲ..ရောဂါလည်းရဦးမယ်..သတိထားဗျာ ကလေးတွေနားတော့မသောက်နဲ့..” “မသောက်ပါဘူးဗျ..အိမ်ပြင်ထွက်သောက်တာပါ၊ ဆောင်းရာသီများဆို ဆေးလိပ်သောက်ရတာနဲနဲ ချမ်းလို့တုန်နေတာကများများ မသက်သာဘူး”

ဒီလို တနေ့ ကိုသိန်းတို့အိမ်မှာ အရည်မရအဖတ်မရ ကိစ္စများကိုဆွေးနွေးဖြစ်ခဲ့ပါတယ်၊

ဆေးလိပ်သောက်တာလုံးဝမကောင်းပါဘူး၊ အားမပေးပါဘူး၊ ဒါပေမယ့်ကျွန်တော်ကတော့ ဖြတ်ဖို့မကြိုးစားသေးပါဘူး၊ အခုတစ်လော တစ်မျိုးထွင်ပြီး ကိုယ့်ဟာကိုစီးကရက်လိပ်သောက်နေပါတယ်၊ ပိုက်ဆံကို မီးသိပ်မရှို့ချင် လို့လည်းပါတယ် နောက်ပြီး လျော့သောက်နိုင်ဖို့လည်းကြိုးစားကြည့်တာပါ၊

ကဲ..ဆေးလိပ်သောက်ချင်လာရင် ဘူးကလေးကိုထုတ် အဲဒီအထဲက ဆေးတွေ၊ စက္ကူတွေထုတ်ပြီးလိပ်ရပါမယ်၊ ကဲ..ဘယ်လောက်အောက်သလဲ၊ ဒီတော့လူအများရှေ့မသောက်ဖြစ်တော့ပါဘူး၊ နောက်ပြီး ဆေးသမားနဲ့မှားမှာစိုးရသေးတယ်၊ ဆေးခြောက်ချတဲ့သူတွေကများမှများကိုဗျ၊ ဒီတော့ဆေးလိပ်လည်းသောက်ရတယ်၊ လျော့သောက်ပြီးသားလည်းဖြစ်တယ်၊ ပိုက်ဆံကိုလည်း အရင်ကလောက်မီးမရှို့ဖြစ်တော့ဘူးပေါ့၊ ကျမ်းမာရေးလား..အဟွတ်..အဟွတ်..အဟွတ် သိပ်မထူးပါဘူး၊
ကဲကဲ စီးကရက်ကြိုက်တတ်ရင်စမ်းပြီးလိပ်သောက်ကြည့် အဟွတ်..အဟွတ်..ပါလား..အဟွတ်..အဟမ်း..အဟွတ်ဟွတ်ဟွတ်..အဟွတ်..
ဆေးလိပ်နှင့်ကျမ်းမာရေး အဟွတ်ဟွတ်..သင်ကြိုက်ရာရွေး..အဟွတ်..အဟွတ်..

ဆောရီးဗျာ အရည်မရ အဖတ်မရ ဖတ်ပြီး မီးခိုးတွေမွှန်သွားရင်..

Friday, June 12, 2009

အသေးအမွှားစိတ်ပျက်စရာများ..

ဒီ အီးမေး ကိုအသိတစ်ယောက်ဆီကရလို့ကြိုက်လို့ပြန်ဖော်ပြလိုက်တာပါ၊
ဘုရားဆိုတဲ့နေရာမှာ ကိုယ်ယုံကြည်ကိုးကွယ်ရာအလိုက် ဘဲသဘောထားလိုက်ပေါ့ဗျာ၊
တခါတလေ အသေးအမွှားလေးတွေကြောင့်လည်း ကပ်ပြီးအန္တရယ်ကလွတ်သွားတတ်တယ် မဟုတ်လား၊ ဘာဘဲပြောပြောတစ်ခုခုစိတ်ပျက်စရာ ရှိလာရင် ဖြစ်သင့်လို့ဖြစ်တယ်သဘောထားလိုက်ပေါ့..


The ' L I T T L E ' Things~

As you might remember, the head of a company survived
9/11 because his son started kindergarten.

Another fellow was alive because it was
His turn to bring donuts.


One woman was late because her
Alarm clock didn't go off in time.

One was late because of being stuck on the NJ Turnpike
Because of an auto accident.


One of them
Missed his bus.

One spilled food on her clothes and had to take
Time to change.

One's
Car wouldn't start.


One couldn't
Get a taxi.

The one that struck me was the man
Who put on a new pair of shoes that morning,
Took the various means to get to work
But before he got there, he developed
a blister on his foot.

He stopped at a drugstore to buy a Band-Aid.
That is why he is alive today..



Now when I am
Stuck in traffic ,
Miss an elevator,
Turn back to answer a ringing telephone ...
All the little things that annoy me.
I think to myself,
This is exactly where
God wants me to be
At this very moment...

Next time your morning seems to be
Going wrong ,


Coffee spills on you on your way to work
You can't seem to find the car keys,
You hit every traffic light,
Don't get mad or frustrated;
It May be just that
God is at work watching over you.


May He continue to bless you
With all those annoying little things
And may you remember their possible purpose.

Pass this on to someone else, if you'd like.
There is NO LUCK attached.
If you delete this, it's okay:
God's Love Is Not Dependent On E-Mail!!

(that's the cool part)


Tuesday, June 9, 2009

လူသုံးယောက်နှင့်အရေးကြီးကိစ္စများ

တနေ့သ၌ နော့လ်ကာရိုလိုင်းနားပြည်နယ် မြို့ငယ်လေးတစ်ခုရှိ ထိုင်းစားသောက်ဆိုင်တစ်ခု၏ ထောင့်ကျကျစားပွဲ တစ်လုံးတွင်လူသုံးယောက်သည် လွန်စွာအရေးကြီးသော ကိစ္စရပ်များကို လျှို့ဝှက်စွာဆွေးနွေးနေကြလေသည်၊ သေခြာစွာကြည့်ရန်မလိုပါဘဲနှင့် ထိုသူတို့သည် တစ်ယောက်နှင့်တစ်ယောက်များစွာကွဲပြားခြားနားသောသူများဖြစ်ကြောင်းအလွယ်တစ်ကူသိနိုင်ပေသည်၊

တစ်ယောက်မှာ လွန်စွာအသားမဲပြီးအရပ်ရှည်လေ၏၊ လိမ်ကောက်ကောက်ဆံပင်များရှိပြီး စကားကိုတိုးညှင်းစွာပြောလေ့ရှိသည်၊ ထိုကြောင့်လည်းကျန်လူနှစ်ယောက်မှာ သူ့စကားကို အတင်းရှေ့တိုးပြီး အားစိုက်နားထောင်နေရသောကြောင့်သူ့ကို အဝေးမှကြည့်လျင် တပြည့်များကို လက်ချာပေးနေသောဆရာကြီးဟုထင်စရာရှိ၏၊ ကျွန်ုပ်မှာလည်းထိုသူ့ စတိုင်ကိုများစွာသဘောကျသောကြောင့် ယင်းနေ့မှစပြီးဆရာကြီးဟုအထင်ခံရစေရန် အလို့ငှာ စကား ကို လေလုံးမကွဲတိုးတိုးသာပြောတော့၏၊ ထိုသူမှာကား “ထရီနီဒက်အန်တိုဘားကိုး” နိုင်ငံသား မကြာခင်ဇီဝအဏုမြူဗေဒနှင့်ဇီဝတန်ပြန်ခုခံမှုဆိုင်ရာဘာသာရပ်ဖြင့် PhD ပြီးတော့မည့်သူဖြစ်ပြီး၊ PhD ရပြီးနောက် လက်ရှိစီးပွားရေးအခြေအနေအရ အနာဂတ်ကိုပူပန်နေရသူလည်းဖြစ်၏၊ ထိုသူ့အမည်မှာ “ကိုနီ”ဖြစ်တော့သည်၊ ကိုနီနှင့် ကျွန်ုပ်အားမိတ်ဆက်ပေးခဲ့သူမှာ တချိန်က မန်ချက်စတာယူနိုက်တက်အသင်းရှေ့တန်းတွင် ဘော်လုံးကစားခဲ့သော ထရီနီဒက်အန်တိုဘားကိုး နိုင်ငံသား“ဒွိုက်ယောက်”ဆိုသူဖြစ်၏၊(!)

နောက်တစ်ဦးမှာကား အမေရိကန်နိုင်ငံကို ထူထောင်ခဲ့သောလူမျိုးတစ်မျိုးဖြစ်သော အင်္ဂလိပ်လူမျိုး၊ ကြွက်များကို စားတာလည်းမဟုတ်ဘဲနှင့် သတ်ပစ်တတ်သော ဆေး သုတေသနပညာရှင် တစ်ဦးဖြစ်ပြီး မျိုးရိုးစဉ်ဆက် နော့လ်ကာရိုလိုင်းနားဒေသတွင်နေထိုင် လာခဲ့သူဖြစ်လေသည်၊ သူသည်မကြာခဏ ဆဲလ်ဖုန်းတစ်လုံးကို မျောက်အုံးသီးရသလို ခလုပ်များကိုလျှောက်နှိပ်ပြီးအလုပ်ရှုပ်နေတတ် သူလည်းဖြစ်၏၊ သူကား “ကိုလိပ်” ပေတည်း၊

နောက်တစ်ဦးမှာကား အင်မတန်ထူးခြားခန့်ညားသော ဥပဒိရှိပြီး ချဉ်ပေါင်ဟင်းနှင့်ငပိကျော်ကို လွန်စွာကြိုက်နှစ်သက်သော အရှေ့တိုင်းလူမျိုးတစ်ဦးဖြစ်၏၊ ကိုရင်နှင့်ဘဇဉ်းတက်စဉ်ကဘွဲ့များအပါအဝင်ဘွဲ့များစွာရရှိခဲ့သူတစ်ဦးလည်းဖြစ်လေသည်၊
သူသည်ထူးခြားဆန်းကြယ်သော ပညာရပ်များကို ကမ္ဘာတစ်ဘက်ခြမ်းဟိမဝန္တာတောင်ခြေမှ တိုင်းပြည်တစ်ခုတွင်သင်ယူခဲ့သူလည်းဖြစ်၏၊ သူ၏ပျောက်စေ ပညာရပ်မှာထူးခြားအစွမ်းထက်လှသဖြင့် သူ့အားမည်သူမျှဘာပစ္စည်းမှမငှားရဲကြခြေ၊ ထိုသူမှာကား ယခုစာကိုရေးနေသော အမေရိကန်နိုင်ငံတွင် တောက်တိုမယ်ရ အလုပ်များဖြင့် (လုပ်ဘူးတယ်ရှိအောင်) အသက်မွေးနေသော ကျွန်ုပ် “ကိုမျိုး”ဖြစ်တော့သည်၊

ကျွန်ူပ်တို့သည် လွန်စွာစိုးရိမ်ပူပန်ပုံ ဖြင့် စွမ်းအင်နှင့် ကမ္ဘာကြီး ၏ရှေ့ရေးအကြောင်း ဆွေးနွေးပြီးသကာလ၊ “ပရိုက်ဗေစီ”အကြောင်းသို့ရောက်သွားလေ၏၊ ကိုလိပ်က သူ့မိသားစုမှာ ဆင်းရဲရိုးသားသောတောသူတောင်သားအမေရိကန်များဖြစ်ပြီး ငယ်စဉ်က သူ့ကိုယ်ပိုင်အခန်းတစ်ခုလိုခြင်သောကြောင့် ဖြစ်သလို ကဒ်ထူစက္ကူများဖြင့် အခန်းလေးတစ်ခုဖွဲ့ကာ ကိုယ်ပိုင်အခန်းလုပ်နေခဲ့ရဘူးကြောင်းပြောလေသည်၊ ထိုအခါကိုနီမှာလည်း မနေသာ သူကမှပိုပြီးဆင်းရဲသူဖြစ်ကြောင်း သူ့နိုင်ငံမှာလည်းဆင်းရဲကြောင်းပြောပြလေသည်၊ သူတို့မိသားစုမှာ အိပ်ခန်းတစ်ခန်းဘဲရှိလို့ အမေနဲ့အဖေက အဲဒီမှာအိပ်ပြီး ကျန်တဲ့မောင်နှမတွေကအပြင်မှာအိပ်ရကြောင်းပြောပြလေသည်၊ ထိုအပြင် သူတို့အိမ်မှာပျဉ်ထောင်အိမ်ဟောင်းလေးဖြစ်သောကြောင့် ညည (လေတိုက်လျင်) လှုပ်လှုပ်နေတတ်တာမှတ်မိကြောင်းပြောပြလေသည်၊ ကိုလိပ်မှာ အိမ်လှုပ်တဲ့ကိစ္စကိုများစွာစိတ်ဝင်တစားမေးလိုသော်လည်း ကျွန်ုပ်က သူဘာမေးတော့မည်ကိုကြိုသိနေသောကြောင့်စကားလမ်းကြောင်းလွှဲလိုက်၏၊ ကျွန်ုပ်မှာငယ်စဉ်က လွန်စွာကြီးမားသော အုပ်တိုက်အိမ်ရှည်ကြီးနှင့်နေခဲ့ရကြောင်း ကျွန်ုပ်အိပ်ခန်းမှာ ၁၀ပေ ပတ်လည်ခန့်ကျယ်ဝန်းကြောင်း ဘီရိုကြီးများမှာလည်းဝန်ကမ္ဘာလိုဖြစ်နေကြောင်းပြောသောအခါ ကျန်လူများသည် ကျွန်ုပ်အားလွန်စွာအားကျကာ ငေးမောနေကြလေ၏၊ သို့သော်လည်းပရိုက်ဗေစီထက် စည်းလုံးခြင်းကိုတန်ဖိုးထားသောကြောင့် မိသားစု (၇)ယောက်လုံးယင်းအခန်း တွင်အတူတူအိပ်ကြောင်းရှင်းပြလေလျင် ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကြလေတော့သည်၊

ယင်းနောက်ကျွန်ုပ်တို့စကားဝိုင်းသည် လဘ်ပေးလဘ်ယူ ကိစ္စကိုရောက်သွားပြန်၏၊ ဒီတခါတော့ ကျွန်ုပ်ကစတင်ကာ တို့တိုင်းပြည်တွင် လဘ်ပေးလဘ်ယူ ဆိုတာမရှိကြောင်း ချောဆီထဲ့ရသော ထူးခြားသည့်စနစ်တစ်ခုရှိကြောင်းပြောပြလေ၏၊ ချောဆီဖိုးမှာ တခါတလေလွန်စွာတန်ဖိုးကြီးကြောင်းလည်းပါ၏၊ သို့ရာတွင် လက်ဖက်ရည်တိုက်ရသော ချစ်စရာဓလေ့ကိုတော့မပြောတော့ပါ၊ ထိုအခါ ကိုနီက အားတက်သရောဖြင့် မင်းတို့ကတော်တော်အဆင့်မြင့်တာဘဲလို့ပြော ပြီးသူတို့စီမှာလည်းထိုဓလေ့ကို ထိမ်းသိမ်းထားကြောင်းပြောပြသည်၊ ထိုအခါ ကိုလိပ်က သူတို့စီမှာ ဒီကိစ္စလုံးဝမရှိလေဟန်ဖြင့် မင်းချောဆီထဲ့ဘူးလားဟုမေးလေ၏၊ ဟာထဲ့ဘူးတာပေါ့ ပြောသောအခါ စိတ်ပျက်သွားပုံရပြီး ဒို့ဆီမှာဒါမျိုးလုံးဝအားမပေးဘူးလို့ပြောလေသည်၊ ပြီးနောက် ကိုနီဘက်လှည့်ပြီုး မင်းကော လဘ် ပေးဘူးလားလို့မေးပြန်၏ ထိုအခါ ကိုနီ က သိသိကြီးနှင့်မပေးဘူးကြောင်းလိမ်လိုက်၏၊ လဘ်ပေးမှုကို အားပေးသလိုဖြစ်သွားသော ကျွန်ုပ်သည် ကိုလိပ်အား မင်းတို့လည်း လဘ်ပေးတယ်လို့သာမပြောတာ တရားရုံးမှာ ကိစ္စသေးသေးလေးကိုတောင်ရှေ့နေငှားရတာကကောကွာ ဒါသတ်သတ်စားပေါက်ထွင်တာဘဲမဟုတ်လားဆိုတော့မှ အေးဟုတ်သားဘဲ..ဒါပေမယ့်တရားဝင်တာပေါ့တဲ့၊ နောက်ပြီး ရုပ်ရှင်တစ်ခုထဲက (Syriana) ဇာတ်ဝင်ခန်းတစ်ခုမှာ “ကော်ရပ်ရှင်း” ကြောင့်စီးပွားရေးသမားတွေ လုပ်ရကိုင်ရတာဘယ်လိုအဆင်ပြေကြောင်းအားရပါးရပြောထားသေးတယ်လို့ဆို တော့ ကိုယ့်လူတိတ်သွားတယ်၊ နောက်ပြီး အလာစကာဂါဗာနာကြီးက တိုင်းပြည်ပိုက်ဆံတွေနဲ့ မိသားစုခရီးသွားတာမှာသုံးပစ်တာကကောကွာ၊ အားလုံးခဏ ငြိမ်သွားပြီး..
ကိုနီမှာ “ကွေ့တီယို” ကို ပါးစပ်ထဲသို့အတင်းထိုးထဲ့ပြီးဒီကိစ္စမှာ သူမပါသလိုလုပ်နေသည်၊ ကိုလိပ်လည်း “ဖတ်ထိုင်း” ကိုလှမ်းနှိုက်လိုက်သည်၊ ကျွန်ုပ်လည်းထိုအခါမှ ငါးကျော်တစ်ဖဲ့ကိုယူဝါးလိုက်၏၊ ပြီးနောက် ခေါင်းစဉ်ပြောင်းကြပြန်သည်၊

ဒီလိုနဲ့ နိုင်ငံတကာအထွေထွေဗဟုသုတကိုစတင်ဆွေးနွေးသောအခါ ကိုနီမှာလွန်စွာသနားစရာကောင်းသွား၏၊ သူဥရောပကိုတခါမှ မရောက်ဖူး၊ ဒီ ချက်ပါဟေးမြို့လေး မှာ ဘဲ ကျောင်းတက်နေတာ ဆယ်နှစ်ရှိနေပြီ၊ သူကလည်းစိတ်ပျက်လက်ပျက်နှင့် မကြာခင်တော့ ရောက်မှာပါလို့ပြောလေသည်၊
ကိုလိပ်မှာ ထိုအချက်တွင်နှိပ်ပြန်ပြီတခါလို့ဆိုရမည် သူကကမ္ဘာ့နိုင်ငံ အတော်များများကိုရောက်ဖူးသူဖြစ်ပြီး အမေရိကန်တခွင်တော့ ပြဲပြဲစင်လောက်အောင်ရှောက်သွားသူ၊ မနက်ဖြန်တွင်လည်း “ယူတာ” ပြည်နယ်က ကျောက်တောင်ကွေးကြီးများဒေသတွင်စခန်းချခရီးသွားမည်ဖြစ်ကြောင်းလည်းပြောပြလေ၏၊
ကိုနီမှာ လွန်စွာအားကျလျက်ရှိနေလေတော့သည်၊
ထိုစဉ်ခဏတွင် ကိုလိပ်က သူ့ဆဲဖုန်းထဲသို့ရောက်လာသော ၁၈နှစ်အောက်မကြည့်သင့်သော မိန်းမများကမ္ဘာကြီးကိုအုပ်ချုပ်ခဲ့လျင် ခေါင်းစဉ်ဖြင့် ဗွီဒီယိုအပိုင်းအစတခုကို ကျွန်ုပ်တို့နှစ်ယောက်အား ပြလေသည်၊ ကြည့်ပြီးသကာလ အားလုံးမိန်းမများ ကမ္ဘာကြီးကိုမအုပ်ချုပ်သင့်ကြောင်းသဘောတူညီမှုရယူလိုက်ကြသည်၊
ပြီးနောက်ကျွန်ုပ်ဘက်သို့လှည့်ကြည့်ကြလေ၏၊

ကျွန်ုပ်က နေရာဒေသအသစ်များသို့ ရောက်ရှိတိုင်း ပထဝီ မြေမျက်နှာပြင်သဘောထက် ထိုဒေသတွင်နေထိုင်သောသူများ၏ သမိုင်း၊ယဉ်ကျေးမှု၊ စိတ်နေသဘောထား နှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ဦးစားပေးလေ့လာကြောင်း၊ ပြီးနောက် မိမိအတွေ့အကြုံနှင့်ယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာလေ့ရှိကြောင်း ကိုအစပျိုးပြောလေတော့သည်၊
ထို့နောက် ဂျပန်လူမျိုးမှာ တမျိုးထဲရှိကြောင်း သို့ရာတွင် တောင်ပိုင်းကျွန်းနေဂျပန်လူမျိုးတစ်မျိုးမှာတော့စကားပြောပုံမှအစ အနည်းငယ်ကွဲပြားခြားနားသဖြင့် သူတို့က လူမျိုးကွဲတမျိုးလို့လည်းဆိုနိုင်ကြောင်းပြောပြသည်၊ နောက်ပြီးဂျပန်တို့ရဲ့စိတ်နေသဘောထားကိုရှင်းပြန်သည်၊ နိုင်ငံပြင်ပတွင်နေထိုင်သော ဂျပန်များမှာ တစ်ဦးနှင့်တစ်ဦးညှိနှိုင်းရအလွန်ခက်လေ့ရှိတတ်ကြောင်းလည်းပါ၏၊ ထို့နောက် ကိုရီးယားအကြောင်းတစ်စေ့တစ်စောင်းရောက်သွားပြန်သည်၊ ဒီလိုနဲ့ ဆက်လာလိုက်တာ မက်ဆိုပိုတေးမီးယား ဒေသသို့ရောက်ပြန်၏ ထိုဒေသမှာယခုအခါအီရတ်နိုင်ငံ ဖြစ်လာကြောင်းပြောပြသည်၊ ကျွန်ုပ်၏အဘေးဖြစ်သူမှာ ထိုစဉ်က စစ်ပွဲများတွင်အင်္ဂလိပ်ဘက်ကပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ဂရစ်နှင့်ယူဖရေးတီးမြစ်နှစ်သွယ်အကြောင်း၊ ပြီးနောက် ကာဒ် လူမျိုးများအကြောင်းဖြင့်အဆုံးသတ်လိုက်ပြီး ဥရောပသို့ဆက်လေသည်၊ ရှေးအခါက မြန်မာပညာတတ်လူငယ်များဟာ အီတလီ၊ပြင်သစ်နိုင်ငံများနှင့်ပညာဖလှယ်လေ့ရှိကြောင်းရှင်းပြန်၏၊ လူစွန့်စားတစ်ဦး၏မှတ်တမ်းတွင် ရှေးအခါက မြန်မာလူမျိုးစစ်ဗိုလ်တစ်ဦးအီတလီစစ်တပ်တွင်တွေ့ဘူးကြောင်း ဖော်ပြထားတာဖတ်ဖူးကြောင်းလည်းပါ၏၊ ပြီးနောက်အမေဇုံသစ်တောကြီးများအကြောင်းရောက်လေသည်၊ ဘရာဇီးနိုင်ငံ ရိုင်ရိုဒီဂျေနီးယိုး မြို့လည်းပါ၏၊ အာဂျင်တီးနား၊ ချီလီ၊ကိုလံဘီယာ၊ ဒေါက်တာချီလည်းမချန်ခဲ့ ပြီးနောက် ဗင်နီဇွဲလား အလှများတွင်ခေတ္တနားပြီး မိတ်ဆွေများစိတ်ဝင်စားမှုရှိမရှိအကဲခတ်လေ၏၊ ကိုနီမှာ မကောင်းတတ်လို့စိတ်ဝင်စားဟန်ပြပြီးနားထောင်နေပုံရပြီး ကိုလိပ်မှာပြန်ခြင်နေပုံရသည်၊ သို့သော်လည်း ကျွန်ုပ်သည် ဂွာတီမာလာနိုင်ငံ မှ မက္ကဆီကိုနိုင်ငံအထိသမိုင်းအကျဥ်းကိုပြောဖြစ်အောင်ပြောလိုက်ပြီး “မေယန်”ယဉ်ကျေးမှုနှင့်နိဂုံးချုပ်လိုက်လေလျင် ကိုလိပ်နှင့်ကိုနီမှာ ကမန်းကတမ်း နောက်ထပ် ကျွန်ုပ် စကားစရှာရသွားမည်ကိုစိုးရိမ်ပုံဖြင်အတင့်း ပြန်ရန်ပြင်လေတော့သည်၊

ထို့ကြောင့်လည်း ထိုဒေသများမှာ ကျွန်ုပ်ရောက်ဖူးသော ဒေသများမဟုတ်ဘဲ ကြားဘူးနားဝများသာ ဖြစ်ကြောင်းကို ယင်းတို့နှစ်ဦးအားရှင်းပြခွင့်မရလိုက်ပေ၊

မှတ်တမ်းကို ဒီမှာဘဲရပ်ပါရစေ၊၊

(!)ကိုနီနှင့်ကျွန်တော် ဒွိုက်ယောက်အကြောင်းစကား ဆက်စပ်ပြောမိကြတာကိုဆိုလိုပါသည်၊တကယ်မိတ်ဆက်ပေးတာမဟုတ်ပါ၊ အကယ်လို့ စာကိုဆုံးအောင်မဖတ်မိပါက ကိုနီနှင့်ကိုလိပ်လို ထင်ယောင်ထင်မှားဖြစ်နေပေလိမ့်မည်၊

Saturday, June 6, 2009

အကျင့်ပါနေလို့ပါ

ကျွန်တော်တို့ အလုပ်တခုခုလုပ်ရင်ဖြစ်ဖြစ်၊ စကားပြောရင်ဘဲ ဖြစ်ဖြစ်အကျင့်ပါပြီးပြင်လို့မရဖြစ်သွားတတ်တာတွေရှိတတ်ကြမှာပေါ့၊ သူ့ဟာသူလည်း နောက်တော့ပြောက်သွားတတ်ရော၊ တခါတလေကိုယ့်ကိုကိုယ် သတိမထားမိတတ်ပေမဲ့ အခြားလူတွေကမြင်နေရတယ၊်

ဒါမျိုးက စကားပြောတဲ့အခါမှာလည်းဖြစ်တတ်တယ်၊ တခါတော့ အသိအမကြီးတစ်ယောက်ကိုဆေးခန်းအဖော်လိုက်သွားခဲ့ဘူးတယ်၊
ဆေးခန်းထဲမှာ အတော်ကြာကြာစောင့်ပြီးတော့မှ ကိုယ့်အလှည့်ရောက်လာတယ်၊
ဆရာဝန်ကမေးတယ် သူ့ရဲ့လက်ကအနာ (ပျောက်သလောက်ဖြစ်နေပါပြီ)ကို ကိုင်ကြည့်ပြီးမေးတယ် “နာသလား”တဲ့၊ သူကပြန်ဖြေတယ် “အလစ်တဲဗစ်”၊ “ဒါဆိုဒီလိုညစ်ကြည့်ရင်ကော” “အလစ်တဲဗစ်”၊ “ကဲဒါဆိုနဲနဲ ဆွဲကြည်မယ်နာသလား” “အလစ်တဲဗစ်”၊
“ကောင်းပြီဒါဆို လှုပ်ကြည့်မယ်နာသေးသလား” “အလစ်တဲဗစ်”၊ ဆရာဝန်ကဘယ်လိုဒဏ်ရာရသွားသလဲဆိုတာကိုမမေးသေး၊ သူမမေးတော့ကိုယ်ကစပြောတယ်၊ “အလုပ်လုပ်ရင်တော့ အလစ်တဲဗစ်နာတယ်”၊ “အားစိုက်ရင်လည်း အလစ်တဲဗစ်နာတယ်”၊ ဒီတော့ဆရာဝန်ကမေးတယ် “ဘယ်လောက်ကြာသွားပြီလဲ” “အလစ်တဲဗစ်ကြာသွားပြီ”၊ “ခန့်မှန်းခြေဘယ်နှစ်ရက်လဲ” “အဲ..အလစ်တဲဗစ် လေး၊ ငါးရက်လောက်ရှိပြီ”၊ “ကြည့်ရတာတော့ဘာမှမဖြစ်တော့ပါဘူး ပျောက်သလောက်ရှိနေပြီဘဲ အလစ်တဲဗစ်လောက်စောင့်ကြည့်လိုက်ရင်ကောင်းသွားမှာပါ”၊ “အလစ်တဲဗစ်လောက် လေ့ကျင့်ခန်းလုပ်လိုက်ရင်ကောင်းသွားမယ်”၊ “ဒါနဲ့ ဆရာရယ် အလစ်တဲဗစ်လောက်ဓာတ်မှန်ရိုက်ဖို့မလိုဘူးလား” “မလိုပါဘူး အရိုးမှမထိတာဘဲ ပြီးတော့ ဓာတ်မှန်ရိုက်ရင်အလစ်တဲဗစ်မကဘူး ပိုက်ဆံကုန်သွားမယ်”၊ “ဒါပေမယ့်ဆရာရေ ဒီဟာက အအေးခန်းထဲမှာ ပစ္စည်းသွားယူရင် စဉ်နှစ်ခုကြားမှာလက်က အလစ်တဲဗစ် လောက်ညှပ်သွားတာ၊ မဟုတ်ရင်ပြတ်တယ်၊ နောက်ပြီး ကျမမှာကကူမယ့်သူကရှိတာမဟုတ်ဘူး ပြီးတော့ဒီရက်ပိုင်းကအလုပ်ကလည်းများ၊ မနားရတော့ပိုဆိုးတယ်၊ အိမ်မှာလည်းရှုပ်ပွနေပြီ” “အေးဗျာ အလစ်တဲဗစ်လောက်စောင့် ဟုတ်လား”၊
ပြောပြီးဆရာဝန် ပြန်ထွက် သွားတယ် ဆေးခန်းပိတ်ခါနီးထိပြန်မလာတော့၊ ပိတ်ခါနီးမှ နတ်စ်မတစ်ယောက်ရောက်လာပြီး “ဘာမှမဖြစ်ပါဘူး ကောင်းသွားမှာပါ၊ တစ်ရက်နှစ်ရက်လောက်စောင့်ကြည့်လို့မှမကောင်းရင်ပြန်လာခဲ့၊” “ဒီလိုရှိတယ် ဆရာမရေ အလစ်တဲဗစ်လောက်ပြောစရာရှိလို့၊” ဆရာမကမရှိတော့ လှည့်ထွက်သွားပြီ၊ အလစ်တဲဗစ်တောင်မစောင့်.. ဟုတ်ကဲကျွန်တော်တို့က အလစ်တဲဗစ်တွေအကျင့်ပါပြီးသိပ်များသွားတာကိုး၊

“ကဲ ဆရာသမား အလုပ်ကိစ္စတွေပြီးပြီလား” “အား..အိုဗာသဲရား ကပြန်လာရင်အပြီးသတ်လိုက်မယ်၊” “ဟာမဟုတ်တာဘဲ အနေ့ကသေခြာပြောထားတာဒီနေ့ပြီးရမယ်လို့၊” “အေး လေ အိုဗာသဲရားမှာပြောတာမှတ်မိတာပေါ့၊ အဲဒီတုန်းက အိုဗာသဲရားကိုသွားစရာရှိလို့ သေခြာမသိလိုက်ဘူး၊” “ကဲကဲ ထားတော့ ဟိုနေ့ကရောက်တဲ့ပစ္စည်းတွေရော..” “အိုဗာသဲရားမှာထားလိုက်တယ်၊” “လက်ခံစာရွက်တွေရော..” “အိုဗာသဲရားက အံဆွဲထဲမှာ၊” “အိုကေ..အိုကေ၊ ခဏနေရင်ရုံးမှာအစည်းဝေးရှိတယ် အားလုံးသွားရမယ် ကားဘယ်မှာရပ်ထားလဲ၊” “အား..ထုံးစံအတိုင်းအိုဗာသဲရားမှာဘဲပေါ့၊” ဒါနဲ့ဘယ်ရုံးကိုသွားရမှာလည်း အိုဗာသဲရားဘဲလား၊” “အင်း..စာရင်းလုပ်ထားတာတွေပြပါဦး၊” “အိုကေ..အိုဗာသဲရားကဖိုင်ထဲမှာယူလိုက်ဦးမယ်၊” “ကောင်ပြီ အိုဗာသဲရားက စားပွဲပေါ်တင်ထားလိုက်ပေတော့၊ အိုဗာသဲရားကိုသွားလိုက်ဦးမယ်၊”
ဒါကတော့ အိုဗာသဲရားရဲ့စတိုင်ပါ၊

“ဘိုင်သဝေး ကိုမျိုးရေ ခင်ဗျားပြောတဲ့ ဆိုင်ကဘယ်နားမှာလည်းဗျ၊” “လိပ်စာပေးလိုက်မယ်ဗျာ ကိုယ်ဟာကိုယ်သာရှာတော့၊” “အိုကေလေ ဘိုင်သဝေးဗျာ ခင်ဗျားဒီညနေမြို့ထဲရောက်ဦးမလား၊”
“မရောက်တော့ဘူးဗျ၊” “ဘိုင်သဝေးမို့မေးတာပါဗျာ၊” “ဘိုင်သဝေးသွားလိုက်ဦးမယ်၊”
ဘိုင်သဝေးစကားမစပ်သူငယ်ချင်းတစ်ယောက်ကိုသတိရလာလို့ပါ၊

ကဲခင်ဗျားမှာ ဆေးရုံကဒ်ပါသလားပြပါ၊ အမျိုးသမီးက “ရက်စ်စ်စ်..”နောက်ခြေထောက်ကိုမသိမသာမြှောက်ပြီး ရက်စ်ကို အသံရှည်ဆွဲပြီးဖြေလိုက်သည်၊ သေခြာကြည့်ရင်မသိမသာဘဲလေးကသလိုမျိုး၊ “အားလုံးကောင်းတယ် ဘယ်နေ့ဆေးခန်းကိုပြန်လာနိုင်မလဲ၊ ရှေ့အပတ်သောက်ကြာနေ့၂နာရီဖြစ်မလား၊” “ရက်စ်စ်စ်” ခြေထောက်တော့သိပ်မမြှောက်တော့ နေရာကျဉ်းလို့လည်းဖြစ်နိုင်သည်၊
ကျောင်းကဆရာမက ကလေးပညာရေးကတော့အတော်ကိုတိုးတက်လာတယ်၊ “ဟေး..ရက်စ်စ်စ်…၊” “ညနေပါတီကိုလာဦးမလား” “ရက်စ်စ်စ်..”်၊

“နေကောင်းပါသလားခင်ဗျာ..”၊ ခပ်ထွားထွားမိတ်ဆွေလူမဲက သူ့လက်နှစ်ဖက်ကိုအချင်းချင်းအုပ်ကိုင်ရင်း ဒူးလေးညွှတ် ခေါင်းလေးမသိမသာစောင်းပြီး ခပ်ပြုံးပြုံးလေးနှုတ်ဆက်လိုက်တယ်၊ “ဟာသိပ်ကောင်းတာပေါ့” ပြောပြီး အမျိုးသမီးထွက်သွားသည်၊ ဟောနောက်တစ်ယောက် “ဒီနေ့လုပ်ရကိုင်ရတာအဆင်ပြေပါသလားခင်ဗျာ” ဒူးလေးညွှတ်လိုက်ပြီးခေါင်းကိုစောင်း
လိုက်ပြန်သည်၊ ဟောခဏနေတော့ ဘော်ဒါတစ်ယောက်ရောက်လာတယ် “ဝှက်စပ်မန်း..” ဟောအချိုးကပြောင်းသွားပြီ ဒူးမညွှတ်တော့၊ ဒါနဲ့ နောက်အေးအေးဆေးဆေးတစ်နေ့မှာ ပြောဖြစ်ကြသည်၊ ဟေ့..မင်း ဘာလို့မိန်းကလေးတွေတွေ့ရင် အဲဒီလိုနှုတ်ဆက်ရတာလဲ တခြားဘယ် အမေရိကန်မှအဲလိုနှုတ်မဆက်ဘူး၊ ငါတို့ကျတော့ ဝှပ်စပ် နဲ့ဘဲပြီးတယ် လို့ပြောလိုက်တော့၊ မျက်နှာကြီးမဲပြီး ငါဒီလိုလုပ်လို့လားကွာတဲ့၊ ဒီမှာဘဲ နောက်ထပ်ဘော်ဒါတစ်ယောက်က အေး..ဟုတ်တယ်မင်းအမြဲတန်းဒီလိုဘဲဆိုပြီး ဝိုင်းထဲ့လိုက်ကြတော့ သူတော်တော်မကြေမနပ်ဖြစ်သွားဘူးတယ်၊ မင်းဟာမင်းတော့ဘယ်မြင်မလဲကွာလို့ပြောလိုက်တော့ငြင်းမရ ပြီးတော့ နှစ်ယောက်တစ်ယောက်၊ ကျွန်တော်ကလည်းအဲဒီလို အစသန်တာကိုး၊
ဒါပေမယ့်သူလည်းကျွန်တော့်ကိုပြန်ပြောတာရှိတယ်..၊

ကဲကဲ.. ဘိုင်သဝေး..အလစ်တဲဗစ်လောက်ကြာရင် အိုဗာသဲရားကို သွားရမှာမို့ ကျွန်တော့်ကို သူတို့တွေပြန်ပြောပြတဲ့ ကျွန်တော့်ရဲ့ အကျင့်တွေကိုတော့မပြောတော့ပါဘူး.. ရှက်စရာကြီး (ဒူးလေးညွှတ်လျက်)..၊

Wednesday, June 3, 2009

ဆေးရောင်စုံ မေတ္တာ များ

ဒီလကစပြီးတကယ်ကို အလုပ်များတော့မှာမို့ ရင်တော့ခုန်သား..၊ ကလေးက July 4 မှာမွေးမယ်ဆိုပေမယ့် ၂ပတ်လောက်လဲစောမွေးနိုင်တာဆိုတော့ အသင့်ပြင်နေရပြီ၊ အမျိုးသမီးကလည်း ဆွေမရှိမျိုးမရှိ အပေါင်းအသင်းနဲ့ဝေးရာ ဆိုတော့ သူငယ်ချင်းတွေကိုပြန်တမ်းတနေလေရဲ့၊ သူ့ဘော်ဒါအများစုကလည်း နိုင်ငံအနှံမှာရောက်နေကြတော့ ဂျီတော့ နဲ့ဘဲ စခန်းသွားနေရတော့တယ်၊ အမေရိကန်နေ သူ့ဘော်ဒါဟောင်းတွေကလည်း အများအားဖြင့် ကယ်လီဖိုးနီးယားဘက်မှာ

ဆိုတော့အဝေးကြီး ပါးစပ်နဲ့ လည်နေကြတာကတော့ ကြာပြီတခါမှလက်တွေ့သွားမလည်နိုင်ကြသေး၊ ရန်ကုန်မှာ ပထမဆုံးသမီးမွေးတော့ အနားမှာ ဆွေမျိုးတွေ သူငယ်ချင်းတွေနဲ့ အားရှိတယ်ဆိုဘဲ၊ အဲဒီတုန်းက ကျွန်တော်မှာ ခွင့် ၂ပတ်နဲ့ အပြေးပြန်လာခဲ့တာ ဒီနေ့ရန်ကုန်ရောက်မနက်ဖြန်ကလေးမွေးဖြစ်သွားလို့ကလေးနဲ့ အတူ၂ပတ်နီးပါးနေလိုက်ရတယ်၊ နောက်တစ်ခါရန်ကုန်ကိုပြန်ရောက်တော့ကလေးက ၅လရှိသွားပြီ၊ များသောအားဖြင့်လည်း တခါပြန်ရင် ၂ရက်၃ရက်ထက်ပိုမနေခဲ့ရ၊ နောက်ဆုံး သီရိလင်္ကာ နိုင်ငံကနေအလုပ်ထွက်ပြီးပြန်လာတော့ ကလေးကလမ်းရှောက်တတ်နေပြီ၊ ပြီးတော့အဖေကိုမမှတ်မိ၊ အကပ်မခံဖြစ်နေတယ်၊ အတော်လေးကြာမှ အဖေမှန်းသိတတ်လာတာ၊ သမီးတစ်နှစ်ခွဲကျော်ကျော်လောက်ရမှ မိဘများရှိရာ အညာကရွာကလေးကို ကလေးသွားပြနိုင်တော့တယ်၊ ရန်ကုန်တက္ကသိုလ်မှာဘွဲ့ယူစဉ်တုန်းက တယောက်ထဲ ကြောင်တောင်တောင်နဲ့ ဘွဲ့ဝတ်စုံကို အသာချွတ် ကြွပ်ကြွပ်အိပ်ထဲထဲ့ပြီး ကြောင်တောင်တောင်ဖြစ်နေတုန်း ကိုယ်လိုလူတယောက်နဲ့ တွေ့လို့တော်သေးတယ်၊ သူကတော့ ညီအစ်ကိုမောင်နှမမရှိ၊မိဘနှစ်ပါးလုံးမရှိတော့ သံယောဇဉ်မရှိ၊ နောက်တစ်ယောက်က အင်းစိန်က အရှည်ကြီး၊ သူကတော့ အပေါင်းအသင်းကိုအားလုံးထက်ပိုချစ်တဲ့သူ၊ သုံးယောက်သား တစ်ညနေလုံးသောက်လိုက်ကြတာ ဘာမှကိုမမှတ်မိတော့၊ အမျိုးသမီးကတော့ထင်မယ် ကျွန်တော်နဲ့ ကျွန်တော့်မိဘတွေမချစ်ကြဘူးလို့၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တစ်နှစ်နေလို့စာတစ်စောင်မရေးခဲ့သလိုသူတို့လည်းမရေး၊ တကယ်တော့ ဒါကကျွန်တော်တို့မိသားစုရဲ့စတိုင် တမျိုးမို့ပါ၊ ကျွန်တော့်အမေက ပျော့ညံ့တာ၊ ကိုယ့်ကိုကိုယ်သနားတာကိုသိပ်မုန်းတယ်၊ ဘွဲ့ယူတုန်းကမလာနိုင်တာကိုအဒေါ်တွေက ပြောမိတော့ အဲဒါဘာဖြစ်သလဲ သူများတွေလည်းဒီလိုအများကြီးဘဲ မင်းကဒါကို အားငယ်သလားလို့ ကျွန်တော့်ဘက်လှည့်မေးသေးတယ်၊ ကျွန်တော်လည်း ဒီလိုဆိုတော့စိတ်ကတင်းကနဲဖြစ်သွားပြီး၊ ကျွန်တော်ဘယ်တုန်းကဒီလိုပြောဘူးလဲ ကျွန်တော်ကသိပ်ခံစားချက်ရှိတဲ့ကောင်မဟုတ်မှန်း အမေသိပါတယ်လို့ပြောမိသေးတယ်၊ ဒါပေမယ့်ဗျာ.. တခါတော့အမေတော်တော်စိတ်မကောင်းဖြစ်သွားခဲ့ဘူးတယ်၊ ကျွန်တော်နှစ်စဉ်လို လပေါင်းများစွာအိမ်ကထွက်သွားပြီး ရွှေတူးကျောက်တူးသွားနေခဲ့ရာက တစ်နေ့အိမ်ကိုပြန်ရောက်တော့ အမေနဲ့ ကျွန်တော်စကားလက်ဆုံကြနေမိတယ်၊ အဲ့ဒီမှာ အမေလွတ်ကနဲတခုပြော လိုက်တာက ငါ့သားတောင်အတော်စိမ်းသွားပြီဘဲတဲ့ ရုပ်တစ်ရက်နားမလည်၊ နောက်မှ အမေပြောပြတယ် မင်း ဘယ်တုန်းကမှ စကားပြောရင်ကိုယ့်ကိုကိုယ် ကျွန်တော်လို့မပြောခဲ့ဘူး ကိုမျိုး ဒါမှမဟုတ် သား လို့ဘဲပြောခဲ့တာတဲ့၊ အေးဗျာ..မိဘနဲ့သားသမီးကြားကမေတ္တာဆိုတာ ကစာနဲ့ရေးပြလို့ရတာမှမဟုတ်တာဘဲ..၊ နောက်ပြီးတစ်ယောက်နဲ့တစ်ယောက်တူနိုင်မှာလည်းမဟုတ်၊ ဒါပေမယ့် မိဘစကားနားထောင်ရင်တော့ဒုက္ခတော့သိပ်မရောက်နိုင်ဘူးပေါ့ဗျာ၊ ကျွန်တော့်ဘဝမှာ ဒေသအတော်များများမှာကျင်လည်ခဲ့ ပျက်စီးခဲ့ဘူးပေမယ့် မိဘစကားကြောင့် ပြန်ပြန်အဖတ်ဆည်နိုင်ခဲ့တယ်၊ အမေက ပြောတယ် ငါ့သားကိုယုံတယ် မင်းဟာဘယ်တော့မှ မဟုတ်တာလုပ်မယ့်ကလေးမဟုတ်ဘူးတဲ့၊ ဒါကြောင့်မဟုတ်တာ (မကောင်းမှန်းသိလျက်နဲ့လုပ်ချင်နေတဲ့ဟာ)လုပ်ဘို့ကြံရင်ဘဲဖြစ်ဖြစ်၊ လုပ်မိပြီးရင်ဘဲဖြစ်ဖြစ်အမြဲပြန်ထိမ်းနိုင်နေခဲ့ သေးတယ်(လတ်တလောအချိန်ထိ)၊ တကယ်တမ်း ကျွန်တော့ကိုချစ်တာက အဖွားပါ၊ သူ့လက်ပေါ်မှာကြီးလာခဲ့တာကိုး၊ မှတ်မိသေးတယ်..တခါရန်ကုန်သွားခါနီး မန္တလေးဘူတာကြီးထဲမှာ သူကအင်းချထားတဲ့ကျပ်တန်လေးနှစ်ရွက်ပေးတယ်၊ ဒါလေးဆောင်ထား..ရင်ငွေမပြတ်ဘူးတဲ့၊ လမ်းလည်းကျရော ရေဝယ်ဖို့အကြွေမရှိတာနဲ့ အဲဒါနဲ့ဘဲရေဝယ်သောက်လိုက်တော့ အတူသွားတဲ့သူငယ်ချင်းက ဟာ..မင်းဘယ်လိုလုပ်တာလည်းတဲ့၊ သူ့ရှေ့မှာသူစိတ်ချမ်းသာအောင်ဂရုစိုက်လိုက်ရင်ပြီးတာဘဲကွာ၊ သူမှမသိတာကိစ္စမရှိပါဘူးလို့ပြောလိုက်တယ်၊ အတော်ဆိုးတဲ့ကောင် အဖွားကိုပြန်တိုင်တယ်၊ နောက်ဆုံးတော့ အဖွားကသူ့မြည်းစကားကိုဘဲယုံတာပေါ့..၊သူ့အလစ်မှာ ပိုက်ဆံတစ်ရွက်ကို ဘော်ပင်နဲ့ချစ်ပြီး အဖွားပေးတာဒီမှာလေ လိုပြလိုက်တယ်၊ အသက်၇၀ ကျော်မျက်စိမှုန်နေတဲ့အဖွားကရုပ်တစ်ရက် တော့ဘယ်သိလိမ့်မလည်း၊
အေးဗျာ ကလေးတစ်ယောက်ထပ်ရခါနီးမှ မိဘမေတ္တာကိုအမှတ်ရလိုက်တာပါ၊ ဖခင်မေတ္တာအကြောင်းတော့ထားလိုက်ဦးမယ်၊ ကျွန်တော်ဆယ်တန်းဖြေတာလည်းသူမသိခဲ့၊ အောင်တာလည်းမသိခဲ့၊ ရန်ကုန်တက္ကသိုလ်သွားခါနီးမှဘဲသိတော့တယ်၊ သူကတော့ထင်ခဲ့မှာဘဲ သားတစ်ကောင်တော့ ရွေတူးကျောက်တူး ဆေးချ ပြီး တောထဲကထွက်တော့မှာမဟုတ်လို့၊ အသုံးမကျတဲ့ကောင် ဘယ်တော့မှ တိုးတက်မဲ့ကောင်မဟုတ်လို့ပြောခဲ့တဲ့သား တစ်ယောက် အမေရိကားဘယ်မှာနေတယ်ဆိုတာရောသူ သိမှသိပါလေစ..၊

ကဲကဲ စကားဖြတ်ပြီး..
ရှိသမျှ သင်္ကြန်ဗွီဒီယိုအကုန်ကိုထပ်ပြီးတင်လိုက်ပါတယ်၊ ဒီတစ်ခါတော့တကယ်အကုန်ပါဘဲ..၊ အရင် ပို့မှာနောက်ဆုံး..ဗွီဒီယိုလို့ပြောခဲ့တာ ကျွန်တော်ညာတာပါ..၊ညာတတ်တာကိုဝန်ခံပါတယ်၊ ခင်ဗျားကော..ညာတတ်လား..မလိမ်ကြေး..