Wednesday, November 26, 2014

တစ်ခါက တစ်ဘ၀ များ…



တစ်ခါက တစ်ဘ၀ များ…

ည ၁၁နာရီကျော်လောက်မှာ ဗာဘူးနီးယားမြို့ (Vavuniya) ကိုရထားဆိုက်တော့ မှောင်မဲနေတဲ့ ရထားပေါ်မှာ အေးအေဆေးဆေး လူရှင်းတဲ့အထိ ထိုင်စောင့်နေပြီးမှ ဆင်းခဲ့ပါတယ်..၊ ရထားကလည်းဒိထက်ရှေ့ဆက်မသွားတော့ပါ..၊ စစ်ဒဏ်ကြောင့် ရှေ့မှာရထားလမ်းအပိုင်းအစတွေ နဲ့ဘူတာရုံအပျက်တွေဘဲရှိပါတော့မယ်.၊ဒီမြို့က နောက်ဆုံးအစိုးရထိမ်းချုပ်ထားတဲ့မြို့ဖြစ်ပြီး ဒီမြို့ကစပြီး မြောက်ဖက်ကို တမီးအီလန်း အယ်လ်တီတီအီးကျားသူပုန်တွေ ထိမ်းချုပ်ထားပါတယ်..၊အေကေ ၄၇ကိုင်ထားတဲ့ အစောင့်တွေက လူတွေနဲ့အိပ်တွေကို စစ်ဆေးပြီးမှ ဘူတာကထွက်စေပါတယ်..၊

Sunday, August 10, 2014

နယူးယောက်ခရီး - ၂၀၁၄




ဒီနှစ် နွေဦး ကျောင်းပိတ်ရက်မှာ နယူးယောက်မြို့ကို သွားလည်ခဲ့ပါတယ်..၊ ကျွန်တော်နေတဲ့ ရှားလော့မြို့ ကနေ နယူးယောက်ဟာ မိုင်၆၅၀ ခန့်ဝေး ပြီး ၁၀ နာရီကျော်ခရီးပါ၊
အမေရိကန် တောင်ပိုင်းသားတွေ အနေနဲ့တင်စား ပြောရရင်တော့ နယူးယောက်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပါဘဲ..၊  စကားပြောလေယူလေသိမ်း ကအစ ဓလေ့စရိုက်မတူပါဘူး၊
ဒီလိုနဲ့ မနက် ၃ နာရီလောက်ထပြီး လေဘာတီရုပ်တု ကုတို့ သင်္ဘော ၃နာရီခွဲ အမှီ မောင်းခဲ့ပါတယ်..၊ လမ်းမှာ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်ဘေးနီးယား၊နယူးဂျာစီ ပြည်နယ်တွေကို ဖြတ်မောင်းခဲ့ပါတယ်..၊ 

Tuesday, November 19, 2013

လေကြောင်းပြပွဲ နှင့် အမျိုးသမီး စတန့်သမား


Wing Walker Ashley Battles
ဒုတိယ ကမ္ဘာစစ် သရုပ်ပြလေကြောင်းတိုက် ပွဲတွေနဲ့ မွန်ရိုးမြို့လေး မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ လေကြောင်းပြပွဲကို သွားခဲ့ပါတယ်..၊ ပြပွဲ အမည်ကတော့ “Warbirds over Monroe” ဖြစ်ပါတယ်..၊

လေကြောင်းပြပွဲတွေဟာ ကမ္ဘာအနှံ့အပြားလူကြိုက်များပါတယ်..၊
တခါတလေ မတော်တဆဖြစ်တက်ကြပါတယ်..၊ တခါဆို တပတ် အတွင်းလေကြောင်းပြပွဲ သုံးနေရာ မှာ (အင်္ဂလန် တစ်နေရာနဲ့ အမေရိကန် နှစ်နေရာ) မတော်တဆမှုတွေဖြစ်ခဲ့ပြီး သုံးဦး အသက်ဆုံးခဲ့ဖူးပါတယ်..၊
အထူးသဖြင့် စွန့်စွန့်စားစား ပြရတဲ့ သရုပ်ပြကွက်တွေပါ၊ အဲ့ဒီ စတန့်သမားတွေထဲမှာ လေယဉ်တောင်ပံပေါ်မှာ လျှောက်သွားပြပြီး အပေါ်က စီးနှင်း သရုပ်ပြသူ Wing Walker  တွေကတော့ အသဲယားစရာပါ..၊
အဲ့ဒီနေ့ က Wing Walker အမျိုးသမီး စတန့်သမားကတော့ Ashley Battles ဖြစ်ပါတယ်၊ သူက ကမ္ဘာ့စံချိန်  ၄နာရီ ၂ မိနစ်နဲ့တင်ထားပါတယ်..၊
အင်တာနက် နှေးရင်တော့ ဖေ့ဘုတ်ဗွီဒီယို ဆိုဒ်အသေးကို ဒီမှာ ကြည့်နိုင်ပါတယ်..၊

Saturday, August 31, 2013

နော်လီဇာ နှင့် အဖွဲ့ နော့လ်ကာရိုလိုင်းနား ဖျော်ဖြေပွဲ Aug 24-25, 2013










တစ်ချိန်က ဒစ်စကို ဘုရင်မအဖြစ် ကျော်ကြားခဲ့တဲ့ နော်လီဇာ နှင့် အဖွဲ့ရဲ့  နော့လ်ကာရိုလိုင်းနား ခရီးစဉ် နှစ်ပွဲ မှာ ကျွန်တော်လိုက်ပါ ပြီး ဓာတ်ပုံ ဗွီဒီယို ရိုက်ဖြစ်ခဲ့ပါတယ်..၊

 

ယူတုကနေ ပြီ Full HD 1080P နဲ့ ကြည့်နိုင်ပါတယ်..၊


 
ကျွန်တော်သမီးငယ်လေး မွေးပြီးကထဲက အလုပ်လုပ်ရင်းကလေးထိန်းနေရလို့ စာရေးဖို့ကြိုးစားတိုင်း ပြီးအောင် မရေးဖြစ်ခဲ့ပါဘူး..၊ စာလည်းမဖတ်ဖြစ်တာကြာပါပြီ..၊ ကျွန်တော် လုပ်ချင်တဲ့ ဓာတ်ပုံဗွီဒီယို တွေကိုဘဲ တစိုက်မတ်မတ်လုပ်နေခဲ့ပါတယ်..၊ သိပ်မကြာခင်မှာတော့.. မှတ်တမ်း နဲ့ ရုပ်ရှင်အတိုလေးတွေ ထုတ်လုပ်နိုင်လိမ့်မယ်ထင်ပါတယ်..၊ နော့်လ်ကာရိုလိုင်းနားမှာ လုပ်ငန်းထောင်ထားပါတယ်..၊ ဇူလိုင်လ ၁ ရက်နေ့ကနေ တရားဝင်စပါတယ်..၊ စီးပွားရေးလုပ်ငန်း ဘယ်လိုတည်ထောင်ရသလည်း ဆိုပြီး စာရေးမလို့ပါဘဲ..၊ မရေးဖြစ်သေးပါဘူး..၊ ဒါပေမယ့် ကျွန်တော် ဖုန်းပြောတာက အစ အကုန်မှတ်တမ်းတင်ထားပါတယ်..၊ အကုန်လုံးကိုယ့်ဟာကိုယ်လုပ်ခဲ့တော့ ပိုသိရတာပေါ့ဗျာ..၊ အခွန် သင်တန်းတွေ လည်းတက်ရပါတယ်..၊ ၀က်ဆိုဒ် ကို ကောင်းကောင်းလုပ်ချင်ပေမယ့် အချိန်မတတ်နိုင်သေးလို့ အမြန်နည်းနဲ့ လုပ်ထားပါတယ်..၊ ဆက်လည်းအပြီးမသတ်နိုင်သေးပါဘူး..၊ ဒီမှာကြည့်နိုင်ပါတယ်..၊
တချိန်က ရွှေတွင်း ကျောက်တွင်းတူးသမား၊ တောင်ယာနဲ့ခြံစိုက်သမား၊ ဓာတ်ပုံဆရာ၊ နောက်တော့ ရန်ကုန် စီးပွားရေးတက္ကသိုလ်က ကျောင်းပြီး စာရင်းစစ်စာရင်းကိုင်ဖြစ်ခဲ့..၊ ယူအန် အလုပ်နဲ့ မြန်မာပြည်အနောက်ပိုင်း နဲ့ သီရိလင်္ကာ၊ အခုတော့ ယူအက်စ်မှာ ဓာတ်ပုံ ဗွီဒီယို သမား..၊ နောက်တော့ ဘာဖြစ်ဦးမလည်း မသိဘူး..
အခု အမေရိကန်မှာ ကျောင်းတွေပြန်ဖွင့်ပြီ.. သမီးငယ်လေးက ဒီနှစ် ၄နှစ် စက်တင်ဘာ ၄ ရက်မှာ
မူကြိုစတက်တော့မယ်၊
ဒီလောက်ပါဘဲ…
 
 

Sunday, May 12, 2013

တင်နစီ အလည်ခရီး..

မကြာခင် မတ်လ ၃၁ ဧပြီလ ၁ရက် ၂၀၁၃ က ကျွန်တော်တို့ မိသားစု တက်နက်စီ ပြည်နယ်ကို အလယ်သွားခဲ့ ကြပါတယ်..၊ Chittanooga မြို့က Lookout Mountain မှာရှိတဲ့ မြေအောက်ရေတံခွန် Ruby fall , Sweetwater မြို့နား က အမေရိကရဲ့ အကြီးဆုံး မြေအောက်ရေကန် The Lost Sea နဲ့ Great Smoky Mountain မှာရှိတဲ့ Gatlinburg မြို့ နဲ့ Pigeon Forge တို့ကို ၂ ညအိပ် သုံးရက်ခရီးသွားခဲ့ပါတယ်..၊ စာကိုတော့ အကျယ်မရေးတော့ပါဘူး..၊ ဗွီဒီယိုတင်ထားတာလေးတွေ တင်လိုက်ပါတယ်..၊ ကျွန်တော် စာမရေးဖြစ်တာ ၂ နှစ်လောက်ရှိပါပြီ..၊ ဘာဘဲဖြစ်ဖြစ်ကြိုးစားပြီး ပြန်ရေးမလားလို့ပါ..၊ ဘလောက် လည်းပြန်မကြည့်တာကြာလို့ တချို့ script တွေလည်း သေ ကုန်ပြီ..၊ ပြန်လုပ်ရပါဦးမယ်..၊ " ဆက်ဖက်ရန်" ကို လည်း ပြန်ပြင်ရဦးမယ်..အလုပ်မလုပ်တော့ဘူး..၊ အခုတော့ ဒီလောက်ဘဲ.. ကလေးထွက်ထိန်းလိုက်ဦးမယ်..၊

Monday, May 16, 2011

ဇာတ်ဆရာကျွန်တော် နဲ့ ၂၀၁၁ အာရှပွဲတော်..



ပြီးခဲ့တဲ့အပတ်က ရှားလော့ မြို့မှာကျင်းပတဲ့ ကာရိုလိုင်းနားအာရှပွဲတော်မှာ မြန်မာအကအဖွဲ့ပါဝင်ခဲ့ပြီး..ကျွန်တော့်အမျိုးသမီးနဲ့ သမီးဝင်ကကြတယ်ခင်ဗျ..၊ သူတို့ဝင်ကဖြစ်ပုံ ဇာတ်လမ်းအစုံကဒီလိုပါ..



ဘယ်လိုကဘယ်လို ဖြစ်တယ်မသိ..၊ တစ်နေ့တော့ ကျွန်တော့အမျိုးသမီးတစ်ယောက် သူ့သမီးကို အာရှပွဲတော်မှာဝင်က ခိုင်းမယ်ဆိုပြီး အဖော်လိုက်စပ်နေလေရဲ့..၊ အမကြီး မရှောက်တို့ မစုတို့လည်းမနေရ တော့..၊ ဒီလိုနဲ့ နစ်ကီ ကခေါင်းဆောင်ပြီး သမီးကြီးရယ်၊ မစုသမီးရယ် ကိုဝင်းသမီးရယ်ကကြမယ်ပေါ့..၊ ကိုဝင်းသမီးက ကတတ်တယ်ဆိုတော့ အိုကေပေါ့..၊ သူက နေကလေးတွေကို တဆင့် သင်ပေးမယ်ပေါ့..၊ နောက်တော့ကိုဝင်းသမီးလေးနေမကောင်းဖြစ်နေတာနဲ့ မပါနိုင်တော့..၊ ဒါနဲ့ နေပါအုံး..ဘယ်သူက ကတတ်လို့ တုန်း.. ကလေးတွေက မြန်မာအကတောင်မြင်ဘူးပုံမရ..၊ ဒီလိုနဲ့.. နောက်ဆုံးတော့ ကျွန်တော့်အမျိုးသမီးက သူက တတ်တယ် ထလုပ်ပါရော..ခက်ပြီး ဟုတ်မှလည်းလုပ်ပါဆိုတော့.. သူငယ်ငယ်က ကောင်းကောင်းကတတ်တယ်တဲ့..၊ ဒါဆို ငါ့မိန်းမက ဘယ်ဆိုးလို့တုန်း စမ်းချောင်းအထက ၂ မှာတက်တုန်းက ကျောင်းကပွဲတွေမှာပါတာလား ပေါ့..၊ ကျွန်တော်နဲ့က တက္ကသိုလ်မှာမှတွေ့တာကိုးဗျ..ဒီတော့ သူငယ်ငယ်ကအကြောင်းဘယ်သိပါ့မလဲ..၊ နောက်တော့… ဘယ်ဟုတ်လို့လဲဗျာ.. ရက်ကွက်ထဲက မူလတန်းကျောင်းမှာ တက်တုန်းက ကဘူးတာတဲ့..လေးတန်းထိကျောင်းကပွဲတိုင်းမှာပါခဲ့ဆိုဘဲ..၊ အင်း..လေးတန်းတုန်းက ကခဲ့ဘူးတဲ့ရောဂါ အသက်လေးဆယ်နားနီးမှ ပြန်ထရတယ်လို့..၊ ဒီလိုနဲ့ နေရင်းကနေ..ဘယ်မှာ အကတိုက်မှာတုန်းဆိုတော့..သိဘူးလေတဲ့..၊ အချိန်ကလည်းသိပ်မရှိ..တစ်လဘဲလိုတော့တာ..နောက်တော့..ဟိုလူ့အိမ်ဒီလူအိမ်လုပ်နေကြရင်းကနေ.. အမကြီးမရှောက် က မနေနိုင်တာနဲ့ သူ့အိမ်မှာတိုက်ဖို့ဖိတ်ခေါ်တာနဲ့ အဲဒီမှ စပြီးအကတိုက်ဖြစ်ကြပါတော့တယ်..၊ အားလုံးပေါင်းလေးကြိမ်တော့ အကတိုက်ဖြစ်လိုက်ကြတယ်.. မစုတို့အိမ်မှာတစ်ရက်..ဟ်ီရှိုစူးရှီး ပိုင်ရှင် ကိုဖိလစ်တို့အိမ်မှာတစ်ရက်ပါတယ်..၊


တစ်ခုအားရှိတာက ကျွန်တော်တို့မှာ အားကိုးလို့ရတဲ့အဆိုတော်ရှိတာဘဲ..၊ အဲ တစ်ခုစိတ်ပူရတာက အဲ့ဒီအဆိုတော် ဂျက်ဖရီ ကဖမ်းရခက်တာတခုဘဲ..သူကဒီနေ့ နယူးယောက်ဆို အနက်ဖြန် ဆန်ဖရမ် ရောက်ချင်ရောက်နေတတ်တာ..၊ ကဲကိုယ့်လူ တိုက်ပုံပုဆိုး ရယ်ဒီ လုပ် ဘယ်မှ ပျောက်မယ်စိတ်မကူးနဲ့..၊ အားလုံးပြီးသလောက်ရှိတော့ ဆိုရမယ်သီချင်းကို ရွေးတော့ နွေဦးကဗျာကိုရွေးဖြစ်သွားတယ်..၊



နောက်တစ်ခုကတော့ ကဖို့ဝတ်စုံကိစ္စဘဲဗျ.. မြန်မာပြည်က မှာ မှာလား..ဘာလားညာလာလုပ်နေရင်ကနေ..အမျိုးသမီးက သူချုပ်မယ်ဖြစ်ပြန်ရော..ဟုတ်မှလည်းလုပ်ပါကွာဆိုနေတုန်း အထည်ဆိုင်ကိုချီတက်ပြီး ဇာတွေဘာတွေဝယ်ကြပြန်ရောဗျို့..၊ဇာတွေကလည်းဈေးကြီးမှကြီး.၊ ဒီလိုနဲ့
သူတို့သားအမိအတွက်နဲ့ နီကီအတွက်ကိုသူ့ဟာသူချုပ်လိုက်တယ်..၊ သူတို့ကရန်ကုန်မှာ အမျိုးသမီးအလှဝတ်စုံချုပ်လာတာဆိုတော့ အင်္ကျီချုပ်တာ
ခရစ်စတယ် ဖန်သီးတွေဘာတွေဒီဇိုင်းထိုးတာကျွမ်းတယ်..၊ အမေရိကန်ရောက်တော့ ကွစ်တင်း (Quilting)ထိုးလိုက်သေးတယ်၊ အထည်ပြင်ဆိုင်မှာလည်းလုပ်ခဲ့သေးတယ်..၊ ဟဲဟဲ ကြုံတုန်းကျော်ငြာဝင်တာ..၊
မစုသမီးလေး မေကတော့ မြန်မာဝတ်စုံတွေအများကြီးရှိတော့မပူရ..၊

ဒီလိုနဲ့ ပွဲတော်ကျင်းပတဲ့နေ့လည်းရောက်ရော.. အစီအစဉ်တွေတစ်ခုပြီးတစ်ခုပြီးသွားလို့ ကိုယ့်အလှည့်နားရောက်သာလာတယ်..အဆိုတော် မောင်ဂျက်ဖရီက ပေါ်မလား..၊ဟဟ..လုပ်ကြပါဦး..ဆိုနေတုန်းမှာမှ…ကိုယ်တော်ကပေါက်ချလာတော့တယ်..
လမ်းမှာကားတွေကျပ်နေလို့ပါတဲ့.၊

ကတာတွေကိုတော့ ယူတုမှာသာရှု့စားတော်မှုကြပါခင်ဗျာ..၊



စာတွေက တစ်ဝက်တစ်ပျက်နဲ့ရေးပြီး အဆုံးမသတ်နိုင်လို့မတင်ဖြစ်ဘူးဖြစ်နေတယ်ဗျာ..နောက်အပတ်လောက်မှ ထပ်ရေးဦးမယ်..၊

ဘလောက်မှာ ဖတ်ရအဆင်ပြေမပြေနဲ့ ယူနီကုတ်ပြောင်းကြရင်လည်းလက်တို့ကြပါဦးဗျာ..၊

လေးစားစွာဖြင့်..
ဇာတ်ဆရာ ရန်မျိုး..(အမျိုးသမီးနဲ့ ကလေး ကနေမှတော့ ကျွန်တော်ကဇာတ်ဆရာပေါ့ဗျာ..ဟဲဟဲဟဲ…)၊


Tuesday, January 11, 2011

စနိုး မုန်တိုင်း


မနေ့က စနိုးတွေကျလိုက်တာ နော့ကာရိုလိုင်းနား ဆောက်ကာရိုလိုင်းနားတစ်ဝိုက်က ကျောင်းတွေ ရုံးတွေပိတ်လိုက်ကြတယ်..၊ ဒီနေ့လည်း စနိုးတွေက ရေခဲတွေဖြစ်သွားပြီး လမ်းတွေပေါ်မှာ အချပ်လိုက်ဖြစ်နေသေးလို့ ကျောင်းတွေဒီနေ့ဆက်ပိတ်လိုက်ပြန်တယ်..၊


တနင်္ဂနွေ ညနဲ့ တနင်္လာနေ့မနက်အစောပိုင်းကစပြီး စနိုးနဲ့ ရေခဲမုန်တိုင်းဖြတ်မယ်ဆိုပြီး သောကြ်ာနေ့လောက်ကထဲက ကြိုတင်ကြေညာပြင်ဆင်ထားကြပေမယ့်.. စနိုးထက် ရေခဲမိုးပါလာပြီး လမ်းတွေမှာရေခဲကုန်ပါတယ်..၊ ဒီတော့ ကျွန်တော်တို့ လည်းအပြင်မထွက်တော့ဘူး..၊




ကလေးကတော့ ပျော်နေပါတယ်၊ ကျောင်းပိတ်တာကိုး..၊ အခုပိတ်လိုက်တဲ့ရက်တွေကို နောက်လာမယ့်ကျောင်းပိတ်ရက်တွေပြန် အစားထိုးပေးရမယ်ဆိုတာကိုတော့ သူမသိသေးဘူး..၊

နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ကြပါစေ..



Sunday, August 22, 2010

နော့လ်ကာရိုလိုင်းနားရဲ့ တောင်တန်းပြာအလှ


ကျွန်တော်တို့မိသားစု ပြီးခဲ့တဲ့အပတ်က နော့လ်ကာရိုလိုင်းနားရဲ့ နာမည်ကြီး တောင်တန်းတွေနဲ့ ရေတံခွန်တွေဆီကိုသွားခဲ့ကြပါတယ်၊ အဲ့ဒီတောင်တန်းတစ်နေရာမှာတော့ အမေရိကားရဲ့ အကြီးဆုံးအိမ်ကြီးတစ်လုံးလည်းရှိလေရဲ့၊ နောက်ပြီး Blue ridge Parkway တောင်ပေါ်လမ်း ကလည်း ရင်သတ်ရှုမောလောက်အောင်ကို လှပါတယ်..၊




ဒီလိုနဲ့ တောင်ကြားတစ်နေရာက ရေတံခွန်နှစ်ခုကို ၀င်ကြည့်ဖြစ်ခဲ့ပါတယ်..၊ အဲ..တစ်ခုကတော့ တစ်မိုင်လောက်လမ်းလျှောက်ရမှာမို့ အမျိုးသမီးကတောထဲမှာ သိပ်ဝေးဝေး မလျှောက်ရဲဘူးဆိုတာနဲ့ လမ်းတစ်ဝက်ကနေလှည့်ပြန်ခဲ့ရပါတယ်၊ တောင်ကြားထဲက စမ်းချောင်းဘေးမှာ လျှောက်သွားတုန်း တွေ့ခဲ့တဲ့ လိပ်ပြာတွေနဲ့ ကျောက်တုံးကြားထဲက အကောင်လေးတစ်ကောင်ကိုဓာတ်ပုံရိုက်ခဲ့ပါတယ်၊ အကောင်ကလေးကို အစကတော့ ဖားလေးလို့ထင်မိပေမယ် သေသေခြာခြာကြည့်တော့မှ မဟုတ်မှန်းသိရပါတယ်၊





အထင်ပြောရရင်တော့ ရေပုတ်သင်ဆိုတာဘဲဖြစ်မယ်ထင်တယ်..၊ အပြန်လမ်းမှာတွေ့ခဲ့တဲ့ Looking glass waterfall ကတော့ လမ်းဘေးမှာဘဲမို့ အလွယ်တစ်ကူဝင်ကြည့်လိုက်ပါတယ်..၊ ပေ ၆၀ လောက်ဘဲမြင့်ပြီး ဆောင်းရာသီမှာဆိုရင်ရေတွေခဲနေလို့ ဒီနာမည်ပေးထားတာလို့သိရပါတယ်..၊ ရေခြိုးနေကြတဲ့သူတွေကို ကြည့်လိုက်ရင်မြန်မာပြည်ပြန်ရောက်သွားသလိုပါဘဲ..၊ ချာတိတ်သာသာတွေကတော့ ကျောက်တုန်းတွေပေါ်ကနေရေထဲ ခုန်ချနေကြတာ ကျောက်တုန်းနဲ့ဆောင့်မိမှာတောင်စိုးရတယ်..၊
တောင်ကြားတစ်လျောက်မှာ ရေတံခွန်တွေကတော့ အများကြီးရှိပါတယ်..၊ တစ်ချို့ရေတံခွန်တွေက တော့ ဝေးလို့ နဲနဲလမ်းလျှောက်ရပါတယ်..၊ လမ်းမှာ မ၀င်ဖြစ်ဘဲ ဖြတ်သွားတဲ့နေရာတွေလည်း အများကြီးပါ..၊ ရေစီးသန်တဲ့ ချောင်းတွေထဲမှာတစ်ချို့လည်း ဘောကွင်းကြီးတွေနဲ့ စီးကြတယ်..၊ တစ်နေရာကတော့ sliding Rock လို့ခေါ်ပြီး ကျောက်တုန်းပေါက ရေစီးပေါ်မှာ လျောတိုက်စီးရတယ်..၊ အောက်က သူများ ရိုက်တင်ထားတဲ့ ဗွီဒီယိုမှာတွေ့နိုင်ပါတယ်၊



အကယ်လို့ နော့လ်ကာရိုလိုင်းနားကိုရောက်ခဲ့ရင်တော့ ပြည်နယ်အနောက်ပိုင်းက ပဲရစ်မြို့နဲ့တင်စားရမယ့် Asheville မြို့ရယ် Charokee တောင်တန်းနဲ့ Blur Ridge Parkway ကိုတော့ ရောက်အောင်လာခဲ့စေခြင်ပါတယ်..၊ အမေရိကားက အကြီးဆုံးအိမ်ကြီးကတော့ မဖြစ်မနေကြည့်ရမယ့်နေရာဖြစ်ပါတယ်..၊ အဲ.. ကျွန်တော်နေတဲ့အိမ်နဲ့ကတော့ ၂နာရီခရီးဘဲရှိတာမို့ မကြာခဏတော့ သွားလည်ဖြစ်နေမှာပါ..၊








သူများတွေရိုက်တင်ထားတဲ့ ယူတုထဲက အဲ့ဒီအိမ်ကြီးနဲ့ ဘလူးရစ်ပါ့ဝေး ဗီဒီယိုတွေတွဲတင်လိုက်ပါတယ်..၊



ကျွန်တော်ကတော့ လောလောဆယ် ကလေးထိမ်းလိုက် ရိုလာကိုစတာသွားစီးလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်..၊ ကာရိုးဝင်း မှာ ကစားလို့နိုင်ပြီးရလာတဲ့ အရုပ်ကြီးတွေလည်းအိမ်မှာပြည့်တော့မယ်..၊အလုပ်ကတော့ နောက်အပတ်ဆို ပိုရှုပ်ပါမယ်.. သြဂုတ်လ ၂၅ရက်မှာ သမီးတို့ကျောင်းပြန်ဖွင်ပါပြီ..၊

ရွင်လန်းချမ်းမြေ့ကြပါစေ..

Tuesday, June 1, 2010

နော့လ်ကာရိုလိုင်းနား သင်္ကြန် မေလ ၂၀၁၀









မေလ ၂၉ ရက်စနေနေ့ ချက်ပါယ်ဟေး သင်္ကြန်အမှီ တရက်ကြိုပြီး ၂၈ ရက်ညနေ အမျိုးသမီး ရုံးကပြန်လာတာနဲ့ ရှားလော့ မြို့ကနေချီတက်ခဲ့ကြပါတယ်၊ နွေရာသီမှာ ထုံးစံအတိုင်းညနေ ၈နာရီ၁၅ လောက်မှ နေ၀င်တတ်ပေမယ့် အဲ့ဒီနေ့ကတော့ မိုးတွေတစ်ဖွဲဖွဲရွာပြီး မှုံမှိုင်းလို့နေပါတယ်၊ ည ၉နာရီကျော်လောက်မှချက်ပါယ်ဟေးကိုရောက်ပါတော့တယ်၊



ချက်ပါယ်ဟေး သင်္ကြန်က ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျင်းပကြပါတယ်၊ မြန်မာ့ရိုးရာအစားအစာ များနဲ့ ဧည့်ခံကျွေးမွေးပါတယ်၊ ကျောင်းဝင်းက အတော်ကျယ်တော့ ကားရပ်ဖို့ အခက်အခဲမရှိပါဘူး၊ သစ်ပင်ရိပ်တွေကြောင့်သိပ်မပူလှပါ၊
ကလေးတွေလည်းရေကစားပြီးအတော်ပျော်ရွှင်နေကြတာတွေ့ရပါတယ်၊ ထူးထူးခြားခြား အရေးပေါ်လူနာတင်ကားတွေ ရဲအစောင့် တွေကိုတွေ့ရပါတယ်၊ နောက်ပြီး UNC ဆေးခန်းလေးတစ်ခုလည်း လာဖွင့်ထားတာတွေ့ပါတယ်၊ ဒေသခံတွေအတော်များများလည်း ပါဝင်ဆင်နွဲကြပါတယ်၊ မြန်မာ့ရိုးရာ ၀တ်စုံတွေနဲ့ ဒေသခံ လူဖြူတွေကိုတွေ့ရတော့ ကိုယ့်ရဲ့ယဉ်ကျေးမူ ဓလေ့ထုံစံကို တန်ဖိုးထားကြတာကိုဝမ်းသာမိပါတယ်၊ ပရိသတ်ကိုကြည့်ပြီး အစားအသောက်တွေမှ လောက်ပါ့မလားစိုးရိမ်မိပါသေးတယ်၊




ဖျော်ဖြေမူ့အစီအစဉ်တွေလည်း အများကြီးပါဝင်ပါတယ်၊ ညတုန်းက လေပြင်းတွေတိုက်ပြီး မိုးရွာလိုက်လို့လားတော့မသိဘူး ဆောင်းဘောက်တွေအသံသိပ်မကောင်းလို့ ခဏခဏပြန်ချိန်နေရပါတယ်၊ ကျွန်တော်လည်း အစပိုင်းသီချင်းဆိုတာဘဲ မှတ်တမ်းတင်လိုက်နိုင်ပါတယ်၊








ဒီလိုနဲ့ ချက်ပါယ်ဟေးမှာတစ်ညအိပ်ပြီး နောက်နေ့မှာ ဟိုက်ပွိုင့်မြို့ကသင်္ကြန်ကိုချီတက်ခဲ့ကြပါတယ်၊ သင်္ကြန်ပွဲကို မနှစ်ကနေရာ ပန်းခြံထဲမှာဘဲကျင်းပကြပါတယ်၊ အဆိုတော်မီမီဝင်းဖေ လာရောက်ဖျော်ဖြေတာတွေ့ပါတယ်၊ နောက်ပြီး လာအို အဖွဲ့ကလည်း သူတို့ရိုးရာအကနဲ့ပါဝင်ဆင်နွဲပါတယ်၊ ဗီယက်နမ်အဖွဲ့ ကတော့ သူတို့ပွဲနဲ့ တိုက်နေလို့မလာနိုင်ဘူးဖြစ်သွားတယ်လို့ ဟိုက်ပွိုင့်မြို့ခံတစ်ဦးကပြောပြပါတယ်၊ ကရင်ဒုံးရိမ်းအက၊ သင်္ကြန်အကများအပြင် မြူးမြူးကြွကြွ သီချင်းများလည်းပါဝင်ပါတယ်၊ တီးခတ်သူများကတော့ ရှားလော့မြို့မှလို့သိရပါတယ်၊ သင်္ကြန်ပွဲမှာ ဈေးရောင်းပွဲပါထဲ့သွင်းကျင်းပ လို့ အစားအစာမျိုးစုံဝယ်ယူအားပေးသုံးဆောင်နိုင်ကြပါတယ်၊ ကျွန်တော်တို့လည်း မအေးရဲ့ အသုတ်စုံ၊ ကိုရခိုင်ရဲ့ နာမည်ကြီး လ္ဘက်ရည်နဲ့ အကြော်စုံတို့အားပေးပြီး ညနေပိုင်းမှာ ဆရာတော်ရဲ့ ကျောင်းကို ရောက်ခဲ့ပါတယ်၊

ဟိုက်ပွိုင့်ဆရာတော်ကျောင်းကိုဝင်ဖူး တော့ ရှားလော့မြို့က အန်တီကြီးတွေအဖွဲ့နဲ့စကားလက်ဆုံကျနေတာနဲ့ ညနေအတော် စောင်းမှပြန်ဖြစ်ပါတော့တယ်၊ သင်္ကြန်ပွဲတော်အကြောင်းကတော့ဒီလောက်ပါဘဲ..
အပြန်ခရီးအကြောင်းဆက်ပါဦးမယ်..၊

အပြန်လမ်းမှာ ကားတွေအတော်များများက တစ်နာရီမိုင် ၈၀အထက်မှာမောင်းနေကြတာသတိထားမိပါတယ်၊ ဒီလိုနဲ့ ဆယ်လာဘယ်ရီ မြို့ကိုဖြတ်တော့ ရဲကားတွေလည်းရှင်းနေတယ်လို့တွေးမိစဉ်မှာဘဲ ရှေ့မှာ ရဲကားတစ်စီးဖမ်းထားတာတွေ့လို့အရှိန်လျှော့လိုက်ပါတယ်၊ ရဲကားဖမ်းထားတဲ့နေရာကို အဖြတ်မှာ စပ်စုပြီးအဖမ်းခံရတဲ့ ကားကိုကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် အသိတစ်ယောက်ကားဖြစ်နေပါတယ်၊ ဒီကားကို မှားစရာအကြောင်းမရှိပါဘူး၊ အမေရိကန်ရောက်ရောက်ချင်း ကျွန်တော်တို့ကို တစ်နှစ်ကျော် အလကားပေးစီးထားတဲ့ကားလေးမို့မှာ၊ သာမန် ကန့်သတ်မိုင်နှုန်းကျော်မောင်းတာဆိုရင်တော့ ပြသနာမရှိပါဘူး၊ ရဲပေးတဲ့ လက်မှတ်ယူ နောက်တော့ တရားရုံးသွားဒဏ်ငွေဆောင်ရင်ပြီးပါတယ်၊ အဲ..နဲနဲသောက်ထားရင်တော့ ပြသနာကြီးနိုင်ပါတယ်၊ မိတ်ဆွေကနည်းနည်းပါးပါး သောက်တတ်တော့ စိတ်ပူတာနဲ့ဖုန်းဆက်တော့ ဖုန်းမကိုင်ပါဘူး၊ မဟုတ်သေးဘူးဆိုပြီးသူ့အမျိုးသမီးဆီဆက်လိုက်တော့မှ သူအတော်သောက်ထားကြောင်းပြောပါတယ်၊ ဒါနဲ့ ကားကိုအမြန်ပြန်လှည့်ပြီး ရဲဖမ်းတဲ့ဆီကို အမှီလိုက်ရပါတော့တယ်၊ ရဲကားနောက်ကို ထိုးရပ်လိုက်ချိန်မှာဘဲ မိတ်ဆွေခမျာ လက်ထိပ်ကြီးနဲ့ရဲကားထဲရောက်နေပါပြီ၊ ဒါနဲ့ ရဲကိုဝင်ရှင်းပြပြီး မှ သူ့ကားကို လာဆွဲမယ့် တိုး ကားကိုလည်းပြန်ပိတ်ခိုင်းလိုက်ရပါတယ်၊ ရဲကလည်း တာဝန်ခံပြီးထုတ်မယ်ဆိုရင်ပြန်လွတ်ပေးမယ် ရဲစခန်းလိုက်ခဲ့ဆိုတာနဲ့ ရဲကားနောက်ကနေမောင်းလိုက်သွားရပါတော့တယ်၊ ရဲစခန်းကလည်း အဝေးကြီးမှာပါ၊ တိတ်ဆိပ်ခြောက်သွေ့တဲ့သရဲကားထဲကလို မြို့လေးတစ်မြို့ထဲ ကိုဖြတ်မောင်းပြီး မှရဲစခန်းကိုရောက်ပါတယ်၊ အဲ့ဒီမှာ စစ်တာတွေကလည်းအကြာကြီးပါ၊ နောက်တော့ ကားပေါ်ပြန်တက်ပြီး အချုပ်ဘက်ကိုမောင်းပြန်ပါတယ်၊ အချုပ်ကိုရောက်တော့မှ ခံဝန်လက်မှတ်ထိုးပြီးပြန်ထုတ်ရပါတယ်၊ သူ့လိုင်စင်တော့ သိမ်းထားလိုက်ပါတယ်၊ ရက် ၃၀မှပြန်ရပါမယ်တဲ့၊ ရဲစခန်းကထွက်ပြီး ရှားလော့ကို ပြန်မောင်း ကလေးတွေကို အိမ်မှာပြန်ထား ပြီး လမ်းဘေးမှာရပ်ထားခဲ့တဲ့သူ့ကားကို မိုင် ၇၀ ကျော်လောက်တစ်ခေါက်ထပ်မောင်းပြီး ပြန်ယူရပါတယ်၊ အားလုံးပြီးလို့ အိမ်ပြန်ရောက်တော့ ည၁၂ နာရီထိုးသွားပါပြီ၊ ဒီတော့အချိန်မရှိတော့လို့သင်္ကြန်ပုံတွေကို နောက်ကြပြီးမှတင်နိုင်တော့တယ်.. တီးဖြတ်တာတွေဘာတွေ လည်းမလုပ်နိုင်တော့ပါဘူး၊







ဟိုက်ပွိုင့်သင်္ကြန်



ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

Saturday, March 13, 2010

အမေရိကန်မှ မြန့်မာ့သိုင်း



အမေရိကန်နိုင်ငံမှာ မြန်မာ့ရိုးရာသိုင်းလေ့ကျင့်ရေးကျောင်းတွေ ရှိပါတယ် အကယ်လို့ ထိရောက်တဲ့ ကိုယ်ခံပညာသင်ယူလိုပါက ဆက်သွယ်သင်ယူနိုင်ပါတယ်၊ တကယ်တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာပါ မြန်မာ့ သိုင်းကိုသင်ယူနိုင်ပါတယ်၊
အမေရိကန်ကို မြန်မာ့ သိုင်းတစ်မျိုးဖြစ်တဲ့ ဗန်ဒို ကိုယ်ခံပညာစတင်ရောက်ရှိလာတာ ၁၉၆၀ ခုနှစ်လောက်ကဖြစ်ပါတယ်၊ ဆရာကြီး ဒေါက်တာ မောင်ကြီး က ၀ါရှင်တန်ဒီစီ မှာ ဟံသာဝတီဗန်ဒို စနစ်ကို စတင်သင်ကြားပေးခဲ့ပါတယ်၊ အခုအချိန်မှာ သိရသလောက်ကတော့ အိုဟိုင်းအိုး၊ အနောက်ဗာဂျီးနီးယား၊ ၀ါရှင်တန်ဒီစီ၊ နယူးယောက်တစ်ဝိုက် နဲ့ အခြားစတိတ်အချို့မှာ သင်တန်းကျောင်းတွေ ရှိပါတယ်၊ သူတို့ကျောင်းတွေမှာ ဆရာတွေကို မြန်မာလို ဆရာလို့ဘဲ ရှေ့ကတပ်ပြီး ခေါ်ကြ ပါတယ်၊


အောင်မြင်တဲ့သင်တန်းကျောင်းတွေထဲမှာ Advanced Fighting System (Thaing.net လောလောဆယ်တော့ အဲ့ဒီဝက်ဆိုက်ပြင်နေတယ်) ကတော့ အောင်မြင်တဲ့ဖိုက်တာ တွေမွေးထုတ်ပေးနေပြီးနာမည်ကြီးတယ်၊ သူကတော့ MMA ပြိုင်ပွဲတွေမှာ ၀င်ပြိုင်လေ့ရှိပြီး ဒေသတွင်းချန်ပီယံတွေ အတော်များများရှိတယ်၊ သူတို့သင်တန်းကျောင်းကတော့ အမေရိကန် ဗန်ဒို အသင်း အဖွဲ့ဝင် မဟုတ်ဘူး၊ သင်တန်းထူထောင်တဲ့ ဆရာဖေး ရဲ့အဖိုးကမြန်မာပြည်မှာ နေခဲ့ပြီး သူတို့သိုင်းကတော့ ကချင်ပုံစံ ကို အခြေခံတယ်လို့ဆိုပါတယ်၊ Phil ကသူရဲ့သင်တန်း အကြောင်းရှင်းပြထားတာကြည့်နိုင်ပါတယ်၊

သူ့ဆီမှာ နှစ်ပေါင်းတစ်ရာကျော်က ဓားအချို့အခုထိသိမ်းထားတာရှိပါတယ်၊ ဟိုတစ်လောတုန်းကတော့ လူတစ်ယောက်ကို သိုင်းသင်မပေးနိုင်ဘူးလို့ ငြင်းလိုက်လို့ လူတန်းစားခွဲခြားမှု့နဲ့ သူတရားရုံးမှာ အမှုရင်ဆိုင်လိုက်ရပါသေးတယ်၊ ဖြစ်ပုံက သိုင်းလာသင်တဲ့သူက သူ့ကိုဖမ်းတဲ့ရဲကို ပြန်ဆော်ခြင်လို့ပါတဲ့၊ အဲဒီရဲ အရာရှိကလည်း သူတို့ကျောင်းမှာဘဲ သိုင်းလာသင်နေတဲ့သူဖြစ်နေလေတော့ အတော်ရှင်းလိုက်ရသေးတယ်တဲ့၊ နောက်တော့အမှုနိုင်သွားလို့တော်သေးတယ်၊



အမေရိကန်အထူးတပ်ဖွဲ့တွေ၊ လုံခြုံရေးအရာရှိတွေ ကို အဓိကသင်ပေးနေတဲ့ကျောင်းကတော့
Way of the Warrior လို့အမည်ပေးထားတဲ့ Bando System သင်တန်းကျောင်းဖြစ်ပါတယ်၊ သူတို့ဆီကလည်း နာမည်ကြီးဖိုက်တာတွေမွေးထုတ်ပေးပါတယ်၊ သူတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိုးကားထားတဲ့ဆောင်ပုဒ်တစ်ခုကတော့ ၁၉၁၀ ခုနှစ်က အမရပူရဆရာတော်မိန့်ခဲ့တာပါ "No system is completely unique. No system is completely independent from external and internal influences. Every system evolves over time by integration, modification and restructuring, resulting in what we then call "uniqueness." Overtime, this unique system will also change."


နောက်သင်တန်းကျောင်းတွေ ကတော့
Greater Hartford Bando ကျောင်း၊ မြောက်ဗာဂျီးနီးယား ကျောင်း၊ နယူးအင်္ဂလန် ဘန်ဒို ကလပ် စသည်ဖြင့်ရှိပါတယ်၊

နောက်ပြီး ပြင်သစ်ပြည်မှာလည်း ဗန်ဒို ကို အတော်လေ့လာသင်ယူကြတယ်လို့ သိရပါတယ်၊ တခြားနိုင်ငံတွေအတော်များများကတော့ မြန်မာနိုင်ငံနဲ့တိုက်ရိုက်ဆက်သွယ်ပြီး နိုင်ငံတကာအဖွဲ့ ဖွဲ့ထားကြပါတယ်၊ တချို့ကလည်း သီးခြားပုံစံနဲ့ သင်ကြတာရှိပါတယ်၊




ဘာဘဲပြောပြောတစ်ခုသတိထားမိတာကတော့ Wikipedia မှာ Bando ဆိုပြီး ရှာကြည့်ရင် သရုပ်ပြတဲ့လူတွေက မြန်မာတွေမဟုတ်ဘဲ ဖြစ်နေတာပါ၊

သိုင်းသင်ကြားပေးတဲ့ ပုံစံကိုဆက်ရရင်တော့..၊
အမေရိကန်ဗန်ဒို သင်တန်းကျောင်းတွေမှာ ဗန်ဒိုရဲ့ အခြေခံကျင်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့ကို လည်း အထူးပြု့သင်နိုင်ပါတယ်၊ ဒီလိုသင်ကြားတဲ့နေရာမှာ လည်း မိမိနဲ့ကိုက်ညီတဲ့ပုံစံကို ရွှေးချယ်ပြီးသင်ယူမှ ပိုပြီးအောင်မြင်နိုင်ပါတယ်၊ ဥပမာ လူထွားကြီး တစ်ယောက်ကို သင်တဲ့ ပုံစံနဲ့ ခပ်သေးသေးလူတစ်ယောက်ကို သင်တဲ့ပုံစံမတူပါဘူး၊ လူထွားကြီးအနေနဲ့ Bull စတိုင် Boar စတိုင် တို့ ကိုသင်ယူလေ့ကျင့်မှ သာပိုမိုထိရောက်အောင်မြင်နိုင်ပြီး၊ ခပ်သေးသေးလူတစ်ယောက်အနေနဲ့တော့ Scorpion တို့ Eagle စတိုင်တို့ သင်ယူသင့်ပါတယ်၊ အမှန်ကတော့ အခြေခံ ဗန်ဒိုလေ့ကျင့်ခန်းတွေ ပြီးသလောက်ရှိမှ မိမိဆရာနဲ့ တိုင်ပင်ပြီး ကိုက်ညီတဲ့စတိုင်ကို ရွေးချယ်ပြီးဆက်လက်လေ့ကျင့်သင့်ပါတယ်၊ နောက်ပြီး မိမိရဲ့ စိတ်နေသဘာဝကလည်း သိုင်းသင်ယူ လေ့ကျင့်တဲ့နေရာမှာ အရေးပါ ပါတယ်၊ စိတ်ဆတ် စိတ်တိုလွယ်တဲ့လူအတွက် တစ်မျိုး စိတ်ရှည်တဲ့လူအတွက်တစ်မျိုး လေ့ကျင့်ခန်းတွေရှိနိုင်ပါတယ်၊ နောက်ပြီး မိမိ ကအသတ်အပုတ်မှာ အလွန်လက်မြန်တဲ့လူလား လက်ဦးမူယူပြီး စတင်တိုက်ခိုက်တတ်သူလား ဒါမှမဟုတ် ရန်သူက စတင်တိုက်ခိုက်လာချိန်မှာ ရန်သူရဲ့ တိုက်ခိုက်လာပုံ အရ တန်ပြန်တိုက်ခိုက်တတ်သူလား ဆိုတာလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်၊ စသည်ဖြင့် မိမိအကြိုက် အပြင် မိမိနဲ့ ကိုက်ညီတဲ့ ပုံစံကို ဦးတည်လေ့ကျင့်နိုင်ပါတယ်၊

ဗန်ဒို အခြေခံ ပညာတွေကို တစ်နှစ်လောက်လေ့ကျင့်ပြီး အဆင့်တစ်ခုရောက်မှ သာ တုတ်၊ဓား စတဲ့လက်နက်ပညာ ကို စတင်လေ့ကျင့် နိုင်ပါတယ်၊ ဒီနေရာမှာ ဗန်ဒို ကလက်နက်မဲ့ ကိုယ်ခံပညာကို အခြေခံထားပြီး၊ ဗန်ရှည်ကတော့ လက်နက်နဲ့တိုက်ခိုက်တာကို အဓိကထားပါတယ်၊ နောက်ပြီး လက်ဝှေ့၊ နပန်း၊ သိုင်းပြောင်ပြန်၊ ဘုန်းကြီးသိုင်း စသည်ဖြစ်ရှိပါသေးတယ်၊

အမေရိကန်မှာတော့ ဗန်ဒိုမှာ ဂေါရခါးဓားကောက် နဲ့ တိုက်ခိုက်တာကိုပါထဲ့သွင်းလေ့ကျင့်ပါတယ်၊ အမှန်တော့ ဂေါရခါးဓားကောက်နဲ့ဆင်တူတဲ့ ဓားမြှောင်ပုံမျိုး မြန်မာစတိုင်မှာရှိပါတယ်၊ ဒါပေမယ့် ဗြိတိသျှ စစ်တပ်က ဗန်ဒိုကို စစ်တပ်ရဲ့ တိုက်ခိုက်ရေး ပညာအဖြစ် လေ့ကျင့်ခဲ့ပြီး ဂေါရခါးလူမျိုး အရာရှိတွေက ဦးဆောင်ပြီးစနစ်တကျ ဖြစ်အောင်လုပ်ခဲ့ကြပါတယ်၊ ဒါနဲ့ ဂေါရခါးဓားကောက်က အင်တာနေရှင်နယ် ဗန်ဒို လေ့ကျင့်ရေးမှာ ပါလာပါတယ်၊

ဗန်ဒို ပညာက ရှေးမြန်မာတွေရဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်ပြီး၊ ဒီပညာတွေနဲ့ တိုင်းပြည်ကို တည်ထောင် ကာကွယ်ခဲ့သလို၊ အခြင်းခြင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်၊ ဒီတော့ ဒေသအလိုက် သိုင်းပညာတွေဟာ ကွဲလွဲမှုရှိခဲ့ကြပြီး၊ အချို့ပညာရပ်တွေကတော့ ကွယ်ပြောက်သလောက်ရှိနေပါပြီ၊ ဘာလို့လည်းဆိုတော့ မိမိအဖွဲ့ရဲ့လျို့ဝှက်တိုက်ကွက်ကို ဆွေမျိုးသားခြင်းလူရင်းတွေကို သာသင်ပေးလေ့ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် တစ်ဖက်က မိမိတိုက်ကွက်ကို သိသွားပြီး တန်ပြန်တိုက်ကွက် ဖော်ထုတ်တိုက်ခိုက်လာမှာဖြစ်လို့ပါ၊ ဗြိတိသျှခေတ် အတွင်းမှာလည်း အရပ်ထဲမှာ ကိုယ်ခံပညာလေ့ကျင့် ခွင့်ကို တင်းကြပ်ပိတ်ပင်ထားခဲ့ပါတယ်၊ သိုင်းလေ့ကျင့်သူကို သူပုန်ထမည့်သူလို့သတ်မှတ်ခဲ့ပါတယ်၊ ခေတ်အဆက်ဆက် မှာ အကြောင်းအမျိုးမျိုးကြောင့်မြန်မာ့ သိုင်းပညာများဟာ ကြီးထွားသင့်သလောက်ကြီးထွားခွင့်မရခဲ့ ပြန်ပါဘူး၊ အခုခေတ်မှာ လည်း မြန်မာပြည်မှာတောင် ရိုးရာသိုင်းသင်ဖို့ဟာ မလွယ်ကူပါဘူး၊ ခေတ်စားပြီး လက်တွေ့မကြတဲ့ အားကစားကို အခြေခံတဲ့ နိုင်ငံခြားက ကိုယ်ခံပညာတွေက မြို့ပေါ်မှာ နေရာရနေကြပါတယ်၊

ဘာဘဲပြောပြော မြန်မာ့သိုင်းပညာကို နိုင်ငံတကာမှာ ပြန်လည်ထွန်းကားလာတာကို တွေ့ရတော့ အလွန်ကို အားရမိပါတယ်၊ နောက်ဆိုရင် မြန်မာတွေ နိုင်ငံခြားမှာ နိုင်ငံခြားသားဆရာတွေနဲ့ မြန်မာ့သိုင်းကို ပြန်သင်နေရမှာလည်း စိုးရိမ်မိပါတယ်၊ အဲ နိုင်ငံတစ်ကာမှာ တော့ မြန်မာ့သိုင်းကို သင်ခြင်ရင် ငွေကြေးအတော်အတန်ရှိမှဖြစ်မှာပါ၊ သိရသလောက်ကတော့ မြောက်ဗာဂျီးနီးယားဘက်မှာ ဗန်ဒိုသင်တဲ့ အမေရိကန်ဆရာတစ်ယောက်က ကိုယ့်ဟာကိုလူစုပြီးသင်ချင်သူတွေ၊ သီးသန့်သင်ယူလိုသူတွေအတွက် တစ်ချိန်သင်ခ ဒေါ်လာ ၂၅၀ ယူတယ်လို့သိရပါတယ်၊

ပြန်စဉ်းစားကြည့်ရင် ကျွန်တော်ငယ်ငယ်က ရိုးရာ သိုင်းပညာကို
အဆင့်တစ်ခုထိ တတ်အောင်မသင်ခဲ့ရတာ ကို နှမြောမိသည်၊ ဆရာနဲ့လည်းတွေ့ခဲ့ကြုံခဲ့ပေမယ့် ထိုးတတ်ကြိတ်တတ်ရုံလောက်ဘဲသင်ခဲ့ရသည်၊ အင်း..နောက်ပြီးအဖွား မကြိုက်တာလည်းပါသည်၊ အကိုကတော့ သိုင်းဆရာကြီးတစ်ယောက်ကို အိမ်ကိုခေါ်လာပြီး ငှက်ပျောပွဲအုန်းပွဲတွေ ပြင်ပြီး ခြံဝင်းထဲမှာ အမှန်အကန်သင်ဖို့လုပ်ဖူးသည်၊ နောက်တော့ အဖွားရဲ့တုတ်သိုင်းကို မယှဉ်နိုင်တာနဲ့ အကိုရော သိုင်းဆရာကြီးရော တစ်ခြား ကိုနေရာရွှေ့သွားရသည်၊ အဖွားချစ်တဲ့ ကျွန်တော်ကတော့ အဖွားမကြိုက်တာမလုပ် ပါဘူးဆိုပြီးအိမ်မှာဘဲကျန်ခဲ့ဘူးသည်၊ နောက်တော့ သူငယ်ချင်း ကွမ်းခြံမှာ ရွှေဘိုဘက်က ဆရာတစ်ယောက်နဲ့ သိုင်းပြောင်းပြန် သင်ကြပြန်ရော..၊ ဆရာက သူငယ်ချင်းကွမ်းခြံမှာ အလုပ်လာလုပ်ရင်းနဲ့ ကြုံလို့ သင်ဖြစ်ကြတာ..၊ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် သိုင်းသင်တာ တစ်ခန်းရပ်သွားပြန်ပါတယ်၊

နောက်တခါ ဆရာတစ်ယောက်နဲ့ ထပ်တွေ့ပြန်တယ်..၊ သူကတော့ သိုင်းပညာဆိုတာ သူများဆော်ဖို့ကြီးမဟုတ်ဘူး၊ ခုခံကာကွယ်ဖို့ နောက်ပြီး စိတ်ဓာတ်ကို အရင်ခိုင်အောင်လုပ်ရတယ်ဆိုပြီး၊ တရားထိုင်တာက အစ စံနစ်တစ်ကျသင်ပေးပါတယ်၊ နောက်တော့ ဆရာခင်ဗျာလည်း ဆင်းဆင်းရဲရဲ စီးပွားရေးအဆင်ပြေတာမဟုတ် တော့ တခြားရေကြည်ရာ တစ်နယ်ပြောင်းတော့ ဆက်မသင်ခဲ့ရတော့၊ ဒီလိုနဲ့ နှစ်အတော်ကြာမြို့ရောက်တော့ အလွယ်တစ်ကူလက်လှမ်းမှီတဲ့ ကျောင်းက ကရာတေးကလပ်မှာ ဘဲ ၀င်ကစားဖြစ်ပြီး ရိုးရာသိုင်းနှင့်လုံးဝအဆက်ပြတ်သွားတော့သည်၊ အင်း..အဲ့ဒီတုန်းက ရိုးရာသိုင်းဆရာတွေကိုများ အမေရိကန်ကို ခေါ်လာပြီး ကလပ်ထောင်သင်တန်းပေးလိုက်ရရင် အတော်အဆင်ပြေမှာ သေခြာသည်၊

ကျွန်တော် ဆရာတွေကို ခေါ်လာပြီးသင်တန်းထောင် မယ်ဆိုလို့ မြန်မာအတွေးနဲ့ မသင့်တော်ဘူးလို့တော့ မထင်လိုက်ပါနဲ့အုံး၊ အမေရိကန်မှာ ဘာသိုင်းမှန်းမသိတဲ့ သိုင်းပေါင်းစုံသင်နေတဲ့ ကလပ်တွေကမြို့တိုင်းမှာ အများကြီးရှိတယ်၊ ကလေးကအစ အမျိုးသမီးတွေပါ သင်နေကြတာ..၊ အခုနေတဲ့အိမ်နားမှာတောင် ကလပ်နှစ်ခုရှိတယ်၊ ညနေဘက်တွေနဲ့ အလုပ်ပိတ်ရက်တွေဆို ကားတွေရပ်ထားတာ ကားပါကင်ကွင်းထဲမှာ ပြည့်နေတာတွေ့ရသည်၊ မိမိတို့တိုင်းပြည်က ဆရာတွေခင်ဗျာ ဘာမှမရရှာကြဘဲသင်ပေးနေရတာကို သတိရမိသည်၊ အထောက်အပံ့ပေးမယ့်သူကလည်း များများမရှိကြ၊

အခုခေတ်မှာတော့ မြန်မာ့လက်ဝှေ့ကျော်တွေရဲ့ အစွမ်းကြောင့်နိုင်ငံတကာမှာ လက်ဝှေ့ကိုလူသိပိုများလာကြတာကိုတွေ့ရသည်၊
ဒီနေရာမှာလက်ဝှေ့ပွဲအခွေတွေကိုအွန်လိုင်းမှာ ၀ယ်ယူနိုင်တာကိုတွေ့ရသည်၊

ကဲစာလည်းရှည်သွားပြီး၊

မြန်မာ လူငယ်တိုင်းရိုးရာသိုင်းပညာကို လက်လှန်းမှီ သင်ယူနိုင်ကြပြီး တန်ဖိုးထား ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆုတောင်ရင်း…

ရွှင်းလန်းချမ်းမြေ့ကြပါစေ..၊

Monday, January 11, 2010

ရေကြည်ရာ



အမေရိကန်နိုင်ငံနော့လ်ကာရိုလိုင်းနားပြည်နယ်အတွင်း အမှတ် ၈၅ အဝေးပြေးလမ်းမကြီး အတိုင်း အရှေ့မြောက်အရပ်မှ အနောက်တောင် အရပ်ဘက်သို့ တိုရိုတာကင်မရီ အဖြူရောင် တစ်စီး ခပ်လောလော မောင်းနှင်လာနေသည်၊ သူ့နောက်မှာ တော့ ချက်ပလက်ထရပ် အနက်ရောင် တစ်စီးကထပ်ချက်မကွာ မလှမ်းမကမ်းမှလိုက်ပါမောင်းနှင်လျက်ရှိ သည်၊ ထုံးစံအတိုင်း အမှတ်၈၅ လမ်းမကြီးကတော့ ကားတွေအမြဲပြည့်ကြပ်နေလေသည်၊ မိုးလေ၀သ ခန့်မှန်းချက်အရတော့ ညနေပိုင်းမှာ မိုးနဲ့စနိုး ရောကျဖို့ရှိလေသည်၊ လောလောဆယ်တော့ အေးစက်ပြီး အုန့်မှိုင်းနေသည်၊


ကိုရိုး လည်း ကားမောင်းနေရင်းကနေကောင်းကင်ကို မှော့်ကြည့်လိုက်ပြီး စနိုးရေနေပါအုံးလို့ဆုတောင်းနေမိသည်၊ နောက်ကြည့်မှန်ကိုလှည့်ကြည့်လိုက်တော့ အနောက်က ချက်ပလက်ကားကြီးက မလှမ်းမကမ်းမှာပါလာတာကိုတွေ့ရသည်၊ အဲ့ဒီ လူဆိုးကားလိုလို ကားကြီးကိုမောင်းလာတာကတော့ ကိုရိုး ဘော်ဒါ ကိုသိမ်း၊ သူတို့ခရီးဆုံးကို အချိန်မှီရောက်မှဖြစ်မည်၊ ချိန်းထားတာက နေ့လည်၁၂နာရီ၊ ထရပ်ကားပေါ်က ပစ္စည်းတွေကို အမြန်ချရမည်၊ ပြီးတော့ဒီမိုင်တစ်ရာ့ငါးဆယ်ခရီးကို အပြေးပြန်လာရဦးမည်၊ ကိုရိုး အမြန်နှုန်းပြဒိုင်ခွက်ကိုလှမ်းကြည့်လိုက်တော့ မိုင်၈၀နှုန်း ပြနေသည်၊ ကိစ္စမရှိသေး၊ လမ်းပေါ်မှာလည်း ရဲကားအရိပ်အရောင်မမြင်ရ၊ ဒီလိုနဲ့ အဝေးပြေလမ်း ထွက်ပေါက်အမှတ် ၁၁၈ နားအရောက်မှာ ကားကို သဲနဲ့ဝိုင်းပက်သလို မျိုး မိုးရွာသလိုအသံတွေဆူညံ သွားလောက်အောက် ရေခဲမှုန်တွေကျလာသည်၊ အင်း..ဒုက္ခဘဲ ဒီလိုဆိုအချိန်မှီမှရောက်ပါ့မလား..၊ သိပ်မကြာခင်မှာဘဲ မိုးတွေလေတွေပါကျလာသည်၊ မြင်ကွင်းကမကောင်းတော့ ဒါပေမယ့်ကားကိုတော့တက်နိုင်သလောက် အရှိန်မြှင့်မောင်းနေသေးသည်၊ နောက်ထပ် အဝေးပြေးလမ်းပေါ်မှာ မိုင်၈၀လောက်မောင်းရဦးမယ် ပြီးရင် ၄၈၅ လမ်းကိုထွက်ပြီး ဆောက်ကာရိုလိုင်းနားဘက်ကိုမောင်းရမည်၊ အချိန်ကို ကြည့်လိုက်တော့ ၁နာရီလောက်ဘဲကျန်တော့သည်၊ နောက်ကလိုက်လာတဲ့ ကိုသိမ်းကိုဖုန်းဆက်ပြီးပစ္စည်းတွေ အခြေအနေလှမ်းမေးလိုက်တော့ အားလုံး အိုကေ၊ ဒါပေမယ့် ရောက်ရမယ့်နေရာကို အချိန်မှီရောက်ဖို့မသေခြာ..ဒီတော့ သေခြာအောင်တစ်ဖက်ကလူကို ဖုန်းလှမ်းဆက်လိုက်တော့ ဟစ်စပန်းနစ်အသံဝဲ၀ဲနဲ့ တစ်ဖက်ကအမျိုးသမီးက သူတို့ ရာသီဥတုအခြေအနေအရ နေ့လည်တစ်နာရီထိစောင့်ပေးဖို့ သဘောတူလိုက်သည်၊

ဒီလိုနဲ့ ရှားလော့မြို့ထဲကိုဝင်တော့ မိုးကပုံမှန်လောက်ဘဲရွာနေသည်၊ ၁၂နာရီမိနစ်၃၀မှာတော့ ကိုရိုး ကားကို အိမ်ယာဝင်းတစ်ခုထဲကို ချိုးဝင်လိုက်တော့သည်၊ သူကတွေ့ရမည့်သူတွေကို အရင်မတွေ့သေးဘဲပစ္စည်းတွေကို ချရမယ့်နေရာမှာ အရင်သွားချထားလိုက်သည်၊ ပြီးတော့ ကိုသိမ်းကိုလက်ဆွဲနှုတ်ဆက်လိုက်ရင်း နောက်မှတွေကျသေးတာပေါ့လို့ပြောလိုက်ပြီးတာနဲ့ ကိုသိမ်းသူ့ထရပ်ကား အနက်ကြီးထဲဝင်ထိုင်လိုက်ပြီးမိုးတွေလေတွေထဲမှာ လာရာလမ်းအတိုင်း အပြင်းမောင်းထွက်သွားလေတော့သည်၊

ကိုရိုးနဲ့ မောင်ခီး နှစ်ယောက်ထဲပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပြီး နောက် အစောင့်မရှိဘဲဒီအတိုင်းပစ်ထားခဲ့ကာ အိမ်ယာဝင်းကြီးရဲ့ အပေါက်ဝက အဆောက်အဦးလေးစီကို ပြန်မောင်းခဲ့ကြသည်၊ ဒီလောက်အေး ပြီးမိုးရွာနေတာဘယ်သူမှလည်း အပြင်မှာဒီပစ္စည်းတွေကို စောင့်ကြည့်မနေနိုင်၊

အိမ်ယာဝင်းကြီးရဲ့ ရုံးခန်းအဆောက်အဦးလေးထဲကိုဝင်လိုက်တော့ တာဝန်ခံ ဟစ်စပန်းနစ်အမျိုးသမီးက ဆီးကြိုနှုတ်ဆက်လိုက်ရင်း ကိုရိုးရဲ့ အမျိုးသမီး ကို အတင်းမေးလေသည်၊ ကိုရိုးက သူတို့ဒီနေ့မပါလာဘူး နောက်နေ့မှ လိုက်လာမယ်ဆိုတော့ အမျိုးသမီးက စာချုပ်မှာ နှစ်ယောက်လုံးရဲ့ လက်မှတ်မပါရင် အိမ်သော့ကိုပေးလို့ မရဘူးတဲ့၊ ဟိုက်..သေပြီ..ပစ္စည်းတွေကအခန်းအပေါက်ဝမှာရောက်နေပြီ..နောက်ပြီးကိုသိမ်း လည်းပြန် သွားပြီ ၊ ဒါနဲ့.. အေးပါ ပေးစရာရှိတဲ့ငွေအပြေရှင်းပြီး ထိုးစရာရှိတဲ့လက်မှတ်ကိုထိုးခဲ့ပါ့မယ်၊ ကျန်တဲ့ လက်မှတ်ကိုတော့ မနက်ဖြန်အမျိုးသမီးလာမှ ဆက်ထိုးပါ့မယ်၊ ဒီညဒီမှာလည်းမအိပ်ပါဘူး ပစ္စည်းထားရုံပါဘဲဆိုတော့မှ သော့ပေးဖို့သဘောတူတော့တယ်၊ အမှန်တော့ မနက်ဖြန်မှ ပြောင်းဖို့ပါဘဲ ဒါပေမယ့် ရာသီဥတု ကမနက်ဖြန်ပိုဆိုးမယ်ဆိုလို့ ဒီနေ့ပြောင်းလိုက်ရတာဖြစ်သည်၊

ဒီလိုနဲ့ ကိုရိုးနဲ့ မောင်ခီး နှစ်ယောက်ပစ္စည်းတွေကိုအိမ်ထဲသွင်းဖို့လုပ်နေစဉ်မှာဘဲ အမျိုးသမီးက နောက်ကလိုက်လာပြီး လက်မှတ်ထိုးရမယ့်အိမ်ငှားစာချုပ်ကို လာပေးသည်၊ များလိုက်တဲ့စာရွက်တွေ၊ မူးယစ်ဆေးဝါးမသုံးစွဲရ၊ ဂစ်မီးဖိုမသုံးရ စသည်ဖြင့်လက်မှတ်ထိုးပေးလိုက်သည်၊ အိမ်ခန်းကတော့ အရင်ကနေခဲ့တဲ့ အခန်းထက်အများကြီးကျယ်သွားသည်၊ အိပ်ခန်းနှစ်ခန်း၊ အိမ်သာရေချိုးခန်းနှစ်ခန်းပါသည်၊ ရေချိုးခန်းတစ်ခန်းမှာကိုဘဲ ကုတင်သွင်းပြီးတစ်ယောက်အိပ်လို့ရအောင်ကျယ်သည်၊ နံရံကပ်ဘီရိုတွေကလည်းမနည်းပါသည်၊ ကိုရိုးလည်း ဟစ်စပန်းနစ်အမျိုးသမီးလိုက်ပြတာကို ကြည့်ပြီးချိန်မှာဘဲ မောင်ခီးတစ်ယောက်ပစ္စည်းတွေကို သူတစ်ယောက်ထဲအိမ်ထဲသွင်းပြီး သွားလေသည်၊ အမျိုးသမီးပြန်ထွက်သွားချိန်မှာ နာရီကြည့်လိုက်တော့ အချိန်သိပ်မရှိတော့၊ ဗိုက်ကလည်းဆာလှပြီဆိုတော့ မိုးရွာထဲမှာဘဲပြန်ထွက်လာခဲ့လိုက်ကြတော့သည်၊ အပြန်ခရီး ၂နာရီခွဲလောက်မောင်းရဦးမှာဆိုတော့ နီးရာ ဆိုင်မှာ အရင်ဝင်စားလိုက်ကြသည်၊
ပြန်မယ်ဆိုမှ မိုးကပိုသည်းလာသည်၊ ၄၈၅ မြို့ပတ်လမ်းကို ၀င်လိုက်ချိန်မှာတော့ ကားရှေ့ကိုက်အနည်းငယ်ခန့်ကိုသာမြင်ရတော့သည်၊ မီးဖွင့်ပြီး ရှေ့ကားရဲ့နောက်မီး အနီလေးကိုသာ အတင်းကြည့်ပြီးမောင်းရတော့သည်၊ ရှေ့ကားဘီး တွေကရက်ထုတ်လိုက်တဲ့ ရေစက်ရေမှုန်တွေက မြင်ကွင်းကိုပိုဝါးနေစေတော့သည်၊ ဒီလိုနဲ့ အမှတ်၈၅ အဝေးပြေး လမ်းမကြီး ပေါ်ကိုပြန်ထွက်ရမည့်နေရာကို အတင်းပြူးပြဲကြည့်ရသည်၊ တော်ကြာ ထွက်ပေါက်ကျော်သွားရင် နောက်တစ်ပတ်ပြန်ပတ်နေရဦးမည်၊ ဒီမိုးဒီလေ နဲ့ ဒီအချိန်မှာ တော့ အမှားမခံနိုင်တော့…ဒီလမ်းကလည်း မကြွမ်းသေးတော့ ပိုသတိထားရသည်၊ နောက်ပြီး ဂျီပီအက်တွေဘာတွေလည်းမရှိ၊ ဒီတော့ ထွက်ပေါက်နီးလာတာနဲ့ သေခြာအောင်အစွန်ဆုံးလမ်းကို ယူမောင်းလိုက်သည်၊ ဒီကြားထဲ မိုးတွေကပို ပိုသည်းလာတော့ လမ်းညွန်ဆိုင်းဘုတ်တွေကို အနားရောက်မှဘဲဖတ်လို့ရတော့သည်၊ ဟောတွေ့ပြီ ၈၅ သို့ ထွက်ပေါက်အမှတ် ၁၀ အေ၊

၈၅ပေါ်ပြန်ရောက်မှဘဲ အိမ်ပြန်ရောက်သလို စိတ်အေးတော့သည်၊ အင်း..ဘာဘဲပြောပြော ကိုသိမ်းကြီးဆီဖုန်းဆက်ဦးမှ သူအိမ်ပြန်ရောက်လောက်ပြီ..၊ ကိုသိမ်းကြီးက အိမ်မှာ ထမင်းတွေဘာတွေတောင်စားနေပြီကိုး…ဒါပေမယ့် ကိုသိမ်းဆီက သတင်းကသိပ်မကောင်း လမ်းမှာစနိုးတွေအရမ်းကျနေပြီတဲ့..၊ ဒီမှာတော့ မိုးဘဲရွာနေသေးတယ်၊ ရှားလော့မြို့ကအထွက်မှာ ကိုရိုး တစ်ယောက်မိုးနည်းနည်းစဲသွားလိုစိတ် ချမ်းသာမလိုရှိနေတုန်းမှာ စနိုးတွေအဖတ်လိုက်ကျလာတော့သည်၊ ဒီတော့ အိမ်အမြန်ရောက်အောင်မောင်းမယ်လို့ ကြံလိုက်သည်၊ ဘေးခုံမှာတော့ မောင်ခီးတစ်ယောက် တစ်ရူးရူးနဲ့ အိပ်မောကျနေလေသည်၊ သူ့ခင်ဗျာ ညည တွေမှာ ညလုံးပေါက်စစ်တိုက်ရ၊ ကားမောင်းပြိုင်ရနဲ့ဆိုတော့ပင်ပန်းရှာသည်၊ လောလောဆယ်တော့ သူ့ကမ္ဘာက ပလေးစတေရှင်သရီး နဲ့ အလုပ်ဘဲရှိသည်၊ “မောင်ခီးရေ စနိုးတွေကျလာပြီဟ” “အင်း.. “ စိတ်မ၀င်စားသလို တစ်ချက်ခေါင်းထောင်ကြည့်ပြီးပြန်အိပ်ပျော်သွားလေတော့သည်၊


ဒီလိုနဲ့ကိုရိုးတစ်ယောက်ပျူးတူးပြဲတဲ အတင်းမောင်းလာရင်း ရုတ်တရက်ရှေ့ ကားတွေအကုန်ဘရိတ်မီးတွေလင်းပြီးအရှိန်ရှော့လိုက်ကြသည် နောက်တော့ တစ်နာရီ ၁၀မိုင်နှုန်း ခန့်နဲ့လှိမ့်တယ်ဆိုယုံသာ သွားနေကြတော့သည် ၊ ဟောတွေ့ပါပြီ ရှေ့မှာ ကားတွေတစ်သီကြီး လမ်းဘေးမှာထိုးကျနေသည်၊ တိုက်ထားလို့ပိန်လိမ်နေကြပြီး တစ်စီးက လမ်းပေါ်မှာ တစ်ချမ်းရှိနေသေးသည်၊ ရဲကားတွေဘာတွေမရောက်သေး၊ အဲဒီနေရာနဲ့ နဲနဲကျော်တာနဲ့ ကားတွေအရှိန်ပြန်တင်မောင်းကြပြန်သည်၊ စနိုးတွေကတော့ နေရာတစ်ကာမှာဖွေးလို့နေသည်၊





အဖတ်လိုက်စနိုးတွေကကားလမ်းပေါ်မှာ တစ်ဖြေးဖြေးစုပုံလာနေပြီ၊ ခဏခဏ လမ်းပြောင်းမောင်းရင် အန္တရယ်များသည်၊ ရှေ့ကားဘီးရာအတိုင်းလိုက်မောင်းမှ..၊ ၇၅မိုင်နှုန်းဆို အိုကေ လောက်ပါရဲ..၊ စဉ်းစားနေစဉ်မှာဘဲ လမ်းဘေးထိုးကျနေတဲ့ ကားတွေပိုများလာသည်၊ လျှော့မှလျှော့မှ..၊ အရှိန် လျှော့လိုက်မှဘဲ ကားက ရုတ်တရက် ရှောကနဲဆွဲသွားသည် အသာလေးအလိုက်သင့် လိုက်သွားပြီး မှ လမ်းပေါ်ကိုပြန်ချိန်ပြီး မျှောတင်လိုက်ရသည်၊ ရောင်လို့များ ဘရိတ်အုပ်လိုက်လို့ ကတော့ လမ်းဘေးတောအုပ်ထဲမှာ ကိုရိုးတို့ စနိုး အမြှုတ်ခံရမည်..၊ တော်သေးသည် ဘေးမှာ ကားတစ်စီးမှမရှိလို့ မတိုက်မိတာ၊ ကားတွေအကုန်လုံး တစ်စီးနဲ့ တစ်စီးအဝေးကြီးခွာမောင်းနေကြသည်၊



အနက်ရောင်လမ်းမကြီးကလည်း အဖြူရောင်ပြောင်းနေပြီ၊ လမ်းအမှတ်အသားတွေလည်း မတွေ့ရတော့.. ရှေ့ကားဘီးရာတွေသာ အားကိုးမောင်းရတော့သည်၊ စောစောကမိုးထဲမှာ ရှေ့ကားရဲ့နောက်မီးကိုအားကိုးမောင်းခဲ့ရပြီး အခုတော့ ဘီးရာကို အားကိုးနေရသည်၊

အံမာ ပြောရင်းဆိုရင်းကနေ ဖို့ မတ်စတန်းပြိုင်ကားအနီလေးက နောက်မှာကပ်လိုက်နေသည်၊ ကိုယ့်ဆရာက စိတ်ရှည်ပုံမရ လမ်းပြောင်းပြီးကျော်တက်သွားသည်၊ ကားဘီးနဲ့တိုက်ခြေလိုက်တဲ့ စနိုးနဲ့ရေခဲမှုန်တွေ ဖွားကနဲလွှင့်စဉ်ထွက်လာပြီး မတ်စတန်းလေးရဲ့နောက်မီးနီနီလေးတစ်စုံဟာ တရိတ်ရိတ်နဲ့ ပျောက်ကွယ်သွားလေတော့သည်၊ ကောင်းလှချည့်လား.. တကယ်ဆိုအဲ့ဒီလိုပေါ့ပေါ့ပါးပါး ကားလေးတွေက ပိုပြီးထိမ်းမောင်းရမှာ.. တွေ့သမျှ ပြိုင်ကားလေးတွေအားလုံးဖြေးဖြေးဘဲမောင်းနေကျတာ..၊ သိပ်မကြာလိုက် ဟိုး…ခပ်ဝေးဝေးလမ်းဘေးတစ်နေရာ တောအုပ်အစပ် လမ်းအနိမ့်ထဲက စနိုးပုံထဲမှာ လာရာလမ်းကို ခေါင်းလှည့်ပြီး ရှုန်းကန်နေရှာတဲ့ မတ်စတန်းလေးကို စိတ်မကောင်းစွာဘဲ တွေ့လိုက်ရသည်၊ သူ့ခင်ဗျာ ဘာတွေအရေးကြီးလာလည်းမသိ၊ အခုတော့တညတာ တော့ဒုက္ခရောက်ပြီ၊ ဟိုက်ပွိုင့်မြို့နားရောက်တော့ စနိုးတွေကပိုပိုကျလာပြီး အရာရာဟာ ဖြူဖွေးပြီး အုန့်မှိုင်းနေလေတော့သည်၊ ကိုရိုးရဲ့ကားကလည်း မိုင်၆၀ အောက်မှာဘဲမောင်းနေရတော့သည်၊ စနိုးထူတဲ့နေရာဆိုမိုင် ၅၀ လောက်နဲ့ဘဲမောင်းရတော့သည်၊ ဒီတော့ အမြန်လမ်းမကြီးမှာ ကားတွေတစ်ရွေ့ရွေ့နဲ့ခပ်ခွာခွာ မောင်းနှင်နေကြရသည်၊
ကံမကောင်းကြရှာတဲ့ လမ်းဘေးထိုးကျနေတဲ့ကားတွေကိုလည်း ကိုယ်ခြင်းစာမိသည်၊ ဘာဘဲ ပြောပြောခပ်ဖြေးဖြေးမောင်းနေရသေးလို့တော်သေးသည်၊ အိမ်ကိုတော့ ဒီညပြန်ရောက်မှဖြစ်မည်၊

၈၅ လမ်းမကြီးကနေ ချက်ပါဟေး၊ကာဘိုရိုကိုထွက်တဲ့ ထွက်ပေါက်အမှတ် ၁၄၈ ကနေ ၅၄လမ်းပေါ်ကိုဆင်းလိုက်ပြီး လမ်းဘေးဓာတ်ဆီဆိုင်မှာခဏ၀င်လိုက်နားလိုက်သည်၊ စနိုးအဖတ်လိုက်ကျနေပြီးလေတိုက်နေတော့ အပြင်မှာဆေးလိပ်သောက်လို့မရတာနဲ့ ကားထဲပြန်ဝင်ပြီး တခါးနဲနဲချပြီးကားထဲမှာဘဲသောက်ရတော့သည်၊ အေးလိုက်တာလည်းလွန်ပါရောလား..၊ အဲ့ဒီအချိန်မှာ မောင်ခီးတစ်ယောက် စတိုးဆိုင်ထဲဝင်သွားပြီး ကော်ဖီပူပူနဲ့ မှုန့်ဝယ်လာသည်၊ ကားထဲမှာဘဲကော်ဖီသောက်ပြီးခဏနားရသည်၊ မှောင်နေပြီဆိုတော့ ကြာကြာလည်းနားလို့မဖြစ်၊

တောလမ်းသာသာ ၅၄လမ်းပေါ်ရောက်တော့ ကားအသွားအလာအရမ်းရှင်းနေသည်၊ ရှေ့မှာရော နောက်မှာရော ကားတစ်စီးမှမတွေ့ လမ်းကလည်းဖြူဖွေးနေပြီး စနိုးတွေရေခဲတွေနဲ့ လမ်းအမှတ်အသားကိုမမြင်ရတော့..ခက်ပြီ၊
ဘီးယာမှိန်မှိန်ကျန်နေတဲ့ လမ်းပေါ်မှာဘဲမှန်းပြီးမောင်းရတော့မည်၊

ဘာဘဲပြောပြော ကာဘိုရိုမြို့ကိုတော့ ချောချောမောမော ပြန်ရောက်ခဲ့ပါပြီ၊ အဲ..ဒါပေမယ့် မောင်ခီးအိမ်ကိုပြန်လိုက်ပို့ပေးရဦးမည်၊ သူ့ဆိုင်ကယ်ကိုတော့ အိမ်မှဘဲတညသိပ်လိုက်ရတော့သည်၊ မြို့ထဲမှာ စနိုးရှင်းတဲ့ ရှေ့မှာ ဂေါ်ပြားတပ်ထားတဲ့ ကားကြီးတွေတွေ့တော့ နဲနဲတော့အားရှိသွားရသည်၊

မောင်ခီး တို့နေတဲ့နေရာက တောင်ကုန်းလေးတစ်ခု အဆင်းလမ်းတစ်ဝက်မှာ ဆိုတော့ အတော်သတိထားပြီး သူတို့အိမ်ဘက်ကိုဝင်ရသည်၊ မောင်ခီးကို နှုတ်ဆက်ပြီးအပြန်မှာတော့ ကုန်းတက်ကို ချိုးကွေ့ပြီးတက်ရမည်၊ စနိုးတွေကလည်း အပြည့်..အတင်းသတိထားနေတဲ့ကြားမှာ ဘဲကားက တရွှတ်တိုက်ဆွဲပြီး ကုန်းဆင်းလမ်းကို ဆွဲချသွားလေတော့သည်၊ သေပြီ..မှောင်မိုက်အေးစက်တဲ့ ဒီလိုညမှာ စနိုးပုံထဲက ရှုန်းထွက်ရပေတော့မည်၊ အင်း..စိတ်ရှည်ရှည်ထားမှ..၊ ကားက လမ်းဘေးမှာ တရွှတ်တိုက်ဆွဲဆင်းသွားပြီး လမ်းဘေးအကာကို သွားထိပြီးရပ်သွားလို့တော်သေးသည်၊ လမ်းဟိုဘက်..မှာတော့ ချောက်ကအတော်နက်သည်၊ ဖြည်းဖြည်းချင်း ဘီးလိမ့်ထွက်ပြီး လက်ကိုင်ကို ပြန်မျှောထွက်တော့ ကားက လမ်းပေါ်ပြန်ရောက်သွားလို့တော်တော့သည်၊

ဒီလိုနဲ့ ကိုရိုးတစ်ယောက် အဲ့ဒီညက အိမ်ကို အတော်နောက်ကြမှပြန်ရောက်သည်၊ ဘာဘဲပြောပြော ပြန်ရောက်လို့တော်ပါသေးသည်၊ နော့လ်ကာရိုလိုင်းနား ကပုံမှန်အားဖြင့်စနိုးပါးပါးဘဲကျတတ်ပြီး ရာသီဥတုအလွန်သင့်တင့်တဲ့ နေရာလို့ပြောရမှာဖြစ်သည်၊ ဒီတော့ နော့လ်ကာရိုလိုင်းနားသားတွေက စနိုးထူထူနဲ့တွေ့တော့လမ်းဘေး ထိုးကျကုန်တော့သည်၊ ကိုရိုးတစ်ယောက် နယူးယောက်တို့ အင်ဒီယားနားတို့က လူတွေဆိုဘယ်လိုနေပါ့လိမ့်လို့တွေးမိသေးသည်၊

ကိုရိုး အဲဒီညက ၀ီစကီတစ်ခွက်ကို အားရပါးရသောက်ပြီး နောက် မနက်ဖြန်တစ်ခေါက်ပြန်ရဦးမည့် ခရီးကို အိမ်ရှင်မနှင့်တိုင်ပင်နေမိသည်၊ ကလေးတွေနဲ့ ဒီစနိုးနဲ့ ဖြည်းဖြည်းဘဲမောင်းမှ..

ဘာဘဲပြောပြော ကိုရိုးတို့ အိမ်ပြောင်းခဲ့ပါပြီ..၊ နှုတ်ဆက်ခဲ့ပါတယ် ချက်ပါဟေးရေ..
သိပ်မဝေးလှတဲ့ခရီးမို့ လာချင်ရင်တော့အနီးကလေး မကြာမကြာတော့ပြန်ရောက်နေဦးမှာပါ..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

(အောက်မှ ဓာတ်ပုံနှစ်ပုံမှာ အင်တာနက်မှရယူပါသည်)

Friday, June 12, 2009

အယုံသွင်းပြီး အပြတ်ရှင်းတတ်သည်



အထက်မတ္တရာသစ်တောကြိုးဝိုင်းတနေရာက အထပ်ထပ်နဲ့ညို့မှောင်မြင့်မားလှတဲ့ တောင်တန်းကြီးတွေရဲ့ကြားမှာတော့ စမ်းချောင်း လေးတစ်ခုရှိလေသည်၊ ကျယ်ပြောလှတဲ့စမ်းချောင်းလေးက တောင်ကျချောင်းတို့သဘာဝ မိုးရာသီဆိုရေစီးသန်သည်၊ ယခုအချိန်နွေရာသီမှာ တော့ ချောင်းအလယ်လောက်မှာသာရေစီးသည်၊ ပြီးတော့ ကျောက်တုံးကြီးငယ် အရွယ်မျိုးစုံက ချောင်းတစ်ခုလုံးပြည့်နှက်နေပြီး ကျောက်တုံးကြီးများအောက်ခြေမှာတော့ ရေအိုင်ငယ်များဖြစ်နေတတ်သည်၊ တချို့ကျောက်တုံးကြီးများက လူတစ်ရပ်မကမြင့်ပြီး တချို့ကတဲအိမ်ငယ်တစ်လုံးစာမက ကြီးမားကြသည်၊

ကလေးငယ်များသာဆိုလျင်တော့ တူတူပုံးတန်းကစားဖို့ပင်ကောင်းတော့သည်၊ နောက်ပြီး ထိုကျောက်တုံးများအောက်ခြေမှာ ကွေ့ပတ်ပြီးဖြစ်ပေါ်နေတဲ့ရေအိုင်တွေထဲမှာငါးမျိုးစုံ ခိုအောင်းနေကြသည်၊ ပေ၅၀ ခန့်ကျယ်တဲ့ ချောင်း၏တစ်ဖက်တစ်ချက်ကမ်းပါးတောင်တန်းပေါ်မှာ တော့ထူထပ်လှတဲ့တောအုပ်ကြီးက ချောင်းကိုအုပ်မိုးထားလေရဲ့၊ ချောင်းကွေ့မှာဖြစ်ပေါ်နေတဲ့ သဲသောင်ခုံ ကြီးရဲ့အစပ်မှာ့ ခြေတံရှည် တဲအိမ် နှစ်လုံး ရှိသည်၊ တကယ်တော့ ဒီနေရာက ပန်းချီကားတစ်ချပ်နှင့်ပင်တူတော့သည်၊ ဒီနေရာလေးကို မြိုင်သာယာစခန်းဟုခေါ်သည်၊ မိုးကုတ်မန္တလေးကားလမ်းမကြီးအတိုင်းလာပြီး မိုင်တိုင်အမှတ် ၅၁ အနီးမှ တောလမ်းအတိုင်း ဝင်သွားပါက တောင်တွေအထပ်ထပ် ဖြတ်ကျော်ပြီးအရှေ့ဖက်မိုင် ၂၀ ခန့်အကွာ တောင်ကြားထဲမှာ ရှိလေသည်၊

ညနေစောင်းချိန် ရောက် လာတော့ ကျေးငှက်မျိုးစုံရဲ့အိပ်တန်းတက်အော်မြည်သံ ကိုဆူညံစွာကြားလာရသည်၊ မျောက်များကလည်းအားကျမခံအသံပေးနေကြသည်၊ ဒီလိုနဲ့ ညနေစောင်းနေရောင် ကချောင်းတရှောက်ကိုဖျော့တော့စွာ အလင်းပေးနေချိန်မှာဘဲ ဆင်သုံးကောင်သည် ဟိုးတဖက်ချောင်းဖျားအကွေ့မှ လှုပ်လီလှုပ်လဲ့ထွက်လာတာကို အဝေးမှလှမ်းမြင်လိုက်ရသည်၊ သူတို့ကိုယ်ပေါ်ကပခက်ထဲမှာလည်း ပစ္စည်းတွေကအပြည့်အမောက်၊ ဆင်တွေကိုမြင်တော့ တဲ အောက်မှ ခွေးတွေဝမ်းသာအားရပြေးထွက်သွားကြသည်၊ ဒီတော့မှ ကျွန်တော်လည်း ချောင်းဘေးသစ်လုံးပေါ် ထိုင်နေရာမှ လေးတွဲ့စွာထလိုက်သည်၊ သူတို့ပြန်လာကြပြီဘဲ၊ တစ်ညနေလုံးစောင့်နေရာမှသူတို့ကိုမြင်လိုက်တော့ အနည်းငယ်စိတ်သက်သာရာရသွားသည်၊ သူတို့ရောက်မှဘဲအခြေအနေကို အသေးစိတ်သိရ ပေမည်၊ ဒီအချိန်မှာဘဲ တဲထဲမှာထမင်းချက်နေတဲ့ ကိုလှထွက်လာပြီး လှမ်းအော်လိုက်သည်၊ “ကိုမျိုးရေ ရယ်ဒီဖြစ်တော့မယ်၊ သူတို့ရောက်လာတာနဲ့အတော်ဘဲ” “ဟေး…” ရှေ့ဆုံးဆင်ပေါ်က မောင်ငယ်ကျွန်တော့်ကိုမြင်တော့ ဝမ်းသာအားရလှမ်းအော်လိုက်သည်၊

ဒီလိုနဲ့ ကျွန်တော်လည်းဆင်တွေပေါ်ကပစ္စည်းတွေကို ဝိုင်းကူချပြီးတာနဲ့ ဆင်တွေကို မကျည်းမှည့် အနည်းငယ်ဆီကျွှေး နှုတ်ဆက်လိုက်သည်၊ ပြီးနောက် ဆင်ဦးစီးများက သူတို့အားအစာရှာစားဖို့လွှတ်ပေးလိုက်တော့သည်၊ ဒီလိုနှင့် ဆင်သုံးကောင်သည် ချောင်းကမ်းပါးတလျောက်ကဝါးတောကြီးထဲကိုတဖျောင်းဖျောင်းနှင့်အစာရှာစားရင်း တိုးဝင်သွားလေတော့သည်၊

မောင်ငယ်တို့ဆင်ဦးစီးတွေလည်းသူတို့လုပ်စရာရှိသည်များကို ဆက်လုပ်နေကြလေသည်၊ ဆင်ဦးစီးတို့ဘဝကနားချိန်မရှိ အလုပ်နဲ့လက်မပြတ်လုပ်နေရသူများဖြစ်သည်၊ ထိုစဉ်မှာဘဲ မွှေးကြီးနဲ့ ကိုမြင့်တို့သေနတ် ထမ်းပြီး တောအုပ်ထဲကထွက်လာကြသည်၊ မွှေးကြီး လက်ထဲမှာတော့ရစ်နှစ်ကောင်ဆွဲလာပြီး ကိုမြင့်က ဂျေတစ်ကောင်ကိုထမ်းလာသည်၊ ဒီညတော့ပွဲကောင်းတော့မည်၊ ခဏနေတော့ ကိုလှက ကြက်သားကာလသားချက်ပူပူကို ဇလုံကြီးနဲ့ထဲ့ပြီးယူလာသည်၊ “ကဲကဲရှိတာနဲ့စလိုက်ကျစို့.. ကျန်တာတွေကျွန်တော်ဆက်လုပ်လိုက်မယ်၊” ဒီဆင်ဝိုင်းမှာ ကိုလှကအချက်အပြုတ်တာဝန်ကိုလောလောဆယ်ယူထားသည်၊ ဒီမှာကမိန်းမတစ်ယောက်မှ မရှိ အကုန်ယောက်ျားများသာ၊ သူတို့မိသားစုတွေကို နီးစပ်ရာ မိုးကုတ်မန္တလေးကားလမ်းဘေးက ရွာတွေမှာထားသည်၊ ကလေးတွေကိုကျောင်းတက်စေသည်၊ အခုနွေရာသီကျောင်းပိတ်ချိန်မှာတောင် သူတို့တွေအရင်လိုဆင်ဝိုင်းမှာလာမနေဘဲ ပျော်စရာတွေရှိတဲ့၊ နေ့ရောညပါ ဆူညံပြီးအရမ်းကိုစည်ကားတဲ့မကြာခင်ကမှပေါ်လာတဲ့ရွှေစခန်းတွေဘက်မှာသွားနေကြသည်၊ အဲဒီမှာဈေးရောင်းရတာကလဲ သိတ်မြတ်တာကိုး..၊
ကိုလှရဲ့မွေးကြိုင်လှတဲ့ တောကြက်သားချက်ကို လှမ်းယူလိုက်ပြီးချောင်းဘက်ကိုလှမ်းကြည့်လိုက်သည်၊ အချိန်တောင်အတော်နဲသွားပြီဘဲ၊ ကျွန်တော်က တဲအပြင်စမ်းချောင်းဘေးကကျောက်တုံးတွေပေါ်မှာ အရက် သွားသောက်ချင်သောလည်း အတော်မှောင်လာပြီဖြစ်တာကြောင့် တဲပေါ်မှာဘဲ ဝိုင်းဖွဲ့လိုက်ရတော့သည်၊

ကျွန်တော်၊ မွှေးကြီးနဲ့ ကိုမြင့်တို့သုံးဦးကလွဲပြီးကျန်တဲ့သူတွေက သိတ်မသောက်၊ ပြီးတော့သူတို့အားလုံးက ဒီဆင်ဝိုင်းက ဆင်ဦးစီး၊နောက်လိုက်နဲ့ စခန်းအုပ်ချုပ်သူတွေဖြစ်သည်၊ ကျွန်တော့်သူငယ်ချင်း ကိုမြင့်က သစ်တောဝန်းထမ်းပေါက်စ ချောင်းခေါင်း၊သူကမေမြို့ကဖြစ်သည်၊ မွှေးကြီးနဲ့ကျွန်တော်နဲ့က ဒီတောဒီတောင်တခွင် ရွှေတူးကျောက်တူး အမဲလိုက် သစ်ခုတ် ဝါးခုတ် အစုံလုပ်တဲ့သူတွေ၊ ကုန်ကုန်ပြောရရင် အနီးအနားရွာတွေက မင်္ဂလာဆောင်တွေမှာ ကျွန်တော်က ဓာတ်ပုံလိုက်ရိုက်ရင် မွှေးကြီးပါလာတတ်သလို၊ မွှေးကြီးတို့အဖွဲ့ရွာစဉ်အနှံ့ ပွဲတွေမှာ ထမင်းချက်ဒန်ပေါက်ချက် အငှားလိုက်ရင်လည်း ဘာမှမလုပ်တတ်ဘဲ ကျွန်တော်ပါသွားတတ်သည်၊ အများအားဖြင့်ကျွန်တော်ကတောက်တိုမယ်ရ သူတို့ခိုင်းတာဘဲလုပ်တတ်သည်၊ ထင်းခွဲ အသားခုတ် ဟိုလုပ်ဒီလုပ်..မိုးချုပ်တော့ မနီးမဝေးက ကောက်ရိုးစဉ်နားမှာ ကျက်သမျှဟင်းတွေကိုမြည်းရင်း အရက်တစ်လုံးပြီးတစ်လုံးမိုးလင်းတဲ့အထိထိုင်သောက်..၊ သူတို့က တော့မိုးမလင်းခင်ချက်စရာရှိတာပြီးအောင်ချက်၊ မိုးလည်းလင်း ရော ရစရာပိုက်ဆံကိုအလှူရှင်၊မင်္ဂလာဆောင် သတိုးသားတို့ ဆီကတောင်းပြီး ကျွန်တော့်ကိုလှည်းပေါ်တင်ပြီးအိမ်ပြန်ရုံသာ၊ အဲ..သူနဲ့ကျွန်တော်စီးပွားရေုးတော့တွဲမလုပ် အဲဒါကတော့ ရွှေတို့ကျောက်တို့ဘယ်တော့မှနှစ်ယောက်အတူတွဲမတူး၊ အဲဒီအခါ သူကသူ့အဖွဲ့နဲ့သူ ကိုယ်ကကိုယ့်အဖွဲ့နဲ့ကိုယ်၊ များသောအားဖြင့်သူ့ကိုကျွန်တော်တို့က နှုတ်ခမ်းမွေးကိုအကြိုက်ထားတတ်လို့မွှေးကြီးလို့ပဲခေါ်ကြသည်၊ ပြီးတော့..ကျွန်တော်တို့သုံးဦးစလုံးကဒီနယ်ကမဟုတ်သလို ငယ်သူငယ်ချင်းများလည်းမဟုတ်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဒီနယ်ဘက်ကိုရောက်လာကျသူတွေချင်းမို့ ခင်မင်သွားကျတာဖြစ်သည်၊ ဒီလိုနဲ့ဒီတောဒီတောင်တစ်ကျောကဆင်စခန်းတွေကို ကျွန်တော်မကြာခဏအကြောင်းအမျိုးမျိုးနဲ့ရောက်ဖြစ်တတ်သည်၊

“ကျွန်တော်တို့ဆက်မနေရဲတော့ဘူး ဆရာ သူတို့ကလူအင်အားတောင့်တယ်ကြားတယ်၊ လက်နက်လည်းစုံတယ်တဲ့ ဒါနဲ့စခန်းပြန်ဆုတ်လာကြတာ..” စခန်းခေါင်းဆောင်ဦးနီဆောင်ကပြောလာသည်၊ သူကသာဆရာလို့ပြောနေတာ ကျွန်တော်တို့အသက်က ၂၀ ကျော်ရုံသာရှိကြပါသေးသည်၊ ဘဝပေးအခြေအနေအရ ဒီတောဒီတောင်ထဲရောက်လာကြပြီး ဒီဒေသကိုသံယောဇဉ်တွယ်လာကြတာဖြစ်သည်၊
“သစ်ကွက်တွေလည်းပြတ်ခါနီးပါပြီ..ကျွန်တော်တို့လက်စမသတ်သေးတာလေးတွေပြန်စီစဉ် ကြတာပေါ့ဗျာ၊” ကိုမြင့်ကအာမီရမ်ပုလင်းကချိတ်တွေ ကို ဓါးမြောင်အနှောင့်နှင့်ရိုက် ကာခွာလိုက်ပြီး နောက် ပုလင်းကိုဖွင့်လိုက်သည်၊ သက်ဆိုင်ရာတောပိုင်တောင်ပိုင်များကိုထုံးစံအတိုင်းပသ လိုက်ကြပြီးအလှည့်ကျ အရက်ဝိုင်းကို စလိုက်လျင် ပုလင်းကိုင် ကိုမြင့်က သူ့ဘေးက ကျွန်တော့် လက်ထဲကိုအရက်ခွက်ထိုးပေးလိုက်သည်၊ ဒီလိုနဲ့အရက်ခွက်လေးသည် တလက်ပြီးတလက်ပြောင်းရင်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်နေပါတော့သည်၊

အရှိန်လေးရတော့မှ စကားပြန်စသည်၊ ကိုဖဲက စိတ်မသက်မသာဖြစ်နေဟန်ဖြင့် “ကျွန်တော် ဒီကောင်တွေကို လွန်ခဲ့တဲ့တလလောက်က တခါ ရွှေပြန်ရေတံခွန်နားမှာ တွေ့ လိုက်သေးတယ်၊ အစကတော့ ရွှေတူးတဲ့သူတွေလို့ထင်နေတာ..၊” “ဟုတ်ပါတယ်ဒီကောင်တွေဘဲနေမှာပါ..၊ ဒါပေမယ့်အတွင်းလူမပါဘဲ လုပ်လို့ရတာမှမဟုတ်တာဘဲဗျ..၊ ဟိုခွေးမသား ငတင့်ဒီကောင်တွေနဲ့ပေါင်းလုပ်တာဖြစ်ရမယ်၊” မောင်ငယ်ဝင်ပြောလိုက်သည်၊ ဟုတ်သည်တောက်လုံးမှိုင်းလို စွယ်စုံဆင်ခေါင်းကြီးတစ်ကောင်ကို ဘယ်လိုလူက တောင်တွေဝိုင်းရံထားတဲ့ ဒီလိုကျဉ်းမြှောင်းတဲ့ချပ်ကြားထဲ မောင်းခေါ်လာနိုင်မလည်းဆိုတာကအထွေအထူးစဉ်းစားစရာတောင်မလို၊ တောင်လုံးမှိုင်းကိုစီးဘူးတဲ့သူတွေထဲမှာ ငတင့်လည်းပါသည်၊ အကျင့်မကောင်းလို့အလုပ်မှရပ်ဆဲခဲ့သော်လည်း သူကဒီတောထဲကထွက်မသွား တဝဲလည်လည်လုပ်နေသည်၊ အခုတော့သူ့အကြံကိုသိလိုက်ရချိန်မှာသိပ်နောက်ကျသွားပါပြီ၊
ယုံကြည်မှုကိုဖောက်ဖျက်ခံလိုက်ရတဲ့ တောင်လုံးမှိုင်းမှာတော့ လူယုတ်မာတစုကို အစွယ်တစ်စုံအတွက် အသက်ပေးလိုက်ရချေပြီ၊ တောင်းလုံးမှိုင်းရဲ့ ခန့်ညားတဲ့ဟန်နဲ့အတူ တောင့်တင်းလှပတဲ့အစွယ်တစ်စုံကို မြင်ယောင်မိလာသည်၊ သူက ဟိုင်းဆင်တွေလို ခွန်အားကြီးသလို သဘောလည်းကောင်းသည်၊ အလုပ်လည်းတော်လို့နာမည်ကြီးသည်၊ ပြီးတော့ဒီဆင်အုပ်မှာ သူကခေါင်းဆောင်ဆင်၊

“မနက်ကျရင်တော့ ရဲတွေလိုက်လာလိမ့်မယ်၊ အခုသူတို့ ရွှေစခန်းမှာဆင်းနေခဲ့ကြတယ်၊ သူတို့ရောက်တာနဲ့ထွက်ကြတာပေါ့ဗျာ၊” “ကားက စက်ကျချောင်းစပ်ထိဘဲသွားလို့ရတော့တယ်၊ အဲဒီကနေ နေ့တစ်ဝက်လောက်တော့လမ်းလျှောက်ရမယ်” ကိုဖောင် ဝင်ပြောလိုက်တော့မှ သတိရသည်၊ ဆင်ဝိုင်းကလူတွေကကျွန်တော်တို့လိုမဟုတ် တာဝန်တွေကိုယ်ဆီနဲ့၊ မနက်မိုးမလင်းခင်မှာလည်း ဆင်တွေကိုပြန်ကောက်ရဦးမည်၊ “ကဲကဲ..ဒါဆိုလည်းနားကြဦးဗျာ..”၊ ကိုမြင့်ကနောက်တစ်လုံးဆွဲထုတ်လိုက်ရင်း ပြောလိုက်သည်၊
ဦးနီဆောင်နဲ့ဆင်ဝိုင်းကလူတချို့ (တချို့လူတွေကအရက်လုံးဝမသောက်)သောက် စားပြီးထသွားကြပေမယ့်၊ ကျွန်တော်တို့သုံးယောက်ကတော့သောက်လို့မပြီးသေး..၊ မနက်ကျရင်ဆက်ရမယ့်ခရီးကို တိုင်ပင်နေကြသည်၊ တောင်လုံးမှိုင်းအသတ်ခံရတဲ့နေရာကိုရှာရဦးမည်၊

ဆင်တစ်ကောင်ကိုသတ်တယ်ဆိုတာကလွယ်တာမဟုတ် လူထက်ခက်သည်၊ သေနတ်နဲ့တစ်ချက်ထဲရုတ်တစ်ရက်သေတာမဟုတ်၊ နောက်ပြီးဘယ်သူမှလည်းသိလို့မဖြစ်၊ တစ်ယောက်ယောက်ကမြင်သွားသိသွားရင်လည်း အဲဒီလူကို နောက်ကလိုက်ပြီးနှုတ်ပိတ်ပြစ်တတ်သည်၊ ပြီတော့ ဆင်သတ်မယ့်လူတွေက သူတို့အလုပ်လုပ်မယ့်နေရာတစ်ဝိုက်က ဝင်လမ်းထွက်လမ်းတွေမှာ ထောင်ချောင်တွေဆင်ထားတတ်သည်၊ ဒါမှ အမှတ်တမဲ့ရောက်လာတဲ့သူကို ရှင်းပြစ်လို့ရမှာကိုး၊
ထိုညကတော့တောင်လုံးမှိုင်းအကြောင်းစဉ်းစားနေရင်းတော်တော်နှင့်အိပ်မပျော်..၊
သိတ်ကိုလိမ်မာတဲ့စွယ်စုံဆင်ကြီး၊ သူ့ကိုသတ်မဲ့အစားဘာလို့များ အနောက်တောဆင်ဝိုင်းက စွယ်စုံ လူသတ်သမား ဖားပျံ ကိုမသတ်တာလဲ၊ ဖားပျံကမှတကယ့်ဆင်မိုက် စီးရဲသူမရှိသလောက်၊ သတ်တာလဲကိုးလောင်းမ ဆယ်လောင်းကျော်ပြီ၊ သတ်မိန့်တောင်ပေးထားပြီးပြီကြားသည်၊ ဒါပေမယ့်လည်းစီးမဲ့သူကရှိလာပြန်တော့ မသတ်ဖြစ်၊ သူကလဲမိုက်သလားမမေးနဲ့လို့ဆိုရမည်၊ နားရွက်တစ်ဖက်ကပြတ်သလောက်ကို ဓားနဲ့ခုတ်ထားခံရသည်၊ သူ့ကိုမြင်ရတိုင်းလည်းခေါင်းကသွေးသံတရဲရဲ ဆင်ဦးစီးကလည်း လက်မရွှံဦးစီး၊
ဆင်ခိုးသတ်တဲ့ကောင်တွေက ဒီလိုဆင်မျိုးကျဘာလို့မသတ်လည်း သူလည်းစွယ်စုံကြီးဘဲ၊ အစွယ်လိုရင်သွားသတ်ကြလေ..၊

ဆင်ဆိုတာကလူတိုင်းအကိုင်ခံ၊ အကပ်ခံတာမဟုတ်၊ ဘုမသိဘမသိသွားကပ်လို့ကတော့ နံပြားဖြစ်သွားမည်၊ သူ့သခင်နဲ့ကိုယ်နဲ့ အတူတူဘော်ဒါဆိုတာကိုလည်းလက်ခံမှ၊ ပြီးတော့အထိအတွေ့များလာမှ တဖြေးဖြေးရင်းနှီးလာတာ..၊ သူ့ခေါင်းပေါ်မှာတက်စီးဖို့ဆိုတာကတော့ ကိုယ်ကလည်းသူ့အထာကိုသိမှ သူကလည်းကိုယ့်ကိုသူ့ဘော်ဒါလို့လက်ခံမှဖြစ်တာ၊
ဒီဆင်ဝိုင်းမှာ ကျွန်တော်နှင့်ခင်တဲ့ဆင်ကလည်း သူနဲ့ မိုးမခ နှစ်ကောင်ဘဲရှိသည်၊ သူတို့နဲ့ချောင်းထဲမှာရေချိုးရတာသိတ်ပျော်ဖို့ကောင်းသည်၊ ချောင်းရိုးအတိုင်းရေထဲ ကလာနေတဲ့ အခါ ကျွန်တော်က သူတို့ဦးကင်းပေါ်ကို ကမ်းပါးကျောက်တုံးကြီးပေါ်ကခုန်ချတာကိုမှတ်မိသေးသည်၊ တခါတလေလည်း သူ့ဦးကင်းပေါ်ကအရှိန်လွန်ပြီး သူ့အစွယ်ကြားရေထဲပြုတ်ကျတတ်သည်၊ သူ့ဦးကင်းပေါ်ကို ချိန်သားကိုက်ကျပြီး ဟန်ချက်ထိမ်းဘို့ကမလွယ်၊ ဒါပေမယ့် ဒီလိုခုန်တက်ရတာကမှပျော်စရာ၊ ပြီးတော့သူတို့ကိုယ်လုံးကို လျှော်ခေါက်တွေနဲ့ ပွတ်တိုက်ရေချိုးပေးရင်သူတို့ ဇိမ်ခံနေတတ်သည်၊ အခုတော့ တောင်လုံးမှိုင်းတစ်ယောက် ဒီတောဒီတောင်ကြားတစ် နေရာမှာ အသက်ပျောက်ရှာပါပြီ..၊
အစွယ်တစ်စုံအတွက် လူယုံသတ်လို့သေရှာပြီ၊

နေရာတိုင်းမှာ လူယုတ်မာတွေက လူကောင်းတွေအပေါ်အမြဲ လက်ဦးမှုရစမြဲ၊ ကောက်ကျစ်သူတွေရဲ့ထောင်ချောက်မှာ ရိုးသားသူတွေဘယ်လောက်စတေးခံရပြီးပြီလဲမသိ၊ သူရဲကောင်းတွေက ကြောက်တတ်သူတွေအတွက်အသက်ပေးနေရလေရဲ့၊ အပြောကြီးသူလူဆိုးလူမိုက်တွေကခေါင်းဆောင်လုပ်ပြီး တကယ်တတ်သိပညာရှိသူတွေက နောက်လိုက်ဖြစ်လားဖြစ်ရဲ့၊
ဒါပေမယ့်လေ.. ကျွန်တော်တို့ဘဝတစ်ရှောက်လုံးသင်ယူခဲ့ရတာက လူကောင်းတစ်ယောက်ဖြစ်ဖို့၊ ရိုးသားကြိုးစားဖို့၊ အနစ်နာခံကိုယ်ကျိုးစွန့်ရဲတဲ့သူရဲကောင်းစိတ်မွေးဖို့၊ အတတ်ပညာတွေသင်ယူပြီးလူ့လောကကို အကျိုးပြု့ဖို့မဟုတ်လား၊

ကျွန်တော် ရွှေတူးကျောက်တူးသမားတစ်ယောက်အနေနဲ့လည်းဒီလိုသင်္ခန်းစာတွေ အများကြီးရခဲ့ဘူး ပါတယ်၊ ဒါကြောင့်လည်းအခုအချိန်ထိ အရာရာတိုင်းကို သံသယရှိနေတတ်တာဖြစ်ပါလိမ့်မယ်၊
ဘဝပေးသင်ခန်းစာဆိုတော့ ဖျောက်ပြစ်လို့ရမယ်မထင်တော့ပါ..၊
ဒီအတွက်မှားတယ်ထင်ရင်ခွင့်လွတ်ပါ..လို့ပြောရင်းနားပါဦးမယ်၊

အမည်တချို့ပြောင်းရေးထားပါသည်၊ စကန်ဖတ်ပြီးတင်ထားတဲ့လွန်ခဲ့တဲ့၁၅နှစ်ကဓာတ်ပုံထဲမှာ ဘယ်သူလဲဆိုတာအဖြေရှာကြည့်ပါ၊ တောင်လုံးမှိုင်းအသက်ပေးခဲ့ရာနှင့်မိုင်အနည်းငယ်အကွာမှာရိုက်ထားတာဖြစ်ပါတယ်၊