Wednesday, July 29, 2009

အမေရိကန်ရောက် မြန်မာပိုင်သွန်များ


အမေရိကန်တောင်ပိုင်းပြည်နယ်တွေကို တစ်စတစ်စနယ်ချဲ့နေပြီး ဒေသခံတွေနဲ့ယဉ်ပြိုင်အနိုင်ယူလာနေတဲ့ သူတို့တွေကတော့ မြန်မာပိုင်သွန်တွေပါ၊ သူတို့တွေဘယ်လောက်ထိ နယ်ချဲ့နိုင်မလဲဆိုတာကို ခန့်မှန်းထားတဲ့မြေပုံကိုထုတ်ပြန်ထားပါတယ်၊
ကောင်လေးတွေကငယ်စဉ်ကတော့သိပ်လှတယ်၊ အရောင်အသွေးစုံနဲ့ တိတ်ဆိပ်ငြိမ်သက်ပြီး အလွန်လိမ္မာပုံရတာကို မြင်တာနှင့်သိနိုင်ပါတယ်၊ သူတို့တွေက အရှေ့တောင်အာရှသား မြန်မာမျိုးရိုးတွေ၊ လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင်လောက်ကစပြီး သူတို့တွေကို အမေရိကန်နိုင်ငံထဲကိုတင်သွင်းလာကြတာပါတဲ့၊ အခုတော့ သူတို့ကို ကျုးကျော်သူတွေအဖြစ်မြင်သူတွေကမြင်လာကြပြီး သူတို့အန္တရယ်ကို တဖြေးဖြေးနှင့်သတိထားမိလာကြပါတယ်၊ သူတို့တွေကတော့ မြန်မာစပါးအုံးမြွေမျိုး Burmese Python တွေပါဘဲ၊ ကမ္ဘာ့အကြီးဆုံး မြွေမျိုး ၆မျိုးထဲမှာပါ ပါတယ်၊

အဲဒီ မြန်မာစပါးအုံးမြွေတွေကို ကျွန်တော်ဖလော်ရီဒါမှာစတွေ့ခဲ့ဖူးတယ်၊ တညနေမှာ သူများဈေးဝယ်တာကို ကားပါကင်ဘေးမှာထိုင်စောင့်ရင်းက ပျင်းလာတာနဲ့ အနီးက အိမ်မွေးအကောင်လေးတွေရောင်းတဲ့ဆိုင်ထဲဝင်ကြည့်မိတယ်၊ ဆိုင်ကလည်းအကြီးကြီးဆိုတော့ အကောင်လေးတွေစုံတယ်၊ ဒါနဲ့မြွေတွေရောင်းတဲ့ဘက်ရောက်သွားတော့ မြန်မာစပါးအုံးအပေါက် လက်မလုံးသာသာကောင်ကလေးကို ဒေါ်လာ၉၉ လို့ဈေးရေးထားတာတွေ့ရတယ်၊ အမယ်..ဒီလိုမှန်းသိရင် အမေရိကန်ကိုအလာမှာ တောကမြွေတွေဖမ်းထဲ့ခဲ့ရင်တောင်စရိတ်ရနိုင်တယ်လို့ ရီစရာသဘောမျိုး တွေးမိသေးတယ်၊

အဲ့ဒီမြန်မာစပါးအုံးမြွေတွေက ဖလော်ရီဒါကိုစမျိုနေပြီလို့ တချို့ကလည်းတင်စားလာကြတယ်၊ သူတို့တွေက အမေရိကန်သဘာဝပတ်ဝန်းကျင်ကို စတင်တိုက်ခိုက်လာနေပြီဆိုဘဲ၊ ဘယ်လိုဘဲပြောပြော မွေးချင်သူတွေများလွန်းလို့ ပြည်ပကနေတင်သွင်းနေဆဲပါတဲ့၊ ခန့်မှန်းချေ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ခု ငါးနှစ်အတွင်းမှာဘဲ မြန်မာစပါးအုံးမြွေပေါက်ကလေးတွေ အကောင် တစ်သိန်းငါးသောင်းခန့်တင်သွင်းခဲ့ပါတယ်တဲ့၊ သူတို့တွေကိုအိမ်မွေးအဖြစ်တင်သွင်းနေတာကတော့ကြာပါပြီ၊ အခုတော့တင်သွင်းစရာမလိုလောက်အောင် သူတို့တွေအမေရိကန်ရာသီဥတုမှာမျိုးဆက်ပြန်ပွားပြီးနေနိုင်ပါပြီတဲ့၊



တစ်ခါတုန်းက ဖလော်ရီဒါကို ဝင်မွှေသွားတဲ့ မုန်တိုင်း တစ်ခုက အိမ်မွေးတိရိဆန်အရောင်းဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြစ်လိုက်ရာက နေမြန်မာစပါးအုံးတွေအတော်များများလွတ်သွားဘူးတယ်ဆိုပါတယ်၊ အဲ့ဒါကို ပြသနာအစလို့တစ်ချို့ကလည်းပြောကြပါတယ်၊

ဇာတ်လမ်းကတော့ဒီလိုပါ လူတွေကအိမ်မွေးအဖြစ်ဝယ်ယူမွေးမြူကြတဲ့ မြန်မာစပါးအုံးမြွေတွေဟာ အရောင်အသွေးအကွက်တွေကလှပပြီး အေးဆေးလိမ္မာကြပါတယ်၊ သူတို့ကအဆိပ်လည်းမရှိပါဘူး၊ ဒီတော့အကောင်ပလောင်မွေးရတာ အလွန်ဝါသနာပါတဲ့ အမေရိကန်တွေက စတိုင်ကျကျ မြန်မာစပါးအုံးမြွေတွေကို မွေးလာကြပါတယ်၊ သူတို့တွေက အသက် ၂၅နှစ်၃၀လောက်ထိနေနိုင်ပါတယ်၊ အရှည် ကပေနှစ်ဆယ်ကျော်နဲ့ ပေါင် ၄၀၀ လောက်ထိရှိနိုင်ပါတယ်၊ မှတ်တမ်းတခုအရတော့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နီုင်ငံ အီလီနွိုက်ပြည်နယ်က Scrpent Safari Park မှာ ၂၇ ပေအရှည် အလေးချိန် ၄၀၃ ပေါင်ရှိတဲ့ မြန်မာစပါးအုံးမြွေတစ်ကောင်ဖမ်းမိဖူးတယ်လို့ဆိုပါတယ်၊ သူတို့ဇာတိကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာနေပါတယ်တဲ့၊ အိန္ဒိယကနေ အင်ဒိုနီးရှားကြားထဲမှာနေကြတာလို့ဆိုပါတယ်၊ မြန်မာပြည်မှာ အထင်အရှားအများအပြားနေကြလို့နာမည် ကိုတော့ Burmese Python လို့ပေးထားပါတယ်၊



Burmese Python မျိုးစိတ်တွေထဲမှာ Albino Burmese Python ကတော့ အဝါရောင်အကွက်နဲ့အတော်လှပါတယ်၊ မြန်မာပြည်မှာတော့ ကျွန်တော်တခါမှမမြင်ဖူးပါဘူး၊ Dwarf Burmese Python ကတော့ ၇ပေ ထက်ပိုမရှည်ပါဘူးတဲ့၊ နောက်ပြီး Green Burmese Python, Granite Burmese Python, Caramel Burmese Python မျိုးတွေလည်းရှိပါသေးတယ်၊ နောက်တစ်မျိုး Reticulatus Python တွေကတော့ မြန်မာနာမည်မပါပေမယ့် မြန်မာပြည်ပင်လယ်ကမ်းရိုးတမ်းတွေမှာ တွေ့ရပြီး ဖိလစ်ပိုင်ကျွန်းစုများနဲ့ အင်ဒိုနီးရှားဒေသတစ်လျှောက်ထိနေကြပါတယ်တဲ့၊သူတို့ကတော့ ကမ္ဘာ့အရှည်ဆုံးမြွေတွေပါတဲ့၊ မြန်မာပိုင်သွန်တွေရဲ့နောက်ထူးခြားချက်တစ်ခုကတော့ အလွန်အကြီးမြန်တာပါဘဲ၊ ဖြစ်နိုင်တာက သူတို့ကိုမွေးထားပြီးအစာကြွေးနေရင်ကြွေးသလောက်စားတယ်တဲ့၊ ဒါကြောင့်မို့လည်း တစ်နှစ်ကျော်မှာ ၈ပေကျော်ထိကြီးနိုင်ပါတယ်တဲ့၊ ပိုင်သွန် တစ်ကောင်နဲ့ Anaconda တစ်ကောင်ယှဉ်မွေးတဲ့လူတစ်ယောက်ကတော့ မြန်မာပိုင်သွန်တစ်နှစ်သားဟာ Anaconda နှစ်နှစ် သားထက်တောင်ပိုကြီးပါတယ်တဲ့၊


မြန်မာပိုင်သွန်တွေဟာ ရေထဲမှာ နာရီဝက်လောက်အသက်မရူဘဲဆက်တိုက်ငုတ်ပြီးနေနိုင်ပါတယ် ကုန်းပေါ်မှာရော ရေထဲမှာရော သစ်ပင်တွေပေါ်မှာပါ နေကြပါတယ်၊ သိကြတဲ့အတိုင်း သူတို့ထက်အဆမတန်ကြီးတဲ့အကောင်ကြီးတွေကိုတောင် ရအောင်ဖမ်းပြီး မျိုချစားသောက်ကြတဲ့ကောင်တွေဆိုတော့ သူတို့ဟာသိပ်သန်တယ်ဆိုတာပြောစရာမလိုပါဘူး၊

သူတို့ကို ဝယ်ယူစဉ်ကတော့ အကောင်ငယ်လေးဆိုတော့ ဘာမှပြသနာမရှိပါဘူး၊ အကောင်ပလောင်ချစ်တတ်တဲ့ အမေရိကန်တွေကလည်းဂရုစိုက်ကြမှာပြောစရာမလိုပါဘူး၊ ဒီမှာက လူ့အခွင့်အရေးထက် တိရိဆန်အခွင့်အရေးကို ပိုအလေးပေးတယ်လို့တစ်ချို့တောင်ဝေဖန်ကြတာကြားဖူးတယ်၊ ဖလော်ရီဒါမှာ လူတစ်ယောက်ကားထဲကနေ မြန်မာစပါးအုံးမြွေကြီး လည်ပင်းပတ်ပြီးဆင်းလာကာ တိရိဆန်အစာဆိုင်ထဲဝင်သွားတာ တွေ့ဖူးပါတယ်၊ လျှပ်စစ်စောင်ကြီးတစ်ထည်လုံးကို မျိုချလို့ခွဲစိတ်ပြီးထုတ်ပေးတာဖတ်ရပါတယ်၊ အဲ.. ဒီလိုမွေးရင်းနဲ့ ၁နှစ်ကျော်လောက်လဲကြာရော ပိုင်သွန် ကလေးဟာ ၆ပေ ၇ပေကျော်ရှိလာပါတယ်၊ အဲဒီကနေတဖြည်းဖြည်းနဲ့ ကြီးလာတော့ သူ့ကို ထိမ်းဖို့ခက်လာပါတယ်၊ အစာဖိုးတတ်နိုင်တယ်ထားအုံး ထိမ်းသိမ်းရတာကမလွယ်ကူလှပါဘူး၊ တချို့လည်း မှန်ကန်ကြီးတွေလုပ်ပြီးထားကြပါတယ်၊ ဒီလိုနဲ့ တနေ့မှာ မွေးထားတဲ့မြန်မာ စပါးအုံးမြွေတစ်ကောင်က ခွေးပုလေးကို သခင်ရှေ့မှာဘဲကောက်ကာငင်ကာဖမ်းပြီး ရစ်ပတ်လိမ်ချိုးသတ်ပစ်ပြီးမျိုချလိုက်တော့ အားလုံးလှန့်ဖျန့်ကုန်ပါတယ်၊ နောက်တခါ ဖလော်ရီဒါမှာ ဘဲ မွေးထားတဲ့ အယ်ဘီနိုမြန်မာပိုင်သွန်တစ်ကောင် လှောင်အိမ်ကနေလွတ်ပြီး အိပ်နေတဲ့ ၂နှစ်အရွယ်ကလေးကို သွားတိုက်ခိုက်တာ အသိနောက်ကြလို့ကလေးသေသွားပါတယ် ကလေးကို စမျိုဖို့လုပ်နေတုန်းတွေ့သွားတာပါ၊ အဲ့ဒါတောင်မြွေကသိပ်မကြီးသေးပါဘူး၊ ကျွန်တော့အထင်ပြောရရင် လှောင်ထားတဲ့မြွေကဗိုက်ဆာလို့ဆိုးလာတာလားတော့မသိပါဘူး၊

အဲဒီအချိန်ကစပြီး ဥပဒေတွေ တင်းကျပ်လာပါတယ်၊ လိုင်စင်ကြေးတွေတိုးလာပြီးစည်းကမ်းတွေထုတ်လာရပါတယ်၊ ဒါပေမယ့် နောက်ကြသွားပါပြီ၊ အရင်မွေးသူတွေဟာ မြွေတွေသိပ်ကြီးလာလို့ မထိမ်းသိမ်းနိုင်တော့ရင် တောထဲမှာသွားလွတ်လိုက်ကြလေ့ရှိပါတယ်၊ အထူးသဖြင့် ဖလော်ရီဒါက Everglades National Park ထဲမှာ လွတ်ကြတယ်လို့ဆိုပါတယ်၊ နောက်ပြီး မုန်တိုင်းတိုက်တုန်းကလွတ်သွားတဲ့မြွေတွေလည်း ဆက်လက်ရှင်သန်နေကြမယ်လို့ယူဆကြပါတယ်၊ သူတို့ရဲ့ပတ်ဝန်းကျင်ဒေသအသစ်နဲ့လိုက်လျောညီထွေနေနိုင်ကြတယ်ဆိုတာတွေ့ လာရပါတယ်၊ ဖလော်ရီဒါကလည်း မြန်မာပြည်လိုပူတာကိုး၊ အဲဒီကနေ ပြီးတော့ မြန်မာပိုင်သွန်တွေဟာ သူ့ဟာသူမျိုးဆက်တွေပြန်ပွားကုန်တော့တာပါဘဲ၊ စိုးရိမ်စရာကတော့ Everglades ထဲမှာ စပါးအုံးမြွေသိုက်တွေတောင်ရှာတွေ့လာပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ သူတို့ ဒီလို လွတ်လပ်စွာကြီးခွင့်ရှိပါ့မလာ်း.. မြွေဖမ်းသမားတွေကများကများနဲ့၊ ဈေးကလည်းကောင်းတယ်၊ အဲ..အမေရိကန်မှာတော့ မြန်မာစပါးအုံးတွေ အေးအေးဆေးဆေးကလေးတွေ မွေးပြီး နယ်မြေတစ်စတစ်စချဲ့လာနေကြပါတယ်၊ အမေရိကန်ဒေသခံ အကောင်ပလောင်လေးတွေလည်းသူတို့အစာဖြစ်လာကြရပါပြီ၊ ဒါကို သဘာဝဝန်းကျင်ထိမ်းသိမ်းသူတွေက အတော်ကိုစိုးရိမ်လာကြပါတယ်၊ အမေရိကန်ပြည်ကဒေသခံ အပူပိုင်းအဆိပ်ရှိမြွေတွေနဲ့ အဆိပ်မရှိတဲ့မြွေ တချို့ဟာ ၇ပေ ၈ပေထိရှိတတ်ကြပါတယ်၊ ဒါပေမယ့် အားကောင်းမောင်းသန် မြန်မာပိုင်သွန်တွေကတော့ သူတို့ကို အစာလို့ဘဲသဘောထားမှာသေခြာပါတယ်၊ သူတို့ကို ယှဉ်ပြိုင်အနိုင်ယူပြီး သဘာဝဘက်မျှမှုကို ထိမ်းထားဖို့ဒေသခံ တိရိဆန်တစ်မျိုးမျိုးလိုပါတယ်၊ ဒီနေရာမှာ အများစုက အမေရိကန် မိကျောင်း (Alligator) တွေရှိတယ်လို့ဆိုပါတယ်၊ မိကျောင်း Crocodile ကပါးစပ်ရှည်ပြီး Alligator ကတော့ ခေါင်းကြီးကြီးပါးစပ်ပြဲပြဲနဲ့ပါ၊ ဟုတ်ပါတယ် ဖလော်ရီဒါတစ်ဝိုက်က နွံအိုင်တွေမှာ မင်းမှုသူတွေက အယ်လီဂေတာ အမေရိကန်ဒေသခံမိကျောင်းတွေပါဘဲ၊ သူတို့တွေကမြွေတွေကိုဖမ်းစားတတ်ပါတယ်၊ ဒါပေမယ့်အဲ့ဒီမြွေတွေထဲမှာ မြန်မာစပါးအုံးမြွေပါရဲ့လားဆိုတာတော့ ဘယ်သူမှအသေအခြာမပြောနိုင်သေးပါဘူး၊ ပြောနိုင်တာကတော့ အဲ့ဒီမြန်မာစပါးအုံးမြွေတွေက အယ်လီဂေတာတွေကိုပါ ဖမ်းစားတာကိုတော့ တွေ့လာရလို့ပါ၊



ဇာတ်လမ်းကတော့ ဒီလိုပါ.. ၁၃ပေအရှည်ရှိတဲ့ မြန်မာပိုင်သွန်တစ်ကောင်က ၆ပေရှည်တဲ့ အယ်လီဂေတာတစ်ကောင်ကိုမျိုပြီးနောက် သူ့ဗိုက်ပွင့်ထွက်ပြီး သေသွားပါတယ်၊ ခေါင်းပြတ်နေတဲ့..မြွေအသေကြီးနဲ့ ဗိုက်ထဲကနေတစ်ပိုင်းတစ်စထွက်နေတဲ့ မိကျောင်း ကိုကြည့်ပြီး ပြိုင်ဘက်ကိုတိုက်ခိုက်အနိုင်ယူမျိုချပြီးကာမှ မြွေဘာလို့သေသွားတယ်ဆိုတာ အခုထိအတိအကျဘယ်သူမှအပြောနိုင်ကြသေးပါဘူး၊ တစ်ချို့ကတော့ မိကျောင်းကို မျိုအချအပြီးမှာ နောက်မိကျောင်းတစ်ကောင်ကလာတိုက်ခိုက်လက်စားခြေ သွားတယ်လို့ဆိုပါတယ်၊ အခြားတစ်ယောက်ပြောတာကတော့ မဖြစ်နိုင်ဘူးတဲ့ မိကျောင်းကိုက်ရင်မြွေခေါင်းဟာ ဒီလိုပုံမျိုးမပြတ်နိုင်ဘူးဆိုပါတယ်၊ ကျားသစ်လိုအကောင်လာကိုက်တာဖြစ်နိုင်တယ်လို့လည်းပြောတယ်၊ ဒါပေမဲ့လည်း ကျားသစ်ကနွံအိုင်ထဲအထိဆင်းလာပါ့မလား မဖြစ်နိုင်ပါဘူးတဲ့၊ နောက်တစ်ယောက်ကတော့ (ပါမောက္ခတစ်ယောက်) မိကျောင်းကမျိုအချခံရ ပြီးတဲ့နောက်ဗိုက်ထဲမှာ သတိပြန်ရပြီးရုန်းလို့ မြွေဗိုက်ကွဲတာတဲ့၊ ဘာဘဲပြောပြော၁၃ပေ မြန်မာစပါးအုံးမြွေက ၆ပေအယ်လီဂေတာ ကိုဖမ်းစားတာတော့ တွေ့လိုက်ရပါပြီ၊ ဖလော်ရီဒါမှာမင်းမှုနေတဲ့ အမေရိကန်အယ်လီဂေတာတွေတော့ပြိုင်ဘက်အသစ်နဲ့ သူသေကိုယ်သေ ရင်ဆိုင်ပြီးအစာလုစားနေရပါပြီ၊ ကံဆိုးရင်သူပါအစာဖြစ်သွားအုံးမည်၊ သူတို့တိုက်ပွဲတွေကို မျက်မြင်တွေ့သူတွေရှိပါတယ်၊ တိုက်ပွဲတစ်ခုမှာတော့ မြန်မာပိုင်သွန်တစ်ကောင်ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာကိုယ်လုံးတစ်ပိုင်းဝင်လျက်နဲ့တိုက်ခိုက်ကြတာ ၂၄ နာရီကျော်တောင်ကြာတယ်တဲ့..နောက်တော့နှစ်ကောင်လုံး မောပြီး တိုက်ပွဲကို အဆုံးသတ်ခါ သရေနဲ့ လမ်းခွဲလိုက်ကြတယ်တဲ့၊ အဲဒီလို မြန်မာစပါးအုံးနဲ့ အမေရိကန်အယ်လီဂေတာတို့ရဲ့ တိုက်ပွဲတစ်ခုကို အကောင်းဆုံးမှတ်တမ်းတင်ထားတာကိုကြည့်လိုက်ပါဦး၊



ကဲ..သူတို့တွေဘယ်လောက် ဖလော်ရီဒါမှာပတ်ကြမ်းနေကြသလဲဆိုတာ ကိုတော့ သိလောက်ပါပြီ၊ သူတို့တွေကဖလော်ရီဒါမှာတင်နေမှာ မဟုတ်ပါဘူး နယ်မြေတွေချဲ့ထွင်နေမှာ သေခြာပါတယ်၊ ဒါကြောင့်ဒီမြန်မာ စပါးအုံးမြွေတွေ ဘယ်အချိန်မှာ ဘယ်လောက်ထိပြန့်နှံ့သွားမလည်းဆိုတာကို ခန့်မှန်းချက်မြေပုံမှာကြည့်နိုင်ပါတယ်၊ နောင်ဆိုရင်တော့ တက္ကဆက်ကိုဖြတ်ပြီး ကာလီဖိုးနီးယားထိတောင်ရောက်လာပါလိမ့်မယ်၊ ကံကောင်းတာကတော့ သူတို့အအေးပိုင်းတော့သွားမှာမဟုတ်လို့ပါ၊ အခု တော့အစိုးရက သူတို့ကို ထိမ်းချုပ်ဖို့ ဒေါ်လာ သန်း၂၀၀ ဘက်ဂျက်ချပေးမယ်လို့တစ်နေရာမှာဖတ်လိုက်ရ ပါတယ်၊ တချို့ကလည်း သိပ်နောက်ကျသွားပြီတဲ့၊ တချို့ကတော့ ဒီမြန်မာပိုင်သွန်တွေ ဖလော်ရီဒါနွံအိုင်ဒေသကို မင်းမှုနိုင်နေရင်၊ အမေရိကန်ရာသီဥတုကို လိုက်လျောညီထွေနေနိုင်နေရင် အမေရိကန်ပိုင်သွန်လို့နာမည်ပြောင်းလိုက်ဖို့ (အလွတ်) အဆိုပြုကြပါတယ်၊ တစ်ချို့ကလည်း Burmese Python လို့ခေါ်မဲ့အစား Python လို့ဘဲခေါ်ဖို့အဆိုပြုပြန်ပါတယ်၊ ဒါပေမယ့်လည်း ပိုင်သွန်အမျိုးကွဲချည်းဘဲက ၃၂ မျိုး (ဖတ်မိသလောက်) ရှိတာဆိုတော့ ဒီလိုခေါ်လို့လည်းမဖြစ် ပါဘူး၊
Python လို့ဘဲဖော်ပြထားတာတွေ့ဘူးသလို၊ အချို့ကလည်း Burmese လို့ချစ်စနိုး တင်စားခေါ်တာဖတ်ရဖူးပါတယ် (ငါ့မှာ ၁၂ပေရှည်တဲ့ဗားမိရှိတယ်လို့ ရေးထားတာတွေ့ဖူးတာပါ)၊

ကဲ.. အမေရိကန်မှ မြန်မာစပါးအုံးမြွေတွေရဲ့ဇာတ်လမ်းကို ဒီမှာဘဲ ရပ်နားခွင့်ပြုပါ၊

ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

မူရင်းကိုးကား..

http://edis.ifas.ufl.edu/UW286
http://www.nationalparkstraveler.com/2009/05/creature-feature-burmese-pythons-prowl-everglades-and-s-not-good-thing
http://conservationreport.com/2008/02/26/invasive-species-burmese-pythons-an-invasive-species-in-south-florida-could-spread-to-one-third-of-united-states/
http://www.flickr.com/photos/jonnygoldstein/3616889916/
http://ianramjohn.wordpress.com/2008/02/27/burmese-pythons-invading-california/
http://notwrong.blogspot.com/2006/12/those-crazy-animals.html
http://www.cnn.com/2004/TECH/science/10/22/predators.in.paradise/index.html
http://blogs.herald.com/dave_barrys_blog/2005/10/python_vs_gator.html
http://www.brisbanetimes.com.au/world/pet-python-strangles-2yo-girl-20090702-d5gj.html
http://daymix.com/Burmese-Python/

9 comments:

rose of sharon said...

မြွေတွေကြည့်ပြီးအသည်းယားလိုက်တာ... ဒီလောက်ခလေးတွေနဲ့မအားတာတောင်.. ဒီအကြောင်းတွေမျှဝေပေးလို့ကျေးဇူးတင်ပါတယ်...

khin oo may said...

ကြောက်စရာကြီး.
စကားမစပ် ဘာပြုလို့ဒီအကြောင်းကိုရေးချင်ရတာလဲ။

yanmyo said...

အဟီး..
ရေးထားတာကြာပါပြီ..

ပန်းခရမ်းပြာ said...

ခပ်ကြောက်ကြောက်နဲ့ပဲ ဆုံးအောင်ဖတ်သွားတယ်။ ဖတ်နေတုန်းမှာတော့ ခြေထောက်ကို ခုံပေါ်မှာ တင်ထားရတယ်။ မတော် ရောက်လာမှာ စိုးလို့။ မြွေကို အိမ်မှာ မွေးထားကြတာ အံ့ပါရဲ့။ Burmese Python တွေ ဒီလောက် နာမည်ကြီးနေတော့ Burmese ဖြစ်ရတာပဲ ဂုဏ်တက်မိသလိုလို..။

စိတ်စမ်းရေ said...

ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်...။
နယ်ချဲ့မြန်မာတွေအတွက် ဂုဏ်ယူတယ်ဗျာ....။

yanmyo said...

အခု သူတို့ကို အဖွဲ့တွေဖွဲ့ပြီးအတင်းလိုက်ဖမ်းနေတယ်၊ မနေ့က ဇူလိုင် ၃၀၊ ၂၀၀၉ သတင်းလေးကြည့်ပါဦး၊
http://www.cnn.com/2009/US/07/30/florida.python.hunter/index.html

kiki said...

အောင်မလေး အတဲယားစရာကြီးတွေ...
ဟီးးး
့မြန်မာစပါးအုံးမြွေဖြစ်ရင်တော့ အမေရိကားကို ဗီဇာ မလိုဘဲ ဝင်လို့ရမှာပေါ့နော် ။။
ဂလိုသာဆို နောင်ဘဝကျ မြန်မာဖိုင်သွန် ဘဲ ဖြစ်ပါရစေ လို့ဆုတောင်းရမလို ဖြစ်နေပြီ .... ဟဲဟဲ

(ကလေးတွေ နေကောင်းကြတယ်ဟုတ် ..အဆင်ပြေပါစေ)

ခင်တဲ့
ကိကီ

Vista said...

မြွေကို အိမ်မှာ မွေးခြင်တာ ..မြွေ ကတော.ကိုယ်.အသက်ဘူးပေါ.ကွယ် .(မြွေ ကြောက်သူများမဆဲရ) .မြွေ မွေးရင်အိမ်က ဆင်းမယ်.လူတွေချည်းပဲမိုလို.ကိုယ်တယောက်ထဲကျန်မှာစိုးလို.မမွေးရတာ

အောင်သူရိန် said...

အင်း မြန်မာဖြစ်ရတာတော့ ဒီနေရာမှာ ဂုဏ်ယူရတယ်ဗျာ။ ကျွန်တော်တို့မြန်မာစပါးအုံးမြွေတွေကို အမေရိကန်တွေက တော်တော်နှစ်သက်ကြတာပဲနော်။ဂုဏ်ယူပါတယ်ဗျာ တစ်ကယ်ပါ။ မြန်မာလူမျိုးတွေကိုယ်စား မြန်မာမြွေတွေက အမေရိကန်လိုနိုင်ငံကြီးကိုနယ်ချဲ့ပြီး ကမ္ဘာသိ Burmese ဖြစ်အောင်စွမ်းဆောင်ပေးသွားတာပါပဲ။ တရုတ်ပြည်ကြီးကိုတော့ ဘာလို့သူတို့မကျူးကျော်ရဲတာလဲ မသိဘူးနော်။