Sunday, December 22, 2013
Sunday, July 11, 2010
သမီးငယ် မွေးနေ့ တစ်နှစ်ပြည့်ပြီ
ဒီနေ့ ကျွန်တော်တို့သမီးလေး မွေးနေ့ တစ်နှစ်ပြည့်သွားပါပြီ၊ အထွေအထူးတော့ ဘာမှမလုပ်ပါဘူး ဟိုက်ပွိုက်ဆရာတော်ကျောင်းကို ဘဲသွားခဲ့ပါတယ်၊ လှူဒါန်း သီလယူ ဒီလောက်ပါဘဲ..၊ မနက်ထဲက မွေးနေ့ကိတ်မှုန့်ကြီးကားပေါ်တင်ပြီး ရှောက်သွားလိုက်တာ ညနေမိုးချုပ်လို့ အိမ်ပြန်ရောက်မှဘဲ ကိတ်မှုန့်လှီးပြီးပွဲသိမ်းလိုက်ပါတော့တယ်..၊
ဘုန်းကြီးကျောင်းကအပြန် ရှောပင်းမောတစ်ခုထဲက ကလေးကစားကွင်းမှာခဏဆော့..၊ သူ့အတွက်အင်္ကျီလေး ဘာလေးဝယ်ပါတယ်..၊
ရှားလော့မြို့မှာ အသိမိတ်ဆွေကလည်း နည်းပါတယ်၊ နောက်ပြီးဘာမှ ကြီးကြီးကျယ်ကျယ်လုပ်တာလည်းမဟုတ်ဘူးဆိုတော့ ပရိတ်သတ်ကတော့ စုစုပေါင်းမိသားစုဝင်လေးယောက်ထဲပေါ့ဗျာ..၊ ဒါပေမယ့်လည်း ကိုယ့်ဟာကိုယ်တော့ အမြဲပျော်နေတာပါဘဲ..၊
ပါးစပ်မှာချောကလက်တွေပေနေတဲ့သမီး ၀တုတ်ကြီးဖြစ်မှာလည်းစိုးရတယ်..
မက်မွန်သီးခူးတုန်းကလည်းသူပါတယ်..
အလှူသွားတုန်းကလည်းပါတယ်..
သမီးကမျက်မှန်လည်းကြိုက်သေးတယ်..
ဒီနေ့မနက်ကမှ ရိုက်တဲ့ဓာတ်ပုံလေ..
နောက်ပြီးပြောရဦးမယ်.. သမီးကလေးက ရေလည်းကြိုက်တယ်ဗျ..
Monday, June 14, 2010
ရိုလာကိုစတာ နွေရာသီ
ကျွန်တော် ဒီနှစ်နွေရာသီမှာ ရိုလာကိုစတာတွေစီးပြီး ရင်တစ်လှပ်လှပ် အရသာတွေခံစားရင်း ဇွန်လ၁၀ ရက်နေ့ကစပြီး နွေရာသီ ကျောင်းပိတ်ထားတဲ့သမီးကိုထိမ်းနေတဲ့အကြောင်းလေး ရေးလိုက်ပါတယ်၊
သမီးကနွေရာသီကျောင်းပိတ် တော့ ဟိုသွားချင်တယ်ဒီသွားချင်တယ်ပူစာတော့တာပါဘဲ၊ ကျွန်တော်ကလည်း ကိုယ်သွားချင်တဲ့နေရာတွေကို အမျိုးသမီးကိုတင်ပြထားမိတော့ သမီးကိုလည်း ကတိပေးထားသလိုလို ဖြစ်နေတယ်၊ နိုင်ဂါရာရေတံခွန်သွားမယ်၊ ဖလော်ရီဒါသွားမယ်၊ နယူယောက်သွားမယ်၊ တောင်ကာရိုလိုင်းနာကမ်းခြေဘက်သွားမယ် စသည်ဖြင့်ပေါ့ဗျာ..၊ တကယ်တော့လည်းသွားဖို့ကလွယ်တာမဟုတ်ပါဘူး၊ သမီးငယ်လေးကလည်း အခုဆိုဘာလိုလိုနဲ့ ၁၁ လတောင်ပြည့်သွားပြီဆိုတော့ ပိုထိမ်းရခက်လာတယ်၊
ဒါနဲ့ အိမ်နဲ့ နီးနီးလေးမှာ၇ှိတဲ့ ကာရိုးဝင်း carowinds ကစားကွင်း မှာဘဲနွေရာသီအချိန်အတော်များများကိုကုန်ဆုံးဖို့ စိတ်ကူးမိလိုက်ပါတယ်၊ လက်မှတ်ဈေးနှုန်းက ရိုးရိုးတစ်ရက်ဝင်ကြေး တစ်ယောက် ဒေါ်လာ ၄၀ နဲ့ ကားပါကင် ၁၀ ပေးရပါမယ်၊ တစ်ရာသီလုံးအတွက်ကိုတော့ ရိုးရိုး Silver season pass ဒေါ်လာ၆၀ နဲ့ Gold season pass ကတစ်ယောက် ဒေါ်လာ ၉၀ပါ ကားပါကင်ကြေးထပ်ပေးစရာမလိုတော့ပါဘူး၊ ဒီတော့ Silver နှစ်စောင်နဲ့ Gold တစ်စောင်ဝယ်လိုက်ပါတယ်၊ မတ်လ ကုန်ကနေ အောက်တိုဘာလထိ ကြိုက်တဲ့အချိန်ဝင်လို့ရပါတယ်၊ ဇွန် ဂျူလိုင် နဲ့ သြဂုတ် လလယ်ထိ နွေရာသီမှာတော့ နေ့တိုင်းဖွင့်ပါတယ်၊ အိမ်နဲ့ ကလည်း ၁၀မိနစ်ဘဲဝေးတာဆိုတော့ နေ့တိုင်းလိုသွားနိုင်နေတော့ ကျွန်တော်တို့အတွက်အလွန်တန်ပါတယ်၊ သမီးကြီး အတွက်ရေကူးကန်တွေ ရေလွှာလျှောစီးတာတွေကလည်း အများကြီးရှိပါတယ်၊ ရေကူးကန်တွေကတော့ မနက် ၁၀ နာရီကနေ ညနေ ၇နာရီထိဖွင့်ပါတယ်၊ အခြား ကစားတာတွေကတော့ ည ၁၀နာရီထိဖွင့်ပါတယ်၊ အချိန်ကတော့ တစ်ခါတစ်လေ အပြောင်းအလဲရှိတတ်ပါတယ်၊
ဒီတော့ စနေနေ့ ညနေပိုင်းမှ အိမ်ကထွက်ကြပါတယ်၊ ရောက်ရောက်ခြင်း ကလေးမဆော့ခင် အဖေအရင်ဆော့ပါတယ်၊ ၀င်ဝင်ခြင်း ဒီနှစ်မှ စဖွင့်တဲ့ အမေရိကန်အရှေ့တောင်ပိုင်းမှာ အကြီးဆုံး၊ အမြင့်ဆုံး၊ အမြန်ဆုံး နဲ့ ဒေါ်လာ ၂၃ သန်းအကုန်အကျခံဆောက်လုပ်ထားတဲ့ intimidator ရိုလာကိုစတာကြီးကို ၀င်စီးလိုက်ပါတယ်၊ ဒီရိုလာကိုစတာကို NASCA ရဲ့ ဆုတံဆိပ်ပေါင်းများစွားရခဲ့တဲ့ ကားမောင်းချန်ပီယံကြီး Dale Earnhardt ရဲ့ nickname ကိုပေးထားတာပါတဲ့၊ သူကတော့ ဖလော်ရီဒါကားပြိုင်ပွဲတစ်ခုမှာကွယ်လွန်သွားခဲ့ပါတယ်၊ ဘာဘဲပြောပြော သူ့သားကိုယ်တိုင် ရိုလာကိုစတာကြီးကို ဂုဏ်ပြုပြီးလာစီးသွားပါတယ်၊
ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ အဆင့် ၁၀ က ၈၅မိုင်နှုန်းရှိပါတယ် ဒီရိုလာကိုစတာကတော့ မိုင်၈၀နှုန်းဆိုတော့ သိပ်တော့မကွာလှပါဘူး၊ ကမ္ဘာ့အမြင့်ဆုံးရိုလာကိုစတာ နံပတ် ၁၀ က ၂၃၂ ပေရှိပါတယ် သူကလည်း ၂၃၂ ပေဆိုတော့ အတူတူပါဘဲ၊
ဒီတော့ ကမ္ဘာအဆင့် ၁၀ ကျော်ကျော်လောက်မှာရှိလိမ့်မယ်ထင်ပါတယ်၊
ကာရိုးဝင်းမှာ စုစုပေါင်း ရိုလာကိုစတာ ၁၃ခုရှိပါတယ်၊ အားလုံးသူ့ဟာနဲ့သူ သည်းထိပ်ရင်ဖိုအရသာကို တမျိုးစီခံစားရစေပါတယ်၊
Afterburn ရိုလာကိုစတာဆိုရင် တချိန်က နာမည်ကြီးရုပ်ရင် Top gun ထဲကလေယဉ်စီးရတဲ့အရသာမျိုးကိုဖန်တီးထားပါတယ်၊ မူရင်း top gun ကို ကာလီဖိုးနီးယားကနေ၀ယ်ပြီးတော့ နာမည်ပြန်ပြောင်းထားတာပါ၊ ရိုလာကိုစတာရဲ့လက်ကိုင်မှာ တီဂျီ ဆိုတဲ့စာလုံးကအခုထိရှိပါသေးတယ်၊ ကျွန်တော့်ဗွီဒီယိုထဲမှာ ပါပါတယ်၊ နောက် လေပွေပုံစံ လုပ်ထားတဲ့ ကာရိုလိုင်းနာဆိုင်ကလုံး၊
Star trek ရုပ်ရှင် the next generation ပုံစံလုပ်ထားတဲ့ Nighthawk၊ မတ်တပ်ရပ်ပြီးစီးရတဲ့ Vortex၊ စသည်ဖြင့်အများကြီးပါ၊ ကျွန်တော်ကတော့ သမီးကို ကာရိုးဝင်းရဲ့ ပထမဆုံး ရိုလာကိုစတာ Carolina Goldrusher ကို မိတ်ဆက်တဲ့သဘောပေးစီးပါတယ်၊ သူကရိုးရိုးဘဲဆိုတော့ ကလေးအတွက်သင့်တော်ပါတယ်၊ ရိုလာကိုစတာ အတော်များများက လည်း ၄ ပေ ၆လက်္မမပြည့်ရင်ပေးမစီးပါဘူး၊
ဒီလိုနဲ့ Intimidator ကြီးစီးရင်း တလမ်းလုံးဗွီဒီယိုရိုက်ခဲ့ပေမယ့် ပြီးခါနီးပြန်ကြည့်မိလိုက်တော့ ရီကော့ခလုပ်ကိုသေသေခြာခြာမနှိပ်မိလိုက်လို့ မရိုက်မိလိုက်ခဲ့ပါဘူး၊ ပြန်အ၀င်လေးဘဲ ရိုက်လိုက်ရပါတော့တယ်၊ ဒီတော့ ကျွန်တော် ဘယ်လို လန့်ဖြန့်ပြီး အော်ဟစ်နေတာကို မကြည့်ရတော့ဘူးပေါ့ဗျာ..ဟဲဟဲ..ဟဲ၊
စိတ်မပူပါနဲ့အပတ်တိုင်းသွားစီးနေမှာဆိုတော့ ကြည့်ချင်ရင်တော့ နောက်တစ်ခေါက်ထပ်စီးမှ သေသေခြာခြာရိုက်တော့မယ်၊ သူတို့က တော့ပေးမရိုက်ပါဘူး ဘာလို့လည်းဆိုတော့ လက်ကလွတ်သွားလို့ နောက်က လူသွားမှန်ရင်အလွန်အန္တရယ်များပါတယ်၊ အဲဒါတောင် ဗွီဒီယို ရိုက်နေတော့ လက်ကထိန်းဖို့ မအားလို့ ဦးထုပ်တောင်ဘယ်လွင့်သွားတယ်မသိဘူး၊ အရှိန်က တနာရီမိုင် ၈၀နှုန်းထိရှိပါတယ်၊ ဒုတိယ အဆင့်မှာ အနှုတ် ဂျီ-ဖို့ ကို စီးသူများ ခံစားရမယ်ဆိုပါတယ်၊ ကျွန်တော်ကတော့ စီ-ဖို့ တွေ ဂျီ-ဖို့ တွေတော့နားမလည်ပါဘူး လူက ရိုလာကိုစတာထိုင်ခုံနဲ့လွတ်ပြီး ကိုယ့်ဟာကိုယ်လွင့်ပြီးသွားနေသလိုခံစားရပါတယ်၊ ဒီလိုခံစားရအောင်လည်းလုပ်ထားပုံရပါတယ်၊ ထိုင်ခုံမှာ ဘာခါးပတ်မှ မရှိပါဘူး၊ အတံလေး တခုနဲ့ဘဲပေါင်ပေါ်မှာ လာထိန်းပေးထားပါတယ်၊ ဒီတော့ လူအပေါ်ပိုင်းတစ်ခုလုံး လွတ်နေပါတယ်၊ ကိုင်စရာက ပေါင်ပေါ်ကအတံလေးဘဲရှိတာဆိုတော့ မထူးပါဘူး ဆိုပြီး လက်နှစ်ဘက်လေထဲမြှောက်ပြီး အော်ဟစ် လွင့်မျောရင်း စီးရပါတယ်၊

သမီးကတော့ ရိုလာကိုစတာ တခါမှမစီးဘူးသေးတော့ ရေလွှာလျှောစီးတာ အရင်ပေးစီးပါတယ်၊ သူမကြောက်တတ်အောင်အရင်လေ့ကျင့်ပေးတဲ့သဘောပါ၊ ဒီလိုနဲ့ စီးချင်တာတွေအတော်စီးပြီးတော့ ရေကူးဖို့သွားကြပါတယ်၊ရေကူးကန်ကလည်း ၄-၅ခုလောက်၇ှိမယ်ထင်တယ်၊ ပင်လယ်ကမ်းခြေပုံစံမျိုးလုပ်ထားတာလည်း ၂ခုလောက်ရှိတယ်၊ အဓိက ကသမီးရေကူးချင်လို့လာတာကိုး..၊ ရေကူးကန်ရောက် တော့ သားအဖနှစ်ယောက်အ၀တ်လဲ ပြီးရုံရှိသေး ညနေ ၇နာရီထိုးသွားလို့ ပိတ်သွားပါတယ်၊
သမီးလည်းမကြေမနပ်နဲ့ ဖြစ်နေလို့ တခြားဟာတွေရှောက်ဆော့ ကားအသေးလေးတွေမောင်းရင်းအချိန်ကုန်တော့ပြန်ခဲ့ကြပါတယ်၊
နောက်နေ့ (မနေ့က) လည်း တစ်ခေါက်ထပ်သွားကြပါတယ်၊ ရိုလာကိုစတာတော့ တစ်ခုဘဲစီးလိုက်ပါတယ်၊ အမျိုးသမီးခမျာ ကလေးတစ်ဖက်နဲ့ ကျွန်တော်ရိုလာကိုစတာစီးတာ စောင့်နေရရှာပါတယ်၊ သူ့ခမျာ ကလေးတစ်ဖက် ကျွန်တော်၇ိုလာကိုစတာစီးတာအောက်ကဓာတ်ပုံရိုက်ဖို့တစ်ဖက်နဲ့ အလုပ်ကိုရှုပ်နေတာပါဘဲ၊ သူကလည်းပီးပီးရောရိုက်တာ ကျွန်တော့်ပုံတစ်ပုံမှ မိမိရရ မရိုက်မိပါဘူး၊ သေသေခြာခြာမေးတော့ ကျွန်တော်ဘယ်ရိုလာကိုစတာပေါ်မှာလည်းဆိုတာတောင်သူမသိပါဘူးတဲ့၊ ကောင်းရော..၊ ဒီကတော့ ရိုလာကိုစတာပြန်အ၀င်မှာလက်ပြလိုက်ရတာ..(စီးနေစဉ်မှာတော့ ကိုယ့်ဟာကိုယ်ဘယ်ရောက်နေမှန်းမသိအောင်ချာလပတ်လည်နေတာကိုး)၊ နောက်ပြီး မကျေမနပ်နဲ့ ပြောပါသေးတယ် သူကစားခြင်တာကို ကလေးရမယ်ရှာလာပြီး သူ့မှာတော့ ကလေးထိမ်းလိုက်နေ၇တယ်တဲ့၊ ပူတာကလည်းအတော်ကိုပူတယ် ၁၀၀ဒီဂရီဖာရင်ဟိုက်လောက်ရှိမယ်၊ ကလေးတွေလည်းချွှေးတွေတစ်လုံးလုံးနဲ့၊ သမီးကလည်းရေကူးဖို့အိမ်က ကထဲက ရေကူးဝတ်စုံကို အောက်ကခံဝတ်လာပါတယ်၊ ဒါတောင်ကျွန်တော်က ရေလွှာလျှောစီးတာ သွားတန်းစီလိုက်ပါသေးတယ် ကံမကောင်းတော့ ကျွန်တော့ အလှည့်လည်းရောက်ရော ရုပ်တစ်ရက်လေပြင်းမုန်တိုင်းကျလာလို့ အားလုံးရပ်နားလိုက်လို့ ပြန်ဆင်းလာခဲ့ရပါတော့တယ်၊ လေပြင်းမုန်တိုင်းစဲရင် ပြန်ဖွင့်မယ်ထင်ပြီးစောင့်လိုက်တာညနေသာစောင်းသွားတယ်ပြန်မဖွင့်တော့ပါဘူး၊ မီးလည်းလုံးဝပြတ်သွားလို့ တချို့ ရိုလာကိုစတာတွေဆို တန်းလန်းတွေဖြစ်နေကြပါတယ် (ဗွီဒီယိုထဲမှာပါတယ်)၊ သမီးခမျာ ဒီတစ်ခါလည်းရေမကူးလိုက်ရပြန်ပါဘူး၊ ကျွန်တော့်ကို အမျိုးမျိုးပြသနာရှာနေပါတော့တယ်၊ ဒါနဲ့ ဘောလုံးပြစ်တဲ့စီမှာ သူစိတ်ကျေနပ်အောင်သွားကစားပေးတော့ ကစားကွင်းမှာ လူတစ်ယောက်မှ မကျန်တော့တဲ့အချိန် ပိတ်ဖို့ကျေညာနေစဉ်မှာဘဲ ကံကောင်းထောက်မစွာ ပစ်ကကျူ အရုပ်ကြီးနိုင်လာလို့ သူပျော်သွားပါတော့တယ်၊ အရုပ်လည်း ကားထဲထဲ့လိုက်ရော လူတောင်နေစရာမရှိလောက်အောင်ပါဘဲ၊ ကားမှန်လည်းကြည့်လို့ မရ မိုးတွေကလည်းသည်းနဲ့ ခပ်ဖြည်းဖြည်းဘဲမောင်းပြန်ခဲ့ရပါတော့တယ်၊ အိမ်နီးတော့တော်ပါသေးတယ်၊
ကဲဒီလောက်ပါဘဲခင်ဗျာ..၊ နောက်အပတ်တော့ သမီးကို သေခြာပေါက်ရေကူးရစေဖို့ စောစောသွားပါမယ်..၊
Thursday, April 15, 2010
သမီးငယ် ၉လ ပြည့်အမှတ်တရ..
သမီး ငယ်လေး ၉ လ ပြည့်တဲ့နေ့မှာ နော့လ်ကာရိုလိုင်းနား ဇူး ကို သွားဖြစ်ခဲ့ကြပါတယ်၊ ရှားလော့မြို့ ကနေ အက်ခ်ျဘိုရိုထိ ၁ နာရီခွဲလောက် ဘဲဝေးပါတယ်၊ ၈၅ လမ်းမကြီးပေါ်ကနေ ထွက်ပေါက်၉၆ အတိုင်းထွက်လိုက်တာနဲ့ တိတ်ဆိပ်နေတဲ့ ၆၄ လမ်းပေါ်ကိုရောက်သွားတယ်ဆိုရင်ဘဲ တောထဲရောက်သွားပါတော့တယ်..၊
လမ်းမှာ ကားရှင်းနေတယ်.. တကယ်တော့ ကျွန်တော်တို့ သွားတာနည်းနည်း နောက်ကျနေတာလည်းပါတယ်..၊ဟိုရောက်တော့.. ကားရပ်စရာတောင်မနည်းရှာရပါတယ်၊ တစ်ချို့လည်းသစ်ပင်အောက်ဖြစ်သလိုထိုးရပ်ထား ကြတယ်၊
လူကြီး တစ်ယောက် ၁၀၊ ကလေး ၆ ဒေါ်လာနဲ့ တစ်နေကုန်ကြည့်ရမယ်..၊ ဖွင့်ချိန်ကတော့ မနက် ၉နာရီကနေ ညနေ ၅ နာရီထိ (အချိန်အပြောင်းအလည်းရှိတယ်)၊
နေရာတွေကို မြောက်အမေရိက နဲ့ အာဖရိကဆိုပြီးနှစ်ပိုင်းခွဲထားတယ်..၊ ပတ်လမ်း ထဲက ကစားကွင်းတွေမှာ ကလေးတွေဝင်ကစားကြပြီး လူကြီးတွေက မုန့်စားပြီးနားကြတယ်၊ ဒီလိုနဲ့ မြောက်အမေရိက ဘက်အခြမ်းဘဲကြည့်ရသေးတယ် အချိန်ကုန်သွားလို့ ကားရထားလေးစီးပြီးလာရာ လမ်းကို ပြန်ခဲ့ကြပါတယ်၊
ကဲပြောနေကြာတယ်.. ကျွန်တော်တို့နဲ့ အတူလိုက်ကြည့်ကြပါလား..
အကယ်လို့ HD နဲ့ကြည့်မယ်ဆိုလည်း ကြည့်လို့ရပါတယ်..၊
Tuesday, August 25, 2009
သမီးငယ်လေး ၄၅ရက်ပြည့်ပြီ

သမီးလေး တစ်ဖနီ မွေးတာဘာလိုလိုနဲ့ ဒီနေ့ ၄၅ ရက်ပြည့်သွားပြီ၊ သမီးကြီး အိမ့်လည်း ဒီနေ့ကစပြီး ကျောင်းပြန်ဖွင့်လို့ ဒုတိယတန်း စတက်တယ်၊

ကလေးကိုမိခင်နို့ဘဲတိုက်မယ်လို့ ဆုံးဖြတ်ထားလို့ အစပိုင်းမှာတော့ အတော်လေး အခက်အခဲတွေ့ခဲ့ ရသေးတယ်၊ ကလေး အသားဝါတာအမြန်ပျောက်အောင် အရည်များများသူလိုအပ်နေတာကိုး၊ မိခင်ကလည်း အစပိုင်းမှာ နို့ကသိပ်မထွက်တဲ့ အပြင် နို့ကျောတွေတင်းနေတာကို အတင်းနှိပ်လို့ ရောင်ပြီး နို့ကမထွက်ဘူးဖြစ်နေပြန်တယ်၊ ဒီတော့ နို့ဘူး (ဖော်မြူလာ) တိုက်ရတော့မလိုလိုဖြစ်လာရော..၊ မဖြစ်သေးဘူးဆိုပြီး ဆေးရုံက ညွှန်ကြားတဲ့အတိုင်း သူတို့ဆီကိုဖုန်းဆက်လိုက်တော့..၊ သူတို့က ရေခဲဝတ် ဒါမှမဟုတ် ဂေါ်ဖီထုတ် အရွက်နဲ့ နဲ့နို့ကိုအုံပေးလို့ပြောပါတယ်၊ မရပါဘူး၊ ဒါနဲ့နောက်နေ့ဖုံး ထပ်ဆက်တော့.. ချက်ချင်းဘဲ နို့ဆရာမ (lactation consultant) ကို အိမ်ကိုလွှတ်ပေးပါတယ်၊ သူလာပြီး လုပ်ပေးတော့မှဘဲ အားလုံးအဆင်ပြေသွားပါတယ်..၊
သူကလည်း အမြဲတမ်းဖုံးဆက်ပြီး မေးနေပါတယ်၊ သမီးကသိပ်မငိုပါဘူး. . အေးအေးဆေးဆေးနေပါတယ်၊ တစ်လ အရွယ်မှာဘဲ စပြီးရီပြတတ်လာပါတယ်၊ နောက်တစ်ခုအခက်အခဲဖြစ်တာက ကလေးကို ဘယ်လိုရေချိုးရမလည်း ဆိုတာပါ..ကျွန်တော်တို့လည်းမချိုးပေးဘူးတော့ မချိုးပေးရဲဘူးဖြစ်နေတယ်၊ အကြီးမတုန်းကတော့ သူ့အဖွားဘဲ အကုန်လုပ်ပေးခဲ့တာကိုး၊ 
နောက်တော့ မိတ်ဆွေနှစ်ယောက်ရောက်လာပြီး ကလေးကို ရေချိုးပေးခဲ့တဲ့အပြင် ဘူးသီး ဟင်းခါးပါချက်ပေးသွားပါတယ်၊

အခုတော့ ကိုယ့်ဟာကို ချက်တတ်ပါပြီ၊ ကလေးကိုလည်း ရေချိုးပေးတတ်ပါပြီ၊ ကလေးကို ဂတုံး တုံးပေးဖို့ဘဲကျန်တော့တယ် ဒါလည်း အဲဒီမိတ်ဆွေ ကလာကူညီမယ်ပြောပါတယ်၊ ကျွန်တော်ကလည်း တုံးမပေးရဲသေးဘူးဗျ..၊
ကလေးအတွက်ကုန်ကျစရိတ်ကတော့ ဒိုက်ပါ နဲ့ တိုလီမိုလီနဲနဲ ပါးပါးဘဲကုန်ကျပါတယ်၊ ကလေးကို မိခင်နို့တိုက်တဲ့အတွက် နို့ညစ်တဲ့ ပန့်လေးတစ်ခု ပေးပါတယ်၊ နွားနို့၊ကျက်ဥ လတ်လတ်ဆပ်ဆပ်အသီးအနှံ ၊တူနာငါး ၊ပဲ ၊ချိစ်၊ ဖျော်ရည်၊ စီရီယယ် စသည်တို့ အမြဲပေးပါတယ်၊ ဒါကတော့ အမေရိကန်မှာ ကျွန်တော့် ဝင်ငွေက မိသားစုလေးယောက်နဲ့တွက်ရင် နည်းနေလို့ပါ အမျိုးသမီးကလည်း အလုပ်နားထားတာကိုး၊ မကြာခင်တော့ပြန်စဖြစ်မလားမသိသေးပါဘူး..၊ ဒီတော့ ကျွန်တော်က ဝင်ငွေနည်း သူပေါ့ဗျာ .. ကဲပါ..မကြွားတော့ပါဘူး၊
ကျွန်တော့်နာမည်တော့ မင်းနန္နာ (ရှင်မွေးလွန်း ရဲ့ချစ်သူ) လို့ပြောင်းဖို့စောပါသေးတယ်.. နောက်တာပါ..
ဘာတွေသဘောကျနေတယ်မသိ..

အိပ်ပျော်နေတယ်..

နိုးပြီ နိုးပြီ

ခေါ်မှာလား..

ခေါ်လည်းမခေါ်ဘူး..

လည်လည် သွားမယ်..

မေမေ အလုပ်များနေရင် ငြိမ်ငြိမ်လေးနေပါ့မယ်..

မမ ကြီးက ချီထားတယ်..

ဒီလောက်ပါဘဲခင်ဗျာ..
ရွှင်လန်းချမ်းမြေ့ကြပါစေ..
Wednesday, July 15, 2009
သမီးလေး ဘယ်လိုမွေးခဲ့..

ဂျူလိုင်လ ၂ရက်နေ့မှာ တော့ ကလေးမမွေးခင်နောက်ဆုံးရက်ချိန်းအနေနဲ့ ဆရာဝန်နဲ့ရက်ချိန်းယူထားတဲ့အတိုင်းသွားတွေ့ရပါတယ်၊ ဆရာဝန်ကစစ်ဆေးစရာရှိတာကိုစစ်ဆေးပြီးတော့ ဗိုက်နာလာရင်ဘယ်ကိုဆက်သွယ်ရမယ် ဘာလုပ်ရမယ်ဆိုတာကိုအဆင့်ဆင့်ညွှန်ကြားပါတယ်၊ ရုံးချိန်အတွင်းမှာနာရင်ဘယ်ကိုဆက်သွယ်ပါ၊
အကယ်လို့ညပိုင်းလိုမျိုးနဲ့ရုံးပိတ်ချိန်ဆိုဘယ်ကိုဆက်သွယ်ပါစသည်ဖြင့်သေသေခြာခြာပြော ပြပါတယ်၊ ဥပမာရေမွှာပေါက်ရင်အချိန်ဘယ်လောက်ရတယ် ဆိုတာနဲ့ဆေးရုံဘယ်နေရာကိုသွားပါစသည်ဖြင့်ရှင်းပြပါတယ်၊ အရေးပေါ်ကနေတဆင့်သွားရင်ရတယ်ဆိုပေမယ့် မလိုအပ်ဘဲအရေးပေါ်ကိုသွားစရာမလိုတော့ဘူးပေါ့ဗျာ၊ ကိုယ်ဝန် ၆ လလောက်တုန်းကတစ်ခါညကြီးမင်းကြီး မနက်၎ နာရီလောက် အမျိုးသမီးသူ့ဟာသူ ရိုးရိုးလေအောင့်ပီးဗိုက်နာတာကို စိုးရိမ်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး ၉၁၁ ခေါ်ရင်ကောင်းမလား စဉ်းစားသေးတယ်၊ နောက်တော့ တောင့်ထားဆိုပြီးသမီးကြီးကိုနှိုးပြီး အရေးပေါ်ဌာနကိုကိုယ့်ဟာကိုမောင်းသွားလိုက်တယ်၊ ဟိုရောက်တော့ ချက်ချင်း အရေးပေါ်ကနေ မွေးတဲ့ဌာနကို အမြန်ပို့လိုက်ပြီးမွေးကုတင်ပေါ်တင်လိုက်ပါတယ်၊ နောက်တော့ စစ်ဆေးပြီး သာမန်ရိုးရိုးဗိုက်နာတာမှန်းလည်းသိရော ပြန်ဆင်းလာကြဘူးပါတယ်၊့ ရေးပေးလိုက်တဲ့ဆေးစာကတော့ ဝမ်းမှန်ဖို့သောက်ရတဲ့ Miralax ပါတဲ့၊ ကောင်းရော..၊ ဆေးရုံကြွေးတွေနင်းကန်တက်သွားတယ်၊ နောက်တော့မှ UNC က ဖောင်ဒေးရှင်းတစ်ခုကို ရှောက်လိုက်တာ လက်ခံပြီး အကြွေးတွေကိုသူတို့စိုက်ဆပ်ပေးလိုက်တယ်၊ နောက်အခေါက်တွေတော့ ရာခိုင်နှုန်းနဲ့ဘဲပေးရတော့မယ်တဲ့၊
ကဲပြန်ဆက်ရရင်တော့ ဆရာဝန်က နောက်တစ်ခေါက်ကို ကလေးမွေးပြီးမှဘဲပြန်တွေ့ကြမယ်လို့ပြောပြီး အကယ်လို့ သူ့ရက်အတိုင်းမမွေးခဲ့ရင် စစ်ဆေးဖို့ဆေးရုံကို ရက်ချိန်းတောင်းပေးပါတယ်၊ ကျွန်တော်တို့ပြနေတာက လိုကယ် သာမန်အစိုးရ နေ့ဆေးခန်းပါ ဒါကြောင့်ကလေးမွေးရမယ့်ဆေးရုံနဲ့သူတို့ကနေ တဆင့်ချိပ်ထားပေးပါတယ်၊ ဒီလိုနဲ့ပေါ့ဗျာ ဂျူလိုင်၎ရက်လည်းကြရော သမီးကြီးကစိတ်လှုပ်ရှားပြီးဘယ်အချိန်မွေးမလည်းဘဲထပ်ခါထပ်ခါမေးနေပေမယ့်ညရောက်တဲ့အထိဗိုက်မနာခဲ့ပါဘူး၊ သမီးကြီးက ညီမလေးမမွေးသေးရင် သွားနေကြလွတ်လပ်ရေးနေ့မီးရှုးမီးပန်းတွေဖောက်တာသွားကြည့်ချင်တယ်ဖြစ်ပြန်ရော၊ အဲဒီနေရာက ဘောလုံးကွင်းကြီးထဲမှာ ကား ထားပြီးရင်လည်းအဝေးကြီးလမ်းရှောက်ရမယ် အရေးပေါ်ဆိုလည်းပြန်ထွက်ဖို့ခက်မှာမို့ အဝေးကနေဘဲသားအဖသုံးယောက် ကားရပ်ပြီးကြည့်ကာ ည ၁၀နာရီလောက်ပြန်ခဲ့ကြပါတယ်၊ နောက်နေ့လည်း ဗိုက်မနာပြန်ဘူး၊ အဲ့ဒီအချိန်မှာ အမျိုးသမီးကသူ့ဘော်ဒါကြီး စင်္ကာပူက သင်္ချာမာစတာ အမ်ဘီအေ ဆြာအောင်ကို ဂျီတော့ကနေ စကားစပ်မိပြီး ဘယ်နေ့မွေးရင်ကောင်းမလည်းတွက်ခိုင်းတော့ အတွက်ဝါသနာဆရာက တွက်ပေးလိုက်တယ် ကြာသာပတေး၊ သောက်ကြာ၊စနေ ကောင်းတယ်ပေါ့ဗျာ၊ ဒီလိုနဲ့ အင်္ဂါနေ့ ဂျူလိုင် ၇ရက်နေ့မှာ ဆေးရုံသွားစစ်တော့ အာထရာဆောင်းပြန်ရိုက်တယ် ကွန်ထရက်ရှင်တိုင်းတယ် ကလေးနှလုံးခုန်တာစစ်တယ် ပြီတော့ ၁၀ရက်နေ့မနက်၉နာရီမှာ မွေးမယ် ပြန်လာခဲ့ဆိုပြီးရက်ချိန်းပေးလိုက်ပါတယ်၊ အဲဒီနေ့မှာ အရင်အကြွေးတွေထဲက ကျန်နေတဲ့ အကြွေးတစ်ခုကိုဘယ်လိုပေးရမလည်းဆိုတာ ဆေးရုံက ငွေကြေးအကြံပေးကို ဝင်တိုင်ပင်တော့ သူကနဲနဲပါးပါးမေးပြီး ပေးစရာမလိုတော့ဘူးဆိုပြီး ကွန်ပျူတာထဲမှာ မှတ်ချက်ရေးထဲ့ပြီးရှင်းပေးလိုက်တယ်၊ ဟုတ်ကဲ့..ဒီကြားထဲမှာများမွေးမလားစောင့်ရင်းနဲ့ ၁၀ရက်နေ့သာရောက်သွားတယ်ဗိုက်ကနဲနဲမှ မနာဘူးဖြစ်နေရော၊ အဲ..၁၀ရက်နေ့လည်းရောက်ရော လင်မယားနှစ်ယောက်သမီးကြီးကို အသိတစ်ယောက်အိမ်မှာ ထားပြီး (ကလေး တွေမွေးခန်းထဲဝင်မရလို့) မနက်စောစောဘဲဆေးရုံကိုချီတက်ခဲ့ကြပါတယ်၊ အကောင်းကြီးဘဲဆေးရုံကိုရောက်သွားတယ်ဆိုပါတော့ဗျာ..၊ အဲ..ဆေးရုံကမွေးခန်းတွေရှိတဲ့ ၄ထပ်ကိုလည်းရောက်ရော ဟောခန်းကြီးနဲ့ ပိတ်ထားတဲ့တံခါးကြီးတစ်ခုဘဲရှိတယ်၊ လူလည်းတစ်ယောက်မှမတွေ့၊ လင်မယားနှစ်ယောက်ကြောင်တောင်တောင်နဲ့ ဟိုဒီရှောက်ကြည့်ရင်းတံခါးကြီးမှာရေးထားတဲ့စာကို မြင်တော့ မှသဘောပေါက်သွားပြီး အဲ့ဒီဘေးကဖုန်းကိုကောက်ကိုင်ပြီး အထဲကိုလှမ်းပြောမှ တံခါးကြီးကပွင့်သွားပြီးအထဲကိုရောက်တယ်၊ (လုံခြုံရေးအကြောင်းတော့မဆက်တော့ပါဘူး၊ အမေရိကန်မှာ ကလေးခိုးတွေအရမ်းများတယ်ဗျ)၊ အရင်တစ်ခေါက်အရေးပေါ်ကတစ်ဆင့်လာတုန်းကတော့ သူတို့ကတွန်းလှည်းနဲ့အတွင်းလမ်းကပို့ပေးတာဆိုတော့ အခုမမှတ်မိတော့၊ တကယ်ဆိုတော့ဆေးရုံထဲက ဟောဝေးတွေက မျက်စိလည်စရာကြီး၊
ဒီလိုနဲ့ လင်မယားနှစ်ယောက်ကို ရီဂျက်စတာသွင်းပြီးတော့ မွေးခန်းတစ်ခုထဲကိုပို့လိုက်ပါတယ်၊ အခန်းနံပတ် 4W11 ပါ၊ အချိန်က မနက်၈နာရီခွဲဘဲရှိပါသေးတယ် နှစ်ယောက်စလုံးမှာ ပိုက်ဆံအိပ်တစ်လုံးစီနဲ့ ကင်မရာတစ်လုံးကလွဲပြီးဘာမှမပါ၊ မွေးခန်းအဝတ်ဝတ်ပေးပြီးတော့ နပ်စ်မတစ်ယောက်က ကလေးနှလုံးခုန်နှုန်းတိုင်းတာနဲ့ ကွန်ထရက်ရှင်တိုင်းတာတွေကိုဗိုက်မှာတပ်ပြီး Fetal monitor နဲ့ OBTV စက်တွေနဲ့ချိပ်ပေးပါတယ် နောက်တော့ လူကြီးသွေးခုန်နှုန်းတိုင်းတာကိုလည်းလက်မောင်းမှာက နေတစ်ဆင့် စက်နဲ့ချိပ်ပေးပြီး လိုအပ်တာတွေပြင်ဆင်မှာကြားပြီးပြန်ထွက်သွားပါတယ်၊

၉ နာရီ ၂၈မိနစ်မှာ လက်ဖျံကနေ တစ်ဆင့် သွေးပုလင်းသေး ၆ပုလင်းဆေးစစ်ဖို့ဖောက်ယူသွားပါတယ်၊ ပြီးတော့ ဆေးသွင်းစက်နဲ့လက်ဖျံကနေသွင်းပေးပါတယ် (သားအိမ်ပွင့်ဆေးမဟုတ်သေးပါဘူး)၊ ၁၀ နာရီ ၅၀မှာ ဆရာဝန်တစ်ယောက်လာပြီး ရေမွှာဖောက်ပေးပြီး သားအိမ်ပွင့်ဆေးစသွင်းပေးပါတယ်၊ နောက်တော့ တနာရီလောက် နေမှဘဲနပ်စ်ကပြန်ဝင်လာကြည့်ပါတယ်၊ သူတို့ကလူနာဘေးမှာ လိုအပ်ရင်ခေါ်ဖို့ ဖုန်းကိုတော့ချထားပေးပါတယ်၊ ၁၂နာရီ ၅မိနစ်မှာမှ ရေဆင်းများလာပြီး ၁၂ နာရီ၄၅မှာ ဗိုက်စနာလာပါတယ်၊ နက်စ်ဝင်လာပြီး ဆေးသွင်းတဲ့ ဆေး ဒို့စ် ကို နံပတ် ၈ကိုတင်ပေးလိုက်ပါတယ်၊ ၁နာရီ ၂၀မှာတော့ အတော်နာလာပြီးအမျိုးသမီးရဲ့နာကျင်သံကစကျယ်လာပါတယ်၊ ၁နာရီ၄၅မှာတော့ ဆေးကို နံပတ် ၁၀ထိတင်လိုက်ပြီး လက်ဖျံကသွင်းတဲ့ဆေးကို တစ်ထုတ်တိုးပြီး ၃ထုတ်ချိပ်ပေးထားပါပြီ၊ တစ်ခုက သူတို့အဲ့ဒီလိုချိပ်ပြီးသွင်းနေတဲ့ဆေးထုတ်တွေကို မကြာခဏလဲပေးနေတာတွေ့ရပါတယ်၊ သွင်းကာစဆေးထုတ်တွေကို ပေါပေါဘဲသွန်ပစ်လိုက်ပါတယ်၊ အဲဒီလို နာလို့အော်တော့မှ မေ့ဆေး ဆရာဝန်ကရောက်လာပြီး မနာတဲ့ဆေးသွင်းဖို့ပြင်ဆင်ပါတယ်၊ ဒါပေမယ့်မသွင်းသေးပါဘူးပြန်ထွက်သွားပါတယ် ၊ဒါနဲ့မခံနိုင်တော့လို့ ခေါ်တော့မှ ၂နာရီ ၂၅မိနစ်မှာ ရောက်လာပြီး ခါးကနေ အင်ပီဒီရယ်ဆေးသွင်းပေးပါတယ်၊ မနာအောင်ဆေးသွင်းပေမယ့်လည်း နဲနဲတော့နာတာပါဘဲ ဆေးသွင်းတာကြည့်ရတာကတော့ အမြင်မှာနဲနဲကြမ်းသလိုပါဘဲ ဆေးကို ထိုးထဲ့တဲ့နေရာမှာ ဆောင့်ဆောင့်ပြီးထဲ့ရတာတွေ့ရပါတယ်၊ လူနာကတော့ကုန်းကုန်းကြီးထိုင်ထားပေးရပါတယ်၊ကျွန်တော်ကတော့ အမျိုးသမီးဘေးကထိုင်ခုံမှာ ငုတ်တုတ်ကြီးထိုင်ပြီး အမျိုးသမီးလက်ကိုကိုင်ထားပြီး သူတို့လုပ်တာကိုဘဲမျက်ခြေမပျက်ကြည့်နေမိပါတယ်၊ နက်စ်မကြီးကတော့ ရှေ့တဲ့တဲ့ကနေပုခုန်းကိုကိုင်ထားပေးပါတယ်၊ ဘယ်ကနာတာလည်းတော့ မသိဘူးအမျိုးသမီကတော့ တအီးအီးနဲ့အော်ညည်းနေပါတယ်၊ မေးကြည့်တော့ ဗိုက်ကနာတာလို့ပြောပါတယ်၊ ခါးကဆေးသွင်းတာလည်းနာမှာပါဘဲ အပ်တွေပိုက်တွေနဲ့ဖောက်ပြီးသွင်းရတာကိုး..၊ ပြီးတော့ သူတို့လည်းဆေးသွင်းတဲ့စက်ကလေးနဲ့ချိပ်ပြီး စက်ကို သော့ခပ်ပြီးထွက်သွားကြတာ မွေးပြီးတဲ့ထိပေါ်မလာတော့ပါဘူး၊ အမျိုးသမီးကတော့ဗိုက်နာနေဆဲပါ..၊ မြန်မာပြည်မှာတုန်းကတော့ဆေးသွင်းပြီးရင် ဒီလောက်ထိပေးမနာထားပါဘူး ဒီမှာတော့ တော်တော်လေးကိုပေးနာထားပါတယ်၊ နောက်တော့ ၄နာရီခွဲမှာ နက်စ်မကို နာလို့ တစ်ခါခေါ်တော့ ဆရာဝန်အဖွဲ့တွေဝင်လာပြီး မွေးဖို့အသင့်စပြင်ကြပါတယ် နောက်တော့ဟိုစစ်ဒီစစ်လုပ်ပြီးပြန်ထွက်သွားကြပြန်ပါတယ်၊

အဲဒီလိုနဲ့ နေလာရင် ကလေးနှလုံးခုန်စက်က မမှန်ဖြစ်လာတာကိုတွေ့သလို အမျိုးသမီးကလည်း ညှစ်ချင်လာပြီဆိုပြီး နက်စ်မကိုခေါ်ပြန်ပါတယ် သူရောက်လာတော့ သူနဲ့ကျွန်တော်နှစ်ယောက်အမျိုးသမီးကိုညှစ်ခိုင်းပြီး ဝိုင်းမွေးကြပါတယ်၊ ကလေးခေါင်းကဆံပင်တွေကိုမြင်နေရပါပြီ..၊ရင်ခုန်စရာပါဘဲ၊ ဒီလိုနဲ့ အမျိုးသမီးလည်းထပ်ညှစ်လို့မရဖြစ်နေတုန်းကလေးနှလုံးခုန်သံပျောက်သွားပြီး ရှာမရတော့တာနဲ့ နက်စ်ကရေဒီယိုနဲ့ခေါ်လိုက်တော့ဆရာဝန်အဖွဲ့တွေဗြုံးဆိုရောက်လာပြီးအတင်းဝိုင်းမွေးကြပါတော့တယ်၊ မွေးပေးတဲ့အမျိုးသားဆရာဝန်ကအတော်လေးမြန်ပါတယ်၊ ချက်ချင်းလေစုတ်ခွက်ကိုပြင်ရင်း လေစုတ်လို့ရရင်ရမရရင်တခါထဲခွဲမယ်လို့ကျွန်တော့်ကိုလှမ်းပြော ရင်း ကလေးကို လေနဲ့စုတ်ရင်ဘေးကနက်စ်တွေကလည်းညှစ်ဖို့ဝိုင်းအားပေးတော့ကလေးကခေါင်းတစ်ခုလုံးထွက်လာပေမယ်အချင်းကလည်ပင်းပတ်ပြီး ပုခုံးတွေထွက်လို့မရဘူးဖြစ်နေပါတယ်၊ ကလေးကလှုပ်လည်းမလှုပ်တော့သလို ပြာနေပါပြီ၊ ဒီတော့ ဆရာဝန်ကအမြန်ဘဲချက်ကြိုးကိုကျွမ်းကျင်စွာဖြတ်လိုက်ပြီး နောက်ကအဖွဲ့ကိုကလေးကိုလက်ဆင့်ကမ်းလိုက်ပါတယ်၊

သူ့ကိစ္စပြီးသွားတော့ ကလေးကိုလှည့်မကြည့်တော့ပါဘူး အမျိုးသမီးကိုဘဲဂရုစိုက်နေပါတယ်၊ သူ့ဘေးက ဆရာဝန်မကိုလည်းအလုပ်လုပ်ရင်းပါးစပ်ကလည်း သူဘာလို့ဒီလိုလုပ်ရတယ်ဆိုတာနဲ့ အခြေအနေတွေကိုတရပ်စပ်ရှင်းပြပေးနေပါတယ်၊

ချက်ကြိုးတစ်စကိုလည်းဆရာဝန်တစ်ယောက်က သဲကြီးမဲကြီးဂရုတစ်စိုက် ဆေးထိုးအပ်တစ်ချောင်းနဲ့ထိုးပြီး အလုပ်ရှုပ်နေပါတယ် (ကင်ဆာကုဖို့ပါ၊ အစကထဲက ကြိုရှင်းပြထားပါတယ် အဲဒီကနေကင်ဆာတစ်မျိုးကုလို့ရပါတယ်၊ UNC ကလည်းအမေရိကန်ရဲ့ ကင်ဆာသုတေသနမှာ ရှေ့တန်းကပါတဲ့နာမည်ကြီးပါဘဲ)၊ ကလေးကိုပြုစုတဲ့ဆရာဝန် လေး၊ငါးယောက်ဟာ အလုပ်ရှုပ်နေပြီးတစ်မိနစ်လောက်မှာဘဲကလေးကအသံထွက် လာပြီးစငိုပါတော့တယ်၊ အဲဒီတော့မှ ဘဲ ဟင်း ချ နိုင်ပါတော့တယ်၊ ဒီတော့မှဘဲကင်မရာသတိရပြီး ပြေးဆွဲပြီးကလေးကိုဓာတ်ပုံရိုက်လိုက်ပါတယ်၊ သူတို့တွေလုပ်တာကတော့အတော်မြန်ပါတယ်၊ အေးပေါ့လေ..တစ်နေ့တစ်နေ့မွေးနေတာလည်း နည်းတာမှ မဟုတ်တာ၊

သူတို့အတွက်တော့ထမင်းစားရေသောက်ဖြစ်နေမှာဖြစ်ပေမယ့် ကျွန်တော်အတွက်တော့ ပထမဆုံးအတွေ့အကြုံပါဘဲ၊ ပြီးတော့ဘာ ဝတ်စုံမှလည်းမဝတ်မိခဲ့ပါဘူး၊ နောက်တော့အမျိုးသမီး ကပြန်ပြောပြပါတယ် ဆရာဝန်က စီးဆက်ရှင် လို့ပြောသံလည်းကြားရော ခွဲရမှာ ကျောက်ကျောက်နဲ့ညှစ်လိုက်လို့ကလေးခေါင်းထွက်လာတာလို့ပြောပါတယ်၊ ကျွန်တော်ကတော့ ခွဲရတာပိုသက်သာကြောင်း ခောတ်မှီတဲ့ဒီနေ့မှာ လွယ်လွယ်လေးပါဆိုပြီး ကိုယ်မခံရတိုင်း သူများအားရှိအောင်ပြောမိပါသေးတယ်၊ တကယ်တော့ကလေးကြီးတာလည်းပါမှာပါ၊
အစက နက်စ်မနဲ့တိုင်ပင်ထားသလို ကျွန်တော်ကချက်ကြိုးဖြက်ရင်သူဓာတ်ပုံရိုက်ပေးမယ်ဆိုတဲ့အစီအစည်လည်းပျက်သွားခဲ့ပါ တယ်၊ ဒီလိုနဲ့ နာရီဝက်လောက်အတွင်းမှာဘဲ မှတ်တမ်းရေးသူ၊ ကလေးပြုစုသူတွေတစ်ဖွဲဖွဲ နှုတ်ဆက်ကာပြန်ထွက်သွားကြပြီး နက်စ်နှစ်ယောက်လောက် နဲ့ မွေးပေးတဲ့ဆရာဝန်နှစ်ယောက်ဘဲကျန်ပါတော့တယ်၊ အဲဒီဆရာဝန်က အချင်းထုတ်တာ ချုပ်တာတွေကို ဘေးကဆရာဝန်ကိုသေသေခြာခြာသင်ပေးပြီးချုပ်ခိုင်းနေပါတယ်၊ အမျိုးသမီးလည်းအေးဆေးဖြစ်နေတော့၊ ကျွန်တော်လည်း ကလေးကိုကြည့်လိုက် သူတို့ကိုကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အလုပ်ရှုပ်နေဆဲပါ၊ ၄၅မိနစ်လောက်ကြာတော့ နက်စ်နဲ့ ကျွန်တော်တို့မိသားစုသုံးရောက်ဘဲကျန်ပါတော့တယ်၊ နက်စ်ကလည်း ၇နာရီဂျူတီပြီးတော့ပြန်ရတော့မှာဖြစ်ပေမယ့် နောက်ကြတဲ့အထိနေပါတယ်၊ နောက်ရောက်လာတဲ့နက်စ်မကတော့ အသက်နဲနဲကြီးပါတယ်၊ သူကအခန်းရရင်လာခေါ်မယ်ဆိုပြီး ထွက်သွားတော့ ကျွန်တော်တို့သုံးယောက်ဘဲမွေးခန်းထဲမှာတိပ်တိပ်ဆိပ်ဆိပ်ပြန်ကျန်ရစ်ပါတော့တယ်၊

အဲဒီလိုနဲ့နောက်တစ်နာရီလောက်ကြာမှ လာခေါ်ပြီး အခန်းပြောင်းရပါတော့တယ်၊ ကျွန်တော်လည်း အမျိုးသမီးရဲ့ အိမ်ကဝတ်လာတဲ့အဝတ်ထုတ်ကလေးဆွဲပြီးတွန်းလှည်းနောက်ကလိုက်ရင်းအခန်း 5W09 ကိုပြောင်းရပါတယ်၊ ကလေးကိုတော့ နာစရီ အခန်းကိုခေါ်သွားကြပါတယ်၊

အမျိုးသမီးနဲ့တာဝန်ကျနက်စ်ကို အခန်းထဲမှာထားခဲ့ပြီးကျွန်တော်လည်း သမီးကြီးထားခဲ့ရာအိမ်ကို သမီးကိုသွားခေါ်ဖို့အပြေးသွားပါတော့တယ်၊ ဗိုက်ကလည်းမနက်ကထဲကကော်ဖီတစ်ခွက်နဲ့ငှက်ပျော်သီးတစ်လုံးဘဲစားထားရတာဆိုတော့ ည ၉နာရီမှာ အတော်ကိုဆာနေပါပြီ၊ အမျိုးသမီးကိုတော့ ဆေးရုံက ချက်ခြင်းညစာကျွေးပါတယ်၊ သမီးဆီလည်းရောက်ရော ဘာလို့တနေကုန်သူ့ကိုပြစ်ထားတာလည်းဆိုပြီးငိုလို့အတော်ကိုချော့ရပါသေးတယ်၊ သူလည်းဗိုက်ဆာနေပါပြီ၊ ဒါနဲ့သားအဖနှစ်ယောက် အသိအိမ်ကထွက်တော့၁၀ နာရီကျော်ပါပြီ စားသောက်ဆိုင်အတော်များများကဒီအချိန်မှာ ပိတ်ကုန်ပါပြီ၊ ဒါပေမယ့် အိမ်အပြန်လမ်းမှာ ဝင်ဒီ ဟမ်ဘာဂါဆိုင်ဖွင့်သေးလို့(အရင်ကစားနေကြမဟုတ်တော့ဖွင့်ချိန်ပိတ်ချိန်မသိပါ) ဝင်ဝယ်လိုက်ပါတယ်၊

အိမ်ပြန်ပြီးသားအဖနှစ်ယောက်ငတ်ငတ်နဲ့ စားလိုက်ရင်းသမီးကို ဓာတ်ပုံတွေပြပြီး သူ့ညီမလေးအကြောင်းတွေပြောပြတော့ သူအရမ်းစိတ်လှုပ်ရှားလာပြီး အတင်းဆေးရုံသွားမယ်လုပ်ပါတယ်၊ ဒါနဲ့ကဗျာကယာ အိမ်ကပြန်ထွက်ပါတယ်၊ ကားထဲမဝင်ခင် ငတ်ငတ်နဲ့ မာဘိုရိုတစ်လိပ်ကို အားရပါးရရှိုက်ဖွာ လိုက်တော့ လောကကြီးဟာ အရာရာပြည့်စုံသွားသလို အားရကြေနပ်သွားတာ ပြောမပြတတ်အောင်ပါဘဲဗျာ..၊

ဆေးရုံလည်းရောက်ရော ညည့်အတော်နက်နေပါပြီ ဒါနဲ့ရောက်လာတဲ့နက်စ်မကမေးစရာရှိလားဆိုတော့ ဆေးရုံစည်းကမ်းတွေကို မေးကြည့်ပါ တယ် အဓိက ကတော့ဆေးရုံမှာဘယ်အချိန်အထိလူနာစောင့်လို့ရသလဲဆိုတော့ ကြိုက်သလောက်ရပါတယ်တဲ့..၊ဒါနဲ့ သားအဖနှစ်ယောက် ကလေးကိုကြည့်ရင်း အိမ်မပြန်တော့ဘဲ ဆိုဖာပေါ်မှာဘဲအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်၊ အိပ်လို့တော့ဘယ်ရပါ့မလည်းဗျာ၊

မိုးလင်း ၇နာရီမှာ မကြာခင်ကမှ အိပ်ပျော်သွားတဲ့သမီးကိုနှိုးပြီး ဆေးရုံကနေအသိအိမ်ကို သမီးကိုပြန်ထားရပြန်ပါတယ်၊ နောက်ပြီးတော့ ကဗျာကယာဘဲ တရားရုံးက ယာဉ်စည်းကမ်းဖောက်ဖျက်လို့ သင်တန်းတက်ခိုင်းထားတာက မနက်၈နာရီကနေ ၁နာရီခွဲအထိဆို တော့ သင်တန်းတက်ရမယ့် နေရာကို အချိန်မှီအောင်အတင်းမောင်းပြေးရပါတယ်၊ သင်တန်းလည်းရောက်ရော ဗိုက်ကလည်းဆာ အိပ်ကလည်းအိပ်ချင်နဲ့ သင်တန်းခန်းမထဲမှာအိပ်ပျော်သွားပါတော့တယ်..၊ အို..ဘာဘဲဖြစ်ဖြစ် သင်တန်းတက်တယ်ဆိုပြီးတာဘဲမဟုတ်လား အရေးထဲမှ ရက်ကလည်းလာတိုက်နေတာကိုး..၊ သင်တန်းပြီးလို့ပြန်ထွက်တော့ ဆေးလိပ်သောက်ချင်လိုက်တာများ..ဗိုက်ဆာတာထက်ခံရခက်တယ်..၊ ဒါနဲ့..သမီးဆီကိုအတင်းပြန်မောင်း..သူ့ကိုပြန်ခေါ် မနေ့ညကဟမ်းဘာဂါဆိုင်မှာ ဘဲထပ်ဝယ်စား ပြီး ဆေးလိပ်တစ်လိပ်ကိုဇိမ်နဲ့သောက် ပြီးတော့မှ ကလေးနာမည်ကို အင်တာနက်ကနေအသည်းအသန်ရှာပြီးစာရွက်မှာကောက်ရေးခဲ့ရတယ်၊ နာမည်မပေးလို့မရတော့ဘူးလေ ဆေးရုံကမဆင်းခင်ပေးရမှာ မွေးစာရင်းသွင်းရမှာကိုး၊ သမီးအကြီးတုန်းကတော့ ၃နှစ်မှ နာမည်ပေးဖြစ်တယ် ဒါတောင် အမေရိကန်လာဖို့လုပ်ရလို့ပေးဖြစ်သွားတာ၊ နာမည်တွေကလည်းအများကြီးဆိုတော့ ဖြစ်နိုင်မယ့်ဟာတွေရေး ပြီးဆေးရုံကိုပြန်သွားကြတယ်၊ နောက်တစ်ညထပ်အိပ်ကြတယ်၊ ဆေးရုံကမနက်ပိုင်းဆင်းရမယ်ဆိုလို့ သမီးအတွက်မုန့်လောက်ဘဲဝယ်ခဲ့တယ်၊ တကယ်တော့ နေ့လည် ၃နာရီခွဲမှဆင်းနိုင်ခဲ့တယ်၊ သမီးလည်းဗိုက်ဆာတော့ သူ့အမေကိုဆေးရုံကကျွေးတဲ့ ဟာတွေသူအရင်ယူစားလိုက်တယ်၊

အင်းလေ..ဆေးရုံဆင်းနောက်ကြတာက..ကလေးနာမည်ပေးတာနောက်ကြနေတာကိုးဗျ..၊ ကလေးနာမည်ကတော့ Tiffany Ivy Myo ပါတဲ့..၊ အဲဆေးရုံကဆင်းတော့ အမျိုးသမီးကို အိမ်ကယူလာတဲ့အဝတ်တစုံလဲပေးပြီး ဆေးရုံကပေးတဲ့ အိပ်ထဲကို ဆေးရုံကပေးလို့သုံးပြီးကျန်တဲ့ပစ္စည်းတွေအကုန်စုထဲ့ပြီးပြန်ခဲ့ကြပါတယ်၊ တကယ်ဆိုရင်အိမ်ကဘာမှယူစရာမလို.. သွားတိုက်ဆေးသွားတိုက်တံ၊လိုးရှင်းကအစ ကလေးပစ္စည်းအဆုံး အစုံကိုပေးတာကိုး..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..
Sunday, July 12, 2009
သမီးလေးမွေးပါပြီ..

သမီးလေး ကို သတ်မှတ်ရက်ထက် တစ်ပတ်နောက်ကျပြီး ပြီးခဲ့တဲ့သောကြ်ာ နေ့ ညနေ ၆ နာရီ ၂၅မိနစ်မှာ အခက်အခဲတချို့ကြားမှ
အောင်မြင်စွာ မွေးဖွားလိုက်ပါပြီ၊ မိသားစုလေးယောက်လုံးဆေးရုံမှာနှစ်ညအိပ်ပြီး ဒီနေ့ နေ့လည် ၃နာရီခွဲမှာ ဆေးရုံကဆင်းလာခဲ့ပါတယ်၊ ဒီပုံကတော့ မွေးပြီးလို့ဝိုင်းပြု့စုနေကြတုန်း ကလေးစငိုတော့မှ ဓာတ်ပုံရိုက်ဖို့သတိရလို့ ရိုက်လိုက်တဲ့ပထမဆုံးပုံပါ၊ ၅ မိနစ်အတွင်းရိုက်ထားတာပါ၊
ဒီနေ့တော့ အလုပ်ရှုပ်နေတာနဲ့ အပြည့်အစုံမရေးနိုင်သေးဘူး နောက်မှ ဖြစ်စဉ်ကို သေသေခြာခြာရေးရပါဦးမယ်၊
အမျိုးသမီးကဗိုက်မနာဘဲနဲ့ ဆေးရုံသွားမွေးတာဆိုတော့ အချိန်တော့အတော်ကုန်ပါတယ်၊ မနက် ၈နာရီ ခွဲမှာမွေးခန်းထဲစဝင်ကြတာ ညနေ ၆နာရီ၂၅မှမွေးတာ ဆိုတော့ အတော်ကိုကြာပါတယ်၊ ရိုးရိုးနည်းနဲ့ဘဲမွေးပါတယ်၊ ဗိုက်သိပ်မနာအောင်တော့ Epidural ခါးမှာထိုးပြီးထိမ်းပါတယ်၊ ဆီးချိုထိမ်းနေတဲ့ကြားထဲကဘဲ ကလေးက နဲနဲကြီးသွားပါတယ် မွေးတော့ ၈ပေါင်၉အောင်စရှိပါတယ်၊ အရပ်က ၂၀.၇၅ လက်မရှိပါတယ်၊ ကလေး ချက်ကြိုးလည်ပင်းမှာပတ်နေတော့ အလွယ်တကူထွက်မလာပါဘူး၊ အရေးပေါ်ခေါ်ပြီးမွေးလိုက်လို့လားတော့မသိဘူး စုစုပေါင်းဆရာဝန်ဆရာမ ၁၀ ယောက်ကျော်လောက်ရှိမယ်ထင်ပါတယ်၊ အင်္ဂုလိမာလသုတ်လည်းသတိမရတော့ပါဘူး၊ ကလေးမွေးတာကိုတော့ ဒီတခါဘဲသေသေခြာခြာကြုံဘူးပါတယ်၊ သမီးကြီး တစ်ယောက် ကတော့ ညီမလေးရလို့ပျော်နေပါတယ်၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..၊
Saturday, July 4, 2009
ကြိုဆိုပါတယ်သမီးငယ်..
၂၀၀၂ ခု အောက်တိုဘာလ ၁၁ရက်နေ့ သောင်္ကြာနေ့ နေ့လည်နှစ်နာရီလောက်မှာ စစ်တွေမြို့ကထွက်လာတဲ့လေယာဉ်ပေါ်မှာ အတေွးပေါင်းများစွာနဲ့ စီးနင်းလိုက်ပါလာတဲ့ကျွန်တော်ဟာမကြာခင် လူ့လောကထဲကိုရောက်လာတော့မဲ့ ပထမဆုံးသမီးအတွက် စိတ်လှုပ်ရှားနေမိတယ်၊ အမှန်အတိုင်းပြောရရင်တော့ သားလိုချင်နေခဲ့တာပါ၊ ကိုယ်မလုပ်နိုင်ခဲ့တဲ့ မလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို သားဆိုရင်တော့ဆက်လုပ်နိုင်လိမ့်မယ်လို့ယူဆထားခဲ့မိသည်၊ သို့သော်လည်းဘာမှမတတ်နိုင်၊
သမီးဆိုရင် ကျွန်တော်မချစ်မှာကို အမျိုးသမီးကစိုးရိမ်နေခဲ့ကြောင်းပြောဖူးသည်၊ အခုတော့ သမီးက ကျွန်တော့်ကျောပေါ်ကမဆင်း သူလိုချင်တာတွေကိုတစ်ခုပြီးတစ်ခုရဖို့ ပူဆာနေတော့သည်၊ ကျွန်တော့မှာလည်း ကလေးကို အငိုတိတ်အောင် ကြိုးစားဖို့ကလွဲပြီးဘာမှမတတ်နိုင်..၊
ရန်ကုန်ကို ရောက်တော့နားချိန်မရှိ၊ မကြာခင်မွေးလာတော့မယ်ကလေးအတွက် လိုအပ်တာတွေလိုက်လုပ်ရသည်၊ နောက်နေ့စနေနေ့ မှာလည်း ဆရာဝန်နဲ့ချိန်းထားသည်၊
ဒီလိုနဲ့စနေနေ့မနက်ပိုင်းမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးပါမောက္ခ်ဒေါက်တာဒေါ်မြမြနဲ့ တွေ့တော့ လိုအပ်တာတွေအကုန်စစ်ဆေးပြီး ဘယ်လိုပုံမျိုးမွေးချင်တယ်ဆိုတာကိုသေသေချာချာရှင်းပြပြီးမေးသည်၊ အမျိုးသမီးကို သူ့အမေမွေးတုန်းကလည်း ဆရာဝန်ကြီးဒေါက်တာဒေါ်မြမြဘဲမွေးပေးခဲ့သည်ဟုပြောပြသည်၊ လောလောဆယ်ခေတ်စားနေတာက ဗိုက်မနာဘဲမွေးတဲ့နည်း၊ ဒီတော့ မနာဘဲမွေးရမယ်ဆိုတော့ အမျိုးသမီးကအဲ့ဒီနည်းနဲ့ဘဲမွေးချင်ကြောင်းပြောလာသည်၊ ဒါဆိုရင်တော့ မေ့ဆေးအထူးကုဆရာဝန်ကြီးဒေါက်တာဦးကြင်ဟွန်းနှင့်သွားတွေ့ရမည်ဖြစ်ကြောင်းပြော
သည်၊ ဒါနဲ့ အဲ့ဒီနေ့ညနေဘဲဆရာကြီးနှင့်တွေ့ဖို့ချိန်းလိုက်သည်၊ ဖြစ်ချင်တော့ အလွန်အလုပ်များသော ဆရာကြီးက အဲ့ဒီနေ့ညနေမှာဘဲ စံပြရုပ်-+ရှင်ရုံနဲ့မနီးမဝေးက သူ့အိမ်မှာလာတွေ့ဖို့ပြောသည်၊ ဒါနဲ့လင်မယားနှစ်ယောက်ညနေ ၅နာရီခန့်မှာဘဲဆရာကြီးနဲ့သွားတွေ့ပြီး ညွှန်ကြားတာများကိုနားထောင်ပြီးပြန်လာခဲ့သည်၊ အပြန်လမ်း မှာ ရွှေပုဇွန်မှာ အအေးဝင်သောက်လိုက်ကြသေးသည်၊ ဘင်္ဂလားနယ်စပ်မှာငတ်ခဲ့တဲ့ကျွန်တော်လည်း အအေးကိုဇိမ်ခံသောက်ပြီးကလေးဘယ်နေ့မွေးမယ်ဆိုတာကို ပြောရင်းမြေနီကုန်းဘက်ကိုပြန်လာခဲ့ကြသည်၊ မွေးရမယ့် ရက်က ရောက်နေပြီဆိုတော့အချိန်မရွေးမွေးနိုင်နေတာကိုး၊
နောက်နေ့တနင်္ဂနွေနေ့ မနက် ၈နာရီလောက်မှာဘဲ အမျိုးသမီးဗိုက်စနာလာကြောင်းပြောသည်၊ ရေမိုးချိုးပြီးသူပြင်ဆင်နေတော့ ကျွန်တော်လည်းဘာလုပ်လို့လုပ်ရမှန်းမသိ ယောင်နေမိသည်၊ တော်သေးသည် ယောက်္ခမကြီး၊ မရီးများ နှင့် နှစ်ပေါင်းများစွာသူတို့နဲ့ နေလာတဲ့ အိမ်နီးချင်းများရှိလို့ပူစရာမလို၊ ဒီလိုနဲ့ဗဟိုစည်ဆေးရုံကို ၁၁နာရီကျော်ကျော်လောက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်ကြီးဒေါ်မြမြတို့လည်းရှေ့ဆင့်နောက်ဆင့်ရောက်လာတာတွေ့ရသည်၊ ဒါနဲ့ ဆေးရုံတင်ဘို့နဲ့မွေးဖို့ ပြင်ဆင်ကြသည်၊ အခန်းက ပထမထပ် နံပတ် ၁၁၃ မှာရသည်၊ အဆင်ပြေဖို့ဖြစ်လာတော့ မေ့ဆေးဆရာဝန်ကြီးလည်း ဗဟိုစည်မှာရှိနေသည်၊ ဒါပေမယ့်အဲ့ဒီတုန်းက မနာဘဲမွေးဖို့ခါးကိုထိုးရတဲ့ဆေးက ဆာကူရာဆေးရုံမှာသွားယူရမည်ဖြစ်ကြောင်းဆရာဝန်ကြီးကပြောသည်၊ ဒီတော့ ကျွန်တော်လည်းဆရာဝန်းကြီးဆီကစာကိုယူပြီးဆာကူရာကိုအမြန်ပြေးရသည်၊ ဆေးမရောက်ခင် အမျိုးသမီးတော့နာတာကိုအောင့်ခံထားဦးပေါ့၊ ဒါပေမယ့်ဒီလောက်ကြီးလည်းနာသေးပုံတော့မရပါ၊ ဆေးလည်းရောက်ရော မွေးခန်းအပြင်ကအခန်းတစ်ခန်းထဲမှာ ဆေးထိုးပြီးစောင့်ကြည့်နေရသည်၊ ဆရာကြီးကတော့ အချိန်မရှိ၊ သူ့တပြည့်ဆရာဝန်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်၊ ရောက်လာတဲ့ဆရာဝန်ကလည်း သူ့ဆေးခန်းကိုပိတ်ပြီးအမြန်လာခဲ့ရကြောင်းသိရသည်၊ သူ့ကြည့်ရတာလည်း ဒီလိုမနာမကျင်မွေးတဲ့ကိစ္စကိုအတော်စိတ်ဝင်စားပုံရသည်၊ ဘာဘဲပြောပြောအချိန်အတော်ကြာကြာကိုစောင့်ရသည်၊ မနာတော့မိခင်က အားမထုတ်လို့ကြာတာလည်းဖြစ်နိုင်သည်၊ ဒီလိုနဲ့ ညနေ ၇နာရီ၄၆မိနစ်မှာ ၇ ပေါင်၂အောင်စရှိတဲ့သမီးကိုမွေးတော့သည်၊

မွေးမွေးချင်းလာပြတော့ နီတာရဲသမီးလေးက မျက်လုံးလေးကြောင်တောင်တောင်နဲ့ဖြစ်နေသည်၊ ဒီလိုနဲ့ဆေးရုံမှာ ၅ရက်ကြာခဲ့သည်၊ သွေးထဲမှာ ဟေမိုကလိုဗင်များနေလို့ အသားဝါတာဆိုပြီးဓာတ်ကင်နေရလို့ကြာသွားတာဖြစ်သည်၊
အိမ်ပြန်ရောက်တော့ ကလေးတစ်ယောက်နဲ့ ကျွန်တော်တို့လင်မယားဘာမှမလုပ်တတ် ဒီတော့ယောက်္ခမအိမ်မှာဘဲဆက်နေလိုက်ကြရသည်၊ အဲဒီလိုကလေးနဲ့အလုပ်ရှုပ်နေရင်းဘဲ ခွင့် ၁၄ရက်ကပြည့်သွားတော့သည်၊ ဒါနဲ့ အလုပ်ရှိရာ ဘင်္ဂလားနယ်စပ်ကိုပြန်ခဲ့ရတော့သည်၊
ဘာဘဲပြောပြော ခွင့်နဲ့ပြန်ရောက်ရောက်ချင်းမွေးလို့ တော်သေးသည်၊ အချိန်အတော်ကြာကြာကလေးနဲ့နေလိုက်ရသည်၊ နောက်တစ်ခေါက် လေးလ ကြာလို့ပြန်ရောက်တော့ကလေးကအတော်ချစ်စရာကောင်းနေပြီ၊ သုံးလ လေးလ ကြာမှ တစ်ခါသာ ရန်ကုန်ကို အလုပ်နဲ့လာရင်းပြန်ရောက်ပြီး လေး၊ငါးရက်ထက်ကြာအောင်မနေရတာကများတော့ ကလေးကအဖေကို သိပ်မမှတ်မိပါ၊

သမီး တစ်နှစ်နဲ့ နှစ်လ ပြည့်ပြီး ကျွန်တော် သီရိလင်္ကာမသွားမှီ အညာက မိဘများကို တစ်ခေါက် ကလေးသွားပြလိုက်နိုင်သည်၊
ဒီတော့မှ အမေ၊အဖေ တို့လည်းကလေးကိုတွေ့ဘူးတော့သည်၊ သမီးတစ်နှစ်နဲ့ရှစ်လအရွယ် ကျွန်တော် သီရိလင်္ကာနိုင်ငံကနေပြန်လာတော့ သူအဖေကိုသိတ် မမှတ်မိတော့ တော်တော်နဲ့အကပ်မခံပါ၊ သူ့နားသွားရင်ငိုပြီးထွက်ပြေးသည်၊ တစ်ဖြေးဖြေးနဲ့ သူနဲ့ အတူတူဆော့ရင်းနဲ့ ပြန်ရင်းနှီးလာသည်၊ နောက်တော့ အဖေကိုမလွှတ်တော့ သူလိုချင်တာအကုန်ရတာကိုး..၊

ကျွန်တော်တို့မိသားစုအတူတူနေဖို့ အတော်ကိုအချိန်ယူကြိုးစားခဲ့ရသည်၊ နောက်ဆုံး တော့မျှော်လင့်ချက်တစ်ခုပေါ်လာတော့ အလုပ်ကနေအပြီးထွက်ပြီးရန်ကုန်မှာဘဲနေလိုက်သည်၊ နောက်ရမယ့်အလုပ်က သေခြာသလောက်ဖြစ်နေတာလည်းပါသည်၊ အဲဒီအလုပ်ကို လူတစ်ရာကျော်ရှောက်တဲ့အထဲကနေ စာမေးပွဲနှစ်ဆင့်ဖြေပြီးတော့ နောက်ဆုံး လေးယောက်ဘဲကျန်သည်၊ အဲဒီအထဲမှာ ယောက်ျားလေးကကျွန်တော်တစ်ယောက်ထဲကျန်တော့သည်၊ ပြီးတော့ကျွန်တော်က အသက်အငယ်ဆုံး၊ ကျန်တဲ့သူတွေက နိုင်ငံတစ်ကာအတွေ့အကြုံနဲ့လုပ်သက် နှစ်ပေါင်းများစွာသာတယ်ဆိုပေမယ့်၊ အလုပ်က ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်နဲ့အမျိုးအစားအတူတူဖြစ်ပြီး ဘာမှသင်စရာမလိုတော့အောင်ဖြစ်နေပြီးသား၊ အင်တာဗျူးတော့ လည်းအားလုံးအိုကေ၊ မေးခွန်းတွေက လည်း မလုပ်ဘူးတဲ့သူတွေ ဖြေနိုင်ဖို့မလွယ်တဲ့ လက်တွေ့မေးခွန်းမျိုးတွေ၊ ပြီးတော့မေးတဲ့သူတွေအားလုံးက ဥရောပနိုင်ငံအသီးသီးကလာသူတွေ နောက် ပြီးသူတို့နဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းကျွန်တော်တွဲလုပ်ဖူးထားတော့အားလုံး အဆင်ပြေသလောက်ကိုဖြစ်နေတာပေါ့ဗျာ..၊ ဒီလိုနဲ့ အိမ်မှာ နေရင်းသတင်းကောင်းကိုနားစွင့်ရင်းစိတ်အေးအေးနဲ့ဘဲစောင့်နေခဲ့တယ်၊ တစ်နေ့မှာတော့ မျှော်လင့်ချက်တွေကို ရိုက်ချိုးမယ့်သတင်းတစ်ပုဒ်ကို ဘီဘီစီကနေလွှင့်သွားပါတယ်၊ ကျွန်တော်ဟာမဟုတ်ပါစေနဲ့ လို့ရင်ခုန်စွာဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ခဲ့ပါ..၊
ရွှေတူးကျောက်တူးသမားဘဝမှာ ဆုတောင်းတွေတစ်ခုမှမပြည့်ခဲ့သလို အဲ့ဒီတုန်းက လည်းမပြည့်ပြန်ခဲ့ပါ..၊
အခုလည်းသားလိုချင်ပေမယ့်သမီးဘဲထပ်ရဦးမည်၊ မတတ်နိုင် သမီးကြီးအတွက်ကောင်းတာပေါ့လို့ဘဲတွက်ရတော့မည်၊ အသက်ကတော့ ၆နှစ်ကျော်ကွာ သွားမည်ဖြစ်သည်၊

တစ်ယောက်ထဲ နေတတ်တဲ့ကျွန်တော့်အတွက် ဘယ်နေရာနေနေ ဘာမှမဆန်းပေမယ့်၊ အမျိုးသမီးနဲ့ သမီး အဖော်မဲ့ဖြစ်နေပြန်ရင် ကျွန်တော်တကိုယ်ကောင်းဆန်ရာကြမည်၊ သမီးအတွက်ရှေ့ရေးတွေကို တွေးရင် သမီးအတွက်မောင်နှစ်မတစ်ယောက်လိုနေပြီဆိုပြီး အမျိုးသမီးရဲ့ အလုပ်ရပ်သွားစဉ်မှာ ကလေးအမြန်ယူလိုက်ရတာဖြစ်သည်၊ သမီးကလည်း “မီးမီး ရဲ့ညီမလေးတွေ မောင်လေးတွေကဘယ်မှာလည်း”လို့ခဏခဏ မေးနေတာ ကလည်းတစ်ကြောင်းပေါ့လေ၊
မနေ့ကဆရာဝန်ပြောတာကတော့ သားအိမ်က 3cm ပွင့်နေပြီဆိုတော့ ဒီနေ့လား မနက်ဖြန်လားမသိမွေးတော့မည်၊ သူ့ရက်အတိုင်း ဇူလိုင်၎ရက် လွတ်လပ်ရေးနေ့မှာ မွေးရင်လည်းကောင်းမည်၊ ဆေးရုံက မီးရူးမီးပန်းတွေဖောက်တဲ့ တက္ကသိုလ် ဘောလုံးကွင်းနဲ့နီးတော့ သူ့ကိုကြိုဆိုသလိုမျိုးပေါ့..၊
Subscribe to:
Posts (Atom)
