Sunday, August 10, 2014

နယူးယောက်ခရီး - ၂၀၁၄




ဒီနှစ် နွေဦး ကျောင်းပိတ်ရက်မှာ နယူးယောက်မြို့ကို သွားလည်ခဲ့ပါတယ်..၊ ကျွန်တော်နေတဲ့ ရှားလော့မြို့ ကနေ နယူးယောက်ဟာ မိုင်၆၅၀ ခန့်ဝေး ပြီး ၁၀ နာရီကျော်ခရီးပါ၊
အမေရိကန် တောင်ပိုင်းသားတွေ အနေနဲ့တင်စား ပြောရရင်တော့ နယူးယောက်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပါဘဲ..၊  စကားပြောလေယူလေသိမ်း ကအစ ဓလေ့စရိုက်မတူပါဘူး၊
ဒီလိုနဲ့ မနက် ၃ နာရီလောက်ထပြီး လေဘာတီရုပ်တု ကုတို့ သင်္ဘော ၃နာရီခွဲ အမှီ မောင်းခဲ့ပါတယ်..၊ လမ်းမှာ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်ဘေးနီးယား၊နယူးဂျာစီ ပြည်နယ်တွေကို ဖြတ်မောင်းခဲ့ပါတယ်..၊ 

ကလေးတွေပါတော့ ဟိုရပ်ဒီရပ်နဲ့ နားချိန်တွေအတော်ကြာ သွားပါတယ်..၊
လေဘာတီရုပ်တုနားရောက်တာနဲ့ ဘားမား လမ်း (Burma Road) ပေါ်မှာ မောင်းရင်း မြန်မာပြည်သတိရလွမ်းမိလို့လား မသိ ကားပါကင်မှားရပ်မိပါတယ်..၊ တွေ့တဲ့လူတစ်ယောက်မှလည်း မေးလို့မရဘူး..၊ ဂျီပီအက် ထဲမှာတော့ ရောက်နေပြီလို့ပြထားတာဘဲ..၊ လုံခြုံရေးကို တွေ့မှဘဲ မေးလို့ရတယ်..၊ ရှေ့ကလမ်းကို ညာဘက်ကွေ့လိုက်ရင်ရောက်ပြီတဲ့..၊ ပေ ၂၀၀ လောက်ကလမ်းတစ်ကွေ့ကို မေးမရတာ အံ့သြမိပါတယ်..၊ တခုဖြစ်နိုင်တာက ဒီနေရာက ကားထားပြီး ရထားပြောင်းစီးတဲ့နေရာဆိုတော့.. ပုံမှန်ခရီးသွားတစ်ယောက်အနေနဲ့ ရှေ့ ကိုက် ၁၀၀ လောက်က လမ်းတစ်ကွေ့မှာ ဘာရှိလည်း သွားကြည့်မိမှာ မဟုတ်ပါဘူး..၊ ထားပါတော့ မေးမရတဲ့ သူအချို့ကို ဓာတ်ပုံရိုက်လာတယ်..၊
ကုတို့ဆိပ်လည်း ၀င်ရော ဂိတ်ပေါက်က ၃ နာရီခွဲလို့ပိတ်သွားပါပြီ..၊လေဘာတီကျွန်း ကို အသွားလက်မခံတော့ပါဘူး..၊ ရာသီဥတု ကအရမ်းအေးပြီး လေတိုက်နေလို့ မှောင်လိုက် လင်းလိုက်နဲ့ပါ..၊ နယူးယောက် မြို့ကို ပတ်နေတဲ့ ရဟတ်ယဉ်တွေ ဆိုတာ အများကြီး နဲ့ (လေဘာတီကျွန်းနားမှာ) ဆူညံနေတာပါဘဲ..၊

ဝါးထရိတ်စင်တာ အမှတ်တရ အထိမ်းအမှတ် ကလည်း စိတ်မကောင်းစရာ အမှတ်ရစေပါတယ်..၊ လေဘာတီ ပန်းခြံထဲက ရှေးဟောင်း ဂိတ်အဆောက်အဦး ကြီး နဲ့ ရထား အို ကြီး ကတော့ ရှေး နှစ်ပေါင်းများစွာ ကို ပြန်ပြီး လွမ်းဆွတ်ချင်စရာ ပါဘဲ..၊

လေဘာတီရုပ်တုကြီး နဲ့ မလှမ်းမကမ်းက အီလိုက် ကျွန်းက လေဘာတီထက်ပို အရေးပါမယ်လို့ခံစားမိပါတယ်..၊ အမေရိကန်ကို စပြီး အခြေချတဲ့ လူသစ်တွေကို စစ်ဆေးတဲ့ လူဝင်မှုကြီးကြပ်ရေး နေရာအဖြစ်နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်.. (from 1892 until 1954). 
အဲ့ဒီကျွန်းမှာ စစ်ဆေးပြီးမှ တိုင်းပြည်ထဲအ၀င်ခံတာပါ..၊ လူတိုင်းအမေရိကန်ကို အခြေချခွင့်မရကြပါဘူး၊ ၂ ရာခိုင်နှုန်းလောက် က နေထိုင်ခွင့်ညင်းပယ်ခံရပြီး၊ အတ္ကလမ်တိတ် သမုဒ္ဓရာကြီး ကို ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်ပြီ ပြန်သွား ခဲ့ကြရပါတယ်..၊ ကြေကွဲစရာဇတ်လမ်းတွေအများကြီးပါ..၊ အဲ့ဒီကျွန်းကနေ လူပေါင်း ၁၂ သန်းကျော် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အခုဆိုရင် အမေရိကန်လူဦးရေရဲ့ သုံးပုံတစ်ပုံ၊ သန်း၁၀၀ ကျော်ဟာ သူတို့ရဲ့မျိုးဆက်တွေလို့ပြောနိုင်ပါတယ်..၊
နောက်ပြီး ကမ္ဘာစစ်ကာလ အတွင်းမှာ ဒီကျွန်းကို စစ်ကျောရေးနဲ့ ထိမ်းသိမ်းရေး စခန်းအဖြစ် လည်းသုံးခဲ့ပါတယ်..၊  အမေရိကန် သမိုင်းမှာ ပြန်မဖော်ပြချင်စရာ တခုကတော့ ကမ္ဘာစစ်အတွင်းမှာ ဂျပန်၊အီတလီ၊ဂျာမန် လူမျိုး အမေ၇ိကန်တွေ အတော်များများကို နေရာအတော်များများမှာ ထိမ်းသိမ်းထားခဲ့ပါတယ်..၊ ဒီကျွန်းမှာလည်း ထိမ်းသိမ်းထားခဲ့ဘူးပါတယ်၊ ရုပ်ရှင်မှတ်တမ်း တွေထဲမှာတော့ ဂျပန်အမေရိကန်တွေ ဥရောပစစ်မျက်နှာမှာ ပါဝင်တိုက်ခိုက်ခဲ့တာမျိုးကို အသားပေးပြလေ့ရှိပါတယ်..၊ ဒီအကြောင်းတွေကို အီတလီ ဂျပန်ကပြား ဆရာမတစ်ယောက်ဆီက နည်းနည်းလေ့လာခွင့်ရခဲ့ဘူးပါတယ်..၊ တဖက်က ကြည့်ရင်လည်း ဒါမှားတယ်လို့မဆိုနိုင်ပါဘူး..၊ ဂျာမန်နဲ့ စစ်ဖြစ်နေချိန်မှာ ပြည်တွင်းမှာ နေတဲ့ သံသယရှိတဲ့ ဂျာမန်တွေကို ဒီအတိုင်းလွတ်ထားရင်.. အန္တရယ်ရှိနိုင်တာပေါ့ဗျာ..၊
လေဘာတီရုပ်တုကြီးကို လွတ်လပ်ရေး နှစ်တရာပြည့် အထိမ်းအမှတ် နဲ့ ပြင်သစ်က လက်ဆောင်ပေးလိုက်တာဘဲသိကြ..၊ ဗိသုကာလက်ရာတွေကို အံ့သြကြ၊ ဒီမိုကရေစီတို့ လူ့အခွင့်အရေးဆိုတာတို့ကို ချီးမွမ်း ၀မ်းသာကြပေါ့ဗျာ..၊ အမေ၇ိကန်လွတ်လပ်ရေးဖခင်ကြီး တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဖ၇န်ကလင် ကြီးကတော့ ပြုံးနေမှာပါ..၊ တချိန်ကတော့ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်တို့ က နာမည်မျိုးစုံနဲ့ မကြာခဏတိုက်နေခဲ့ကြတာ လူတိုင်းအသိပါ..၊ ခုခေတ်ပြောပြောနေတဲ့ “ပရိုစီ ၀ါ”း တွေပေါ့ဗျာ..၊ သူကလွတ်လပ်ရေးအတွက်ကြိုးပန်းနေချိန်မှာ..၊သူ့သား ပြည်နယ်အုပ်ချုပ်ရေးမှူး က အင်္ဂလိပ်ဖက်က ရပ်တည်ခဲ့ပါတယ်.၊ ဘင်ဂျမင်ဖ၇န်ကလင် က အင်္ဂလန်မှာ အတော်ကြာကြာနေခဲ့ပြီး တော်လှန်ရေးဖြစ်တော့မှ အင်္ဂလန်က ပြန်ခဲ့ပြီး ပြင်သစ်ကို ခရီးဆက်ခဲ့တာပါ..၊ ပြင်သစ်က အမေ၇ိကန်ကို အစက မကူညီခဲ့ပါဘူး၊ ဘင်ဂျမင်ဖရန်ကလင်ကြီးက ပြင်သစ်ကို ယုံအောင် ကူညီချင်လာအောင် ပြင်သစ်မှာသွားနေပြီး နားချနေရတာပါ၊ ပြင်သစ်ဖက်က ကြည့်ရင်တော့ နိုင်မှာ မသေချာတဲ့စစ်ပွဲ မျိုး သူ့အတွက် အကျိုးမရှိတဲ့ စစ်ပွဲကို ကူညီမှာ မဟုတ်သလို..၊ အမေရိကန်တော်လှန်ရေး မစခင် ၁၀နှစ်ကျော်က (၁၇၅၄-၁၇၆၃)ပြင်သစ် အင်ဒီးယန်းစစ်ပွဲကိုလည်း မေ့နိုင်မှာမဟုတ်လောက်ပါဘူး..၊ နာမည်ကသာ ပြင်သစ်အင်ဒီယန်းစစ်ပွဲ တကယ်တော့ ပြင်သစ် အင်္ဂလိပ်စစ်ကို အင်ဒီးယန်းတွေနှစ်ဖက်လုံး ကပါဝင်တိုက်ခဲ့ရပါတယ်..၊ အစပိုင်းမှာ ပြင်သစ်က အောင်ပွဲဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်္ဂလိပ်ဖက်က အသာရခဲ့ပါတယ်..၊ အင်္ဂလိပ်ဖက်က နေပြီး ပြင်သစ်ကို တိုက်ခဲ့ကြသူအတော်များများဟာ တော်လှန်ရေးစစ်ပွဲမှာ အင်္ဂလိပ်ကိုလွတ်လပ်ရေးအတွက် ပြန်တိုက်နေကြပြန်ပါတယ်..၊ အင်္ဂလိပ်တွေ တောင်ပိုင်းပြည်နယ်တွေမှာ စစ်မျက်နှာဖွင့်တိုက်ချိန်မှာ အမေရိကန်ဖက်က အစပြုအောင်ပွဲတွေရခဲ့တဲ့ တိုက်ပွဲတွေ ဟာ ကျွန်တော်အခုနေတဲ့ နော့လ်ကာရိုလိုင်းနား တစ်ဝိုက်မှာပေါ့ဗျာ..၊ ဒီအောင်ပွဲတွေ ကြောင့်လည်း ပြင်သစ်က ကူညီဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်..၊ ကျွန်တော်အနေနဲ့ကတော့ ရုပ်တုကြီး က အမေရိကန်လွပ်လပ်ရေးရအောင် ငါတို့ကူညီခဲ့တာ လို့ ပြင်သစ်က အမြဲ သတိပေးနေသလိုပါဘဲခင်ဗျာ..၊

ပန်းသီး မြို့တော် နယူးယောက်မြို့ကြီးမှာ သူလိုကိုယ်လို ခရီးသွားတွေအမြဲပြည့်နေလေ့ရှိပါတယ်..၊ မသိရင် ယူနီဖောင်း အပြာဝတ်ထားတဲ့သူတွေကို ရှာပြီးမေးနိုင်ပါတယ်..၊ သူတို့ကလည်းသေသေခြာခြာရှင်းပြပါတယ်..၊ သိပြီးသားတွေဖြစ်နေလည်း ရှင်းပြတာကိုလေးလေးစားစားနားထောင်ပေးသင့်ပါတယ်..၊
သေသေခြာခြာ လေ့လာထားပေမယ့်လည်း..၊ သူတို့ရှင်းပြတာကပိုထိရောက်ပါတယ်..၊ မြို့ထဲမသွားခင် ဟိုတယ်က လူတွေကို မေးတော့ မြေပုံနှင့်တကွ ဘယ်လိုပြန်လာရမလည်း ဆိုတာကိုပါ ရှင်းပြပေးပါတယ်..၊

ညဘက် ဓာတ်ပုံရိုက်ထွက်တော့ ဂျာစီ မြစ်ထဲမှာ တွေ့တာ ဘာကောင်လည်းဆိုတာ စဉ်းစားမရပါဘူး..၊ အယ်လီဂေတာတွေက ဖလော်ရီဒါ၊ မစ္စစ်စပီ ကစပြီး ဆောက်ကာရိုလိုင်းနားနဲ့ နော့က်ကာရိုလိုင်းနား ပင်လယ်စပ်လောက်ထိ မှာဘဲနေကြတာပါ၊ ပိုင်းလ်မြွေတွေကတော့ ၈ ပေကျော်လောက်ထိရှည်တော့ ဖြစ်တော့ဖြစ်နိုင်ပါတယ်..၊ အဲ့ဒီ မြစ်ဘက်မှာ လှေ သင်္ဘော တံငါ စတဲ့ အနှောက်အယှက်မရှိတော့ အကောင်တွေ လွတ်လွတ်လပ်လပ်နေနိုင်ပုံတော့ရပါတယ်..၊ အကယ်လို့များ ညလယ်ကောင်မှာ မြစ်ထဲက အကောင်တစ်ကောင်ကောင်သာ ဆွဲသွားလို့ကတော့ ဘယ်သူမှသိလိုက်မှာ မဟုတ်ပါဘူး၊ “ဆီးလန်ပရီ “တွေဆိုတာ ငါရှည့်လို ငါးအရှည်တွေပါ ငါးတွေကို ကပ်ပီး သွေးစုပ်စားသောက်တတ်ပါတယ်..၊ ကနေဒါ ဘက်က ရေအိုင်ကြီးတွေမှာ တော့ စီမံကိန်းနဲ့ကို သုတ်သင်နေရပါတယ်..၊

နယူယောက်မှာ မြန်မာတွေ အများကြီးပါ၊ ဘုန်းကြီးကျောင်းတွေလည်း အများကြီးလို့သိရပါတယ်..၊ နောက်တစ်ခါမှ ဘဲဝင်လည်ပတ်ပါဦးမယ်..၊ လည်စရာတွေလည်း မကုန်နိုင်မခန်းနိုင်ရှိမှာပါ၊ ကျွန်တော့အနေနဲ့ ဒီတစ်ခေါက်အဓိကလာ ရတာကတော့ ဟိုးအရင်က သမုဒ္ဒရာဖြတ် သင်္ဘောစီးပြီး အခြေချဖို့ရောက်လာခဲ့ကြတဲ့ သူတွေ မြင်တွေ့ခဲ့ရမယ့်မြင်ကွင်းကို ခံစားကြည့်ဖို့သက်သက်ပါ..၊ (၀င်းဒိုး) ရှောပင်းထွက်ဖို့လည်း အချိန်မရခဲ့ပါ..၊
ကလေးကို လက်က မချရတော့ ဓာတ်ပုံ၊ ဗွီဒီယို ကို အမှတ်တရ ကင်မရာအသေးနဲ့ဘဲရိုက်ခဲ့နိုင်ပါတယ်..၊
အပြန်လမ်းမှာတော့ ပန်ဆယ်ဘေးနီးယား ပြည်နယ်အ၀င် မှာ တိုးဂိတ်ကြေး ၀င်မပေးမိခဲ့လို့ ၂ ပတ်လောက် အကြာမှာဒဏ်ငွေ ပေးဖို့စာရောက်လာပါတယ်..၊ အမေ၇ိကန်လမ်းတွေမှာ ကင်မရာတွေဆင်ဆာတွေ အပြည့်ဆို တာ သတိထားဖို့လိုပါတယ်..၊
ဒီလောက်ပါဘဲ..
ရွှင်လန်းချမ်းမြေ့ကြပါစေ..
ခပ်ကြမ်းကြမ်းတည်းဖြတ်ထားတဲ့ မိနစ် ၃၀ကြာယူကျု့ ဗွီဒီယိုကိုတော့ အချိန်ရရင်ကြည့်နိုင်ပါတယ်..၊ အင်တာနက်နှေးရင်အဆင်ပြေအောင် ဖေ့ဘုတ်မှာ ဆိုဒ်သေးပီး အပိုင်းခွဲတင်ထားပါတယ်..၊

No comments: