Monday, August 10, 2009

ယူရေနီယံ ဇာတ်လမ်းများ

ပုလဲဆိပ်ကမ်းကို ဝင်မတိုက်မှီနှစ်အနည်းငယ်အချိန်က အမေရိကန်ပြည် ယူတာပြည်နယ် တောင်ပိုင်း ဘုရားကျောင်းတောင်တန်းတစ်ဝိုက်မှာ ဂျပန်ကုမ္မဏီတစ်ခု သတ္တုရှာဖွေ ရေးလုပ်ခဲ့ကြကြောင်းကို မှေးမှိန်နေတဲ့ ဂျပန်စာများရေးထားသော သစ်သားအပိုင်းအစတစ်ချို့က သက်သေခံလျက်ရှိသည်၊အကယ်လို့များ အဲဒီတောင်တန်းအောက်မှာ ဘာတွေရှိတယ်ဆိုတာ ဂျပန်တွေသိသွားခဲ့ရင် စစ်ပွဲအဖြေကတစ်မျိုးတစ်ဖုံများ ပြောင်းသွားလေမလားမသိပါ၊

ယူရေနီယံကို ၁၇၈၉ ခုနှစ်အတွင်း ဂျာမန်ဓာတုဗေဒပညာရှင် မာတင် ဟိန်းနရစ် ကလပ်ရု က ရှာဖွေတွေ့ရှိခဲ့သည်၊ ထုံးစံအရ သူ့နာမည်ပေးရမှာကိုငြင်းဆိုခဲ့ပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကရှာဖွေတွေ့ရှိခဲ့တဲ့ ယူရေးနပ်ဂြိုလ်ကို အစွဲပြုပြီး ယူရေနီယံလို့အမည်ပေးခဲ့သည် ၊ ဒီလိုဘဲ ၁၉၄၁ခုနှစ်က ကာလီဖိုးနီးယားတက္ကသိုလ်က ပညာရှင် ဂလန်းဆီးဘော့ ပလူတိုနီယံကိုစတင်ခွဲထုတ်နိုင်ချိန်မှာလည်း ပလူတိုဂြိုလ်ကို အစွဲပြုပြီး ပလူတိုနီယံလို့နာမည်ပေးခဲ့သည်၊ မည်သို့ဆိုစေကာမှု ဂျပန်နိုင်ငံကို ကြဲချခဲ့တဲ့ အနုမြူဗုံးတွေမှာ အသုံးပြု့ခဲ့သော ယူရေနီယံအများစုကို ထုတ်လုပ်ပေးခဲ့တဲ့ အာဖရိကတိုက်က ဒီအာ ကွန်ဂိုနိုင်ငံ (တခြားကွန်ဂိုနိုင်ငံတခုနှင့်ကွဲစေရန် ဒီမိုကရက်တစ် ရီပတ်ပလစ် အော့ ကွန်ဂို သို့ ဒီအာဂွန်ဂို ဟုခေါ်သည်)က ဇာတ်လမ်းအစလို့ ပြောရမလိုဖြစ်သည်၊

ဥရောပနိုင်ငံတွေ အာဖရိကတိုက်ကိုခွဲဝေယူတော့ သတင်းသမားဟောင်း၊ စာရေးဆရာ၊ လူစွန့်စား ဟင်နရီ မောတင် စတန်လေရဲ့ အကူအညီနဲ့ ဘယ်လဂျီယန်ဘုရင် ကင်း လီယိုပို့ ၂ ဟာ ဘယ်လဂျီယံနိုင်ငံထက်အဆပေါင်းများစွာကျယ်တဲ့ အာဖရိကတိုက်အလည်က ကွန်ဂိုနိုင်ငံကို ရလိုက်ပါသည်၊ ဒေသခံတွေရဲ့အကျိုးအတွက်လို့ ဆိုခဲ့ပေမယ့် ကွန်ဂိုဟာ အတင်းအဓမ္မစေခိုင်းရာအလုပ်သမား စခန်းကြီးဘဲဖြစ်လာခဲ့ပါသည်၊ သူ့တပ်သားတွေကလည်း အလုပ်သမားတွေကို ထုတ် လုပ်မှုတိုးတက်လာစေဖို့အတွက် သတ်မှတ်တဲ့ ဆင်စွယ်တို့သစ်တို့ မရခဲ့ရင် လက်ဖြတ်၊ခေါင်းဖြတ်ပြီးအရေးယူပါတယ်တဲ့၊ ဥရောပမှာ စက်မှုလုပ်ငန်းတွေထွန်းကားလာတဲ့အချိန်မှာတော့ လိုအပ်တဲ့ ရာဘာ တွေအများအပြားထုတ်လုပ်ခဲ့ပြန်ပါတယ်၊ ရာဘာတွေအလျှံအပါယ်ထွက်သလို မြေအောက်သတ္ထုတွေလည်းအများအပြားထွက်တော့ ဘယ်လဂျီယံကုမ္မဏီ ယူနီယံမိုင်နာရယ် ဒူ ဟန့် ကာတန်ဂါ က ဘစ်စမတ်၊ ကိုဘော့၊ တင်၊ ဇင့် စတာတွေကို အလွယ်တကူနဲ့တူး ဖေါ်ရယူခဲ့ကြပါတယ်၊ ၁၉၁၅ မှာတော့အကောင်းစားယူရေနီယံသတ္ထုသိုက်ကို ရှင်ကိုလိုဘွေး ဒေသမှာတွေ့ခဲ့ပြန်ပါသည်၊ အဲ့ဒီအချိန်က ယူရေနီယံကနေထုတ်ယူရတဲ့ ကင်ဆာပျောက်အောင်ကုရတဲ့ ရေဒီယံ ဟာကမ္ဘာမှာအဖိုးအတန်ဆုံးဖြစ်ပြီး တစ်ဂရမ်ကို ဒေါ်လာ ၁၇၅၀၀၀ ထိဈေးရှိခဲ့သည်၊ တောင်တွေကိုဖောက်ခွဲပြီး ယူရေနီယံတွေထုတ်ယူကာ ဘယ်လဂျီယံနိုင်ငံကိုတင်ပို့ခဲ့ကြသည်၊ ဒီတော့ ရေဒီယံထုတ်ယူပြီးကျန်ခဲ့တဲ့ အဝါရောင်ယူရေနီယံတွေအများအပြား ဘယ်လဂျီယံနဲ့ ဂွန်ဂိုမှာရှိနေခဲ့ကြသည်၊

၁၉၄၀ခုနှစ်မှာ နာဇီဂျာမန်တွေဘယ်လဂျီယံကိုဝင်တော့ ယူနီယံမိုင်နာရယ်ကုမ္မဏီလည်း ရုံးချုပ်ကို နယူယောက်ကိုပြောင်းခဲ့ရသည်၊ ဂျာမန်တွေလည်း ဘယ်လဂျီယံကနေ ယူရေနီယံတွေအများအပြားရလိုက်သည်၊ ဒါပေမယ့် ဘယ်သူမှ ဘာသုံးရမှန်းအသေအခြာမသိသေး စမ်းသပ်နေကြဆဲအဆင့်သာရှိသေးသည်၊ အမေရိကန်ကတော့ ကမ္ဘာမှာ လေယဉ်အင်ဂျင်တွေထုတ်လုပ်တဲ့နေရာမှာ အရေးပါတဲ့ ကိုဘော့သတ္ထုကို အများဆုံးသုံးတဲ့နိုင်ငံဖြစ်လာခဲ့သည်၊ ဒါပေမယ့် ၁၉၄၂ခုနှစ် စက်တင်ဘာလ အတွင်းမှာ အမေရိကန်တပ်မှ ကာနယ် ကတ်နက် ဒီ နီကိုလပ် တစ်ယောက် ယူနီယံမိုင်နာရယ်ကုမ္မဏီရုံးခန်းကိုရောက်လာပြီး ချိန်မှာတော့ အနှူမြူဗုံးထုတ်လုပ်ရန် မက်ဟန်တန် ပရောဂျက်ကြီးစတင်အကောင်အထယ်ဖော်ခဲ့လေတော့သည်၊ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့တဲ့ ယူရေနီယံ ဘေ့ ဗုံးမှာ ကွန်ဂိုက ယူရေနီယံတွေသုံးပုံနှစ်ပုံပါသည်ဟုယူဆရပြီး၊ ပလူတိုနီယံတွေကိုတော့ ဂျပန်နိုင်ငံရဲ့ ဆန်ဖရန်စစ္စကိုလို့တင်စားရတဲ့ နာဂါစကီမြို့ကိုကြဲချခဲ့တဲ့ နောက်ဗုံးတစ်လုံးမှာ သုံးခဲ့သည်၊

ကွန်ဂိုနိုင်ငံနိုင်ငံကလည်း အကောင်းစား စိန်တွေကအစ သယံဇာတများစွာထွက်သလိုပြသနာအလွန်များတဲ့နိုင်ငံလည်းဖြစ်သည်၊ အမေရိကန်ထောက်ခံတဲ့ ဂျိုးဇတ် မိုဘူတူ သမ္မတဖြစ်လာပြီး ဇိုင်ယာ နိုင်ငံဆိုပြီးအမည်ပြောင်းခဲ့သည်၊ နောက်တော့ လူရန့် ကာဘီလာက ရဝမ်ဒါ၊ ယူဂန်ဒါနိုင်ငံတွေ အကူအညီနဲ့ အာဏာသိမ်းပြီးတော့ ဒီအာကွန်ဂိုဆိုပြီးပြန်ပြောင်းခဲ့သည်၊ နောက် တော့ ရဝမ်ဒါ နဲ့ ယူဂန်ဒါ တို့နဲ့ ပြသနာဖြစ်ကြပြန်ပြီး အာဖရိကရဲ့ကမ္ဘာစစ်ကြီးလို့ပြောရမယ့် နိုင်ငံများစွာပါဝင်တဲ့စစ်ကြီးဖြစ်ပြီး လူပေါင်း ၅.၄ သန်းကျော်သေကြေခဲ့ပြန်သည်၊ ဒုတိယကွန်ဂိုစစ်သာ တရာဝင်ပြီးသွားတယ် ပြသနာတွေကတော့ အခုထိမပြီး၊ ကွန်ကရစ်နဲ့ပိတ်ထားတဲ့ ယူရေနီယံမိုင်းတွေကလည်းဖောက်ပြီး ခိုးယူခံနေရသည်၊ ကွန်ဂိုတက္ကသိုလ်ကိုထူထောင်ခဲ့တဲ့ ဘုန်းကြီး လု ဂူလီယံ အကူအညီနဲ့ အာဖရိကရဲ့ပထမဆုံး အနုမြူဓာတ်ပေါင်းဖိုကို ၁ မီဂါဝပ်နဲ့တည်ထောင်နိုင်ခဲ့သည်၊ အဲဒီအချိန်မှာ အမေရိကန်မှာ ၂၀၀၀ မီဂါဝပ်ဓာတ်ပေါင်းဖိုတွေနဲ့စာရင်တော့ ကလေးကစားစရာအဆင့်ဘဲရှိသည်၊ နောက်ပိုင်းပြုပြင်ထိမ်းသိမ်းမှုလည်းကောင်းကောင်းမလုပ်နိုင် လုံခြုံရေးလည်းမကောင်းနဲ့အခြေအနေအတော်ဆိုးလာသည်၊ အဆိုးဆုံးကတော့ သန့်စင်ယူရေနီယံချောင်း နှစ်ချောင်း ၁၉၇၀မှာ အခိုးခံလိုက်ရသည်၊ တစ်ချောင်းကိုတော့ အီတလီမာဖီးယားဂိုဏ်းတစ်ဂိုဏ်း က အရှေ့အလည်ပိုင်းမိတ်ဆွေတွေကို ရောင်းဖို့ကြိုးစားနေတုန်း လျှို့ဝှက်ရဲကပြန်ဖမ်းမိလိုက်သည်၊ နောက်တစ်ချောင်းကတော့ အစအန ပျောက်သွားတော့သည်၊ များသောအားဖြင့်တော့ ဇမ်ဘီယားကတစ်ဆင့် ခိုးထုတ်ကြသည်၊ ကွန်ဂိုမှာက လဒ်ပေးလဒ်ယူအလွန်များသည်၊ သူတို့က လဒ်ပေးတာကို သကြားရေ လို့တင်စားခေါ်သည်၊ ၂၀၀၅ ခုနှစ် အောက်တိုဘာလ အတွင်းမှာ တန်ဇန်းနီးယားနိုင်ငံမှာ ဖမ်းမိတဲ့ ယူရေနီယံ တွေကလည်း ဇမ်ဘီယာ ကနေတဆင့် ကွန်ဂိုကနေခိုးထုတ်လာတာဖြစ်သည်၊ လက်တော့နဲ့ ဆဲလ်ဖုန်းတွေထုတ်ရာမှာသုံးရတဲ့ ကိုလ်တန်သတ္ထုစည်တွေနောက်မှာ ဖွက်လာတာဟုဆိုသည်၊

၁၅ရာစုမှစတင်ပြီး ဘိုဟီးမီးယားတောင်တန်းဒေသ တနေရာမှ (ချက်ကိုစလိုဘက်ကီးယား) စိန့် ဂျို့ချင်စသယ်ဒေသမှာ ငွေတွေအမြောက်အများရှာဖွေတွေ့ရှိတူးဖော်ခဲ့ကြသည်၊ ဒါပေမယ့်ငွေတွေနဲ့အတူရှိနေတဲ့ လေးလံတဲ့ကျောက်ခဲတွေကိုတော့အသုံးမလို လွင့်ပြစ်ခဲ့ကြသည်၊ နောက်မှ (ဘတ်လပ်ရော့) ကံဆိုးကျောက်များလိုခေါ်တဲ့ ယင်းကျောက်ခဲတွေသည် ယူရေနီယံပါဝင်တဲ့ကျောက်တွေမှန်းသိလာကြသည်၊သို့ဖြင့် ရေဒီယံကိုထုတ်ယူအသုံးပြုတတ်ချိန်မှစပြီးအဖိုးတန်လာတော့သည်၊ ဒီလိုနဲ့ ကိန်းဘရစ်တက္ကသိုလ်ထုတ် ရေဒီယံကိုအဓိပါယ်ဖွင့်ဆိုခြင်းဆိုတဲ့ စာစောင်ကို ကာလယန္တယားဝတ္ထုနဲ့ နာမည်ကြီးလာတဲ့ စာရေဆရာ ဟားဘတ် ဂျော့ ဝဲလ် (အိပ်ခ်ျ ဂျီ ဝဲလ်) ဖတ်မိပြီးတဲ့အခါမှာ the wo rld set f r e e ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပြီး ယူရေနီယံရဲ့ အနာဂတ်ကို စတင်သတိပြုမိစေခဲ့သည်၊ နောက်တော့ သြစတီးယန်းပရော်ဖက်ဆာ အော်တို ဖရစ် က ဟမ်းဘတ်ဓာတ်ခွဲခန်းမှနေ အင်္ဂလန်သို့ပြောင်းလာပြီး ၁၉၃၈ခုနှစ်မှာ နေချား ဆိုတဲ့သုတေသနစာစောင်ကို ထုတ်ဝေခဲ့ပြီး နောက် ပညာရှင်များအကြားလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်၊ အဲ့ဒီမှာ ယူရေနီယံ ယူ ၂၃၅ ထုတ်လုပ်ပုံ ချိန်းရီအက်ရှင် စတာတွေကိုပြည့်ပြည့်စုံစုံရေးသားထားသည်၊ ယူ၂၃၅ ထုတ်ဖို့ဆိုတာကတကယ်တော့အလွယ် ယူရေနီယံတွေအများကြီးလိုသည်၊

အဲ့ဒီ စာဆောင်ကိုဖတ်ပြီးတဲ့အခါမှာ အမေရိကန်မှ ဟန်ဂေရီယန်လူမျိုးပညာရှင် လီယို ဇစ်လာ့ တစ်ယောက်ပြာပြာသလဲဖြစ်သွားပြီး အိုင်စတိုင်းဆီကို အပြေးသွားဖို့ပြင်သည်၊ ဒါပေမယ့် ကားမမောင်းတတ်တဲ့သူက နောက်တစ်ယောက် အီဂွန်နစ် ဝတ်ဂနာ ကိုခေါ်ပြီး အိုင်စတိုင်းအနားယူနေရာ လောင်းအိုင်လန်ဆီသို့သွားခဲ့ကြလေသည်၊ အခြေအနေအရပ်ရပ်ကို အိုင်စတိုင်းနဲ့ဆွေးနွေးပြီးနောက် ပထမ အိုင်စတိုင်းက ဘယ်ဂျီယံကိုစာရေးအကြောင်းကြားဖို့ပြင်သည်၊ နောက်တော့ အကောင်းဆုံးအနေနဲ့ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဘဲ့ ဆီကို ၁၉၃၉ ခု အောက်တိုဘာလမှာ စာရေးလိုက်သည်၊ ရှင်ကိုလိုဘွေး လို့ဖော်မပြထားပေမယ့် ကွန်ဂိုမှ ယူရေနီယံတွေကို ထိမ်းချုပ်ထားဖို့အကြံပေးထားသည်၊ အရေးယူဆောင်ရွက်ရန်ညွှန်ကြားပြီး ကော်မတီတခုဖွဲ့ခဲ့ကြသည်၊ ဒါပေမယ့် ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ကြသေး၊

တခါက ဘယ်လဂျီယံ ကုမ္မဏီ ယူနီယံမိုင်နာရယ်ရဲ့ ဒါရိုက်တာ အက်ဂါ ဆန်ဂီရာ ကိုပြင်သစ်အဖွဲ့တစ်ဖွဲ့က ဆာဟာရ သဲကန္တာရမှာ ယူရေနီယံနဲ့ပတ် သတ်ပြီးစမ်းသတ်မှုတွေလုပ်ဖို့ လာတိုင်ပင်ခဲ့ဘူးသည်၊ နောက်ပြီး ၁၉၄၀ မေလမှာ ဂျာမန်တွေဘယ်လဂျီယံကို ဝင်သိမ်းတော့ ဟစ်တလာ အတွက် ယူရေနီယံတွေအများ အပြားရသွားသည်၊ သူဘာလုပ်မလဲဆိုတာတော့ဘယ်သူမှမသိသေး၊ ဘယ်လဂျီယံကို ဂျာမန်တွေမသိမ်းခင်မှာဘဲ ယူရေနီယံမိုင်နာရယ် က နယူးယောက်ကို ပြောင်းရွှေ့နေပြီး ဖြစ်သည်၊ အက်ဂါ ဆန်ဂီရာ လို အလွန်လျင်သောစီးပွားရေးသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ ယူရေနီယံတွေကို မမေ့၊ ရှင်ကိုလိုဘွေးမှ ယူရေနီယံ တန်ချိန် ၁၂၅၀ ကိုဘယ်သူမှမသိအောင် နယူယောက်ကိုသယ်ယူလာခဲ့ပြီး သုံးထပ်ဂိုထောင်ထဲမှာ သိမ်းထားလိုက်သည်၊ ပထမတော့ သူ့ဆီကယူရေနီယံတွေကှို ဝယ်ဖို့ အမေရိကန်က စိတ်မဝင်စားခဲ့၊

ဒီလိုနဲ့ ပညာရှင်တွေကြားမှာ ရေဒီယိုသတိကြွမှုကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာလာကြပြီး ဒီကိစ္စက လျှို့ဝှက်မဟုတ်တော့၊ ၁၉၄၁ ခုနှစ်မှာ ဂျပန်က ပညာရှင် တိုကုတာရို ဟာဂီဝါယာ က ယူ ၂၃၅ အကြောင်းကို လေ့လာ သင်ကြားပေး နေပြီး၊ ဂျပန်အဖွဲ့တွေက ကိုရီးယား ရေလက်ကြားတစ်ဝိုက်မှာ ယူရေနီယံရှာဖွေနေကြသည်၊ ဂျာမန်မှာတော့ ပညာရှင် ဝါနာ ဟယ်ဆင်ဘာ့ အဖွဲ့က ထိရောက်တဲ့ နူထရွှန်ကိုနှေးအောင်လုပ်နည်းကို ရှာဖွေနေသည်၊ ပြင်သစ်ပညာရှင်တွေကိုတော့ ဂျိုလော့ ကူရီ ဦးဆောင်ပြီး အာဖရိကမှ ရတဲ့ယူရေနီယံ နဲ့ အက်တွန်မစ် လက်နက်ကို သုတေသနလုပ်ပြီး ဆာဟာရမှာစမ်းဖို့လုပ်နေကြသည်၊ ရုရှားမှ အိုင်ဂွာ ကရှက်ရှာတော့ ကလည်း ဖရစ် ရဲ့ နေချာ စာဆောင်ကိုဖတ်ပြီးတော့ ယူ ၂၃၅ ကိုခွဲထုတ်ဖို့အဖွဲ့ဖွဲ့ပြီးလေ့လာနေသည်၊ နောက်ပြီး ယူရေနီယံတွေကို ဂျာမန်နဲ့ အမေရိကန်တွေရသွားမှာ ကိုစိုးရိမ်နေခဲ့သည်၊

အမေရိကန်တွေလက်နှေးနေလို့မရတော့တဲ့ အချိန်ရောက်လာသည်၊ ဒီလိုနဲ့ ၁၉၄၂ ခု တရက်မှာတော့ ယူနီယံမိုင်နာရယ်ဒါရိုက်တာ ဆန်ဂီရာ ရဲ့နယူယောက် ရုံးခန်းကို အမေရိကန်ကာနယ် နီကိုလပ်တစ်ယောက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့သည်၊ ဆန်ဂီရာ တစ်ယောက် သူ့ယူရေနီယံတွေကိုရောင်းဖို့ ၂နှစ်စောင့်ခဲ့ရသည်၊ ဆန်ဂီရာ က နီကိုလပ်ရဲ့ ရာထူးအမှတ်တစ်ဆိပ်တွေ နဲ့ ဝယ်ဖို့အမှန်တကယ်အာဏာရှိသူဟုတ်မဟုတ်စစ်ဆေးလိုက်ပြီး ဘာအတွက် ဒါတွေသုံးမှာလည်းလို့မေးလိုက်သည်၊ နီကိုလပ်တစ်ယောက်ဖြေဖို့ခက်နေစဉ်မှာ ဘဲ ဖြေဖို့မလိုပါဘူးလို့ပြောလိုက်ရင်း ဈေးစကားပြောကြသည်၊ သူ့ရဲ့ယူရေနီယံတွေအတွက် ဒေါ်လာ ၃၇.၅သန်းရလိုက်သည်၊ ဘယ်တော့စရနိုင်မလည်းလို့နီကိုလပ်က သူ့ကိုမေးတော့ ဘယ်တော့လိုချင်လည်းပြန်မေးလိုက်သည်၊ နီကိုလပ်က အမြန်ဆုံးလိုချင်သည် ဖြစ်နိုင်ရင်မနက်ဖြန်လိုချင်သည်ဆိုတော့ သူက ဒီနေရာကနေ ၈မိုင်ဝေးတဲ့နေရာက ဂိုဒေါင်ထဲမှာ ဘာအစောင့်မှမရှိဘဲ သိမ်းထားတဲ့ယူရေနီယံတွေကို သွားယူရုံဘဲဆိုတော့ နီကိုလပ် အံ့အားသင့်သွားသည်၊ ဒါပေမယ့် နယူယောက်မှာရှိနေတဲ့ ယူရေနီယံတွေက ဗုံးလုပ်ဖို့ ဘယ်လိုမှမလောက် နောက်ထပ် အများကြီးလိုသေးသည်၊ ဒီတော့ ရှင်ကိုလိုဘွေးမှာ ပိတ်ထားတဲ့ယူရေနီယံမိုင်းကို ပြန်တူးပြီး တနှစ် ယူရေနီယံပျမ်းမျှ တန်၄၀၀ ပို့ပေးဖို့ နီကိုလပ်ရဲ့ဆရာ ဗိုလ်ချုပ် ဂရု ကတောင်းဆိုတော့ ဆန်ဂီရာ က မဖြစ်နိုင်ကြောင်းအကြောင်းပြန်လိုက်သည်၊ အလုပ်သမားရှာရမည်၊ ရပ်ထားတဲ့မိုင်းထဲမှ ရေတွေကို စုပ်ထုတ်ဖို့ကမလွယ်၊ ဒီလိုနဲ့ အမေရိကန် အင်္ဂျင်နီယာတပ်က အခမဲ့ ရေတွေစုတ်ထုတ်ပြီး မိုင်းကို ပြုပြင်ပေးဖို့ကမ်းလှမ်းရတော့သည်၊ ရောင်းသူတစ်ဦး ဝယ်သူတစ်ဦး ထဲပေမယ့် လိုချင်သူကအလျှော့ပေးရတော့သည်၊ နှစ်ဖက်သူလျိုတွေလည်းခြေခြင်းလိမ်နေကြမှာ သေခြာသည်၊ ဒါပေမယ့် အမေရိကန်ကလည်း အဲ့ဒီ ယူရေနီယံမိုင်းကို လက်ဝါးကြီးအုပ်ထားခြင်နေသည်၊

အမေရိကန်ကလည်း ယူရေနီယံတွေဝယ်သလို အခြားရှိနိုင်မယ့်နေရာတွေကို ပိုက်စိတ်တိုက်ပြီးစုံစမ်းသုတေသနလုပ်သည်၊ နိုင်ငံ ၂၀ မှာ စမ်းသပ်ရှာဖွေပြီးတော့ ရလပ်ထွက်လာသည်၊ ကွန်ဂိုက အဆင့်အမြင့်ဆုံးယူရေနီယံတွေရှိပြီး၊ အမေရိကန် ကနေဒါ ဆွီဒင်နိုင်ငံတွေမှာတော့ အသင့်အတင့်ကောင်းတာတွေရှိသည်၊ ချက်ကိုစလိုဘက်ကီးယား ပေါ်တူဂီ နဲ့တောင်အာဖရိကတို့မှာတော့ သင့်တော်ရုံအဆင့်ယူရေနီယံတွေရှိကြောင်း တွက်ချက်တွေ့ရှိလာသည်၊ ရုရှား နဲ့ဘူဂေးရီးယားနိုင်ငံတွေမှာ တော့မသိရှိရသေး၊ အမေရိကန်အနေနဲ့ ရှိသမျှယူရေနီယံတွေကို လက်ဝါးကြီးအုပ်ထားဖို့လိုသည်၊ ရုရှားမရစေရ၊ ရုရှားအနေနဲ့ အနည်းဆုံးနောင်အနှစ် ၂၀ ကြာမှ သာလုံလောက်တဲ့ ယူရေနီယံတွေရနိုင်မယ်လို့ တွက်ချက်ခဲ့ကြသည်၊ နောက်တော့မှ တွက်တာလုံးလုံးမှားမှန်းသိတော့သည် ကမ္ဘာပေါ်မှာ ယူရေနီယံတွေက သံဖြူထက်တောင်ပိုများသည်၊ ရွှေထက်အဆအများကြီးပိုရှိနေသည်၊ အနဲဆုံး မတူးရသေးတဲ့ယူရေနီယံပမာဏ က တန်ချိန် ၁၀၀ ဘီလီယံအထက်မှာရှိသည်၊

အမေရိကန်ရဲ့ မက်ဟန်တန်ပရောဂျက်ကြီးကို တက်နဆီပြည်နယ် ကလင့် မြစ်အနီးမှ ဘလက်အုပ်ရစ် မှာ စတော့သည်၊ မြို့အသေးနှစ်မြို့ကို ဖယ်ရှားခဲ့သည်၊ အဆောက်အဦးကြီးကို ယူပုံသဏန်ဆောက်လုပ်ထားပြီး အလုပ်သမားပေါင်း တစ်သောင်းနှစ်ထောင်ကျော်နဲ့အဆက်မပြတ်လုပ်ခဲ့သည်၊ အလုပ်သမားတွေမပြောနှင့် အုပ်ချုပ်သူတွေတောင်သူတို့ဘာလုပ်နေတယ်ဆိုတာမသိစေရ၊ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့နှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆက်အသွယ်မလုပ်ဖို့ကန့်သတ်ထားသည်၊ နောက်ပြီးအားလုံးကို စကားဝှက်တွေနှင့်ပြောင်းပေးထားသည်၊ အချိန်နှင့်အညီအမြန်လုပ်နေရတော့ လူအားပစ္စည်းအားအများကြီးစိုက်ထုတ်ခဲ့ကြရသည်၊ ပရောဂျက် အကျယ်က ရိုဒီကျွန်းတစ်ဝက်မျှကျယ်ပြီး အဆောက်အဦးပေါင်း ၅၄၀ ကျော်ရှိပြီး အလုပ်သမားဦးရေက ပနားမားတူးမြောင်းကိုတူးခဲ့တဲ့လူထက်ပိုများသေးသည်၊ အဲ့ဒီအထဲမှ အုပ်ဂူပုံစံ ဘလက်ဘန်း လို့အမည်ဝှက်ပေးထားတာကတော့ ပထမဆုံးအခိုင်အခံ့ဓာတ်ပေါင်းဖိုပင်ဖြစ်တော့သည်၊ ချီကာဂိုမှ သုတေသနလုပ်ထားတဲ့ ဓာတ်ပေါင်းဖိုပုံစံကိုယူပြီးဆောက်လုပ်ထားခြင်းဖြစ်သည်၊

၁၉၄၅ ခုနှစ်မှာ ဂျပန်ကစစ်ရှုံးဖို့သေခြာသလောက်ဖြစ်နေပြီ၊ အမေရိကန်မှာက အဏုမြူ ဗုံးထုတ်ဖို့ လုံလောက်တဲ့ သန့်စင်ယူရေနီယံ ယူ ၂၃၅ ကမရသေး၊ စစ်မပြီးခင် ဗုံးထုတ် ပြီးနိုင်ဖို့အရေးတကြီး လိုအပ်နေသည်၊ အဲ့ဒီအချိန်မှာ ဘဲ မမျှော်လင့်တဲ့အံ့သြစရာ တွေဖြစ်လာခဲ့သည်၊

အဒေါ့ဟစ်တလာ တစ်ယောက်နောက်ဆုံးစပက်ကတီကို စားပြီး ဘန်ကာထဲမှာ သူ့ကိုယ်သူသတ်မသေမှီ တစ်လကျော်အလိုတစ်ရက်မှာ အန်တာဆီးဘု ၂၃၄ အမည်ရှိတဲ့ သာမန် ယူဘုတ်တွေထက်သုံးဆကြီးတဲ့ ရေငုတ်သင်္ဘောကြီးတစ်စီးဟာ အလွန်စိတ်ဝင်စားဖွယ်ရာကုန်ပစ္စည်းတွေတင်ဆောင်ပြီး ဂျာမန်ဆိပ်ကမ်း ကီရယ် မှရေတပ်သား ၆၀ နဲ့တိတ်တိတ်ဆိပ်ဆိပ်ထွက်လာခဲ့သည်၊ အဲ့ဒီအချိန်မှာ ရုရှားရဲ့ တပ်နီတော်က ဘာလင်မြို့နားကိုရောက်လာနေပြီ၊ အမေရိကန်ဗိုလ်ချုပ် အိုင်စင်ဟောင်းဝါးရဲ့တပ်တွေကလည်း မိုဆယ်လီ မြစ်ကိုဖြတ်ကူးပြီးကြပြီ၊ ရှိသမျှ ယူဘုတ် ၄စီးမှာ ၃စီး ကတိုက်ပွဲမှာ ကုန်ပြီ၊ ဒီတော့ ဒီရေငုတ်သင်္ဘောကြီးကဘာလုပ်မှာပါလိမ့်၊

ရေငုတ်သင်္ဘောကြီးက ဂျပန်နိုင်ငံကိုဦးတည်နေတာဖြစ်ပြီး၊ သင်္ဘောပေါ်မှာပါလာတာတွေကတော့ ဂျာမန်တို့ရဲ့ ဗွီတူး ဒုံးကျည် ဘလူးပရင့်အပြည့်အစုံ၊ ဓာတုလက်နှက်များနှင့် ထုတ်လုပ်ပုံစံများ၊ စံနစ်တကျဖြုတ်သိမ်းထားတဲ့ နောက်ဆုံးထုတ် တိုက်လေယဉ်နှစ်စီး၊ စတဲ့ပစ္စည်းတွေအပြင် နောက်ဆုံးအထူးသေတ္တာကြီး ၁၀လုံးထဲမှာပါလာတာတွေကတော့ ယူရေနီယံများပင်ဖြစ်တော့သည်၊ စုစုပေါင်း ၁၂၃၅ ပေါင်ပါရှိသည်၊ ဘယ်ဂျီယံကရတာတွေပါနိုင်သလို ချက်ကိုစလိုဘက်ကီးယား (ယခု ချက် နိုင်ငံ) မှတူးဖော်ရတာတွေလည်းဖြစ်နိုင်သည်၊ နောက်ထပ်ပါလာတဲ့ အထူး ခရီးသည် ၁၄ ယောက်ကတော့ နာဇီပါတီမှ ပညာရှင် နဲ့ ဗိုလ်ချုပ်များပင်ဖြစ်သည်၊ လေကြောင်းကာကွယ်ရေးကျွမ်းကျင်သူ၊ ဗွီတူးဒုံးပျံ ပညာရှင် စတဲ့သူတွေဖြစ်ပြီး ဂျပန် အဆင့်မြင့် အရာရှိ နှစ်ယောက်လည်းပါလာခဲ့သည်၊ ရေငုတ်သင်္ဘောကြီးက အာဖရိကတိုက်ကိုပတ်ပြီး အရှေ့တောင်အာရှမှကွေ့ကာ ရန်သူကိုရှောင်ပြီးသွားရမည်ဖြစ်သည်၊ ဂျာမန်တို့အနေနဲ့ မိတ်ဆွေဂျပန်တို့ကို စစ်မရှုံးစေရန် အကောင်းဆုံးကူညီပေးခြင်းဖြစ်တော့သည်၊

ရေငုတ်သင်္ဘောကြီး အာဖရိကကိုဖြတ်နေစဉ်မှာဘဲ ဂျာမန်ရေဒီယိုမှ လက်နက်ချကြောင်းကြေငြာသည်၊ ရေငုတ်သင်္ဘောတွေအနေနဲ့ အဆင်ပြေတဲ့နေရာတွေမှာလက်နက်ချဖို့ ပါ ညွှန်ကြားထားသည်၊ ကဲ..ဘယ်လိုလုပ်ကြမလဲ၊
သဘောထားအမျိုးမျိုးပေးကြသည်၊ တချို့ကလည်း အာဂျင်တီးနားဘက်မှာ သွားရှောင်နေပြီး သူတို့မှာပါတဲ့ ကုန်ပစ္စည်းတွေနဲ့ အပေးအယူလုပ်လို့ရနိုင်တာတွေရှိသည်ဟု အဆိုပြုကြသည်၊ လက်နက်ချမည်ဆိုရင်လည်းဘယ်မှာ သွားလက်နက်ချကြမလဲ၊ ဆိုဗီယက်တွေဆီ သွားလို့မဖြစ် အပြင်းအထန်တိုက်ခဲ့တဲ့ရန်သူတွေ၊ အင်္ဂလိပ်ကို လည်းသူတို့တွေ အကြီးအကျယ် ဗုံးကြဲထားခဲ့သည်၊ နောက်ဆုံး တော့ အမေရိကန်မှာလက်နက်ချဖို့ ဆုံးဖြတ်လိုက်တော့သည်၊ ပါလာတဲ့ ဂျပန် အဆင့်မြင့်အရာရှိ ၂ဦးကတော့ သူတို့ဂျပန်ကလက်နက်မချသေးတော့ သူတို့ကိုယ်သူတို့သတ်သေလိုက်ကြရတော့သည်၊ သူတို့နဲ့အတူ ပါလာတဲ့ယူရေနီယံတွေဘယ်ရောက်သွားသည်ကိုတော့ ဘယ်သူမှမသိ၊ သိလည်းပြောကြမည်မထင်၊ ဘာဘဲဖြစ်ဖြစ် ယူရေနီယံဘေ့ အဏုမြူဗုံကို ၁၉၄၅ သြဂုတ်လ ၆ရက်မှာ ဟီရိုရှီးမားမြို့ကိုကြဲချခဲ့ပြီး၊ ၃ ရက်ခန့်အကြာ မှာတော့ ပလူတိုနီယံဗုံးကို နာဂါစာကီမြို့မှာ ကြဲလိုက်တော့သည်၊

လုံလောက်တဲ့ယူရေနီယံအလွယ်တစ်ကူ ဆိုဗီယက်တို့မရနိုင် ဟု အမေရိကန်တို့ထင်ထား ခဲ့သည်၊ သို့ပေမယ့် ဘိုဟီးမီးယား က စိန့်ဂျိုချင်စသယ် မိုင်းကနေ ယူရေနီယံတွေ တူးဖော်နိုင်ကြသည်၊ အရှေ့ဂျာမဏီရှိမိုင်းကလည်း အများအပြားရသေးသည်၊ ဒီတော့ နောင်အနှစ်၂၀ မှ အဏုမြူဗုံး ပိုင်နိုင်မယ်လို့ အမေရိကန်တို့ကတွက်ခဲ့ကြပေမယ့် ဂျပန်ကိုဗုံးကြဲအပြီး ၄ နှစ်အကြာ ၁၉၄၉ သြဂုတ်လ မှာဘဲ ဂျိုး ဝမ်း လို့ အမည်ဝှက်ပေးထားတဲ့ အနုမြူဗုံးကို ဆိုဗီယက်တို့အောင် မြင်စွာစမ်းသပဖောက်ခွဲ် နိုင်ခဲ့ကြတော့သည်၊

၁၉၆၉ ခုနှစ်အတွင်းကတစ်ရက်မှာ သြစတေးလျနိုင်ငံမြောက်ပိုင်းက အဘောရီးဂျင်း တိုင်းရင်းသားတို့အထွတ်အမြတ်ထားရာ မောင့်ဘရော့မန်း တောင်ထွတ်နားကိုဖြတ်ပြီး အလူမီနီယံကုမ္မဏီတစ်ခုမှ ရေဒီယိုမက်ထရစ်ဆာဗေး တိုင်းတဲ့လေယဉ် တစ်စဉ်းဖြတ်ပျံသွားပြီးနောက်ပိုင်းမှာ တော့ အလွန်ကောင်းမွန်တဲ့ ယူရေနီယံသတ္ထုတွေ အမြောက်အများ သြစတေးလျနိုင်ငံမှာစတင်တွေ့ရှိလေတော့သည်၊ ရှင်ကိုလိုဘွေး အဆင့်မှီယူရေနီယံများဖြစ်သည်၊ နောက်တော့ သြစတေးလျတိုက်နိုင်ငံမှာ ကမ္ဘာ့မတူးဖော်ရသေးတဲ့ယူရေနီယံစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း (အခြားနေရာတခုမှာ ၂၆ ရာခိုင်နှုန်းလို့ဖော်ပြထား၊ခုနှစ်အလိုက်ပြောင်းလဲမှုရှိနိုင်ပါသည်) ရှိကြောင်းတွေ့ရှိလာရသည်၊ ၁၉၇၀ ခုနှစ်မှာတော့ ပိုကြီးမားတဲ့သတ္ထုသိုက် ဂျဘီလူကာ ကိုထပ်တွေ့ရပြန်ပါသည်၊ နာမည်ကြီးသြစတေးလျကုမ္မဏီ ရိန်းဂျား၊ မယ်ရီ ကတ်သလင်း နဲ့ အိုလံပစ် ဒန် တို့ကအဓိကတူးဖော်ကြသည်၊ ကနေဒါကလည်းလာရောက်ရင်းနှီးမြုတ်နှံသည်၊ ဘာဘဲပြောပြော အိန္ဒိယရဲ့ ပထမဆုံး အနုမြူစမ်းသတ်မှုအတွက်ရတဲ့ယူရေနီယံတွေက သြစတေလျကလာသည်ဟုသိရသည်၊ သြစတေးလျကတော့ တစ်နှစ်ကို ယူရေနီယံ ရဲလိုးကိတ် (ယူရေနီယံကို ရောင်းချရာတွင် ရဲလိုးကိတ် အဆင့်ပြုလုပ်ပြီး သယ်ယူပို့ဆောင်ရောင်းချရသည်) တန်ချိန် ၉၀၀၀ ကျော် ပုံမှန် တင်ပို့နေခဲ့သည်၊ နောက်ထပ် ဟောနီမွန်း လို့ခေါ်တဲ့ပရောဂျက်တစ်ခုကလည်း ၂၀၀၈ မေလမှစတင်ဖို့ပြင်ဆင်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဂျွန် ဟိုးဝှက် ကလည်း တရုတ်အစိုးရဲ့ ဓာတ်ပေါင်းဖို အသစ် ၄၀ ကျော်အတွက် တစ်နှစ်ကို ရဲလိုးကိတ် တန်ချိန်နှစ်သောင်းနှစ်ထောင် တင်ပို့ရန် ၂၀၀၆ ခုနှစ်ထဲက သဘောတူစာချုပ် ထားခဲ့ သည်၊
၂၀၀၇ ခုနှစ်မှာတုန်းကတော့ ရဲလိုးကိတ် တစ်ပေါင်ကို ဒေါ်လာ ၁၂၀ ထိဈေးတက်သွားခဲ့သေးသည်၊ ရဲလိုးကိတ် ပေါက်ဈေးက လက်ရှိ တစ်ပေါင်ကို ဒေါ်လာ ၅၀ ခန့်ပျမ်းမျှရှိသည်၊

တကယ်တော့သြစတေးလျနိုင်ငံက ယူရေနီယံတွေသာတင်ပို့နေတာ သူ့နိုင်ငံမှာ အနုမြူဓာတ်ပေါင်းဖို မထား (နူဖရီး တိုင်းပြည်)၊ ၁ ကီလိုဝှက် သာရှိတဲ့ သုတေသနအတွက် သက်သက်ရှိတယ်ဆိုရုံအသေးလေးတစ်ခုသာ ဆစ်ဒနီမြို့ပြင်နားမှာ ရှိသည်၊

အာဖရိကနိုင်ငံ နိုင်ဂျာ နိုင်ငံ က ကမ္ဘာ့အကြီးဆုံးယူရေနီယံမိုင်းကြီး ကိုသွားရာလမ်းက သိပ်မကောင်းပါ၊ နိုင်ဂျာနိုင်ငံရဲ့ ဧရိယာအများစုကလည်း ဆာဟာရသဲကန္တာရ ရဲ့အစိတ်အပိုင်း သက်သက်သာ၊ ကမ္ဘာ့ စတ္ထုထ ယူရေနီယံအများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ပေမယ့် အဆင်းရဲဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်၊ အဲ့ဒီက အေကုတ ယူရေနီယံမိုင်းကြီးကို တူးဖော်သူတွေကတော့ ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် အာရီဗာ ကုမ္မဏီဖြစ်ပြီး နှစ်ရှည် စာချုပ်ချုပ်ထားပြီး အလွန်သက်သာတဲ့အခွန်သာ နိုင်ဂျာအစိုးရကိုပေးရသည်၊ ဒီလိုနဲ့ အနောက် နိုင်ငံကုမ္မဏီ တွေက သယံဇာတတွေကို လက်ဝါးကြီးအုပ်ထားပြီး ပြည်သူတွေကတော့ ဆင်းရဲမြဲသာဖြစ်သည်၊ ဒါပေမယ့် ဘာမှမတတ်နိုင် နိုင်ဂျာနိုင်ငံကလည်း တင်ပို့ရောင်းချစရာဆိုလို့ ယူရေနီယံနှင့် ကြက်သွန်နီသာရှိသည်၊ လက်ရှိသမ္မတ မာမက်ဒို တန်းဂျ ကလည်း ယခုဆို တတိယအကြိမ်သမ္မတအဖြစ် ထပ်မံရွေးချယ်ခံရပြန်သည်
(သြဂုတ်လ ၇ ရက် ၂၀၀၉ စီအန်အန်သတင်း)၊

ဟိုးတချိန်က နိုင်ဂျာမှာ အာဏာသိမ်းခဲ့တဲ့ သမ္မတ ဆီးနီ ကောင့်ချီ က (တိုင်းပြည်တိုးတက်ဖို့ရန်) လိုအပ်ရင် မကောင်းဆိုးဝါးဖြစ်ပစေ ယူရေနီယံကို ရောင်းရမှာဘဲ ပြောခဲ့ဖူးသည်၊ ပြောခဲ့တာကြာခဲ့ပြီဆိုပေမယ့် အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက ဒီစကားကို မမေ့ကြ၊

၂၀၀၂ခု အောက်တိုဘာလတစ်ရက်က ရောမမြို့တနေရာမှာ အသက်၆၀ အရွယ်ခန့်ရှိတဲ့ ရီကို မာတီနို ဆိုတဲ့ လူကြီးက အမျိုးသမီးတစ်ယောက်ကို နေ့လည်စာစားဖို့အလွန်ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်လာခဲ့သည်၊ ကိစ္စကတော့တခြားမဟုတ် မာတီနိုဆိုတဲ့ လူကြီးက အရေးကြီးသတင်းတစ်ခုကိုရောင်းဖို့ကြိုးစားနေခြင်းဖြစ်သည်၊ အမျိုးသမီးကတော့ သတင်းထောက်တစ်ယောက်ဖြစ်သည်၊ လူကြီးက သူမကို ယူရေနီယံအမြောက်အများရောင်းချတဲ့နိုင်ငံသိလားဟုမေးလိုက် ပြီးနောက် ဖိုင်တစ်ခုကိုလှမ်းပေးလိုက်သည်၊ လူကြီးလှမ်းပေးလိုက်တဲ့ ဖိုင်ကိုဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အမျိုးသမီးမျက်လုံးပျူးသွားသည် နိုင်ဂျာသမ္မတ တန်းဂျ ကအီရတ်နိုင်ငံကို ယူရေနီယံ တစ်နှစ်ကို တန်၅၀၀ ရောင်းဖို့သဘောတူထားတဲ့စာချုပ် မိတ္တူဖြစ်နေသည်၊ အီတလီထောက်လှမ်းရေး စစ်စမီ လိုအဖွဲ့တွေကအစ အဆက်အသွယ်အလွန် ကောင်းတဲ့လူကြီး ကဘယ်လို ရလာသည်ကို မပြော၊ သူလိုချင်တာကတော့ ဒီဖိုင်အတွက် ဒေါ်လာ တစ်သောင်းနှစ်ထောင်သာ၊ ဒီလိုနဲ့ သူ့အထက်အယ်ဒီတာကို တင်ပြလိုက်သည်၊ အယ်ဒီတာကနေတဆင့် အီတလီဝန်ကြီးချုပ် ဘာလူစကိုနီ ဆီကိုရောက်သွားတော့သည်၊့ အမေရိကန်နဲ့အထူးရင်းနှီးသူမဟာမိတ်တွေဆိုတော့ အီရန်မှာ အထူးဖျက်အားကောင်းတဲ့လက်နက်တွေကိုအသဲအသန်ရှာနေတဲ့ အမေရိကန်သမ္မတ ဂျော့ ဒလျူ ဘု ဆီကိုအမြန်ရောက်သွားလေတော့သည်၊ သံသယတွေပိုခိုင်မာလာလေတော့သည်၊ အခြားထောက်လှမ်းရေးအဖွဲ့တွေဆီကလည်းသ တင်းကရပြီးသားဖြစ်သည်၊ နဂိုကရထားတဲ့ သတင်းတွေထဲမှာ ဒီသတင်းကပိုခိုင်မာအောင်လုပ်ပေးသလိုဖြစ်သွားသည်၊

တကယ်တော့ ဒီသတင်းကသတင်းအမှားသာဖြစ်သည်၊ မာတီနိုက သက်သက်လူလည်လုပ်ပြီး သတင်းရောင်းတာဖြစ်သည်၊ နိုင်ဂျာသမ္မတ လက်မှတ်ကို တနေရာကနေ ကတ်ကျေးနဲ့ကိုက် ပြီး မိတ္တုပြန်ဆွဲထားတဲ့စာချုပ်အတုကြီးသာ၊ ဒါမှမဟုတ်လည်း ရမယ်ရှာနေတဲ့ အမေရိကန်ကို အီတလီ မိတ်ဆွေက ကူညီလိုက်တာလည်းဖြစ်နိုင်သည်၊

အီရန် ပြည်က လှပတဲ့ နေတန် လို့ခေါ်တဲ့ တောင်တန်းမြို့နားမှာ မြေအောက်ဥမှင် တစ်ခုရှိသည် အဲဒီဥမှင်အတွင်းမှာတော့ လျို့ဝှက်တည်ဆောက်ထားတဲ့ နူကလီးယားဓာတ်ပေါင်းဖို တခုရှိလေသည်၊ အဲ့ဒီဓာတ်ပေါင်းဖိုကတော့ အစ္စရေးရဲ့ ဒိုင်မိုနာ ဓာတ်ပေါင်းဖိုလိုဘဲ မြေအောက်မှာ တည်ထားသည်၊ အလွယ်တကူမမြင်နိုင် ဗုံးမကြဲနိုင်အောင်လုပ်ထား လေသည်၊ နေတန် ဓာတ်ပေါင်းဖိုက ဘတ်စကတ်ဘောကွင်းသာသာ အခန်းထဲမှာ စင်ထရယ်ဖြု့ ၃၀၀၀ တပ်ဆင်ထားပြီး အဲဒီကနေလည်ပတ်ပြီး ယူရေနီယံ ၂၃၅ကိုဖမ်းယူသည်၊ ဒီဇိုင်းကတော့ အေ ကျူ ခန် ဒီဇိုင်းဖြစ်သည်၊ အေ ကျူ ခန်ကလည်း ဘယ်လိုခိုးလာတာလည်းဆိုတာ ဇတ်လမ်းရှိသေးသည်၊ ဘာဘဲပြောပြော အီရန်ကလည်းခေသူမဟုတ် ကိုယ်ပိုင် ဒီဇိုင်း အိုင်အာ-တူး ကိုစမ်းသတ်ထုတ်လုပ်ထားသည်၊ အဲဒီအီရန်ရဲ့ ဒီဇိုင်းက အေ ကျူ ခန်းရဲ့ ပုံစံထက် ထက်ဝက်ပိုငယ်ပြီး လေးဆပိုထုတ်လုပ်နိုင်အားရှိသည်ဟုဆိုသည်၊
ဆံပင်ညှပ်သမား၊ပန်းပဲဆရာ သားကနေ သမ္မတဖြစ်လာတဲ့ မာမွတ် အာမက်နီဂျက် ကြည့်ရတာတော့အေးအေးဆေးဆေးပင်..

ဘာဘဲပြောပြော ငြင်းတဲ့သူတွေကတော့ ငြင်းနေဆဲပင်..

နောက်ထပ်နိုင်ငံတွေအများကြီးရှိပါသေးသည်၊ တစ်ချို့ကတော့ နူကလီးယားဆိုင်ရာသဘောတူညီချက်လက်မှတ်ထိုးထားကြပြီး၊ တချို့နိုင်ငံတွေကတော့ မထိုးထားကြ၊

နောက်ပိုင်း ရုရှား က နိုင်ငံတွေကွဲထွက်သွားပြီးနောက်မှာ ဂျော်ဂျီယာ ယူကရိန်းစတဲ့နိုင်ငံတွေက သူ့တို့ဆီမှာထားတဲ့ နူကလီးယားလက်နှက်တွေကို ဖျက်သိမ်းပြီး ရုရှားကိုပြန်ပို့လိုက်ကြသည်၊ အဲ့ဒီ နူကလီးယားထိပ်ဖူးပေါင်း သောင်းကျော်ထဲက တချို့ကို အမေရိကန်ကို
ယူရေနီယံလောင်စာအဖြစ် ပြောင်းလဲတင်ပို့ခဲ့သည်၊ အဲဒီ လောင်စာတွေကို ဓာတ်ပေါင်းဖိုတွေမှာသုံးပြီး အမေရိကန်နိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှု ရဲ့ ၂၀ ရာနှုန်းကို ၂၀၁၃ ခုထိပေးထားနိုင်သည်တဲ့၊ ဒီတော့ မီး ၁၀ခါဖွင့်လျင် ၂ခါက ရုရှားကလာတဲ့ နူကလီးယားထိပ်ဖူးတွေကဖြစ်သည်ဟုဆိုနိုင်သည်၊

ဒီနေ့ထဲမှာ ကျွန်တော်မီးဖွင့်တာ ၁၀ခါတော့ရှိလောက်ပြီ၊

ကဲကဲ..ဘယ်မှာ ပြီးမလဲမသိနိုင်တဲ့ ယူရေနီယံဇာတ်လမ်းကို ဒီမှာ ရပ်နားခွင့်ပြုပါခင်ဗျာ..

မကြာသေးခင်လကမှ ထုတ်ဝေခဲ့တဲ့ တွန် ဇိုးနား ရဲ့ ယူရေနီယံ ကိုအခြေခံပြီး အခြားသတင်းအချို့နှင့် ပေါင်းစပ်ရေးပါသည်၊ စာမျက်နှာ သုံးရာခန့်ရှိတဲ့စာအုပ်ကိုပြည့်စုံအောင်တော့ပြန်မရေးနိုင်ပါ၊
နောက်ပြီး ဆာ့အင်ဂျင်တွေမှာမပေါ်စေချင်လို့ မူရင်းစကားလုံးတွေကို မြန်မာလိုဖြစ်သလို အသံထွက် ဖြင့် ချရေးခဲ့ရပါသည်၊ အခြားစိတ်ဝင်စားစရာ အများကြီးကျန်ခဲ့တဲ့အတွက် ကြုံရင်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်..

No comments: