Friday, June 25, 2010

တရားဝင်စကားမရှိတဲ့တိုင်းပြည်



နိုင်ငံတိုင်းလိုမှာ တရားဝင်ရုံးသုံး ဘာသာ စကား (Official Language) ရှိပေမယ့် နာမည်ကြီးနိုင်ငံကြီးတစ်နိုင်ငံမှာတော့ နိုင်ငံတော်ရဲ့ တရားဝင်ရုံးသုံးဘာသာစကားမရှိသေးပါဘူး၊ အဲ့ဒါဘယ်နိုင်ငံဖြစ်မလည်း လို့သိတ်စဉ်းစားမနေပါနဲ့ အဲ့ဒီနိုင်ငံကတော့ အမေရိကန်နိုင်ငံဘဲဖြစ်ပါတယ်၊
ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်ပြီး အခုထိ နိုင်ငံတော်ရဲ့ တရားဝင်ရုံးသုံးဘာသာစကား မသတ်မှတ်နိုင်သေးတာ ထူးဆန်းမနေဘူးလား၊ အင်္ဂလိပ်စကားကတရားဝင်ဘာသာစကား မဟုတ်ဘူးလား၊ ဟုတ်ပါတယ် အင်္ဂလိပ်စကားက အမေရိကန်မှာ အများသုံးနေတဲ့ ရုံးသုံးဘာသာစကားပါ၊ ဒါပေမယ့် အင်္ဂလိပ်စကားတစ်မျိုးထဲကိုလုံးဝ သုံးတာတော့မဟုတ်ပါဘူး၊ ဒါကြောင့်လည်း အင်္ဂလိပ်ဘာသာကို အမေရိကန်တစ်နိုင်ငံလုံးရဲ့ တရားဝင်ရုံးသုံးဘာသာစကားအဖြစ်တော့ အခုထက်ထိမသတ်မှတ်နိုင်သေးပါ၊ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်အခုထိ မအောင်မြင်သေးပါဘူး၊ နောင်လည်းသတ်မှတ်ဖို့မဖြစ်နိုင်သလောက်ပါဘဲ..၊



အမေရိကန်မှာ အင်္ဂလိပ်စကားကလူဦးရေ ၈၃ ရာနှုန်းလောက်ရဲ့ မိခင်ဘာသာစကား ဖြစ်ပြီး ၉၆ ရာနှုန်းလောက်က ကျွမ်းကျင် စွာပြောဆိုနိုင်ပါတယ်တဲ့ (၂၀၀၀ ခုနှစ်စစ်တမ်းအရ)၊ ဒုတိယအများသုံးစကားကတော့ စပန်းနစ်ဖြစ်ပြီး လူဦးရေ ၁၂ရာနှုန်းအထက် မှာပြောဆိုကြပါတယ်၊ ဒါတောင် လက်တင်အမေရိက စပန်းနစ် စကားပြောနိုင်ငံတွေက တရားမ၀င် ၀င်ရောက်နေထိုင်တဲ့သူတွေမပါသေးပါဘူး၊ ခန်းမှန်းခြေ ၁၂ သန်းကနေ သန်း၂၀အထိရှိနိုင်ပါတယ်တဲ့၊ ဘယ်သူမှတော့ ကိန်းကဏန်းအတိအကျမပြောနိုင်ပါဘူး၊

နောက်ပြီး ဂျာမဏီ၊ ပြင်သစ်၊ တရုတ်၊ အီတလီ စတဲ့စကားတွေ အပြင် အခြားဘာသာ တွေကိုလည်း ဒေသအလိုက် တွင်တွင်ကျယ်ကျယ်သုံးဆွဲနေကြဆဲဖြစ်ပါတယ်၊ အခုဆိုရင်တော့ ကာလီဖိုးနီးယားဖက်မှာ တရုတ်စကား (မန်ဒရင်း) ကအတော်လေးတွင်ကျယ်လာတယ်လိုဆိုပါတယ်၊ နယူယောက်ဖက်မှာတော့ ကန်တုံစကားပြောတဲ့တရုတ်များတယ်လို့သိရပါတယ်၊ နောက်ပြီး စပန်းနစ်စကားနဲ့ဆက်နွယ်ပြီး ဖိလစ်ပိုင်က တာဂါလော့စကားတို့ ပိုလန်စကားတို့ စသည်တို့လည်းအများကြီး သုံးစွဲကြပါသေးတယ်၊ တချို့ပြည်နယ်တွေရဲ့ရွေးကောက်ပွဲတွေမှာ လူဦးရေပေါ်မှုတည်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာတွေပါ သုံးပါတယ်တဲ့၊

အခုအချိန်မှာ အမေရိကန်ပြည်နယ် ၂၈ခုမှာ တော့ အင်္ဂလိပ်ဘာသာကို ပြည်နယ်ရဲ့ တရားဝင်ရုံးသုံး ဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်လို့ဆိုပါတယ်၊
အဲ့ဒီလို အင်္ဂလိပ်စကားကိုတရားဝင်ရုံးသုံးသတ်မှတ်ထားတဲ့ ပြည်နယ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်၊
· Arizona
· Alabama
· Alaska
· Arkansas
· California
· Colorado
· Florida
· Georgia
· Idaho
· Illinois
· Indiana
· Iowa
· Kansas
· Kentucky
· Massachusetts
· Mississippi
· Missouri
· Montana
· Nebraska
· New Hampshire
· North Carolina
· North Dakota
· South Carolina
· South Dakota
· Tennessee
· Utah
· Virginia
· Wyoming
တို့ဖြစ်ပါတယ်၊
ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာကို တရားဝင်အဖြစ်သတ်မှတ်ထားတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ကလပ်စီ ယဉ်မောင်းလိုင်စင်ဖြေမယ်ဆိုရင် ဘာသာစကား ၃၂ မျိုးနဲ့ဖြေနိုင်ပါတယ်တဲ့၊ တရားဝင်ရုံးသုံးဘာသာစကားဆိုရာမှာ အနည်းဆုံးအင်္ဂလိပ်ဘာသာကိုသုံးစွဲရမယ်ဆိုတဲ့သဘောဖြစ်ပြီး၊ လုံးဝအင်္ဂလိပ်ဘာသာဘဲသုံးစွဲရမယ်လို့မဆိုလိုပါဘူးတဲ့၊ ဒီတော့ အနည်းဆုံးအင်္ဂလိပ်ဘာသာ တရားဝင်အထောက်အထားတစ်ခုရှိရမှာဖြစ်သလို တခြားဘာသာတွေနဲ့လည်းသုံးစွဲနိုင်တယ် (တခြားဘာသာ ကော်ပီ၊ ဘာသာပြန်စသည်ဖြင့်) လို့ဆိုပါတယ်၊
အင်္ဂလိပ်ဘာသာကို တရားဝင်ရုံးသုံးဘာသာစကား လို့မသတ်မှတ်ထားတဲ့ပြည်နယ်တွေကတော့အောက်ပါအတိုင်းပါ..၊
· Connecticut
· Delaware
· Maine
· Maryland
· Michigan
· Minnesota
· Nevada
· New Jersey
· New Mexico
· New York
· Ohio
· Oklahoma
· Oregon
· Pennsylvania
· Rhode Island
· Texas
· Vermont
· Washington
· West Virginia
· Wisconsin
နောက်ပြီး အင်္ဂလိပ်အပြင် အခြားစကားတွေကိုပါတရားဝင်သုံးစွဲတဲ့ ပြည်နယ်တွေနဲ့ အမေရိကန်ပိုင် နယ်မြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်၊
· Hawaii (English and Hawaiian) (1978)
· Louisiana (English and French legally recognized, although there is no official language) (1974)
· New Mexico (English and de facto Spanish)
· Maine (English and French both de facto)
· American Samoa (Samoan and English)
· Guam (Chamorro and English)
· Northern Mariana Islands (English, Chamorro, and Carolinian)
· Puerto Rico (Spanish and English) (1993)
ဒီတော့ကား အမေရိကန်မှာ ဘာသာစကားမျိုးစုံနဲ့ တွဲရေးထားတဲ့စာတွေကိုနေရာအနှံ့မှာတွေ့နိုင်ပါတယ်၊ နော့လ်ကာရိုလိုင်းနားမှာတော့ အင်္ဂလိပ်နဲ့ စပန်းနစ်ဘာသာတွဲရေးထားလေ့ရှိပါတယ်၊



ဝါရှင်တန် ပြည်နယ်မှာဆိုရင်တော့ အင်္ဂလိပ်အပြင် တရုတ်၊ ဗီယက်နမ် နဲ့ စပန်းနစ်ဘာသာ အပါ အ၀င်လေးဘာသာနဲ့ရေးထားတာ တွေ့နိုင်ပါတယ်၊

ဒီလို တစ်ကွဲတစ်ပြားဖြစ်နေတာကို တက်လာတဲ့ သမ္မတတွေက ပြောင်းလဲဖို့မကြိုးစားကြတော့ဘူးလား လို့မေးစရာရှိပါတယ်၊ သူ့တို့ရဲ့ သဘောထားကို သမ္မတလောင်းတွေရဲ့ စကားရည်လုပွဲ ဒီဗွီဒီယို ကလစ်မှာလေ့လာကြည့်နိုင်ပါတယ်၊



အမေရိကန်မှာ တစ်ကမ္ဘာလုံးကလူမျိုးပေါင်းစုံလာရောက်အခြေချကြဆိုတော့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေကလည်းအစုံလိုဖြစ်နေပါတယ်၊ အမေရိကန်နိုင်ငံကလည်း သူ့နိုင်ငံမှာအခြေချနေထိုင်တဲ့လူမျိုးတစ်မျိုးရဲ့ လူဦးရေဟာ သတ်မှတ်အရည်အတွက်ရောက်လာရင် အဲ့ဒီလူမျိုးတွေသုံးစွဲတဲ့ ဘာသာစကား ယဉ်ကျေးမှုကိုအသိအမှတ်ပြု့ အခွင့်အရေးပေးပါတယ်၊ ၂၀၁၀ သန်းခေါင်စာရင်း အရမြန်မာလူမျိုးဦးရေ အတိုင်းအတာတစ်ခုထိရှိလာရင် မြန်မာစကားဟာလည်း နေရာဒေသအလိုက် ဘာသာပြန်ဆိုသုံးစွဲခွင့်ရလာနိုင်ပါမယ်၊ ဒါပေမယ့်လည်း မြန်မာပြည်က ရောက်လာသူတွေက သန်းခေါင်းစာရင်းဖောင် ဖြည့်စွတ်ရာ မှာ တစ်ယောက်တစ်မျိုးစီရေးထဲ့ကြလို့ လူဦးရေအမှန်ရဖို့ ခက်နေပါတယ်လို့ အာဖက်အေ သတင်းမှာ ဖတ်လိုက်ရပါသေးတယ်၊

အလုပ်အကိုင်နဲ့ပတ်လို့တော့ အမေရိကန်နိုင်ငံကအလုပ်အတော်များများမှာ တန်းတူအခွင့်အရေးရှိကြောင်း ခွဲခြားမှုမရှိကြောင်း ဒီလို အထင်အရှားဖော်ပြကြလေ့ရှိပါတယ်၊

“(company name) does not discriminate with respect to employment terms and conditions on the basis of race, color, gender, national origin, age, religion, creed, disability, veterans’ status, sexual orientation, gender identity or gender expression.”

ဒါပေမယ့်လည်း လက်တွေ့မှာတော့ တခြားစီပါ ဥပဒေမှာချွင်းချက်တွေကအများသားကိုဗျ..၊ မြန်မာပြည်နဲ့ မထူးပါဘူး ဒီမှာလည်း မင်းအသိ ဘယ်နှစ်ယောက်ရှိသလည်းက စတော့တာပါဘဲ၊ ဘယ်လို ဒီအလုပ်အကြောင်းသိတာလည်း၊ လူသုံယောက်ကထောက်ခံပေးရမယ်ဆိုကထဲက သွားပြီပေါ့၊ ဒီကြားထဲမှာ တချို့အလုပ်တွေက စပန်းနစ်စကားတတ်မှရတာရှိပါသေးတယ်၊ ဒီကိစ္စကို မကြေနပ်လို့ လူမဲတွေ ဆန္ဒပြကြပါသေးတယ်၊ အောက်ကဗွီဒီယိုလေးမှာ စပန်းနစ်စကားမတတ်လို့အလုပ်ပြုတ်သွားတဲ့ မီးသတ်ဌာန က Supervisor တွေအကြောင်းတွေ့နိုင်ပါတယ်၊



ဒီနေရာမှာ အမေရိကန်မှာ နေတဲ့အမေရိကန်မီးသတ်ဌာနက ကြီးကြပ်သူတွေ စပန်းနစ်စကားမတတ်လို့ အလုပ်ပြုတ်တာ မခံချိမခံသာဖြစ်စရာပါ၊ တစ်ဖက်ကစဉ်းစားကြည့်ရင်လည်း ဒါကဖြစ်သင့်ပါတယ်၊ တစ်ချို့အလုပ်တွေက အလွန်အန္တရယ်များတော့ လက်အောက်ငယ်သားတွေနဲ့ ဆက်သွယ်စကားပြောလို့မရရင် အုပ်ချုပ်သူကဘာမှအဓိပါယ်မရှိတော့ပါဘူး၊ အဲ့ဒီအချိန်မှာ တောမီးတွေကအကြီးအကျယ်လောင်နေတော့ မီးသတ်သမားကအရေးတကြီးလိုနေတာကိုး၊ အင်္ဂလိပ်စကားပြောတဲ့ လူမဲတွေ လူဖြူတွေက ဘာလို့ အလုပ်လာမရှောက်ကြသလည်း၊ အန္တာရယ်များပြီး အလွန်ပင်ပန်းမယ့်အချိန်ဖြစ်နေတာ လည်းပါ ပါလိမ့်မယ်၊ ဒီကတောမီးတွေက အလွန်ကြောက်စရာကောင်းတာကိုး မီးသတ်တွေလည်းမီးလောင်ခံ ရပြီးသေကြရတာကလား၊ အလုပ်တော့ လက်ကြောတင်းအောင်မလုပ်ချင်ဘူး ပြီးမှ တကယ်လုပ်နိုင်တဲ့လူကို အင်္ဂလိပ်စကားမတတ်ဘဲဘာကြောင့်အလုပ်ရတာလည်း လို့ပြောတာလည်း မဖြစ်သင့်ပါဘူး၊ လူမျိုးခွဲခြားနှိပ့်ချဆက်ဆံ ရင်အမေရိကန်ဥပဒေအရ တရားဆွဲလို့ရပါတယ်၊ ဒါပေမယ့် လူမဲတွေ အတော်များများမှာ တော့ဒီလိုစိတ်ဓာတ်ရှိတတ်ပါတယ်၊ ဒီလိုဆိုတော့လည်း တစ်ဖက်ကကြည့်ရင် သူ့ဟာနဲ့သူအဆင်ပြေနေတယ်လို့ဆိုရပါမယ်၊ ဟစ်စပန်းနစ်တွေကလည်း အလုပ်အရမ်းလုပ်ပေမယ့် တချို့လည်းအလွန်ဆိုးသွမ်း ပြီး လူသတ်ရမှာ လက်မနှေးတဲ့သူတွေအများကြီးပါ၊ ဘာဘဲပြောပြောစပန်းနစ်စကားက တော့ အမေရိကန်နိုင်ငံအနှံ့သုံးလို့ရနေပါတယ်၊

နောက်တစ်ခုက အမေရိကန်အင်္ဂလိပ်က ဘယ်နှစ်မျိုးများရှိသလည်းထင်စရာရှိပါသေးတယ်၊ နယူယောက်ဖက်က စကားကို နော့လ်ကာရိုလိုင်နား ဆောက်ကာရိုလိုင်းနားစတဲ့တောင်ပိုင်း ဒေသက (သာမန်အရပ်သား) လူတွေက အချို့နေရာတွေမှာသိပ်နားမလည်တတ်ပါဘူး၊ တောင်ပိုင်းသံနဲ့ မြောက်ပိုင်းသံကွဲပါတယ်၊ ကျွန်တော့်အတွေ့အကြုံအရတော့ သင်တန်းတစ်ခုမှာ ဆရာမက သူ့စကားနားမလည်ရင် ပြန်မေးပါတဲ့..၊ ကျွန်တော်တောင်ကြောင်သွားတယ် လူတွေဒီလောက်အများကြီးထဲက ကိုယ့်ကိုများရည်ရွယ် ပြောသလားပေါ့..၊ နောက်မှ သူကနယူယောက်ကအခုမှပြောင်းလာလို့ပါတဲ့..၊ နောက်ပြီး Duke University က ဆရာမတစ်ယောက်ကပြောဘူးသေးတယ် သူဈေးသွားဝယ်တော့ သူမေးတာကို ဈေးဆိုင်က၀န်ထမ်းကနားမလည်ဘူးတဲ့၊ ကျွန်တော့်အနေနဲ့ကတော့ နယူးယောက်လေသံက ပိုရှင်းပါတယ်၊ ဒီကြားထဲ လူမဲစကားကရှိပါသေးတယ်၊ လူမဲအင်္ဂလိပ်စကားဆိုပါတော့ ကျွန်တော့်အနေနဲ့တော့ သူတို့အချင်းချင်းပြောနေရင် ၈၀ရာခိုင် နှုန်းလောက်နားမလည်တာများပါတယ်၊ အသိလူမဲတစ်ယောက်ကပြောပါတယ် ငါတို့အမဲအခြင်းခြင်းတွေ့ရင်ဒီလိုဘဲ လူမဲစကားပြောင်းပြောတယ်တဲ့..၊ ဒီတော့ လူကြားသူကြားမှာတော့ ပညာတတ်အင်္ဂလိပ် လို့ပြောမလား ဒါမှမဟုတ် Standard English လိုပြောဆိုသုံးစွဲမှအရာရာမှာအဆင်ပြေပါတယ်၊ ဒီနေရာမှာ စကားမစပ်ပြောရရင် အမေရိကန်တွေ အချို့လည်းဒေသစွဲ အတော်ရှိကြပါတယ်၊ နယူယောက်ကလူတွေက သူတို့မြို့ကို သိပ်ချစ်တတ်ကြပါတယ် သူတို့မြို့မှအကောင်း၊ သူကနယူယောက်ကလာတာစသည်ဖြင့်ထဲ့ထဲ့ပြောတတ်တာသတိထားမိပါတယ်၊ တစ်နေရာမှာတော့ နယူးယောက်သားက သူ့မြို့ကို ကာလီဖိုးနီးယားနဲ့ယှဉ်ပြီး ပိုကောင်းသလိုလိုပြောမိလို့ တစ်ဖက်လူအတော်ဒေါသဖြစ်သွားပါတယ်၊ ကာရိုလိုင်းနား သား တွေလည်း နယူးယောက်ကို သိပ်သဘောမကြပါဘူး၊ (လူမဲ) အသိတစ်ယောက်ကပြောဘူးတယ် နယူးယောက်သွားရင်သတိထားတဲ့ လူတွေကရှုပ်ရှက်ခတ်နေပြီး သိပ်ရိုင်းကြတယ်တဲ့၊ ထားပါတော့..

ပြန်ဆက်ရရင်..တချိန်က အမေရိကန်နိုင်ငံမှာ ဂျာမန်စကားကို တရားဝင်ရုံးသုံးဖြစ်ဖို့ကြိုးစားခဲ့ဘူးတယ်လို့ဆိုရိုး ရှိပါတယ် (Muhlenberg legend)၊ ဂျာမန်လယ်သမားတွေကအမေရိကန်နိုင်ငံအနှံ့ အပြားမှာလယ်ယာတွေပိုင်ဆိုင်ခဲ့ကြပြီး၊ မြို့ပြအတော်များများမှာလည်းဂျာမန်စကား၊ စာတွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ကြပါတယ်၊ ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေ နောက်ပိုင်းမှ တစ်ဖြေဖြေး ဂျာမန်စကားကို သိပ်မသုံးကြတော့တာပါ၊ အမေရိကန်တွေအနေနဲ့လည်း ရန်သူ့စကားကိုသုံးစွဲရင်မျိုးချစ်စိတ်ရှိရာမရောက်ဘူးလို့ သက်ရောက်စေလို့ပါတဲ့၊ ကျွန်တော့်အသိ နှစ်ယောက် (သပ်သပ်စီ) ကိုစကားစပ်မိလို့မေးမြန်းကြည့်မိရာက သူတို့တွေကဂျာမန်မျိုးနွယ်တွေဆိုတာသိရပါတယ်၊ အခု တော့ သူတို့ ဂျာမန်စကားမပြောကြတော့ပါဘူး၊ ဒါပေမယ့် ပြောတဲ့သူတွေလည်းအများကြီးရှိနေပါသေးတယ်၊

တကယ်ဆို..ဘာသာစကားနဲ့ပတ်သတ်လို့ပြောရရင် အမေရိကန်လိုနိုင်ငံကြီးမပြောနဲ့ သီရိလင်္ကာလို နိုင်ငံငယ်လေးမှာတောင် နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကားကို ဆင်ဟာလိ နဲ့ တမီးလ် နှစ်မျိုးသတ်မှတ်ထားပါတယ်၊ ကျွန်တော်သီရိလင်္ကာမှာ ပြည်တွင်းစစ်ကာလ နေခဲ့စဉ်တုန်းက မြောက်ပိုင်းရုံးက တမီးလ်ဝန်ထမ်းက ကိုလံဘိုမြို့က ဆင်ဟာလိဝန်ထမ်းကိုဖုန်းဆက်တော့ အင်္ဂလိပ်လိုပြောတာသတိထားမိပါတယ်၊ တမီးလ်ဝန်ထမ်းဟာတကယ်ဆိုရင် ဆင်ဟာလိစကားကိုကောင်းကောင်းပြောတတ်ပါတယ် ကိုလံဘိုမြို့မှာကျောင်းနေခဲ့ပြီး သူ့အဖေကိုယ်တိုင်က ရဲအရာရှိဟောင်းတစ်ဦးပါ၊ ဒါပေမယ့်သူ တို့ပြည်တွင်းစစ် ကာလမို့မပြောတာလားတော့မသိပါဘူး၊
နောက်ပြီး ဆွစ်ဇာလန်နိုင်ငံမှာဆိုလည်း တရားဝင်ရုံးသုံးဘာသာစကား (official language(s)) ကို French, German, Italian နဲ့ Romansh ဆိုပြီး လေးမျိုးတောင်သတ်မှတ်ထားပါတယ်၊
ဒီလိုဆိုတော့ သူတို့နိုင်ငံကလူတွေဟာ ဘာဘဲပြောပြောဘာသာစကား ၃မျိုး ၄မျိုးတော့ လူတိုင်းလိုပြောတတ်ဖို့ အခွင့်အရေးရကြမှာဖြစ်ပြီး၊ စကားများများ ပြောတတ်တော့ နေရာအတော်များများမှာ သူများထက် တစ်ပန်းသာပါတယ်၊

ကျွန်တော့်အမြင်ကိုပြောရရင်တော့ အမေရိကန်နိုင်ငံရဲ့ တရားဝင်ဘာသာစကားကို အင်္ဂလိပ်တစ်မျိုးထဲသတ်မှတ်ထားစေချင်ပါတယ်၊ ဒါမှလည်းလူတိုင်းအင်္ဂလိပ်လိုပြောဆိုဆက်သွယ်ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုရှိလာပါမယ်၊ ပိုမိုထိရောက်မှုရှိပါမယ်၊ အန္တရယ်ရှိတဲ့နေရာတွေမှာလည်း ချက်ချင်းအကြောင်းကြားရတာမြန်ဆန်ပါမယ်၊ မဟုတ်လို့ကတော့ ဘာသာပြန်နေရတာနဲ့ဘဲ အချိန်ကုန်၊ ငွေကုန်ပါတယ်၊ နောက်ပြီး တခြားဘာသာစကားမျိုးစုံသုံးစွဲခွင့်ရနေရင်လူသစ်တွေအနေနဲ့လည်း အင်္ဂလိပ်စကားလေ့လာဖို့ သိပ်စိတ်အားမထက်သန်နိုင်တော့ပါဘူး၊ ကြာရင်အမေရိကန်မှာ လူတွေကအနေနီးပြီး စိတ်ချင်းဝေးကာ စီးလုံးညီညွတ်မှုကိုရှာဖို့လွယ်ပါတော့မလားမသိပါဘူး၊ ဒါပေမယ့်လည်း အထက်ကတင်ပြခဲ့သလို ဖြစ်မှမဖြစ်နိုင်သေးတာဘဲ..၊

ဒီတော့ မိမိရဲ့ ယဉ်ကျေးမှုဘာသာစကားကို ထိမ်းသိမ်းတာက တဖက် တိုင်းပြည်ရဲ့ရုံးသုံးဘာသာစကားနဲ့ ဘယ်လူမျိုး ဘယ်ဘာသာကဘဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးကို ကိုယ်စားပြု ချစ်တတ်တဲ့စိတ် အမေရိကန်တွေ အားလုံး နဲ့ ကျွန်တော်တို့အားလုံးရော ခွဲခွဲခြားခြားသိရဲ့လားလို့စဉ်းစားမိရင်း ရပ်နားလိုက်ပါရစေ..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

အချက်အချို့ကို Wikipedia မှရယူပါသည်၊

No comments: