Saturday, November 28, 2009

ကျောင်းဖွင့်ပွဲ


ဒီနေ့ နိုဝင်လာလ ၂၈ ရက် မှာ နော့လ်ကာရိုလိုင်းနားပြည်နယ် ချက်ပါဟေးမှာ မြန်မာဘုန်းတော်ကြီးကျောင်းဖွင့်ပွဲကျင်းပခဲ့ပါတယ်၊ ပီနန်ဆရာတော်ဘုရားကြီးနှင့်အတူ.. ဟိုက်ပွိုင့် ဆရာတော်၊ ဂျော်ဂျီယာဆရာတော်အစရှိတဲ့ဆရာတော်များနှင့် အနယ်နယ်အရပ်ရပ်က ဆရာတော်များလည်းတက်ရောက်လာတာတွေ့ရပါတယ်၊







ကျောင်းဖွင့်ပွဲမှာ ရိုးရာအစားအစာမျိုးစုံနဲ့ဧည့်ခံခဲ့သလို အနယ်နယ်အရပ်ရပ်က မြန်မာများလည်း လာရောက်တာကိုတွေ့ရပါတယ်၊ ထို့အပြင် အထက်တန်းကျောင်းသူကျောင်းသားများရဲ့ ကရင်ဒုံးယိမ်းအကများဖြင့်လည်းကပြဖျော်ဖြည်ခဲ့ပါတယ်၊






၁၀ဧကကျယ်တဲ့ ခြံဝင်းထဲမှာ ကလေးများလည်း လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရခဲ့ကြပါတယ်၊


အင်မတန်အလုပ်ရှုပ်နေကြတဲ့ ဂေါပကအဖွဲ့ဝင်တွေနဲ့တော့ စကားပြောခွင့်သိပ်မရခဲ့ပေမယ့် ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို တင်ပြလိုက်ရပါတယ်၊
















Sunday, November 22, 2009

ချက်ပါဟေးမှ သရဲပုံပြင်များ



၁၉၅၃ ခုနှစ် အတွင်းက ရက်တစ်ရက်၊ ချက်ပါဟေးမြို့ ဖရန်ကလင်လမ်းမှ အိမ်ကြီးတစ်အိမ်မှာ ကက်သရင်း ဘယ်ရီဟေးလို့ အမည်ရတဲ့ အမျိုးသမီးကြီးတစ်ယောက် စာတစ်စောင်ရေးနေသည်၊ သူနေထိုင်ခဲ့ရာ အိမ်ကြီးက မထွက်ခွာမှီ အိမ်ကြီး အကြောင်းကို နောက်ပြောင်းရွှေ့ရောက်ရှိလာမည့် သူများအတွက်အမှာစာ ရေးသားနေခြင်းဖြစ်သည်၊ စာကိုအပြီးသတ်ခါနီးမှာ ဘာများကျန်ခဲ့သလဲလို့ စဉ်းစားရင်း အိမ်ကြီးအတွင်းပိုင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည် “အိုး..ဒီအိမ်ကြီးက သရဲအကြောင်းကိုတော့ သေသေခြာခြာမှာခဲ့ ဖို့မေ့လို့အဖြစ်ဘူး…” စသည်ဖြင့်ရေးသားရင်းစာကိုနိဂုံးချုပ်လိုက် လေသည်၊

ထိုအချိန်မှစပြီး ဒီအိမ်ကြီးရဲ့ သရဲဇတ်လမ်းကလူသိရှင်ကြားဖြစ်လာလေတော့သည်၊
ဒီလိုနဲ့ သရဲခြောက်တဲ့အိမ်ကြီးကနာမည်ကြီးလာသည်၊ ဒီအိမ်ကြီးမှာနေထိုင်ကြီးပြင်းခဲ့တဲ့ လေဒီ ကက်သရင်းဘယ်ရီဟေး အဆိုအရ သူငယ်စဉ်က ညညတွေမှာ သရဲတစ်ယောက်သူ့အခန်းထဲကို ရောက်ရောက်လာတတ်ပြီး သူမ နဲ့စကားပြောလေ့ရှိသည်တဲ့၊ နောက်ပြီး အိမ်သာမှာ သူ့ဟာသူရေဆွဲချတာတို့၊ လှုပ်ကုလားထိုင်ကသူ့ဟာသူလှုပ်နေတာတို့၊ ပစ္စည်းတွေသူ့ဟာသူနေရာရွှေ့သွားတာတို့ဖြစ်တတ်ပါတယ်တဲ့၊ နောက်ထက်ရောက်လာကြတဲ့ ဖရက်ဝေဘာတို့ဇနီးမောင်နှံကလည်း ဒီအိမ်မှာ သရဲရှိကြောင်းသူတို့ယုံကြည်ကြသတဲ့..၊ စာကြည့်ခန်းထဲမှာ အမြဲလို အသံတွေကြားနေရတတ်ပြီး၊ ညဘက်တွေမှာ သရဲကြီးတစ် ယောက်လမ်းရှောက်နေတတ်တယ်လို့ ဆိုပြန်ပါတယ်..၊
ရာဇ၀င်ကိုလိုက်ကြည့်လိုက်တော့..အဲဒီ သရဲ ကြီးဟာ နော့ကာရိုလိုင်းနားတက္ကသိုလ်က ပါမောက်္ခကြီး ဟိုရေ့ ၀ီလီယံဖြစ်ပါတယ်တဲ့၊ သူဟာအဲ့ဒီအိမ်ကြီးမှာ ၁၈၉၇ ကနေ ၁၉၄၀ သူသေတဲ့အချိန်ထိနေသွားပါတယ်၊ သူသေဆုံးချိန်မှာတော့ အဲ့ဒီအိမ်ကြီးရဲ့ ပိုင်ဆိုင်ခွင့်ကို နော့ကာရိုလိုင်းနားတက္ကသိုလ်ကို ပေးခဲ့ပါတယ်၊ နောက်တော့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ပါမောက္ခ်တွေ အစဉ်အဆက်နေထိုင်ခဲ့ကြပါတယ်၊ အခုတော့ ၁၈၄၀ ခုနှစ်ကဆောက်ခဲ့တဲ့အဲ့ဒီအိမ်ကြီးကို ချက်ပါဟေးမှာ ရှေးဟောင်းအမွေအနှစ်တစ်ခုလိုပြုပြင်ထိမ်းသိမ်းထားပါတယ်၊
ဒါနဲ့ ၂၀၀၇ ကနေ ဒီနေ့ထိ ချက်ပါဟေးရှေးဟောင်းအမွေအနှစ် ပြုပြင်ထိမ်းသိမ်းရေးဌာနမှာ ဒါရိုက်တာ လုပ်နေတဲ့ အားနက် ဒေါ်လာ ကို တာဟီးသတင်းစာကမေးမြန်းကြည့်တော့…၊
ဒီအိမ်ကြီးမှာ ပစ္စည်းတွေနေရာရွေ့တာတွေ၊ အခန်းလွတ်ထဲကနေအသံတွေ ကြားရတာတွေ ကတော့ ခဏခဏပါဘဲတဲ့..၊ တံခါးမကြီးကိုလာခေါက်သံ ကြားလို့ လို့ထပြီးဖွင့်ကြည့်တဲ့အခါမှာ ဘယ်သူမှ မရှိတာမျိုးလည်းမကြာ မကြာဖြစ်တတ်ပါသေးတယ်တဲ့..၊ နောက်တော့ သရဲရှာသူတွေနဲ့ နာနာဘာဝစုံစမ်းစစ်ဆေးရေးအဖွဲ့တွေလည်းသရဲတကယ် ရှိမရှိကို မကြာမကြာ လာရောက်စုံစမ်းကြပါတယ်တဲ့၊
၂၀၀၇ ခုနှစ်အတွင်းက ညတစ်ည မှာတော့ ဒါရိုက်တာ အားနက်ဒေါ်လာ ကိုယ်တိုင် သရဲစုံစမ်းတဲ့အဖွဲ့တစ်ဖွဲ့ နဲ့အတူပါဝင်ခဲ့ပါတယ်၊ သူတို့မှာ အထူး ကင်မရာတွေ၊ အသံဖမ်းစက်တွေ၊ အပူချိန်တိုင်းစက်တွေစတာတွေပါဝင်ပြီး၊ အဲ့ဒီညမှာ သရဲလို့ ယူဆရတဲ့ အလင်းရောင်အရိပ်ပုံတွေလည်းရခဲ့ပါတယ်၊ ထူးခြားတာတစ်ခုကတော့ ဧည့်ခန်းထဲမှာ အသင့်ဆင်ထားတဲ့ ကင်မရာတွေက ဘက်ထရီတွေသူ့ဟာသူအားကုန်သွားပြီး ကင်မရာတွေပိတ်သွား ပါတယ်တဲ့၊ အားနက်ဒေါ်လာအဆိုအရတော့ ဧည့်ခန်းထဲက လျှပ်စစ် မီးတွေဟာ ဒီလိုဘဲ သူ့ဟာသူငြိမ်းငြိမ်းသွားတတ်ပါတယ်တဲ့၊
ဒီလို နဲ့ တစ်နေ့မှာ သရဲတွေရှိမရှိကို သိနိုင်တယ်ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ရောက်လာပြီး အိမ်ကြီးကို လှည့်ပတ်ကြည့်ခွင့်တောင်းခဲ့ပါသေးတယ်၊ သူမနဲ့ အတူလိုက်ပါခဲ့တဲ့ လက်ထောက်ဒါရိုက်တာ ရှယ်ရီရယ် ကိုရိုလပ် အပြောအရတော့ ကက်သရင်းဘယ်ရီဟေး နေခဲ့တဲ့အခန်းကို အရောက်မှာ အမျိုးသမီးကြီးဟာ တွေတွေကြီးရပ်သွားပြီး သူ့တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်းတွေထသွားတယ်လို့ဆိုပါတယ်၊



လူတွေကသရဲမကြောက်ဘူး၊ မယုံဘူးစသည်ဖြင့်ပြောနေတတ်ကြပေမယ့်၊ တစ်ခါလာစုံစမ်းတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ စက်ကရိယာတွေအစုံပါတဲ့အပြင် စုစုပေါင်းလူအင်အားက ၂၁ ယောက်တောင်ပါတယ်တဲ့၊ ဒီလောက်လူအုပ်ကြီးနဲ့ စက်တွေနဲ့ဆိုရင် အိမ်ထဲမှာ သရဲတောင်နေစရာရှိမှာမဟုတ်ဘူးထင်မိတယ်၊



နောက်ထပ်နာမည်ကြီးနေရာတစ်ခုကတော့ ကာရိုလိုင်းနားအင်း ဖြစ်ပါတယ်၊ အဲ့ဒီမှာ လည်းမကြာမကြာ သရဲရှာသူတွေခြေချင်းလိမ်နေတတ်ပါသေးတယ်၊ သူ့ကိုလည်း ရှေးဟောင်းအဆောက်အဦးအဖြစ်ထိမ်းသိမ်းထားပြီး နာမည်ကြီးစားသောက်စရာများနဲ့ တည်းခိုစရာ၊ ပါတီကျင်းပရာနေရာအဖြစ် ထင်ပေါ်ကျော်ကြားပါတယ်၊ အဲ့ဒီမှာ အလုပ်လုပ်တဲ့သူတွေအပြောအရတော့ မြေအောက်ထပ်က စတိုခန်းတွေကိုသွားရင် တစ်ယောက်ထဲပေးမသွားပါဘူးတဲ့၊ နောက်ပြီးတော့ သရဲအခြောက်ဆုံးအခန်းကတော့ အခန်းနံပတ် ၂၅၂ပါတဲ့၊

ဒီလိုနောက်ထပ်နာမည်ကြီး သရဲခြောက်တဲ့နေရာတစ်ခုကတော့ ဒူဘော့ဟောက်လို့ နာမည်ရတဲ့ တောင်ကုန်းလေးတစ်ခုပေါ်က ရှေးဟောင်းအိမ်ကြီးတစ်ခုဖြစ်ပါတယ်၊ သူကလည်းဈေးအလွန်ကြီးတဲ့ နာမည်ကြီး လူချမ်းသာပညာတတ်တွေအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ကြီးလည်းဖြစ်ပါတယ်၊ အဲ့ဒီအိမ်ကြီးကို တော့ မြေအောက်ခန်းတွေထဲထိရောက်ဖူးခဲ့ပါတယ်၊ တစ်ကယ့် သရဲ ရုပ်ရှင်တွေထဲကလိုမျိုး အိမ်ကြီးပါဘဲ၊

အဲ့ဒီနေရာတွေက ကျွန်တော်နေတဲ့နေရာနဲ့ ဆို ၃မိုင်အတွင်းလောက်မှာဘဲရှိပါသေးတယ်၊ နောက်ထပ်သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်တွေလည်းရှိပါသေးတယ်၊ တချို့နေရာတွေကလည်း တိတ်ဆိတ် ပြီး အထီးကျန်ဆန်လွန်းတော့ ခြောက်လှန့် နေသလိုမျိုးခံစားရစေတတ်ပါတယ်၊



နောက်ပြီး သရဲ စုံစမ်းရေးအဖွဲ့တွေလည်း အများကြီးရှိပါတယ်၊ ကာရိုလိုင်းနားအင်းမှာတောင် တခါတလေ သရဲတက္ကသိုလ်ဆိုပြီး သရဲစုံစမ်းထောက်လှမ်းတဲ့နည်းသင်တန်းတွေသင်ပေးပါတယ်၊ တခါမှာ နော့ကာရိုလိုင်းနားတက္ကသိုလ်ထဲက သရဲခြောက်တဲ့နေရာတွေအကြောင်း စုံစမ်းလေ့လာတွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့ပါတယ်၊ တက်ရောက်လာတဲ့သူတွေထဲက ပါမောက္ခတစ်ယောက်ကတော့ သရဲကို ယုံတော့မယုံဘူး ဒါပေမယ့်အလွန်စိတ်ဝင်စားဖို့တော့ကောင်းတယ်လို့မှတ်ချက်ချခဲ့ပါတယ်၊

အမေရိကန်နိုင်ငံကို ပထမဆုံးစတင်ထူထောင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နော့ကာရိုလိုင်းနားမှာ အံ့သြထူးဆန်းဘွယ်ရာပုံပြင်တွေ ဇတ်လမ်းတွေ အများကြီးရှိပါတယ်၊ ဒီတော့ ရှေးဟောင်းအိမ်ကြီးတွေနဲ့သရဲအကြောင်းတွေက ရှိနေတာမဆန်းပါဘူး၊ ဒီအကြောင်းတွေကို တင်ပြထားတဲ့
သရဲစုံစမ်းလေ့ လာသူတွေရဲ့ ၀က်ဆိုက်တွေ အများကြီးရှိပါတယ်၊ ဒီမှာ
လည်းဝင်ကြည့်လို့ရပါတယ်၊ ကိုယ်တိုင် ယုံဖို့ မတိုက်တွန်းချင်သလို မယုံဘူးလို့လည်းမပြောလိုပါ၊ အဲ..သရဲရှိမယ်ဆိုရင်လည်း လူတွေကိုတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး၊



မကြာသေးခင်ကဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ် အရတော့..
အမှန်တကယ် လူတွေကို အန္တရယ်ပေးနိုင်မှာကတော့ ဇွန်ဘီး (zombie) တွေလို့ဆိုရဲ့..၊ အူကြောင်ကြောင်တော့နိုင်ရဲ့ ခေတ်မှီနိုင်ငံကြီးရဲ့ နာမည်ကြီးတက္ကသိုလ်တခုမှာ ဇွန်ဘီးတွေ တိုက်ခိုက်လာရင်ဘယ်လိုကာကွယ်မလည်းဆိုပြီး ဆွေးနွေးပွဲလုပ်ရတယ်လို့၊ထားပါတော့..၊

လူတွေကိုယ်တိုင်ကလည်း စိတ်ထင်ယောင်မှားဖြစ်တဲ့ သဘာဝရှိပေမယ့်
ဘာဘဲပြောပြော လူ့ဘ၀ကြီးမှာ ကျွန်တော်တို့မသိနိုင်တာတွေကအများကြီးရှိနေတာတော့ အသေအခြာပါဘဲ..၊
တစ်ခုသတိရလာတာကတော့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါ၊ လူတိုင်းသိကြတဲ့ “ဟိုတယ်ကယ်လီဖိုးနီးယား” ၊ အဲ့ဒီသီချင်း ရဲ့အဓိပ္ပါယ်ကို ငရဲ နဲ့နတ်ပြည်အကြောင်း…၊ မူယစ်ဆေးဝါး ရဲ့ လွမ်းမိုးမှု့ အကြောင်း..စသည်ဖြင့်..၊အမျိုးစုံခံစားအဖြေထုတ်ကြပါလိမ့်မယ်၊ ဒါမှမဟုတ် မှုးယစ်ရီဝေနေတဲ့ သူတစ်ယောက် လျှောက်သွားရင်း ညတစ်ည ဆေးအပျယ်မှာ သရဲခြောက်ခံရတဲ့အကြောင်းဆိုရင်ကော..၊ သီချင်းစပ်တဲ့ သူပဲသိပါလိမ့်မယ်..၊
You can checkout any time you like, but you can never leave!
နောက်ဆုံးစာသားလေးအရတော့.. ကြိုက်တဲ့အချိန်မှာ ထွက်သွားလို့ရပါတယ်.. ဒါပေမယ့်သံသရာထဲကတော့လွတ်မှာမဟုတ်ဘူးလို့ဘဲ အဓိပ္ပါယ်ဖွင့် လိုက်ရင်းနိဂုံးချုပ်လိုက်ပါတယ်..၊


ခြောက်လှန့်ခံရခြင်းမှ ကင်းဝေးကြပါစေ..

၂၀၀၉ သရဲများနေ့အမှတ်တရ..


ကိုးကား
http://www.hauntednc.com/investigation_carolinainn.htm
http://www.dailytarheel.com/content/lecture-brings-attendees-ghoulish-delight
http://www.dailytarheel.com/content/exploring-supernatural
http://www.dailytarheel.com/content/what-do-if-zombies-attack
http://www.dailytarheel.com/content/chapel-hill-landmark-haunts-franklin-street


Thursday, November 12, 2009

အခမဲ့ တုတ်ကွေးကာကွယ်ဆေး..



ကျွန်တော့်အမျိုးသမီးကတော့ ရာသီပေါ်ဖလူ နဲ့ H1N1 Flu ကာကွယ်ဆေး ကိုလွန်ခဲ့တဲ့နှစ်ပတ်လောက်ကဘဲထိုးပြီးသွားပါပြီ၊ ကျွန်တော်တို့ဒေသမှာတော့ ၀က်တုတ်ကွေး ကာကွယ်ဆေးကို နာခေါင်းရှူဆေး ဘဲအသွင်းများလို့ ရှူဆေးနဲ့တိုးဖို့များပါတယ်၊ ရှူဆေးက နဲနဲပျော့လို့ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့သိရပါတယ်၊



သမီးကြီးအတွက်ကတော့ ဆောင်းရာသီရောက်ရင် ထုံးစံအတိုင်းရာသီပေါ်ဖလူ ကာကွယ်ဆေးကို နှစ်တိုင်း ထိုးပေးပါတယ်၊ ဒီနှစ်တော့ H1N1ကာကွယ်ဆေးပါ အပိုထိုးပေးရပါဦးမယ်၊

H1N1 ၀က်တုတ်ကွေး ကာကွယ်ဆေးက လိုသလောက်အပြည့်အ၀မထုတ်လုပ်နိုင်သေးလို့ ဦးစားပေးနဲ့ထိုးပေးပါတယ်၊ ကလေးအမေတွေကဦးစားပေးထဲမှာ ပါလို့ ကျွန်တော့်အမျိုးသမီး ဆေးခန်း ဆေးစစ်အသွားမှာ မမျှော်လင့်ဘဲသူ့ဆရာဝန်က ထိုးပေးလိုက်တာပါ၊

ကဲပါ..လိုရင်းဘဲပြောတော့မယ်..
ကျွန်တော်တို့မြို့နယ်မှာ ၄နှစ်ကနေ ၁၈နှစ်အတွင်း ကလေး တွေအတွက် ၀က်တုတ်ကွေးကာကွယ်ဆေး နဲ့ ရိုးရိုးရာသီပေါ်တုတ်ကွေးကာကွယ်ဆေး ဒီအပတ် စနေနေ့မှာ အလကားထိုးပေးပါမယ်တဲ့၊ အသေးစိတ်ကတော့အောက်ပါအတိုင်းပါ၊ လူများလား မများလားတော့မသိပါဘူး၊ ကျွန်တော်တော့သွားကြည့်လိုက်ဦးမယ်၊ ကြေညာတာကတော့မနေ့က ၁၁ ရက်နေ့ကမှပါ၊ အခုမထိုးဖြစ်လည်း နောက်ထပ်ရောက်လာရင် ထိုးပေးအုံးမှာမို့ ပူစရာတော့မလိုပါဘူး..၊ အခြားနေရာတွေလည်းရှိဦးမှာပါ၊ လိပ်စာကတော့အောက်ပါအတိုင်းပါ..၊

Youth Flu Clinic

Seasonal (shots) &
H1N1 (mostly mist)
will be available.

Sat. Nov 14th
Ages 4 -18 yrs Only
9am-3pm
(or until vaccine supplies are gone)

Cedar Ridge High School
1125 New Grady Brown School Rd
Hillsborough, NC 27278
* Free * Walk-In * Rain or Shine *
________________________________
Find answers to general flu or vaccine questions:
At: www.co.orange.nc.us/health or
Call: The 24-hour NC Care Line
1-800-662-7030 (English/Spanish) or 1-877-452-2514 (TTY)
Health Dept. Flu Nurse 605-2051

ဆေးမထိုးရသေးလို့လည်းသိပ်တော့မပူပါနဲ့ ကျွန်တော် ဖတ်ထားမိတဲ့ ကာကွယ်ပုံနည်းလမ်းအကျည်းကတော့ ဒီလိုပါ..
ကူးစက်ဝင်ရောက်ပုံက နာခေါင်း နဲ့လည်ချောင်းကတစ်ဆင့်ဖြစ်တဲ့ အတွက်ကြောင့်မို့ ပတ်ဝန်းကျင်မှာ ရောဂါပိုးရှိနေရင် ရှောင်လွှဲဖို့မရနိုင်ပါဘူး၊ ဒီတော့ ကျမ်းမာနေတဲ့သူတစ်ယောက်အနေနဲ့ အောက်ပါအချက်များဖြင့်ကာကွယ်နိုင်ပါတယ်လို့ဆိုပါတယ်..၊
၁) လက်ကို မကြာခဏဆေးပေးပါ၊
၂) လက်နဲ့ မိမိမျက်နှာ နှာခေါင်း ကိုင်တွယ် တာကို ရှောင်ကျဉ်ပါ၊
၃) ဆားငံရေနဲ့ တစ်နေ့နှစ်ခါလောက် ပလုပ်ကျင်းပေးပါ၊ (လည်ချောင်းဝထိရောက်အောင် မော့ပြီး လုပ်ပါ၊ Gargle လုပ်တာကိုဆိုလိုတာပါ၊) လစ်စရင်းနဲ့လုပ်လည်းရပါတယ်တဲ့၊ ရောဂါပိုး အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ရောဂါလက်္ခဏာပြဖို့၂ရက်၃ရက်ကြာတတ် တယ်လို့ဆိုပါတယ်၊
၎) တစ်နေ့တစ်ကြိမ်ခန့် နှာခေါင်းကို ပြင်းပြင်းညစ်ထုတ်ပေးပါ၊
Clean your nostrils at least once every day with warm salt water.
Blowing the nose hard once a day and swabbing both nostrils with cotton buds dipped in warm salt water..
၅) ဗိုက်တာမင် စီပါတဲ့ အသီး၊ အစားအစာများများစားပြီး ခုခံအားမြှင့်တင်ပါ၊
၆) ပူပူနွေးနွေး အရည်များများသောက်ပေးပါ (ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စသည်ဖြင့်..) ပူပူနွေးနွေးအရည်သောက်ပေးတာ ဟာ လည်ချောင်းမော့ပြီး ပလုပ်ကျင်းတာနဲ့(Gargling) နဲ့ အကျိုးအတူတူပါဘဲတဲ့၊ ၀က်တုတ်ကွေးရောဂါပိုးဟာ ဗိုက်ထဲရောက်သွားရင်တော့ မရှင်နိုင်တော့ပါဘူးတဲ့၊

ဆေးလည်းမထိုးချင်ဘူး၊ ရောဂါလည်းမဖြစ်ခြင်ဘူးဆိုရင်တော့ ပူပူနွေးနွေးသာ များများသောက်ပါလို့ ကြားသိသမျှတင်ပြလိုက်ရပါတယ်ခင်ဗျာ..၊ အမှားပါရင်တော့ ၀င်သာပြင်ပေးသွားပါလို့ဘဲပြောပါရစေ..၊

ပျော်ရွှင်ကျမ်းမာကြပါစေ…

http://www.cdc.gov/Flu/protect/keyfacts.htm

Sunday, November 1, 2009

ကထိန်ပွဲတော်နဲ့ သရဲများနေ့



ဒီနေ့ မနက်မှာတော့ ကျွန်တော်တို့နော့ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြို့က ဘုန်းတော်ကြီးကျောင်းမှာ ဘုံကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပခဲ့ပြီး၊ ချက်ပါဟေးကာဘိုရို ဘုန်းတော်ကြီးကျောင်းမှာတော့ ကျောင်းအမြန်ပြုပြင်ပြီးစီးရန်အတွက် အားတက်သရောလုပ်အားပေးကြတာကိုတွေ့ရပါတယ်၊ ညပိုင်းမှာတော့ နာမည်ကြီး သရဲများနေ့ကို ချက်ပါဟေးမြို့လည်မှာ ကျင်းပတာကို ပါဝင်ဆင်နွဲခဲ့ပါတယ်၊

မနက်ပိုင်းဆိုပေမယ်ကျွန်တော်ရောက်တော့ ၁၁ နာရီကျော်နေပါပြီ၊ လှူတန်းစရာရှိတာလှူပြီးတာနဲ့ တစ်ပြိုင်နက် အကျွေးအမွေးဘက်ကို ချီတက်အားပေးပါတယ်၊ ခဏနေတော့ ကထိန်လှည့်ပါတယ်၊ ဒိုးပတ်ဝိုင်းနဲ့ အတော်ကို မြိုင်ဆိုင်လှပါတယ်၊ ပြီးတော့ဆရာတော်များ ရဲ့တရားနာပါတယ်၊ အားလုံးလည်းပြီးရော ပြန်ဖို့ပြင်ဆင်တော့ ချက်ပါဟေးကာဘိုရိုဘက်ကလာတဲ့သူတွေ ကလုပ်စရာရှိတာ တွေကျန်သေးလို့ မပြန်ကြသေးဘူးဆိုတာနဲ့၊ ချက်ပါဟေး ကာဘိုရို ကျောင်းကဆရာတော်ကို ကျွန်တော့်ကား နဲ့ဘဲပြန်ပင့်လာခဲ့ပါတယ်၊ ဘုန်းတော်ကြီးဒီမှာ ရောက်နေတာ အတော်ကြာပြီဖြစ်ပေမယ့် အခုမှ ဘဲ ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရပါတော့တယ်၊ ဆရာတော်က ထားဝယ်ကဖြစ်ပြီး ရန်ကုန်ကန်တော်ကလေးမှာ ကျောင်းထိုင်ခဲ့တဲ့ စာချဆရာတော်ဖြစ်ပါတယ်၊ ဒီလိုနဲ့ ကျောင်းကိုရောက်တော့ ဟိုက်ပွိုင့်ကျောင်းကပြန်ရောက်လာတဲ့တစ်ချို့ လုပ်အားပေးနေတာတွေ့ရပါတယ်၊ တစ်ချို့လည်း မနက်ကထဲက အလုပ်တွေများနေကြတာပါ၊

ကျောင်းနောက်ဘက်တောစပ်က အိမ်အိုတစ်လုံးကို မနက်ကထဲက ဖြိုချပြီး ပြန်သုံးလို့ရမယ် အုပ် တွေထုတ်ယူနေပါတယ်၊ အဲ့ဒီမှာ လည်းအတော်ရှင်းရပါဦးမယ်၊ အိမ်ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ ကိုကျော်စိုးဝင်းကတော့ နေ့တိုင်းကို ဦးစီးပြီးလုပ်နေပါတယ်၊ ကားရောလူကော စက်ကရိယာတွေကော အကုန်ပါ ပါတယ်၊ တစ်အိမ်လုံးကလေးတွေပါမကျန်လာပြီး လုပ်အားပေးနေကြတာပါ၊ ကိုအောင်ကျော်မိုးတို့မိသားစု၊ မမြင့်တို့မိသားစု၊ ကိုမျိုးဝင်း တို့လည်းအလုပ်ရှုပ်နေကြပါတယ်၊










ပန်ရံလုပ်ငန်းကို အလွန်ကျွမ်းကျင်တဲ့ ကို မင်းဒင်တစ်ယောက်လည်း သူလုပ်ရမယ့် အတိုင်းအတာတွေနဲ့ တွက်ချက်ပြီး အင်္ဂတေ အဟောင်းတွေကို ခွာချနေပါတယ်၊ နောက်တော့ ခြုံတွေရှင်းကျ၊ အမှိုက်တွေကြုံးကျနဲ့ပေါ့ခင်ဗျာ..၊ နောက်ပြီး ခရစ်ယန်ဘာသာဝင် မဒေးမှု တို့မိသားစုကလည်း ကျောင်းအတွက်လိုအပ်တာတစ်ချို့ လှူဘို့ဆရာတော်ဆီလာရှောက်သွားပါတယ်၊





မနက်ဖြန်ကျရင်တော့ လူပိုစည်ပါမယ်၊ ကျွန်တော်လည်း မနက်ဖြန်တော့ စောစောသွားပါမယ် ဘာမှမလုပ်တက်လည်း အမှိုက်ကြုံး၊ အုပ်သယ်တော့ ရတာပေါ့ခင်ဗျာ၊ တစ်ကယ်လုပ်နေကြတဲ့ သူတွေလည်းအတော်ကို ပင်ပန်းမှာပါ အနည်းဆုံး သူတို့လိုအပ်တာလေးတွေဘေးက ကူပေးကိုင်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ၊ နောက်ပြီး မနက်ဖြန်တော့ကျောင်းနဲ့ ပတ်သတ်တဲ့လိုအပ်တဲ့ စာရင်းတွေသိရပါမယ်၊ အဲ့ဒီတော့မှ ဘာတွေလိုအပ်နေတယ်ဆိုတာနဲ့ ဘယ်တော့ ဆရာတော်ကျောင်းကို စပြောင်းလာမယ်ဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်၊

ညပိုင်းလည်းရောက်ရော Halloween ပွဲကို ချီတက်ဖို့သမီးကပူစာပါတယ်၊ ကားတွေကမြို့ထဲကို ၀င်လို့မရတော့ပါဘူး၊ ဒီတော့ ကားကို အနီးဆုံး ကားပါကင်မှာရပ်ပြီး လမ်းရှောက်သွားရပါတယ် တစ်မိုင်ခွဲလောက်တော့ရှောက်ရပါတယ်၊ မြို့လည်က ဖရန်ကလင် လမ်းမ ကြီးဘေးမှာ လူတွေအများကြီးပါဘဲ..၊ လမ်းပိတ်လိုက်လို့ ကားတွေမရှိတော့ပေမယ့် သတ်မှတ်ချိန်ကိုစောင့်ရပါတယ် ၉နာရီလည်းထိုးရော လမ်းပေါ်ကိုလူတွေအော်ပြီး ၀င်လာကြတာ အတော်ကို ပျော်စရာပါဘဲခင်ဗျာ တစ်မိုင်ကျော်လောက်ရှိတဲ့ လမ်းမှာ သရဲတွေပြည့်သွားတော့တာပါဘဲ၊ ဓာတ်ပုံတွေရိုက်နေရင်ကံဆိုးစွာဘဲ ကင်မရာက ဘာနဲ့တိုက်မိလိုက်တယ်မသိဘူး ပျက်သွားပါတယ်၊ လူတွေကများလွန်းလို့ သမီးကြီးကို အတင်းဆွဲနေရတာလည်းပါတာပေါ့လေ၊ ဒါတောင်သမီးငယ်လေးနဲ့ သူ့အမေကအိမ်မှာနေခဲ့လို့၊





အဲ့ဒီဟောလိုဝင်းပွဲက တရားဝင်ကျင်းပတဲ့ပွဲတော့ မဟုတ်ဘူးတဲ့ခင်ဗျ၊ လူတွေညဘက် သရဲလိုဝတ်ပြီးထွက်ကျရင်းကနေပွဲလိုဖြစ်လာတာ..၊ ရိုးရာမပျက်ကျင်းပရင်းနဲ့ အခုတော့ တာဝန်ရှိသူတွေနဲ့ မြို့ခံတွေ ပွဲတော်အတွက်အညင်းပွားနေရပါတယ်၊ အရင်ကတော့ ဆိုင်ကယ်ပွဲတစ်ပွဲကိုလည်း မြို့တော်ကနေ လုံခြုံရေးအကျောင်းပြပြီး ပိတ်လိုက်လို့ ပွဲတစ်ပွဲပျောက်သွားခဲ့ဘူးပါတယ်၊ မြို့ခံတွေကတော့ ဒီသရဲပွဲကိုတော့ အပျောက်ခံမယ်မထင်ပါဘူး၊ ဒီပွဲတော်တွေက အစိုးရကတာဝန်ယူကျင်းပတာမဟုတ်ပါဘူး၊ လူတွေသူဘာသာသူ ကျင်းပရင်းဖြစ်လာတာပါတဲ့၊ လူတွေဘယ်လိုဝတ်စားဆင်ယင်ကြသလည်းဆိုတော့ သရဲလိုဝတ်ကြသလို၊ အတွင်းခံဘောင်းဘီလောက်ဘဲဝတ်ပြီးရှောက်သွားတဲ့ ကောင်လေးတွေကောင်မလေးတွေပါတယ်၊ ရှေးခေတ်ဝတ်စုံတွေပါတယ်၊ သွေးစုတ်ဖုတ်ကောင်တွေလည်းပါတယ်၊ လူတွေစိတ်ကူးတဲ့သလိုဝတ်ကြတာကို ထိုင်ကြည့်ရတာကတော့ အလွန်ကိုစိတ်ဝင်စားစရာကောင်းလှပါကြောင်းတင်ပြလိုက်ရပါတယ်၊





Sunday, October 25, 2009

ချက်ပါဟေး၊ကာဘိုရို မြန်မာဘုန်းကြီးကျောင်း



ကျွန်တော်တို့ ချက်ပါဟေး ကာဘိုရို မြို့ အ၀င်မှာ မြန်မာဘုန်းတော်ကြီးကျောင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ၊ နောက်ဆိုရင် ခရီးဝေးကပြန်လာ တဲ့အခါများမှာ မြို့အ၀င်က ဘုန်းတော်ကြီးကျောင်းက လူတိုင်းကို နွေးထွေးစွာကြိုဆိုနေ သလိုခံစားရပါလိမ့်မယ်၊ ဘယ်ကိုရောက်ရောက် ဘယ်မှာ နေနေ ကျွန်တော်တို့ကတော့ မြန်မာ့ဓလေ့စရိုက်ကို ဆက်လက်ထိမ်းသိမ်းသွားကြမှာလည်းဖြစ်ပါတယ်၊







ဒီလိုဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသူတွေကတော့ ချက်ပါဟေး ကာဘိုရိုနဲ့ အနယ်နယ်အရပ်ရပ်က ငွေအား လူအား နဲ့အစွမ်းကုန်ပါဝင်ကြတဲ့ အလှူရှင်များဘဲ ဖြစ်ပါတယ်၊

ကျွန်တော်မနေ့က( စနေနေ့) ကမှ ကိုသန်းကျော်ဌေးနဲ့တွေ့တော့မှ ဘုန်းတော်ကြီးကျောင်းဝယ်ယူပြီးကြောင်းသိရပါတယ်၊ သူတို့ ၀ယ်ယူပြီးတဲ့အိမ်ကို ပြုပြင်ဖို့လုပ်နေကြကြောင်း၊ ခြံသန့်ရှင်းရေးလုပ်နေကြောင်းပြောတာနဲ့ နေရာမေးပြီး လိုက်သွားလိုက်ပါတယ်၊ အလွန်ကိုသာယာတဲ့နေရာလေးဖြစ်ပါတယ်၊
ခြံဝင်းအကျယ်ကဘဲ ၁၀ဧက ရှိပါတယ်၊ အိမ်ကလေးကတော့ လူမနေတာကြာလို့အတော် လေးပျက်စီးနေပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းနားလည်တဲ့ ကိုကျော်စိုးဝင်းတို့ ကိုဇင်ဝင်းအောင်၊ ကိုအောင်ကျော်မိုးတို့နဲ့ အခြားလူငယ်အတော်များများ အလုပ်များနေကြတာတွေ့ရပါတယ်၊ ရေ ကောင်းကောင်းရအောင်လုပ်ရပါဦးမယ်တဲ့၊ ရေက အ၀ီစိတွင်းတူးပြီးတင်ရမှာဆိုတော့ တွင်းဟောင်းကိုပြင်ရင် ၃၀၀၀ကျော်လောက်ကုန်မှာဖြစ်ပြီး အသစ်တူးရင်တော့ ၆၀၀၀ကျော်လောက်ကုန်မယ်လို့ အကျမ်းဖျင်းသိရပါတယ် (တရားဝင် အတိအကျတော့မသိသေးပါဘူး)၊ အိမ်ပြုပြင်စရိတ် တွေလည်းရှိပါသေးတယ်၊ ဘာဘဲပြောပြော အားလုံးကတော့တက်ကြွပျော်ရွှင်နေကြပါတယ်၊ ကျွန်တော်လည်းမြင်ရတာ အတော်ကို အားရမိပါတယ်၊ အားလုံးတက်ညီလက်ညီ ၀ိုင်းလုပ်ကိုင်နေကြတာ မြန်မာပြည်မှာအတိုင်းပါဘဲ၊






ကျောင်းဝင်းထဲက ရေညှိထူထူတွေ ပေါ်မှာဖြတ်ရှောက်ရတာ ကော်ဇော်ထူထူပေါ်မှာလမ်းရှောက်ရသလိုပါဘဲ၊ နောက်ပြီး ကျောင်းဝင်းထဲကသစ်ပင်ကြီးတွေက ဆောင်းရာသီရောက်လာပြီဖြစ်လို့ အရောင်ပြောင်းကုန်ကြပါပြီ၊ တစ်ချို့လည်းအနီရောင် တစ်ချို့လည်းအ၀ါရောင်နဲ့ သိပ်ကိုလှပါတယ်၊ ကျောင်း အနောက်ဖက်က အရောင်စုံ တော အုပ်လေးကို လှမ်းကြည့်လိုက်တော့ ဘာကိုလွမ်းမှန်းမသိအောင်ကို လွမ်းမိပါသေးတယ်၊



ကျွန်တော်ကသာ ဘာမှမလုပ်ဘဲလွမ်းနေတာ သူများတွေကတော့လွမ်းအားပုံမရ၊ ဟိုဘက်မှာ ရေပန်းနဲ့အိမ်နံရံကဆေးဟောင်းတွေကိုထိုးခွာနေသူရှိသလို၊



အိမ်ထဲမှာလည်း မီးသွယ်ဖို့လုပ်နေသူ၊ သန့်ရှင်းရေးလုပ်နေသူ၊ နံရံပြင်နေသူ၊ လှေကားလုပ်ဖို့မြေပြင်နေသူစသဖြင့်အလုပ်ရှုပ်နေကြပါတယ်၊ ကျွန်တော်လည်း သူတို့တွေ ခဏနားချိန်မှာ အိမ်ထဲဝင်ကြည့်ပါတယ်၊




နောက်တော့ မပြန်ခင် ကိုအောင်ကျော်မိုးနဲ့ စကားနဲနဲပြောဖြစ်ပါတယ်၊ ကျောင်းအတွက်က နောက်ထပ်ကုန်ကျမှာတွေ ရှိသေးတော့ အကယ်လို့များ လှူချင်တန်းချင်သူများရှိရင်ဘယ်လိုလှူရမလည်းလို့မေးတော့ လောလောဆယ်တော့ ကိုသန်းကျော်ဌေး၊ ကိုအောင်ကျော်မိုး (၉၁၉-၉၂၃-၇၅၆၉) တို့ ကနေတစ်ဆင့်လှူလို့ရကြောင်းသိရပါတယ်၊ နောက်ပြီး တစ်ခြားဂေါပကအဖွဲ့ဝင်တွေကနေလည်းလှူလို့ရပါတယ်တဲ့၊ လောလောဆယ်တော့ ရေ ကောင်းကောင်းရဖို့နဲ့ ကျောင်းကိုအမြန်ဆုံးပြုပြင်ပြီးစီးဖို့လုပ်နေကြပါတယ်၊

နောက်ဆိုရင် ဘာသာရေးလူမှုရေးပွဲတော်တွေ ကျင်းပဖို့အတွက်တော့ပူစရာမလိုတော့ပါဘူး၊ ၁၀ ဧကကျယ်တဲ့ ခြံကြီးထဲမှာ တကယ်ကို တရားရိပ်ရဲ့ ဧချမ်းမှုနဲ့အတူ မြန်မာပြည်ကိုပြန်ရောက်သွားသလိုခံစားရမှာဖြစ်ပြီး.. ချက်ပါဟေး ကာဘိုရိုက မြန်မာလူမျိုးတိုင်းရင်းသားတို့ရဲ့ လှိုက်လှဲပျူငှာတဲ့ဖော်ရွေမူတွေကိုလည်း ဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူးဆိုတာ..ပြောရင်း..
အလှူရေစက်လက်နဲ့မကွာ လူမျိုးဘာသာမရွေး တတ်အားသမျှပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေး နိုးဆော်လိုက်ရပါတယ်..

ရွှင်လန်းချမ်းမြေ့ကြပါစေ..








အပိုင်းအစများ

ဘာမှ မရေးနိုင်သေးခင် ကျွန်တော် ကြည့်မိတဲ့ ဗွီဒီယိုလေးတွေပြန် မျှလိုက်တယ်၊ မကြည့်ရသေးရင်တော့ ကြည့်သင့်တယ်ထင်တယ်..၊ နဲနဲလည်း ၀င်လျှာရှည်ထားသေးတယ်.. သည်းခံပြီးသာ ကြည့်ပေတော့..

သဲနဲ့ ပန်းချီဆွဲတာ လေးတော့ အတော်ကြိုက်မိတယ်၊ ဘာကြောင့်များ ကျွန်တော်သူ့လို မဆွဲတတ်တာလဲမသိ၊ ကျွန်တော်လည်း ငယ်ငယ်ထဲက သဲနဲ့ ဆော့လာတာဘဲ.. စမ်းကြည့်ဦးမှ…




ဒီ ဆဲလ်ဖုန်းလေးတော့ ကြိုက်တယ်ဗျာ၊ ဖျား ရင် အပူချိန်ပါတိုင်းလို့ရတယ်တဲ့.. စမ်းကြည့်ပါလား..၊ အင်း…အတော်နောက်တဲ့သူတွေ၊



စွန့်စွန့်စားစား အလုပ်မျိုးမှ လုပ်ချင်ရင်တော့ ဒီအလုပ်နဲ့မှ အဆင်ပြေမယ်ထင်တယ်..



ကျွန်တော်တော့ ဒီလိုမင်္ဂလာဆောင်မျိုးကို ကြိုက်တယ်ဗျာ..၊ မိတ်ဆွေလည်းအဲဒီလိုဆောင်ပါလား.. အားကျစရာကြီး..၊ နောက်ဆုံး သတိုးသမီးထွက်လာတာလည်း မိတယ်..၊



ဆင်ခြေအပေးကောင်းပုံများ…အခန်းထဲမှာ တည့်တည့်ကြီးမိတာကို..



ပျော်ရွှင်ချမ်းမြေ့ကျပါစေ..

Friday, October 16, 2009

မအောင့်နိုင်လို့ပါ

ပြီးခဲ့တဲ့နှစ်လောက်က ငနဲတစ်ယောက်က မြန်မာပြည်အကြောင်းဓာတ်ပုံတစ်ချို့ကို သူ့ဓာတ်ပုံပြပွဲမှာထဲ့ပြတယ်၊ လမ်းဘေးက ခလေးငယ်တွေနဲ့ ညစ်ပတ်တဲ့ဆိုင်လေးတွေပုံပါတယ်၊ ဗီယက်နမ်တို့ ထိုင်းတို့ဓာတ်ပုံတွေလည်းဒီလိုဘဲ၊ လှပတဲ့ပုံတစ်ခုမှမပါဘူး၊ ဒီတော့ ဒီငနဲ ဒီလိုပြတာကို ကျွန်တော် တော်တော် စိတ်ဆိုးမိတယ်၊ ဒီတစ်ခါတော့ကျွန်တော့အလှည့်၊

ကဲပါ..လိုရင်းဘဲရေးတော့မယ်ဗျာ..၊ မြန်မာပြည်မှာ လမ်းဘေးမှာ ရူရူးပေါက်တာတွေ့ရင်မိတ်ဆွေဘယ်လိုမြင်သလဲခင်ဗျာ..၊ မကောင်းဘူး..ဘာဘူး..နိုင်ငံကြီးသားမပီသဘူး စသည်ဖြင့်ပြောမိမလားဘဲ..၊ ကိုယ်ကို တိုင်ကော မအောင့်နိုင်လို့ဆိုပြီးမဆော်မိဘူးလား..၊ စိတ်မဆိုးနဲ့နော်..အတင်းမမေးပါဘူး၊ တစ်ခါထဲပါ ဆိုလည်း ပြီးတာပါဘဲ၊

ဒီတော့ နိုင်ငံကြီးသားဆိုသူတွေကော လမ်းမှာမအောင့်နိုင်ရင်ဘယ်လိုလုပ်ကြမလဲဗျ..၊ အခုမှ သတိရလာပြန်ပြီ.. ငယ်ငယ်က မင်းကွန်းဘက် သွားလည်တုန်း လမ်းဘေးခြုံထဲမှာ ကုန်းကုန်းကွကွနဲ့ ဖြူဖြူဖွေးဖွေးအရာတစ်ခုရုပ်ကနဲတွေ့လိုက်တော့ ဟိုပစ်ဒီပစ်အလွန်ဝါသနာပါတဲ့ ကျွန်တော် ခဲ ရှာပြီးထုမယ်လုပ်မိသေးတယ်..၊ နောက်တော့မှ ကမ္ဘာလှည့်ခရီးသွားအဖြူမတစ် ယောက်ဖြစ်နေတာ သိလိုက်ရတယ်၊ တော်သေးလို့..၊ တောက်.. အဲဒီတုန်းက ကင်မရာတွေဘာတွေမရှိတာနာတယ်..၊

ဟေ့..ဒို့အမေရိကန်မှာတော့ ဒါမျိုးမလုပ်နဲ့ မရဘူး လာမပြောနဲ့..၊ ဒီတစ်ခါတော့ သားကောင်တစ်ကောင်မိပြီ..၊ ကင်မရာကလည်းအရန်သင့်ဆိုတော့ ကဲမင်းဘယ်ပြေးမလည်း..၊


မှတ်ထား.. အရပ်ထဲက ဓာတ်ပုံဆရာ၊ ဒီက "ပါပါရာဇီး" မဟုတ်တောင် "ပါပါနားနီး" တော့ရိုက်တတ်ပါတယ်၊ ကဲ..နောက်မှပုံတွေစုပြီ ပြပွဲလုပ်ရဦးမယ်၊ လာကြည့်ကြနော်..

ဒါနဲ့..အခု.. လျှပ်တစ်ပြတ် ဓာတ်ပုံကိုရူ့စားပြီးရင် မအောင့်နိုင်သူများကို ဘာများပြောမလည်းခင်ဗျာ..၊


ပျော်ရွှင်ကြပါစေ..

Tuesday, September 29, 2009

ကျောင်း




သမီးရဲ့ ကျောင်းအကြောင်းကို ရေးလိုက်ပါတယ်၊ သမီးတို့ကျောင်းက သြဂုတ်လ ၂၅ရက်မှာ ပြန်ဖွင့်ပါတယ်၊ သမီးက ဒီနှစ် ၂ တန်းရောက်ပါပြီ၊ သမီးအမေရိကန်စရောက်တော့ ၃နှစ် ၈လပါ၊ သူရန်ကုန်မှာတော့ စံပြမူကြိုမှာ တစ်နှစ်နေခဲ့ပါသေးတယ်၊ အိမ်မှာ အရွယ်တူ ဆော့ရမယ့်အဖော်မရှိတော့ သူကျောင်းမှာ အရမ်းပျော်ပါတယ်၊ ဒီလိုနဲ့ သူချစ်တဲ့ စံပြမူကြိုကျောင်းကို ပစ်ပြီး အမေရိကန်ကိုရောက်လာပါတော့တယ်..၊

ဖလော်ရီဒါ ကို ရောက်ရောက်ခြင်းကလေးကို မူကြိုကျောင်းထားဖို့ကြိုးစားပါတယ်၊ အလုပ်ရှင်က မကူညီနိုင်ဘူးဆိုတော့ ကိုယ့်ဟာကိုယ်ဘဲ လိုက်စုံစမ်းရပါတယ်၊ အဲ့ဒီညမှာ ဘဲ အနီးအနားက ဆဲဗင်းအလဲဗင်း (မနက် ၇နာရီမှ ည၁၁နာရီဖွင့်တဲ့ဆိုင်) စတိုးဆိုင်မှာ သွားစုံစမ်းပါတယ်၊ ဒီတော့ အဲ့ဒီဆိုင်ကလူတစ်ယောက်က လမ်းညွှန်လိုက်ပါတယ် အနီးကလေးပါ၊ လမ်းရှောက်သွားလို့ရပါတယ်၊ နောက်နေ့မနက်မှာ ဘဲ အလုပ် နားရက်ရတော့ သမီးကိုလက်ဆွဲပြီး လမ်းရှောက်သွားပြီးကျောင်းအပ်လိုက်ပါတယ်၊ ဒီတော့ သမီး နွေရာသီကျောင်းကို စတက်ပါတယ် အဆင်ပြေပါတယ်၊ ကျောင်းလခကတော့ တစ်လ ဒေါ်လာ၂၀၀ပါ၊ ကလေးကို ကျောင်းအရင်တက်ခိုင်းပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို နောက်မှလိုက်လုပ်ပါတယ်၊ အဓိက ကတော့ ကာကွယ်ဆေးတွေစုံအောင်ထိုးဖို့လိုပါတယ်၊ မြန်မာပြည်မှာ သံရုံးကညွှန်ကြား တဲ့ အတိုင်းကာကွယ်ဆေးတွေထိုးလာပေမယ့် အမေရိကန်မှာတော့ လိုတာတွေထပ်ထိုးရပါတယ်၊ တီဘီတွေဘာတွေပြန်စစ်ရပါတယ်၊ ဒီတော့ အမေရိကန်ကို လာရင် ကာကွယ်ဆေးထိုးထား တဲ့မှတ်တမ်းကအရေးကြီးပါတယ်၊ ဖလော်ရီဒါ က “ပန်းဘရုတ်ပိုင်း” မြို့နယ်ကျမ်းမာရေးဆေးခန်းကို ဘက်စ်ကားစီးသွားပြီးဆေးထိုးပါတယ်၊ ဆေးခန်းမှာ လူတွေအလွန်များပေမယ့် အဆင်ပြေပါတယ်၊ ဒီလိုနဲ့ နေရင်းကနေ အလုပ်ရှင်နဲ့သဘောထား ညှိနှိုင်းမရတော့ လမ်းခွဲလိုက်ပါတယ်၊ အမျိုးသမီးမှာ အချိန်ပိုင်းအလုပ် စရ သလို ကျောင်းတက်ဖို့လည်း လက်ခံကြောင်းစာရပြီး မှ အားလုံးဖျက်ခဲ့ရပါတယ်၊ သူတို့အမျိုးက အဲ့ဒီလို ကူညီမစကြပါတယ်၊ ထားပါတော့…ဒီလိုနဲ့

နော့ကာရိုလိုင်းနားဘက်ကို ကလေးလက်ဆွဲပြီး ဂရေးဟောင်းဘတ်စ်ကားကြီးစီးပြီးထွက်လာ ခဲ့ပါတယ်၊ နော့ကာရိုလိုင်းနားမှာတော့ မူကြိုကျောင်းအပ်ဖို့အလွန်ကိုခက်ပါတယ်၊ အပြင်မူကြိုကျောင်းက ဈေးအလွန်ကြီးပါတယ် တစ်လ ၈၀၀ တောင်တောင်းပါတယ်၊ ချပ် ကျောင်းတွေမှာ အများအားဖြင့်မူကြို ဖွင့်ထားပါတယ်၊ ချပ်ကျောင်းတွေမှာ ကျွန်တော်ကြိုးစားကြည့်ပါတယ် မရပါဘူး၊ အခုမှ ပြန်စဉ်းစားကြည့်တော့ ကျောင်းအပ်မရခဲ့တာကတောင်ပိုကောင်းပါသေးတယ်၊ မြို့နယ်ပညာရေးဌာနကဖွင့်တဲ့ကျောင်းတွေမှာလျှောက်တော့ ဖောင်တွေသာ အခါခါဖြည့်လိုက်ရတယ် ကျောင်းကတော့ မရပါဘူး၊ ဖောင်တင်တော့ တစ်လစောင့်ဆိုလိုစောင့်ပြီး ဘာမှအကြောင်းမပြန်လို သွားစုံစမ်းတော့..အဲ့ဒီက တာဝန်ရှိအမျိုးသမီးက မင်းတို့ ဘာဖောင် မှမတင်ရသေးဘူးလို့ငြင်းပါတယ်၊ ဒီတော့ စကန်ဖတ်ထားတဲ့ အထောက်အထားကော်ပီတွေတစ်ခေါက်ယူပြတော့.. ဟိုရှာဒီရှာ လုပ်ပြီးနောက်တော့ ပျောက်သွားတယ်ဆိုပြီးပြန်တင်ခိုင်းပြန်ပါတယ်၊ ဒီလိုနဲ့ အလွန်ကို များပြားလှတဲ့ဖောင်တွေကို ထပ်တင်ရပြန်ပါတယ်၊ ရက်ဆွဲမပြောင်းစေခြင်လို့ စကန်ဖတ်ထားတဲ့ ဖောင်တွေကို ပရင့်ပြန်ထုတ်ပြီး ပြန်တင်ပါတယ်၊ ထပ်ပျောက်ပြန်ပါတယ်၊ ဒီတော့ ကျွန်တော့အလွန်မဟုတ်တော့ပါဘူး..၊ ထပ်တော့မတင်နိုင်ဘူး မင်းတို့တွေ့အောင်ရှာ ငါစောင့်မယ်ဆိုပြီ ထိုင်စောင့်ပါတယ်၊ နောက်တော့ သူတို့လူကြီးလုပ်တဲ့ အမျိုးသမီးကြီးထွက်လာပြီးတောင်းပန်ပါတယ်၊ ဒါမျိုးအချိုလာသပ်လို့ရမလားဗျာ၊ သူတို့တွေအလွန်ညံ့ဖြင်းကြောင်း ကို ပေါ်တင်ဘဲပြောလိုက်ပါတယ်၊ မင်းတို့တခြားလူတွေလည်းဒီလိုဘဲပျောက်သလားလို့ မေးလိုက်ပါသေးတယ်၊ ဒါကို လူမျိုးခွဲခြားတာလို့ဘဲ ကျွန်တော်သတ်မှတ်ပါတယ်၊

ဒီလိုနဲ့ သမီးက KG တက်ဖို့အရွယ်ရောက်လာပါတော့တယ်၊ ကျောင်းကသြဂုတ်လ မှာဖွင့်ပေမယ့် အောက်တိုဘာ ၁၆ရက်အတွင်း အသက် ၅နှစ်ပြည့်သူကို KG စထားလို့ရပါတယ် (နော့ကာရိုလိုင်းနားမှာ) ၊ သမီးက အောက်တိုဘာ ၁၃မှာ ၅နှစ်ပြည့်မှာ ဖြစ်လို့ ၃ရက်နဲ့ကပ်ပြီး ကျောင်းတက်ခွင့်ရသွားပါတယ်၊ မဟုတ်ရင်သူ တစ်နှစ်ထပ်စောင့်ရမှာပါ၊ ကျောင်းမတက်ရသေးခင် အချိန်တွေကတော့ သမီးရောအမေရော အိမ်ထဲမှာဘဲနေကြရပါတယ်၊








ဒီမှာတော့ ကျောင်းအပ်ဖို့ကို မြို့နယ်ပညာရေးရုံးရှိတဲ့ကျောင်းမှာ သွားအပ်ရပါတယ်၊ ဒီတော့ “လင်ကွန်းစင်တာ” မှာ သမီးကိုကျောင်းသွားအပ်ပါတယ်၊ သူတို့ကနေ ရွေးစရာကျောင်းတွေပေးပြီး ဖောင်ဖြည့်ခိုင်းပါတယ်၊ နောက်တော့ “ဖရန့်ပေါ်တာ ဂရာဟန်” မူလတန်းကျောင်းကို ချပေးပါတယ်၊ ဂရိတ်ဝမ်းလည်း ရောက်ရော “ကာဘိုရို” ကို သူတို့ပြောင်းလိုက်ပါတယ်၊ အခုလည်း ကျောင်းမဖွင့်ခင်တစ်လကျော်လောက်မှာ အကယ်လို့ ကျောင်းပြောင်းချင်ရင်ပြောင်းဖို့ ကျောင်းနာမည် ကျောင်းရဲ့ အဆင့်နဲ့ ဖြည့်စွတ်ရမယ့်ဖောင်တွေပို့ပေးပါ တယ် သမီးက ကျောင်းပြောင်းမှာ မဟုတ်လို့ ဘာမှလုပ်စရာမလိုတော့ပါဘူး၊ ဒီမှာက တက်ရမယ့်ကျောင်းကို နေရပ်လိပ်စာနဲ့ ခွဲပြီးချပေးပါတယ်၊ အဲဒီချပေးထားတဲ့ ကျောင်းစာရင်းထဲက နေပြီးတက်ချင်တဲ့ကျောင်းကို ပထမဦးစားပေး ဒုတိယဦးစားပေး စသည်ဖြင့် ၃-၄ ကျောင်းလောက်ရှောက်လို့ရပါတယ်၊ ဒါပေမယ့်လည်း အခြေအနေအရ သူတို့ချပေးတဲ့ကျောင်းကိုဘဲသွားရပါတယ်၊ နောက်တစ်ခုက နှစ်စဉ် ကျောင်းတွေကို (ကလေးတွေကို) စစ်ဆေးပြီး အဆင့်သတ်မှတ်ပေးပါတယ်၊ မနှစ်ကတော့ သမီးတို့ကျောင်းအဆင့် ကျသွားပါတယ်၊ ဒီတော့ ဒီနှစ်ဆရာမတွေပိုကြိုးစားကြပေါ့..၊ သမီးကိုတော့ နောက်တစ်ကျောင်းမပြောင်းခိုင်း တော့ပါဘူး၊

ကျောင်းဖွင့်ခါနီးရင် လုပ်ရတာတွေကတော့ ကျောင်းအတွက်လိုအပ်တဲ့ School Supplies တွေဝယ်ရပါတယ်၊ အဲ့ဒါတွေကတော့ ကျောင်းက ဝက်ဆိုက်မှာ ကြည့်ပြီးဝယ်လည်းရပါတယ်၊ ကျောင်းမှာသွားယူလည်းရပါတယ်၊ ကျောင်းမဖွင့်ခင် မှာဘဲ မိဘတွေကို အတန်းလာကြည့်ဖို့နဲ့ ဆရာမနဲ့တွေ့ဖို့ဖိတ်လို့သွားတွေ့ရပါတယ်၊ သမီးတို့ကတော့ မနှစ်ထဲကသူတက်ရမယ့်အခန်းကို ကြည့်ထားပြီးသား ဆရာမတွေနဲ့မိတ်ဆက်ထားပြီးသားမို့ သူ့အတန်းသူသိပါတယ်၊ အဲ့ဒီမှာဘဲ ဆရာမ ကသူတို့အတန်းအတွက်လိုတဲ့ school supplies list ပေးပြန်ပါတယ်၊ ကျောင်းကဝက်ဆိုက်ထဲက နဲ့ကွာနေလို့ အချို့ထပ်ဝယ်ရပါတယ်၊ သိပ်မကုန်ပါဘူး ဒေါ်လာ ၃၀ နဲ့ ၅၀ ကြားလောက်ဘဲကုန်ပါတယ်၊



လုံခြုံရေးအတွက်ကတော့ သူတို့ကျောင်းတွေမှာ ကင်မရာတွေတပ်ထားပါတယ်၊ နောက်ပြီး ကျောင်းကိုမိဘတွေလာရင်လည်း ကွန်ပျူတာမှာ ကိုယ့်ဟာကို ဓာတ်ပုံရိုက် စတစ်ကာ ထုတ် “ချက်အင်”လုပ် ပြီး စတစ်ကာကိုရင်ဘတ်မှာ ကပ်သွားရပါတယ်၊ ပြန်ထွက်ရင်လည်း အဲဒီမှာ “ချက်အောက”် ကိုယ့်ဟာကို လုပ်သွားရပါတယ်၊

ကလေးတွေကို KG မှာတုန်းကတော့ အိမ်စာမပေးပေမယ့်၊ 1st Grade ကနေစပြီးအိမ်စာပေးလာပါတယ်၊ အခုတော့ နေ့စဉ်အိမ်စာရှိလာပါတယ်၊ သင်္ချာတွေအတော်များများပါလာပါတယ်၊ စာတွေနေ့တိုင်း အိမ်မှာဖတ်ခိုင်းပါတယ်၊







သူတို့ပေးထားတဲ့ Reading Log ထဲမှာ ဘယ်နေ့ဘယ်စာအုပ်ဖတ်တယ်ဆိုတာ ရေးပေးရပါတယ်၊ ကလေးကို နေ့တိုင်း ဖိုဒါ တစ်ခုကျောင်းကထဲ့ပေးပါတယ်၊ ဖိုဒါထဲမှာ တစ်ဖက်က မိဘသိမ်းထားဖို့အတွက်စာရွက်စာတမ်းတွေဖြစ်ပြီးနောက်တစ်ဖက်ကတော့ လိုအပ်တာလုပ်ပြီးရင်ကျောင်းကိုပြန်ပို့ဖို့ပါ၊ နောက်ထပ်ဖိုဒါတစ်ခုရှိပါသေးတယ် အဲ့ဒါတွေကတော့ အိမ်စာနဲ့ပတ်သတ်တဲ့ဟာတွေပါ၊ ဖိုဒါနှစ်ခုကိုအရောင်နဲ့ခွဲထားသလို စာလည်းအပေါ်မှာရေးထားပါတယ်၊ အဲ့ဒီလို့ မိဘနဲ့ဆရာကြားမှာ ဆက်သွယ်ရေးလုပ်ထားပါတယ်၊ အရေးအကြောင်းဆိုရင်တော့ ဖုန်းဆက်ရပါတယ်၊ ဥပမာ ကလေးချောင်းဆိုးနေတယ်ဆိုရင် မိဘကိုဖုန်းဆက်ပြီးချက်ခြင်းလာခေါ်ခိုင်းပါတယ်၊ ချောင်းဆိုးနေတဲ့ကလေးကို ကျောင်းပေးမတက်ပါဘူး၊ ကလေးနေမကောင်းရင်လည်း ကိုယ်ကဖုန်းဆက်ပြီးဆရာမကို အကြောင်းကြားခွင့်တိုင်ရပါ တယ်၊

နောက်တစ်ခုကတော့ ကျောင်းကနေ့လည်စာအတွက်ပါ၊ ဝယ်စားရတာပါ၊ မဝယ်စားခြင်ရင်လည်း အိမ်ကထဲ့လာလို့ရပါတယ်၊ အများစုကတော့ ကျောင်းက နေ့လည်စာ ကိုစားတာများပါတယ်၊ အဲ့ဒီနေရာမှာ လည်း မိဘဝင်ငွေ အပေါ်မူတည်ပြီး ပိုက်ဆံပေးရပါ တယ်၊ ဝင်ငွေနည်းရင် ရာခိုင်နှုန်းအလိုက် နဲနဲဘဲပေးရပါတယ်၊ သိပ်နည်းနေရင်တော့ အလကားကျွေးပါတယ်၊ ရှောက်လွှာမှာ မိဘဝင်ငွေဖြည့်ပြီးလျှောက်လိုက်ရုံပါဘဲ၊ တစ်နှစ်တစ်ခါလျှောက်ရပါတယ်၊ အဆာပြေ အတွက် Snack ကိုတော့ မိဘတွေကအလှည့်ကျထဲ့ပေးရပါတယ်၊ တစ်ပတ်တစ်ခါ ပေးရပါတယ်၊ ကျောင်းသား ၁၈ ယောက်စာလောက်အောင် မှုန့်ဝယ်ထဲ့ပေးရပါတယ်၊ တစ်တန်းမှာ ကျောင်းသား ၁၈-၂၀ လောက်ရှိပြီး ဆရာမတစ်ယောက်နဲ့ လက်ထောက်ဆရာမတစ်ယောက်သင်ပါတယ်၊ မိဘတွေလည်း အတန်းမှာ လာကူပေးလို့ရပါတယ်၊ လိုအပ်တဲ့ကျောင်းသားတွေကို အထူးသင်ပေးပါသေးတယ်၊ မနှစ်က သမီးက စာဖတ်အားနဲလို့ အခြားဆရာမတစ်ယောက်က သူ့ကို လာခေါ်ပြီး နေ့တိုင်းစာဖတ်လေ့ကျင့် ပေးခဲ့ပါသေးတယ်၊ မိဘတွေအနေနဲ့လည်းမိဘ ဆရာအသင်းဝင်ပြီးကျောင်းကိုကူညီလို့ ရပါတယ်၊ အချိန်လုပြီး ကျွန်တော်ဆိုအမြဲ ကျောင်းမှာ သွားကူပေးလေ့ရှိပါတယ် မနှစ်ကတော့ တစ်ပတ်တစ်ရက် တစ်နာရီလောက် သွားပြီး အတန်းထဲမှာစာသင်တာကို ဝိုင်းကူပေး ပါတယ်၊ ကျောင်းကကျင်းပတဲ့ ရံပုံငွေပွဲတွေမှာလည်း သွားကူပါတယ်၊ ဒါဟာ လုပ်သင့်ပါတယ်၊ ဒီလိုဝင်လုပ်ပေးမှ လည်း သူတို့ဆီမှာ ဘယ်လိုသင်တယ် ဘယ်လိုစည်းကမ်းရှိတယ် ဆိုတာ သိရမှာပါ၊ နောက်ပြီး လူမှုရေးအရလည်း အသိမိတ်ဆွေတိုးလာပါတယ်၊

သမီးတို့ရဲ့ ကျောင်းမှာ တစ်နေ့တာပြောရရင်တော့..သူတို့တွေ ၇နာရီ ၄၀မှာ ကျောင်းရောက်ရင် ပထမဆုံး ကျောပိုးအိပ်ကို သူ့နေရာသူသွားထားရပါတယ်၊ နောက်တော့ နေ့လည်စာ ဘာစားချင်လည်းရွေးရပါတယ်၊ သုံး-လေး မျိုးလောက်ရွေးလို့ရပါတယ်၊ ကိုယ့်နာမည်ရေးထားတဲ့ တုတ်ချောင်းလေးကို နေ့လည်စာ စာရင်းရေးထားတဲ့ အကန့်လေးထဲကို ထဲ့လိုက်ရုံပါဘဲ၊ နောက်တစ်ခုကတော့ တံခါးမှာ မိမိနာမည်ရေးပြီး ချိတ်ထားတဲ့ “ချက်အင် ချက်အောက်” ကဒ်လေးကို မိမိအတန်းထဲမှာရှိကြောင်းသိရအောင် သွားရွှေ့ပေးရပါတယ်၊ ပြီးရင် တော့ အတန်းရှေ့မှာ သွားစုပြီးထိုင်နေရပါတယ်၊ အဲ့ဒီအချိန်မှာဘဲ အတန်းထဲက စပီကာကနေ အသင့်ပြင်ဖို့ အချက်ပေးသံထွက်လာပြီး နိုင်ငံတော်သီချင်း ကိုတစ်ကျောင်းလုံးတစ်ပြိုင်ထဲ သီဆိုရပါတယ်၊ အဲဒီနောက်တော့ သူတို့ “စမတ်ဘုတ်”မှာ ပေါ်လာတဲ့သင်္ချာတွေကို ရွှတ်ရပါတယ် (အလီ ရွှတ်သလိုမျိုးပါ)၊ တစ် အမြောက် တစ် ညီမျှချင်း ကို ကွတ်လပ် ပေးထားပြီးကိုယ့်ဟာကို ဖြည့်ပြီးရွှတ်သွားရတာပါ၊ အဲဒီကနေပြီး မနက် ၈နာရီကနေ တစ်နေ့တာစ ပါတော့တယ်..၊ 2nd Grade မှာသင်တာတွေကတော့ Math, Reading, Writing, Social studies, Science, Spanish, Word study, Art, Music နဲ့ PE တို့ဖြစ်ပါတယ်၊ တစ်ခြား Read aloud တို့ Learning Lab တို့ အစီအစဉ်တွေလည်းရှိပါသေး တယ်၊ ၉နာရီ ၄၅ ကနေ ၁၀နာရီ ၁၅ထိ မှုန့်စားနားပါတယ်၊ ၁၂ နာရီ၁၅မှာတော့ နေ့လည်စာစားရပါတယ် ၂၅မိနစ်ပေးပါတယ်၊ ကျောင်းက ၂ နာရီခွဲမှာ ဆင်းပါတယ်၊ after school ထားတဲ့ကလေးတွေကတော့ ၆ နာရီထိဆက်တက်ရပါတယ်၊ အဲ့ဒါကလည်း သတ်သတ် လျှောက်လွှာတင်ရတာပါ။ တစ်လကို ဒေါ်လာ ၂၀၀ ပေးရပါတယ်။ ကျောင်းကတစ်ခြားကျောင်းမှာသွားတတ်ခြင် ရင်လည်းသွားတက်ရ တတ်ပါတယ်၊ ဒီတော့ မိဘတွေအလုပ်ပြီးချိန်နဲ့ အတော်ဖြစ်သွားပါမယ်၊

နောက်တစ်ခုကတော့ အတန်းထဲမှာ သုံးတဲ့ “စမတ်ဘုတ်”ပါ၊ ကျွန်တော်တို့ငယ်ငယ်တုန်းက ဘလက်ဘုတ်နဲ့ ကျောက်သင်ပုန်းနဲ့သင်ခဲ့ကြရပြီး သူတို့လေးတွေကြတော့ စမတ်ဘုတ် နဲ့ Apple ကွန်ပျူတာနဲ့၊



ကျွန်တော်စဉ်စားနေတာကတော့ဗျာ.. အမေရိကန်မှာ ဒီလောက်ပညာရေးအတွက် အခြေခံကနေရင်းနှီး မြှုပ်နှံ ခဲ့ပေမယ့်..ဘယ်လောက်လူတော်တွေမွေး ထုတ်နိုင်ခဲ့သလဲဆိုတာ ကိုပါ..၊

သိတဲ့အတိုင်းအမေရိကန်မှာ လူတော်တွေအများကြီးရှိပါတယ်၊ ဒါပေမယ့် ညံ့တဲ့ ဆိုးတဲ့လူတွေက အလွန်ကိုပိုများပါတယ်၊ အထူးသဖြင့် ပျမ်းမျှလူတွေအများစုဟာ သင်္ချာညံ့ပါတယ်၊ ကိုယ်တွေ့ပါ၊ မကောင်းကြောင်းသိပ်မပြောချင်လို့ထားလိုက်ပါတော့မယ်၊

တစ်ခါတစ်လေ ကျွန်တော်သမီးကို မြန်မာပြည်မှာ ၃ တန်း ၄တန်းလောက်တက်ပြီးမှ အမေရိကန်လာရင်ပိုကောင်းမယ်လို့တွေးမိပါတယ်၊ ဘာလို့လည်းဆိုတော့ သူ့ရဲ့စရိုက်တွေ ကို တစ်ဖြေးဖြေးနဲ့ မကြိုက်လာလို့ပါ၊ သူ့မှာ မြန်မာပြည်ရဲ့ အငွေ့အသက်ပါးပါးလေးဘဲ ပါလာတော့ ကျွန်တော်တို့မှာ ပူပန်စရာတွေအများကြီးရှိလာပါပြီ..၊
ကျွန်တော့်အသိတစ်ယောက်ရဲ့ ကလေးက ၄တန်းလောက်ဘဲရှိသေးတယ် မိဘကို အမွေခွဲခြင်လာပြီ၊ ဒီအိမ်က ဘယ်သူပိုင်သလဲ ဒီကားကကော.. အဖေသေရင် ကျွန်တော် ဘာယူမယ်..ညီလေးကဘာယူ..စသည်ဖြင့်မေးနေပြီတဲ့.. ကောင်းရောဗျာ၊ ကလေးကစာတော့ တော်ပါရဲ့ မိဘမေတ္တာကို မသိတတ်တော့ရင်..ဘယ်လိုလုပ်ကြမလဲ၊ အဖေတစ်ခု သမီးတစ်ခု နေနေတဲ့ ကြားကနေ ၁၈နှစ် လည်းပြည့်ရော အဖေကို ပြစ်ပြီး ဘွိုင်းဖရမ့်နဲ့ သွားနေတဲ့သူလည်းရှိတယ်၊ ဖိုမကိစ္စတွေကို ပညာပေးဆိုပြီး ကျောင်းမှာ သင်ပေးတာကကော..၊

နောက်တစ်ခုကတော့ အတော်များများကလေးတွေဟာ အထက်တန်းအဆင့်မှာ ဘဲကျောင်းထွက်ကုန်ကြပါတယ်၊ နော့ကာရိုလိုင်းနားကတော့ အမေရိကန်ရဲ့ ကလေးတွေအထက်တန်းမှာ ကျောင်းအထွက်ဆုံး ပြည်နယ် ၁၅ခုထဲမှာပါပါတယ်၊ ဒါကလည်း ကလေးတွေဟာ ကျောင်းပိတ်ရင်အလုပ်စလုပ်ရတော့ ငွေရတဲ့ဘက်ကို စိတ်ပါသွားတာလည်းဖြစ်နိုင်ပါတယ်၊ ဒီမှာက ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုပြီးလုပ်ထားတာကိုး..၊
ကဲ ဘာဘဲပြောပြော ကိုယ့်ကလေးကို ကိုယ်ဘဲ ဂရုစိုက်ပြီး လေ့ကျင့်ပေးရတော့မှာပါဘဲ..၊ တစ်ခုအားရှိစရာကတော့ ဘုန်းကြီးကျောင်းတွေကနေ အခြေခံယဉ်ကျေးမှုသင်တန်းလေးတွေ သင်ကြားပေးလာတာပါဘဲ..၊

ဘာဘဲပြောပြော သမီးငယ်လေးကတော့ ၂ လကျော်လာပါပြီ..သူ့ကိုတော့ မူကြိုကျောင်းအပ်ဖို့ စဉ်းစားရပါဦးမယ်..၊



ကဲ…ဒီလောက်နဲ့ဘဲနားလိုက်ပါရစေခင်ဗျာ..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, September 20, 2009

မီးထွန်းပွဲ



ဒီနေ့တော့ ကျွန်တော့တို့ နော့လ်ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့် မြန်မာဘုန်းတော်ကြီးကျောင်းမှာ မီးထွန်းပွဲတော်ကျင်းပခဲ့ပါတယ်၊ ကျွန်တော်တို့ မိသားစုလည်း အချိန်မှီ အရောက်သွားခဲ့ပါတယ်၊ ကျောင်းမှာ ဓမ္မာရုံကြီးလည်း ပြီးစီးသွားပြီမို့ အလွန်ကို အားရစရာကောင်းပါတယ်၊




နော့လ်ကာရိုလိုင်းနားကို ရောက်လာကြတဲ့လူသစ်တွေအတော်များများကိုလည်းသတိထားမိပါတယ်၊ ကဲကဲ.. ဘာတွေလုပ်ခဲ့သလဲဆိုတာကိုဆက်တင်ပြပါမယ်..၊





ပထမဆုံးဆရာတော်ကို ဖူးပြီး လှူစရာရှိတာလှူပြီးတာနဲ့ တပြိုင်နက်အကျွေးအမွေးအစီအစဉ် ရှိရာကို သွားပါတယ်၊ အားပါးပါး..စားစရာတွေကတော့ ကောင်းမှကောင်းပါခင်ဗျာ..၊















ကိုအောင်ကျော်မိုးသုတ်တဲ့ အသုတ်စုံကို ပွဲဦးထွက်အားပေးနေစဉ်မှာဘဲ.. ဘူးသီးကျော်ရပြီဆိုတာနဲ့ ဆက်လက်အားပေးပါတယ်..၊ ဟောဗျ..အသုတ်စုံက ဟင်းခါးနဲ့စားရတာဆိုပြီး ဟင်းခါးပါထယူပါတယ်..၊ ပြီးရင် ကိတ်မုန့်မျိုးစုံနဲ့ အချိုတဲစရာရှိပါသေးတယ်..၊ ဒါတင် ဘဲလားဆိုတော့..မကသေးပါဘူး၊ အန်တီသန်းရဲ့ လက်ရာ ကော်ပြန်စိမ်းပါသေးတယ်၊ မြင်လိုက်တာနဲ့ ရန်ကုန်ရွှေတောင်တန်းလမ်းက ကော်ပြန်စိမ်းကို သွားသတိရပါတယ်၊ တချိန်က ရွှေတောင်တန်းလမ်းထဲမှာ ကြေးအိုးစားပြီးရင် ဒီဘက်လမ်းထိပ်က ကော်ပြန်စိမ်းပါဝင်အားပေးတတ်တာပြန်လွမ်းမိရဲ့..(အစားပုတ်ပုံများ)၊ အမယ်..ဆမူဆာပါရတယ်ခင်ဗျ..၊ မုန့်ဟင်းခါးကတော့ လက်မလွတ်သင့်တော့ အသုတ်စုံနဲ့တပါထဲပေါင်းအားပေးလိုက်တယ်..၊








စားပြီးလို့..တရားမနာခင်..၊


















ဒီဘက်ထွက်လာတော့ ကိုရခိုင်တို့ရဲ့ ရခိုင်ရိုးမလက်ဖက်ရည်က အသင့်..၊ လက်ဖက်ရည်တင်ဘဲလားဆိုတော့ ကွမ်းယာပါရတယ်တဲ့..၊


အမေရိကန်မှာ ကော်ဖီပေါပေမယ့် လက်ဖက်ရည်က ရှာမရ၊ ရတာကလည်းအမေရိကန်စတိုင်ဆိုတော့ မမိုက်ဘူး၊ ကျဆိမ့်လေးတစ်ခွက်လောက်မှာ သောက်လိုက်ရတာ တခါထဲ နတ်ပြည်ရောက်သွားသလိုခံစားမိရဲ့၊ လက်ဖက်ရည်တငုံ ဝင်သွားတာနဲ့ကို ကာလယန္တရားကြီးကို နောက်ပြန်လှည့်လိုက်သလိုကို.. အကုန်လုံးအာရုံထဲမှာပြန်မြင်လာတယ်..၊ မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ယူနီဆန်၊ ၂၃လမ်း၈၄လမ်းဒေါင့်က ရိန်းဘိုး လက်ဖက်ရည်ဆိုင် (ကျွန်တော်က ၂၂ လမ်း၈၄လမ်းဒေါင့် က မိုးကုတ်၊လာရှိုး မူဆယ်ကားဂိတ်တွေနားမှာနေခဲ့ဘူးတယ်) စတဲ့ မန္တလေးဆိုင်တွေ ကအစ ရန်ကုန် အလုံနဲ့ ၇မိုင်က လပ်ကီးဆဲဗင်း၊ မြေနီကုန်းထဲက စိတ်တိုင်းကြ စတဲ့သောက်နေကျဆိုင်တွေကို ပြန်သတိရသေးတယ်..၊ တကယ်ဆို..အဲ့ဒီဆိုင်တွေထက် ပိုပြီး ရင်ခုန်ခဲ့ရတဲ့ဆိုင်တွေအကြောင်းကိုတော့ချန်ခဲ့လိုက်တော့မယ်၊

လိုရင်းဆက်ဦးမှဲ..လူပျိုကြီးလိုလို လုပ်နေလိုမဖြစ် သမီးရှာဦးမှ..ဟောဗျာ မိဘကိုတောင်မေ့လို ကစားနေလိုက်ကြတာ..
ဒီလိုအချိန်အခါကောင်းကိုစောင့် နေကြတဲ့ ကလေးတွေကတော့ အကြိုက်ပေါ့..၊ဒါနဲ့ကလေးတွေအနားသွားကြည့်တော့..၊ သူတို့တွေအားလုံး အင်္ဂလိပ်လိုဘဲပြောကြတော့တယ်..၊ အင်း..မြန်မာလိုရည်ရည်မွန်မွန်ပြောတတ်အောင်ကို အတော်သင်ပေးရဦးမယ်..၊ ဒီလို ပွဲတွေမကြာမကြာရှိနေတာလည်း သူတို့အတွက်အတော်ကောင်းပါတယ်..၊



သိပ်မကြာခင်မှာဘဲ ဆီမီးလှည့်လည်ပူဇော်ပွဲကျင်းပပါတယ်..၊ ဒိုးပတ်ဝိုင်းကတော့ အတော်စောစောကဘဲ တီးခတ်နေတာတွေ့ပါတယ်..၊

မီးပူဇော်တော့ ဒိုးပတ်ဝိုင်းနားပြီး တရားစာတွေရွှတ်ဆိုပြီးလှည့်လည်ပါတယ်..၊

ဒီလိုနဲ့မှောင်လာတော့ ပြန်ကြဖိုပြင်ပါတယ်..၊ သမီးကမပြန်ချင်ဘူးလုပ်နေလို့ သူ့ကိုစောင့်နေရတာ အတော်ကိုထပ်ကြာသွားပါတယ်..၊ အသိမိတ်ဆွေတွေကိုနှုတ်ဆက်နေစဉ်မှာဘဲ..၊ ကျောင်းရဲ့ပင်တိုင်အလှူရှင်တစ်ဦးဖြစ်တဲ့ အန်တီသန်းက သူ့လက်ရာ ကော်ပြန့်စိမ်းတွေထဲ့ပေးလိုက်တော့..အတိုင်းထက်အလွန်ကျေးဇူးတင်ပါ တယ် (အိမ်ရောက်မှ ရွှေတောင်တန်းလမ်းကိုထပ်သတိရပါဦးမယ်)၊

ပြန်ဖိုပြင်နေရင်းကနေ ရှစ်နာရီလောက်မှပြန်ဖြစ်ပါတယ်၊ ဆောင်းရာသီရောက်တော့မှာမို့ မှောင်တာနဲနဲစောလာပါတယ်၊ ကလေးငယ်လေးလည်းပါတာနဲ့ ကားကိုဖြည်းဖြည်းဘဲမောင်းကာ တခါတုန်းကလက်ဖက်ရည်ဆိုင်လေးတွေ အကြောင်းစဉ်းစားနေစဉ်မှာဘဲ ကလေးကနို့ဆာလိုထငိုတာနဲ့ အတေွးပြတ်သွားပါတယ်..၊ အိမ်ရောက်တော့မှာပါသမီးရယ်..ခဏလေးနေပါဦး၊

မကြာခင်မှာလည်း နောက်ထပ်ပွဲတွေထပ်လာပါဦးမယ်..၊
ပွဲတွေရှိတိုင်းလည်း မလွတ်တမ်းသွားရပါဦးမယ်..၊ အဲ့ဒီလိုနေ့ရက်တွေဟာ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရပါဘူး..၊ မျိုးဆက်သစ်တွေအတွက် ဘာတွေများချန်ထားခဲ့နိုင်မလည်းလို့ ကျွန်တော်စဉ်းစားနေရင်း..နားပါရစေခင်ဗျာ..

ချမ်းမြေ့ကျပါစေ..