Wednesday, July 15, 2009
သမီးလေး ဘယ်လိုမွေးခဲ့..
ဂျူလိုင်လ ၂ရက်နေ့မှာ တော့ ကလေးမမွေးခင်နောက်ဆုံးရက်ချိန်းအနေနဲ့ ဆရာဝန်နဲ့ရက်ချိန်းယူထားတဲ့အတိုင်းသွားတွေ့ရပါတယ်၊ ဆရာဝန်ကစစ်ဆေးစရာရှိတာကိုစစ်ဆေးပြီးတော့ ဗိုက်နာလာရင်ဘယ်ကိုဆက်သွယ်ရမယ် ဘာလုပ်ရမယ်ဆိုတာကိုအဆင့်ဆင့်ညွှန်ကြားပါတယ်၊ ရုံးချိန်အတွင်းမှာနာရင်ဘယ်ကိုဆက်သွယ်ပါ၊
အကယ်လို့ညပိုင်းလိုမျိုးနဲ့ရုံးပိတ်ချိန်ဆိုဘယ်ကိုဆက်သွယ်ပါစသည်ဖြင့်သေသေခြာခြာပြော ပြပါတယ်၊ ဥပမာရေမွှာပေါက်ရင်အချိန်ဘယ်လောက်ရတယ် ဆိုတာနဲ့ဆေးရုံဘယ်နေရာကိုသွားပါစသည်ဖြင့်ရှင်းပြပါတယ်၊ အရေးပေါ်ကနေတဆင့်သွားရင်ရတယ်ဆိုပေမယ့် မလိုအပ်ဘဲအရေးပေါ်ကိုသွားစရာမလိုတော့ဘူးပေါ့ဗျာ၊ ကိုယ်ဝန် ၆ လလောက်တုန်းကတစ်ခါညကြီးမင်းကြီး မနက်၎ နာရီလောက် အမျိုးသမီးသူ့ဟာသူ ရိုးရိုးလေအောင့်ပီးဗိုက်နာတာကို စိုးရိမ်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး ၉၁၁ ခေါ်ရင်ကောင်းမလား စဉ်းစားသေးတယ်၊ နောက်တော့ တောင့်ထားဆိုပြီးသမီးကြီးကိုနှိုးပြီး အရေးပေါ်ဌာနကိုကိုယ့်ဟာကိုမောင်းသွားလိုက်တယ်၊ ဟိုရောက်တော့ ချက်ချင်း အရေးပေါ်ကနေ မွေးတဲ့ဌာနကို အမြန်ပို့လိုက်ပြီးမွေးကုတင်ပေါ်တင်လိုက်ပါတယ်၊ နောက်တော့ စစ်ဆေးပြီး သာမန်ရိုးရိုးဗိုက်နာတာမှန်းလည်းသိရော ပြန်ဆင်းလာကြဘူးပါတယ်၊့ ရေးပေးလိုက်တဲ့ဆေးစာကတော့ ဝမ်းမှန်ဖို့သောက်ရတဲ့ Miralax ပါတဲ့၊ ကောင်းရော..၊ ဆေးရုံကြွေးတွေနင်းကန်တက်သွားတယ်၊ နောက်တော့မှ UNC က ဖောင်ဒေးရှင်းတစ်ခုကို ရှောက်လိုက်တာ လက်ခံပြီး အကြွေးတွေကိုသူတို့စိုက်ဆပ်ပေးလိုက်တယ်၊ နောက်အခေါက်တွေတော့ ရာခိုင်နှုန်းနဲ့ဘဲပေးရတော့မယ်တဲ့၊
ကဲပြန်ဆက်ရရင်တော့ ဆရာဝန်က နောက်တစ်ခေါက်ကို ကလေးမွေးပြီးမှဘဲပြန်တွေ့ကြမယ်လို့ပြောပြီး အကယ်လို့ သူ့ရက်အတိုင်းမမွေးခဲ့ရင် စစ်ဆေးဖို့ဆေးရုံကို ရက်ချိန်းတောင်းပေးပါတယ်၊ ကျွန်တော်တို့ပြနေတာက လိုကယ် သာမန်အစိုးရ နေ့ဆေးခန်းပါ ဒါကြောင့်ကလေးမွေးရမယ့်ဆေးရုံနဲ့သူတို့ကနေ တဆင့်ချိပ်ထားပေးပါတယ်၊ ဒီလိုနဲ့ပေါ့ဗျာ ဂျူလိုင်၎ရက်လည်းကြရော သမီးကြီးကစိတ်လှုပ်ရှားပြီးဘယ်အချိန်မွေးမလည်းဘဲထပ်ခါထပ်ခါမေးနေပေမယ့်ညရောက်တဲ့အထိဗိုက်မနာခဲ့ပါဘူး၊ သမီးကြီးက ညီမလေးမမွေးသေးရင် သွားနေကြလွတ်လပ်ရေးနေ့မီးရှုးမီးပန်းတွေဖောက်တာသွားကြည့်ချင်တယ်ဖြစ်ပြန်ရော၊ အဲဒီနေရာက ဘောလုံးကွင်းကြီးထဲမှာ ကား ထားပြီးရင်လည်းအဝေးကြီးလမ်းရှောက်ရမယ် အရေးပေါ်ဆိုလည်းပြန်ထွက်ဖို့ခက်မှာမို့ အဝေးကနေဘဲသားအဖသုံးယောက် ကားရပ်ပြီးကြည့်ကာ ည ၁၀နာရီလောက်ပြန်ခဲ့ကြပါတယ်၊ နောက်နေ့လည်း ဗိုက်မနာပြန်ဘူး၊ အဲ့ဒီအချိန်မှာ အမျိုးသမီးကသူ့ဘော်ဒါကြီး စင်္ကာပူက သင်္ချာမာစတာ အမ်ဘီအေ ဆြာအောင်ကို ဂျီတော့ကနေ စကားစပ်မိပြီး ဘယ်နေ့မွေးရင်ကောင်းမလည်းတွက်ခိုင်းတော့ အတွက်ဝါသနာဆရာက တွက်ပေးလိုက်တယ် ကြာသာပတေး၊ သောက်ကြာ၊စနေ ကောင်းတယ်ပေါ့ဗျာ၊ ဒီလိုနဲ့ အင်္ဂါနေ့ ဂျူလိုင် ၇ရက်နေ့မှာ ဆေးရုံသွားစစ်တော့ အာထရာဆောင်းပြန်ရိုက်တယ် ကွန်ထရက်ရှင်တိုင်းတယ် ကလေးနှလုံးခုန်တာစစ်တယ် ပြီတော့ ၁၀ရက်နေ့မနက်၉နာရီမှာ မွေးမယ် ပြန်လာခဲ့ဆိုပြီးရက်ချိန်းပေးလိုက်ပါတယ်၊ အဲဒီနေ့မှာ အရင်အကြွေးတွေထဲက ကျန်နေတဲ့ အကြွေးတစ်ခုကိုဘယ်လိုပေးရမလည်းဆိုတာ ဆေးရုံက ငွေကြေးအကြံပေးကို ဝင်တိုင်ပင်တော့ သူကနဲနဲပါးပါးမေးပြီး ပေးစရာမလိုတော့ဘူးဆိုပြီး ကွန်ပျူတာထဲမှာ မှတ်ချက်ရေးထဲ့ပြီးရှင်းပေးလိုက်တယ်၊ ဟုတ်ကဲ့..ဒီကြားထဲမှာများမွေးမလားစောင့်ရင်းနဲ့ ၁၀ရက်နေ့သာရောက်သွားတယ်ဗိုက်ကနဲနဲမှ မနာဘူးဖြစ်နေရော၊ အဲ..၁၀ရက်နေ့လည်းရောက်ရော လင်မယားနှစ်ယောက်သမီးကြီးကို အသိတစ်ယောက်အိမ်မှာ ထားပြီး (ကလေး တွေမွေးခန်းထဲဝင်မရလို့) မနက်စောစောဘဲဆေးရုံကိုချီတက်ခဲ့ကြပါတယ်၊ အကောင်းကြီးဘဲဆေးရုံကိုရောက်သွားတယ်ဆိုပါတော့ဗျာ..၊ အဲ..ဆေးရုံကမွေးခန်းတွေရှိတဲ့ ၄ထပ်ကိုလည်းရောက်ရော ဟောခန်းကြီးနဲ့ ပိတ်ထားတဲ့တံခါးကြီးတစ်ခုဘဲရှိတယ်၊ လူလည်းတစ်ယောက်မှမတွေ့၊ လင်မယားနှစ်ယောက်ကြောင်တောင်တောင်နဲ့ ဟိုဒီရှောက်ကြည့်ရင်းတံခါးကြီးမှာရေးထားတဲ့စာကို မြင်တော့ မှသဘောပေါက်သွားပြီး အဲ့ဒီဘေးကဖုန်းကိုကောက်ကိုင်ပြီး အထဲကိုလှမ်းပြောမှ တံခါးကြီးကပွင့်သွားပြီးအထဲကိုရောက်တယ်၊ (လုံခြုံရေးအကြောင်းတော့မဆက်တော့ပါဘူး၊ အမေရိကန်မှာ ကလေးခိုးတွေအရမ်းများတယ်ဗျ)၊ အရင်တစ်ခေါက်အရေးပေါ်ကတစ်ဆင့်လာတုန်းကတော့ သူတို့ကတွန်းလှည်းနဲ့အတွင်းလမ်းကပို့ပေးတာဆိုတော့ အခုမမှတ်မိတော့၊ တကယ်ဆိုတော့ဆေးရုံထဲက ဟောဝေးတွေက မျက်စိလည်စရာကြီး၊
ဒီလိုနဲ့ လင်မယားနှစ်ယောက်ကို ရီဂျက်စတာသွင်းပြီးတော့ မွေးခန်းတစ်ခုထဲကိုပို့လိုက်ပါတယ်၊ အခန်းနံပတ် 4W11 ပါ၊ အချိန်က မနက်၈နာရီခွဲဘဲရှိပါသေးတယ် နှစ်ယောက်စလုံးမှာ ပိုက်ဆံအိပ်တစ်လုံးစီနဲ့ ကင်မရာတစ်လုံးကလွဲပြီးဘာမှမပါ၊ မွေးခန်းအဝတ်ဝတ်ပေးပြီးတော့ နပ်စ်မတစ်ယောက်က ကလေးနှလုံးခုန်နှုန်းတိုင်းတာနဲ့ ကွန်ထရက်ရှင်တိုင်းတာတွေကိုဗိုက်မှာတပ်ပြီး Fetal monitor နဲ့ OBTV စက်တွေနဲ့ချိပ်ပေးပါတယ် နောက်တော့ လူကြီးသွေးခုန်နှုန်းတိုင်းတာကိုလည်းလက်မောင်းမှာက နေတစ်ဆင့် စက်နဲ့ချိပ်ပေးပြီး လိုအပ်တာတွေပြင်ဆင်မှာကြားပြီးပြန်ထွက်သွားပါတယ်၊
၉ နာရီ ၂၈မိနစ်မှာ လက်ဖျံကနေ တစ်ဆင့် သွေးပုလင်းသေး ၆ပုလင်းဆေးစစ်ဖို့ဖောက်ယူသွားပါတယ်၊ ပြီးတော့ ဆေးသွင်းစက်နဲ့လက်ဖျံကနေသွင်းပေးပါတယ် (သားအိမ်ပွင့်ဆေးမဟုတ်သေးပါဘူး)၊ ၁၀ နာရီ ၅၀မှာ ဆရာဝန်တစ်ယောက်လာပြီး ရေမွှာဖောက်ပေးပြီး သားအိမ်ပွင့်ဆေးစသွင်းပေးပါတယ်၊ နောက်တော့ တနာရီလောက် နေမှဘဲနပ်စ်ကပြန်ဝင်လာကြည့်ပါတယ်၊ သူတို့ကလူနာဘေးမှာ လိုအပ်ရင်ခေါ်ဖို့ ဖုန်းကိုတော့ချထားပေးပါတယ်၊ ၁၂နာရီ ၅မိနစ်မှာမှ ရေဆင်းများလာပြီး ၁၂ နာရီ၄၅မှာ ဗိုက်စနာလာပါတယ်၊ နက်စ်ဝင်လာပြီး ဆေးသွင်းတဲ့ ဆေး ဒို့စ် ကို နံပတ် ၈ကိုတင်ပေးလိုက်ပါတယ်၊ ၁နာရီ ၂၀မှာတော့ အတော်နာလာပြီးအမျိုးသမီးရဲ့နာကျင်သံကစကျယ်လာပါတယ်၊ ၁နာရီ၄၅မှာတော့ ဆေးကို နံပတ် ၁၀ထိတင်လိုက်ပြီး လက်ဖျံကသွင်းတဲ့ဆေးကို တစ်ထုတ်တိုးပြီး ၃ထုတ်ချိပ်ပေးထားပါပြီ၊ တစ်ခုက သူတို့အဲ့ဒီလိုချိပ်ပြီးသွင်းနေတဲ့ဆေးထုတ်တွေကို မကြာခဏလဲပေးနေတာတွေ့ရပါတယ်၊ သွင်းကာစဆေးထုတ်တွေကို ပေါပေါဘဲသွန်ပစ်လိုက်ပါတယ်၊ အဲဒီလို နာလို့အော်တော့မှ မေ့ဆေး ဆရာဝန်ကရောက်လာပြီး မနာတဲ့ဆေးသွင်းဖို့ပြင်ဆင်ပါတယ်၊ ဒါပေမယ့်မသွင်းသေးပါဘူးပြန်ထွက်သွားပါတယ် ၊ဒါနဲ့မခံနိုင်တော့လို့ ခေါ်တော့မှ ၂နာရီ ၂၅မိနစ်မှာ ရောက်လာပြီး ခါးကနေ အင်ပီဒီရယ်ဆေးသွင်းပေးပါတယ်၊ မနာအောင်ဆေးသွင်းပေမယ့်လည်း နဲနဲတော့နာတာပါဘဲ ဆေးသွင်းတာကြည့်ရတာကတော့ အမြင်မှာနဲနဲကြမ်းသလိုပါဘဲ ဆေးကို ထိုးထဲ့တဲ့နေရာမှာ ဆောင့်ဆောင့်ပြီးထဲ့ရတာတွေ့ရပါတယ်၊ လူနာကတော့ကုန်းကုန်းကြီးထိုင်ထားပေးရပါတယ်၊ကျွန်တော်ကတော့ အမျိုးသမီးဘေးကထိုင်ခုံမှာ ငုတ်တုတ်ကြီးထိုင်ပြီး အမျိုးသမီးလက်ကိုကိုင်ထားပြီး သူတို့လုပ်တာကိုဘဲမျက်ခြေမပျက်ကြည့်နေမိပါတယ်၊ နက်စ်မကြီးကတော့ ရှေ့တဲ့တဲ့ကနေပုခုန်းကိုကိုင်ထားပေးပါတယ်၊ ဘယ်ကနာတာလည်းတော့ မသိဘူးအမျိုးသမီကတော့ တအီးအီးနဲ့အော်ညည်းနေပါတယ်၊ မေးကြည့်တော့ ဗိုက်ကနာတာလို့ပြောပါတယ်၊ ခါးကဆေးသွင်းတာလည်းနာမှာပါဘဲ အပ်တွေပိုက်တွေနဲ့ဖောက်ပြီးသွင်းရတာကိုး..၊ ပြီးတော့ သူတို့လည်းဆေးသွင်းတဲ့စက်ကလေးနဲ့ချိပ်ပြီး စက်ကို သော့ခပ်ပြီးထွက်သွားကြတာ မွေးပြီးတဲ့ထိပေါ်မလာတော့ပါဘူး၊ အမျိုးသမီးကတော့ဗိုက်နာနေဆဲပါ..၊ မြန်မာပြည်မှာတုန်းကတော့ဆေးသွင်းပြီးရင် ဒီလောက်ထိပေးမနာထားပါဘူး ဒီမှာတော့ တော်တော်လေးကိုပေးနာထားပါတယ်၊ နောက်တော့ ၄နာရီခွဲမှာ နက်စ်မကို နာလို့ တစ်ခါခေါ်တော့ ဆရာဝန်အဖွဲ့တွေဝင်လာပြီး မွေးဖို့အသင့်စပြင်ကြပါတယ် နောက်တော့ဟိုစစ်ဒီစစ်လုပ်ပြီးပြန်ထွက်သွားကြပြန်ပါတယ်၊
အဲဒီလိုနဲ့ နေလာရင် ကလေးနှလုံးခုန်စက်က မမှန်ဖြစ်လာတာကိုတွေ့သလို အမျိုးသမီးကလည်း ညှစ်ချင်လာပြီဆိုပြီး နက်စ်မကိုခေါ်ပြန်ပါတယ် သူရောက်လာတော့ သူနဲ့ကျွန်တော်နှစ်ယောက်အမျိုးသမီးကိုညှစ်ခိုင်းပြီး ဝိုင်းမွေးကြပါတယ်၊ ကလေးခေါင်းကဆံပင်တွေကိုမြင်နေရပါပြီ..၊ရင်ခုန်စရာပါဘဲ၊ ဒီလိုနဲ့ အမျိုးသမီးလည်းထပ်ညှစ်လို့မရဖြစ်နေတုန်းကလေးနှလုံးခုန်သံပျောက်သွားပြီး ရှာမရတော့တာနဲ့ နက်စ်ကရေဒီယိုနဲ့ခေါ်လိုက်တော့ဆရာဝန်အဖွဲ့တွေဗြုံးဆိုရောက်လာပြီးအတင်းဝိုင်းမွေးကြပါတော့တယ်၊ မွေးပေးတဲ့အမျိုးသားဆရာဝန်ကအတော်လေးမြန်ပါတယ်၊ ချက်ချင်းလေစုတ်ခွက်ကိုပြင်ရင်း လေစုတ်လို့ရရင်ရမရရင်တခါထဲခွဲမယ်လို့ကျွန်တော့်ကိုလှမ်းပြော ရင်း ကလေးကို လေနဲ့စုတ်ရင်ဘေးကနက်စ်တွေကလည်းညှစ်ဖို့ဝိုင်းအားပေးတော့ကလေးကခေါင်းတစ်ခုလုံးထွက်လာပေမယ်အချင်းကလည်ပင်းပတ်ပြီး ပုခုံးတွေထွက်လို့မရဘူးဖြစ်နေပါတယ်၊ ကလေးကလှုပ်လည်းမလှုပ်တော့သလို ပြာနေပါပြီ၊ ဒီတော့ ဆရာဝန်ကအမြန်ဘဲချက်ကြိုးကိုကျွမ်းကျင်စွာဖြတ်လိုက်ပြီး နောက်ကအဖွဲ့ကိုကလေးကိုလက်ဆင့်ကမ်းလိုက်ပါတယ်၊
သူ့ကိစ္စပြီးသွားတော့ ကလေးကိုလှည့်မကြည့်တော့ပါဘူး အမျိုးသမီးကိုဘဲဂရုစိုက်နေပါတယ်၊ သူ့ဘေးက ဆရာဝန်မကိုလည်းအလုပ်လုပ်ရင်းပါးစပ်ကလည်း သူဘာလို့ဒီလိုလုပ်ရတယ်ဆိုတာနဲ့ အခြေအနေတွေကိုတရပ်စပ်ရှင်းပြပေးနေပါတယ်၊
ချက်ကြိုးတစ်စကိုလည်းဆရာဝန်တစ်ယောက်က သဲကြီးမဲကြီးဂရုတစ်စိုက် ဆေးထိုးအပ်တစ်ချောင်းနဲ့ထိုးပြီး အလုပ်ရှုပ်နေပါတယ် (ကင်ဆာကုဖို့ပါ၊ အစကထဲက ကြိုရှင်းပြထားပါတယ် အဲဒီကနေကင်ဆာတစ်မျိုးကုလို့ရပါတယ်၊ UNC ကလည်းအမေရိကန်ရဲ့ ကင်ဆာသုတေသနမှာ ရှေ့တန်းကပါတဲ့နာမည်ကြီးပါဘဲ)၊ ကလေးကိုပြုစုတဲ့ဆရာဝန် လေး၊ငါးယောက်ဟာ အလုပ်ရှုပ်နေပြီးတစ်မိနစ်လောက်မှာဘဲကလေးကအသံထွက် လာပြီးစငိုပါတော့တယ်၊ အဲဒီတော့မှ ဘဲ ဟင်း ချ နိုင်ပါတော့တယ်၊ ဒီတော့မှဘဲကင်မရာသတိရပြီး ပြေးဆွဲပြီးကလေးကိုဓာတ်ပုံရိုက်လိုက်ပါတယ်၊ သူတို့တွေလုပ်တာကတော့အတော်မြန်ပါတယ်၊ အေးပေါ့လေ..တစ်နေ့တစ်နေ့မွေးနေတာလည်း နည်းတာမှ မဟုတ်တာ၊
သူတို့အတွက်တော့ထမင်းစားရေသောက်ဖြစ်နေမှာဖြစ်ပေမယ့် ကျွန်တော်အတွက်တော့ ပထမဆုံးအတွေ့အကြုံပါဘဲ၊ ပြီးတော့ဘာ ဝတ်စုံမှလည်းမဝတ်မိခဲ့ပါဘူး၊ နောက်တော့အမျိုးသမီး ကပြန်ပြောပြပါတယ် ဆရာဝန်က စီးဆက်ရှင် လို့ပြောသံလည်းကြားရော ခွဲရမှာ ကျောက်ကျောက်နဲ့ညှစ်လိုက်လို့ကလေးခေါင်းထွက်လာတာလို့ပြောပါတယ်၊ ကျွန်တော်ကတော့ ခွဲရတာပိုသက်သာကြောင်း ခောတ်မှီတဲ့ဒီနေ့မှာ လွယ်လွယ်လေးပါဆိုပြီး ကိုယ်မခံရတိုင်း သူများအားရှိအောင်ပြောမိပါသေးတယ်၊ တကယ်တော့ကလေးကြီးတာလည်းပါမှာပါ၊
အစက နက်စ်မနဲ့တိုင်ပင်ထားသလို ကျွန်တော်ကချက်ကြိုးဖြက်ရင်သူဓာတ်ပုံရိုက်ပေးမယ်ဆိုတဲ့အစီအစည်လည်းပျက်သွားခဲ့ပါ တယ်၊ ဒီလိုနဲ့ နာရီဝက်လောက်အတွင်းမှာဘဲ မှတ်တမ်းရေးသူ၊ ကလေးပြုစုသူတွေတစ်ဖွဲဖွဲ နှုတ်ဆက်ကာပြန်ထွက်သွားကြပြီး နက်စ်နှစ်ယောက်လောက် နဲ့ မွေးပေးတဲ့ဆရာဝန်နှစ်ယောက်ဘဲကျန်ပါတော့တယ်၊ အဲဒီဆရာဝန်က အချင်းထုတ်တာ ချုပ်တာတွေကို ဘေးကဆရာဝန်ကိုသေသေခြာခြာသင်ပေးပြီးချုပ်ခိုင်းနေပါတယ်၊ အမျိုးသမီးလည်းအေးဆေးဖြစ်နေတော့၊ ကျွန်တော်လည်း ကလေးကိုကြည့်လိုက် သူတို့ကိုကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အလုပ်ရှုပ်နေဆဲပါ၊ ၄၅မိနစ်လောက်ကြာတော့ နက်စ်နဲ့ ကျွန်တော်တို့မိသားစုသုံးရောက်ဘဲကျန်ပါတော့တယ်၊ နက်စ်ကလည်း ၇နာရီဂျူတီပြီးတော့ပြန်ရတော့မှာဖြစ်ပေမယ့် နောက်ကြတဲ့အထိနေပါတယ်၊ နောက်ရောက်လာတဲ့နက်စ်မကတော့ အသက်နဲနဲကြီးပါတယ်၊ သူကအခန်းရရင်လာခေါ်မယ်ဆိုပြီး ထွက်သွားတော့ ကျွန်တော်တို့သုံးယောက်ဘဲမွေးခန်းထဲမှာတိပ်တိပ်ဆိပ်ဆိပ်ပြန်ကျန်ရစ်ပါတော့တယ်၊
အဲဒီလိုနဲ့နောက်တစ်နာရီလောက်ကြာမှ လာခေါ်ပြီး အခန်းပြောင်းရပါတော့တယ်၊ ကျွန်တော်လည်း အမျိုးသမီးရဲ့ အိမ်ကဝတ်လာတဲ့အဝတ်ထုတ်ကလေးဆွဲပြီးတွန်းလှည်းနောက်ကလိုက်ရင်းအခန်း 5W09 ကိုပြောင်းရပါတယ်၊ ကလေးကိုတော့ နာစရီ အခန်းကိုခေါ်သွားကြပါတယ်၊
အမျိုးသမီးနဲ့တာဝန်ကျနက်စ်ကို အခန်းထဲမှာထားခဲ့ပြီးကျွန်တော်လည်း သမီးကြီးထားခဲ့ရာအိမ်ကို သမီးကိုသွားခေါ်ဖို့အပြေးသွားပါတော့တယ်၊ ဗိုက်ကလည်းမနက်ကထဲကကော်ဖီတစ်ခွက်နဲ့ငှက်ပျော်သီးတစ်လုံးဘဲစားထားရတာဆိုတော့ ည ၉နာရီမှာ အတော်ကိုဆာနေပါပြီ၊ အမျိုးသမီးကိုတော့ ဆေးရုံက ချက်ခြင်းညစာကျွေးပါတယ်၊ သမီးဆီလည်းရောက်ရော ဘာလို့တနေကုန်သူ့ကိုပြစ်ထားတာလည်းဆိုပြီးငိုလို့အတော်ကိုချော့ရပါသေးတယ်၊ သူလည်းဗိုက်ဆာနေပါပြီ၊ ဒါနဲ့သားအဖနှစ်ယောက် အသိအိမ်ကထွက်တော့၁၀ နာရီကျော်ပါပြီ စားသောက်ဆိုင်အတော်များများကဒီအချိန်မှာ ပိတ်ကုန်ပါပြီ၊ ဒါပေမယ့် အိမ်အပြန်လမ်းမှာ ဝင်ဒီ ဟမ်ဘာဂါဆိုင်ဖွင့်သေးလို့(အရင်ကစားနေကြမဟုတ်တော့ဖွင့်ချိန်ပိတ်ချိန်မသိပါ) ဝင်ဝယ်လိုက်ပါတယ်၊
အိမ်ပြန်ပြီးသားအဖနှစ်ယောက်ငတ်ငတ်နဲ့ စားလိုက်ရင်းသမီးကို ဓာတ်ပုံတွေပြပြီး သူ့ညီမလေးအကြောင်းတွေပြောပြတော့ သူအရမ်းစိတ်လှုပ်ရှားလာပြီး အတင်းဆေးရုံသွားမယ်လုပ်ပါတယ်၊ ဒါနဲ့ကဗျာကယာ အိမ်ကပြန်ထွက်ပါတယ်၊ ကားထဲမဝင်ခင် ငတ်ငတ်နဲ့ မာဘိုရိုတစ်လိပ်ကို အားရပါးရရှိုက်ဖွာ လိုက်တော့ လောကကြီးဟာ အရာရာပြည့်စုံသွားသလို အားရကြေနပ်သွားတာ ပြောမပြတတ်အောင်ပါဘဲဗျာ..၊
ဆေးရုံလည်းရောက်ရော ညည့်အတော်နက်နေပါပြီ ဒါနဲ့ရောက်လာတဲ့နက်စ်မကမေးစရာရှိလားဆိုတော့ ဆေးရုံစည်းကမ်းတွေကို မေးကြည့်ပါ တယ် အဓိက ကတော့ဆေးရုံမှာဘယ်အချိန်အထိလူနာစောင့်လို့ရသလဲဆိုတော့ ကြိုက်သလောက်ရပါတယ်တဲ့..၊ဒါနဲ့ သားအဖနှစ်ယောက် ကလေးကိုကြည့်ရင်း အိမ်မပြန်တော့ဘဲ ဆိုဖာပေါ်မှာဘဲအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်၊ အိပ်လို့တော့ဘယ်ရပါ့မလည်းဗျာ၊
မိုးလင်း ၇နာရီမှာ မကြာခင်ကမှ အိပ်ပျော်သွားတဲ့သမီးကိုနှိုးပြီး ဆေးရုံကနေအသိအိမ်ကို သမီးကိုပြန်ထားရပြန်ပါတယ်၊ နောက်ပြီးတော့ ကဗျာကယာဘဲ တရားရုံးက ယာဉ်စည်းကမ်းဖောက်ဖျက်လို့ သင်တန်းတက်ခိုင်းထားတာက မနက်၈နာရီကနေ ၁နာရီခွဲအထိဆို တော့ သင်တန်းတက်ရမယ့် နေရာကို အချိန်မှီအောင်အတင်းမောင်းပြေးရပါတယ်၊ သင်တန်းလည်းရောက်ရော ဗိုက်ကလည်းဆာ အိပ်ကလည်းအိပ်ချင်နဲ့ သင်တန်းခန်းမထဲမှာအိပ်ပျော်သွားပါတော့တယ်..၊ အို..ဘာဘဲဖြစ်ဖြစ် သင်တန်းတက်တယ်ဆိုပြီးတာဘဲမဟုတ်လား အရေးထဲမှ ရက်ကလည်းလာတိုက်နေတာကိုး..၊ သင်တန်းပြီးလို့ပြန်ထွက်တော့ ဆေးလိပ်သောက်ချင်လိုက်တာများ..ဗိုက်ဆာတာထက်ခံရခက်တယ်..၊ ဒါနဲ့..သမီးဆီကိုအတင်းပြန်မောင်း..သူ့ကိုပြန်ခေါ် မနေ့ညကဟမ်းဘာဂါဆိုင်မှာ ဘဲထပ်ဝယ်စား ပြီး ဆေးလိပ်တစ်လိပ်ကိုဇိမ်နဲ့သောက် ပြီးတော့မှ ကလေးနာမည်ကို အင်တာနက်ကနေအသည်းအသန်ရှာပြီးစာရွက်မှာကောက်ရေးခဲ့ရတယ်၊ နာမည်မပေးလို့မရတော့ဘူးလေ ဆေးရုံကမဆင်းခင်ပေးရမှာ မွေးစာရင်းသွင်းရမှာကိုး၊ သမီးအကြီးတုန်းကတော့ ၃နှစ်မှ နာမည်ပေးဖြစ်တယ် ဒါတောင် အမေရိကန်လာဖို့လုပ်ရလို့ပေးဖြစ်သွားတာ၊ နာမည်တွေကလည်းအများကြီးဆိုတော့ ဖြစ်နိုင်မယ့်ဟာတွေရေး ပြီးဆေးရုံကိုပြန်သွားကြတယ်၊ နောက်တစ်ညထပ်အိပ်ကြတယ်၊ ဆေးရုံကမနက်ပိုင်းဆင်းရမယ်ဆိုလို့ သမီးအတွက်မုန့်လောက်ဘဲဝယ်ခဲ့တယ်၊ တကယ်တော့ နေ့လည် ၃နာရီခွဲမှဆင်းနိုင်ခဲ့တယ်၊ သမီးလည်းဗိုက်ဆာတော့ သူ့အမေကိုဆေးရုံကကျွေးတဲ့ ဟာတွေသူအရင်ယူစားလိုက်တယ်၊
အင်းလေ..ဆေးရုံဆင်းနောက်ကြတာက..ကလေးနာမည်ပေးတာနောက်ကြနေတာကိုးဗျ..၊ ကလေးနာမည်ကတော့ Tiffany Ivy Myo ပါတဲ့..၊ အဲဆေးရုံကဆင်းတော့ အမျိုးသမီးကို အိမ်ကယူလာတဲ့အဝတ်တစုံလဲပေးပြီး ဆေးရုံကပေးတဲ့ အိပ်ထဲကို ဆေးရုံကပေးလို့သုံးပြီးကျန်တဲ့ပစ္စည်းတွေအကုန်စုထဲ့ပြီးပြန်ခဲ့ကြပါတယ်၊ တကယ်ဆိုရင်အိမ်ကဘာမှယူစရာမလို.. သွားတိုက်ဆေးသွားတိုက်တံ၊လိုးရှင်းကအစ ကလေးပစ္စည်းအဆုံး အစုံကိုပေးတာကိုး..၊
ရွှင်လန်းချမ်းမြေ့ကြပါစေ..
Labels:
မိသားစု
Subscribe to:
Post Comments (Atom)
3 comments:
ဖတ်ရတာမောလိုက်တာ။
ကလေးမွေးတာ ကြောက်စရာကြီး
ခါးးကို ဆေးထိုးခံ၇တဲ့ အမကို သနားလိုက်တာ
မောင်နှမ ၂ ယောက်လုံးချစ်ဘို့ကောင်းလိုက်တာ
မိသားစုအားလုံး အဆင်ပြေ ကျန်းမာပါစေ
လင်မယားနှစ်ယောက်လုံးတော်တော်ပင်ပန်းသွားကြမှာဘဲနော်...
Post a Comment