Tuesday, February 24, 2009

အခြေခံဗုဒ္ဓဘာသာ

မင်းလိုလူရေးသားတဲ့ အခြေခံဗုဒ္ဓဘာသာ ကိုတင်ဆက်လိုက်ပါတယ်၊ နောက်အခန်းဆက်များကိုလဲ အပတ်စဉ်တင်ဆက်သွားပါမည်၊
အခြေခံဗုဒ္ဓဘာသာ သင်ကြားရေးအတွက်လည်း အကြံပြုကြစေလိုပါသည်၊

အခန်း(၁)
ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုယုံကြည်သက်ဝင် သောသူကိုဆိုပါသည်။
ရတနာမြတ် (၃)ပါး
(၁) ဘုရားရတနာ
လေးအသင်္ချေနှင့်တစ်သိန်းသောကမ္ဘာကာလပတ်လုံးဘုရားဖြစ်တော်မူရန်အတွက် ပါရမီ(၁၀)ပါး၊ စွန့်ခြင်း(၅)ပါးနှင့်တကွ အထူးထူးသောပါရမီတို့ဖြည့်ကျင့်ခဲ့ပြီး နောက်ဆုံးယခု ဘဒ္ဒကမ္ဘာ၌ သဗ္ဓညုတဥာဏ်၊ ဗောဓိဥာဏ်၊ အသဝေက္ခယဥာဏ်များကိုရရန်(၆)နှစ်တာမျှ ကျင့်ကြံခဲ့ပြီး ဘုရားဖြစ်တော်မူခဲ့သော သုံးလောကထွဋ်ထားမြတ်စွာဘုရား။

(၂) တရားရတနာ
မြတ်စွားဘုရားသည် ကောင်းစွာဟောကြားထားအပ်သော သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး အစရှိသည့် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး ပေးစွမ်းနိုင်သော ပိဋက(၃)ပုံ။
(၃) သံဃာရတနာ
ဘုရားဟောကြားထားအပ်သောတရားတော်များကို လိုက်နာကျင့်သုံးပြီး နိဗ္ဗာန် ရောက်ကြောင်းအကျင့်တို့ကို ကျင့်ကြံအားထုတ်နေကုန်ကြသော အရိယာသံဃာ၊ သမုတိ သံဃာနှင့်တကွပရိယတ္တိသာသနာ၊ပရိပတ္တိသာသနာပဋိဝေဓသာသနာတော်ထမ်းဆောင် လျှက် ရှိ သောရဟန်း သံဃာတော်များ။
ဤရတနာမြတ်(၃)ပါးကို ကိုးကွယ်ယုံကြည်သက်ဝင်သောသူကို ရတနာမြတ်(၃)ပါး ဟုခေါ်ပါသည်။
ရွတ်ဆိုပုံမှာ ----
( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။ )
ရတနာ(၃)ပါး၌သက်ဝင်ယုံကြည်သောသူကို သရဏဂုံတည်သူဟုခေါ်ပါသည်။
သရဏဂုံတည်သောသူသည် ဗုဒ္ဓဘာသာ၏ အောက်အထစ်ဆုံးသောနေရာ၌ ရှိသူဖြစ် သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာ၏ အောက်အကျဆုံးသောသူဖြစ်ပါသည်။ သို့သော်လဲ သရဏဂုံတည်ကာမျှဖြင့် များစွာသောအကျိုးကျေးဇူးရှိပါသည်။ အကယ်၍ သရဏဂုံ တည်သူသည် အခြားသောကြီးလေးသည့် အကုသိုလ်ကံမရှိပါက အပါယ်(၄)ဘုံသို့ မကျ ရောက်တော့ပါ။ ထိုသရဏဂုံတည်သူအဖြစ်မှတဆင့်တက်ကာ ပါရမီဖြည့်ကျင့်ပြီး အဆုံး စွန်သောဘ၀၌ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါသည်။ ထို့ကြောင့်ကွယ်လွန်အနိစ္စ ရောက်သွားသူအား အစွဲအလမ်းကြောင့် နေအိမ်ပတ်ဝန်းကျင်မှာရှိနေပါက သရဏဂုံတည်ရန် သေသူကိုသရဏဂုံတင်လေ့ရှိပါသည်။


ကံကံ၏အကျိုးကိုယုံကြည်ခြင်း
(၃၁)ဘုံ၌ကျင်လည်ကြကုန်သော ကောင်းကင်၌ရှိကြကုန်သောနတ်၊ ဗြဟ္မာများ၊ လူသားများ၊ တိရိစ္ဆာန်ဘုံ၌နေကြကုန်သော ကျွဲ၊ နွား၊ မြွေ၊ ကျား၊ ဆင်၊ ရေ၌ရှိကြကုန်သောငါး စသည့်တိရိစ္ဆာန်များ၊ ငရဲပြည်၌ရှိကြကုန်သော ငရဲခံနေကြသူများ၊ သရဲ၊ တစ္ဆေ၊ ပြိတ္တာ စသည့် မကောင်းသောဘ၀၌ ရောက်ရှိနေကြကုန်သောသတ္တ၀ါများ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အသက်ရှည်ခြင်း/တိုခြင်း၊ ရုပ်အဆင်းလှခြင်းမလှခြင်း စသည့် မိမိတို့ပြုလုပ်ခဲ့သော မကောင်း သောအလုပ် (အကုသိုလ်ကံ) ၊ ကောင်းသောအလုပ် (ကုသိုလ်ကံ) တို့ကြောင့် ဖြစ်ကြရသည် ဟု ယုံကြည်လက်ခံခြင်း။
ဤသို့အားဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏ အကျိုးကို ယုံကြည်လက်ခံသောသူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ပါသည်။
ထိုမှတပါး သင်သည်ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုမယုံကြည်ခြင်း (သို့) ဘုရားသည်ဘုရားဟုတ်မှဟုတ်ပါ့မလား၊ တရားတော်အတိုင်းကျင့်ကြံရင်ကော အကျိုး ထူးခံစားရမလား၊ ရဟန်းသံဃာတော်သည်လဲလူကဲ့သို့သာလျှင်မဟုတ်ဘူးလား၊ လူသည်၎င်း၊ တိရိစ္ဆာန်သည်၎င်း သေပြီးရင်ပြီးပြီ ဘာမှမရှိတော့ဘူးလား (သို့) အခြားဘာသာဝင်များ ပြောသကဲ့သို့ဖြစ်နေမလား၊ စသည်စသည်ကဲ့သို့သော ယုံမှားသံသယဖြစ်ခြင်း (သို့) ငါ၏ဘိုးဖွားမိဘများက ဤဘာသာကိုကိုးကွယ်သောကြောင့်ငါလဲကိုးကွယ်ရပါသည်ဟု မိမိကိုယ်ကိုခံယူထားသူများ၊ ဤကဲ့သို့ဖြစ်နေကြသူများသည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြ သေးပါ။
ထို့ကြောင့်သင်သည်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အတွက် ရတနာမြတ်(၃)ပါးနှင့် တကွ ကံကံ၏အကျိုးကိုသံသယရှင်းရှင်းဖြင့် အကြွင်းမဲ့ယုံကြည်ဖို့ လိုအပ်ပါသည်။
(စကားချပ်၊၊ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့်(၃၁)ဘုံအကြောင်းများကို နောင်အခန်းများ တွင် အကြယ် တ၀င့် ရှင်းပြပါမည်၊ )

မင်းလိုလူ

2 comments:

Anonymous said...

ဘာသာရေးကိုနားလည်တာထက် လက်တွေ့လုပ်ဖို့ကပိုအရေးကြီးတယ်နော်..

လူဆိုး said...

ရပ်ပြစ်ရှစ်ပါးလေးရေးပါအုံး