Saturday, February 28, 2009

အမှတ်တရ သီရိလင်္ကာ


သီိရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို ရဲု့ ကယုနာရက်ပ် နိုင်ငံတကာလေဆိပ်ကိုလေယာဉ်ဆိုက်တော့ မနက် ၂နာရီခန့်ရှိပြီ၊ ဘာလိုလိုနှင့် မမျှော်လင့်ဘဲ ဗုဒ္ဓဘာသာယာဉ်ကျေးမှု့ ထွန်းကားရာ သီဟိုဋ္ဋ် ကျွန်းသို့ရောက်ခဲ့ပါပြီ်၊ ဘာတွေများ လေ့လာရမလဲတွေးရင်း လေဆိပ်ကထွက်ခဲ့သည်၊ လေဆိပ်ကထွက်ထွက်ခြင်းဘဲ ကျွန်တော်အတော်လန့်သွားသည်၊ ကားတိုက်ပြီပေါ့၊ ဒရိုင်ဘာဘယ်လိုမောင်းတာလဲတောင်ထင်မိတယ်၊ ဟုတ်တယ်လေ ကားနှစ်စီးရှောင်တော့ သူက ညာဘက်မယူဘဲ ဘယ်ဘက်ကိုဆွဲလိုက်တာကိုး၊ ဘယ်ဟုတ်မလဲ နောက်တော့မှသဘောပေါက်သွားတယ် ဒီမှာကဘယ်မောင်း၊

ကျွန်တော်လည်းထွက်သာလာခဲ့တာ ဒီနိုင်ငံအကြောင်းဘာဆိုဘာမှ ကြိုမလေ့လာခဲ့၊ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က စစ်တွေလေဆိပ်မှာ ဆုံတဲ့ သီရိလင်္ကာသား ယူအန် အရာရှိတဦး ပြောပြတဲ့ သွားလည်သင့်တဲ့နေရာတွေလောက်ဘဲမှတ်လာခဲ့ရသည်၊ တကယ်တော့ ဟိုး.. ဘင်္ဂလားနယ်စပ်ကနေတိုက်ရိုက်လာခဲ့ရတာလို့ဆိုရမည်၊ ကံကောင်းလို့ရောက်တာလို့လဲဆိုရမည် လွန်ခဲ့တဲ့တစ်လလောက်က စစ်တွေနဲ့ အငူမော် ကြားမြစ်သုံးခွကို စက်လှေလေးနဲ့ အဖြတ် မုန်တိုင်းမိတာ ကံကောင်းလို့မသေတယ်၊ အဲ့ဒီအချိန်ကလဲအလုပ်အလွန်များတာဆို တော့ ဌာနေကိုယ်စားလှယ်ပြောတဲ့ လုပ်ငန်းတာဝန်တွေလောက်ဘဲ မှတ်သားခဲ့ရတာကိုး၊ ကိုလံဘို ရုံးနဲ့လေဆိပ်နဲ့ကအ တော်ဝေးသည် ကားတစ်နာရီကျော်ခန့်မောင်းမှရောက်တယ်၊ ရုံးဆိုပေမယ့်လည်း အိပ်ခန်းသုံးခန်းရှိသည့် တိုက်ပုလေးဖြစ်သည်၊ ဌာနေကိုယ်စားလှယ် နဲ့ ဒေသဆိုင်ရာမန်နေဂျာ တို့ကတိုကျိုရုံးကတစ်ယောက်နဲ့ ကျွန် တော့်ကိုပြောစရာရှိတာနဲနဲပြောပြီသူတို့အိမ်ပြန်သွားကြသည်၊ ကဲ အိပ်မယ်လုပ်မှသူတို့ဆီကခြင်ထောင်ကိုစိတ်ပျက်သွားသည် ကျွန်တော်တို့လိုလေးထောင့်မဟုတ် ဇာကိုအပေါ်ကစုချည်ထားသလိုမျိုးဖြစ်ပြီး တရားထိုင်တဲ့ခြင်ထောင်လိုမျိုးဖြစ်သည်၊ ဒီတော့လက်နှင့်ခြင်ထောင် အလွယ်တကူထိပြီး ထိတဲ့နေရာ ခြင်ကိုက်ခံရသည်၊ တခုသတိထားရတာက အဲဒီအချိန်က ဒန်ဂီ ရောဂါ (ခြင်ကိုက်လျင်ဖြစ်တဲ့တုတ်ကွေးတမျိုး)တွေအဖြစ်များနေတဲ့အချိန်၊ ဧပြီလဆိုတော့လည်းအတော်ပူသည်၊ ဒီတော့ခြင်ဆေးထွန်းအိပ်ရသည်၊ ဒီလိုနဲ့အိပ်ဖို့ပြင်ဆင်နေရင်းမိုးလင်းသွားတော့တယ်၊ မနက်မိုးလင်းတော့ ငှက်ကလေးတွေအတော်များများကိုခြံ ထဲမှာတွေ့ရသည်၊ အိမ်ဘေးကပ်ရက်အပြင်ထုတ်ထားတဲ့လသာဆောင်လို နေရာမှာဘဲ မနက်စာစားရင် စဉ်းစားမိတယ်၊ တခါမှလာဖို့မစဉ်းစားမိဘဲ သီဟိုဋ္ဋ်ကို ရောက်ခဲ့ပြီလို့၊ ဘုရားတွေစုံအောင်ဖူးရမယ်လို့လည်းအားတင်းထားမိတယ်၊ ဒီလိုနဲ့ ကိုလံဘိုရုံးမှာနှစ် ညလောက်အိပ်ပြီး ပရောဂျက်တွေရှိရာ မြောက်ပိုင်း ဘာဘူးနီးယားကိုရထားဖြင့်ချီတက်ခဲ့ကြတယ်၊

ပင်လယ်နှင့်ကပ်နေသည့် ကိုလံဘိုမြို့တနေရာ၊
သီရိလင်္ကာမှာတော့ ဒီလိုခြင်ထောင်နဲ့အိပ်ရမယ် ကိုလံဘိုရုံးမှာ ညညဆိုဒီနေရာမှာထိုင်ပြီး.. ကိုလံဘိုဘူတာရုံ

ကိုလံဘိုဘူတာကတော့ရန်ကုန်ဘူတာလောက်ပါဘဲ နဲနဲတော့ပိုငယ်ပြီး ပိုဟောင်းသလားလို့.. ကိုလံဘိုကနေ ဘာဘူးနီးယား ထိက ၆နာရီကျော်ကျော်ဘဲရထားစီးရတာ၊ ရထားသံလမ်းနှစ်ခုအကွာအဝေး ကမြန်မာပြည်မှာထက် ပိုကျယ်တာသတိထားမိတယ်၊ ရထားတွဲတွေကလည်းအဟောင်းတွေများတယ်၊ လမ်းမှာလည်းတချို့နေရာတွေမှာ တော်တော်ခုန်တယ်၊ လမ်းမှာတော့ ကျွန်တော်တို့ဆီမှာလို ဘူတာမှာကလေးတွေဈေးလိုက်ရောင်းတာမရှိဘူး၊ ရေကုသိုလ်လိုမျိုးမရှိဘူး၊ ရေသောက်ခြင်ရင် ဘူတာမှာထားတဲ့ ဘုံဘိုင်တွေကနေ ကိုယ့်ဟာကိုယ်ရေဘူးနဲ့သွားထဲ့ရတယ်၊ ဘူတာထဲက ဈေးဆိုင်ကနေ လည်းရေသန့်ဘူးတို့ စားစရာတို့ဝယ်လို့ရတယ် သူတို့ဆီမှာနာမည်ကြီးတဲ့ဆေးလိပ်က ဂိုးလိ လို့ခေါ်တဲ့စီးကရက် ၊ ဒီလိုနဲ့..ညနေလေးနာရီခွဲလောက်မှာကိုလံဘိုကနေရထား ထွက်ပြီးဟိုကို ၁၀နာရီခွဲ ကျော်ကျော်လောက်ရောက်တယ်၊ ဘူတာရုံရောက်တော့ လုံခြုံရေးတွေအပြည့်တွေ့ရ တယ် ရထားပေါ်ပါလာသူတွေကိုအနည်းအကျည်းစစ်ဆေးတယ်၊ နောက်မှသိရတာက ဒီဘာဘူးနီးယားဘူတာကရထားသွားလို့ရတဲ့နောက်ဆုံးဘူတာဖြစ်ပြီးဟိုဘက်မှာ သံလမ်းတွေ၊ ဘူတာတွေကအကုန်လုံး ပျက်စီး နေကြတယ်၊ အဲ့ဒီအချိန်က အယ်တီတီအီး သူပုန်တွေနဲ့ အပြစ်အခတ်ခဏရပ်ဆဲထားပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေချိန်၊ ဒါပေမယ့်အချိန်မရွေးပြန်ပြီးတိုက်ပွဲတွေဖြစ်လာ နိုင်တော့နှစ် ဖက်လုံးက အသင့်အနေအထားမှာရှိနေကြတယ်၊ မကြာခဏ ထိတွေ့ ပြစ်ခတ်မှုသတင်းတွေတော့ကြားနေရသည်၊ ဒီလိုနဲ့ ရထားဘူတာကနေရုံးကို ကိုယ့်အထုပ်ကိုယ်ဆွဲပြီးလမ်းရှောက် သွားကြတယ်၊ ရုံးနဲ့ဘူတာနဲ့ကသိပ်မဝေး၊ ဘူတာရုံလမ်းထဲမှာဘဲ၊ နောက်ဆုံးတော့ကျွန်တော်နေရမယ့်ရုံးကိုရောက်ခဲ့တယ်၊ ရုံးကတော့သိပ်မကျယ်ဘူး၊ အိပ်ခန်းသုံးခန်းဘဲရှိတယ်၊ အဲဒီရုံးမှာတော့ဝန်ထမ်းအတော်များတယ်၊ ပရောဂျက်တွေ နဲ့နီးတဲ့နေရာကိုး၊ အလုပ်က စစ်ဖြစ်တဲ့နေရာက လူတွေကိုလာကူညီတဲ့အလုပ် ကျောင်းတွေ တံတားတွေ ဘာတွေဆောက် ပေးတာမျိုး၊ နောက်ပြီးစက်မှုလက်မှုကျွမ်းကျင်သင်တန်းတွေလည်းပေးတယ်၊ အဲ နောက်နေ့ကြတော့ ကျွန်တော်တို့ မြောက်ဘက်သူပုန်တပ်တွေထိမ်းထားတဲ့နယ်ထဲကရုံးဆီကို ကားနဲ့ဆက်ထွက်ကြတယ်၊ ဘာဘူးနီးယားရုံးကထွက်ပြီးမကြာခင်မှာဘဲ မီးလောင်ထားတဲ့ ဘူတာရုံအကြွင်းအကျန်နဲ့ သံလမ်းအပိုင်းအစတွေ ကို ဟိုမှာဒီမှာဖြတ်သွားရင်းတွေ့ရတယ်၊ ကျည်ဆံရာ ဗရပွနဲ့တိုက်ပျက်တွေလည်းအများကြီးတွေ့တယ်၊ စစ်စခန်း တွေကလည်းနေရာတကာမှာပေါ့၊ ကင်းစခန်းတွေ၊ ကင်းလှည့်နေတဲ့တပ်တွေကို ကြည့်နေရင်းမှာဘဲ နောက်ဆုံးရန်သူနဲ့ရင်ဆိုင်ထားရာ စစ်တပ်စခန်းကိုရောက်တယ၊် အဲ့ဒီမှာကားတွေကိုသူပုန်နယ်ဘက်ဖြတ်ဖို့စာရွက်စာ တမ်းနဲ့စစ်ဆေးရေးနည်းနည်းလုပ်တယ်၊ ကျွန်တော်တို့ကတော့ ယူအန်နဲ့ပေါင်းလုပ်တာဆိုတော့ သဘောလောက် ဘဲစစ်တာပါ၊ တခြားကားတွေကိုတော့သေခြာစစ်တယ်၊ သာမန်ခရီးသည်တွေအကုန် နိုးမန်းလမ်းကို လမ်းလျောက်ပြီးဖြတ်ရတယ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဟိုဘက်ဒီဘက်မှာ စခန်းဂိတ်လေး တခုစီဆောက်ထားပြီးအချိန်ပြည့်စောင့်ကြည့်နေကြတယ်၊ အဓိကကတော့ စက်ကရိယာအပိုပစ္စည်းလိုဟာတွေကိုသူပုန်ဘက်သယ်ခွင့်မပြု့ဘူးလို့သိရတယ်၊ ဒီလိုနဲ့ စစ်တပ်ဘက်ကစစ်ဆေး ပြီးတော့ ကိုက်၆၀၀ ကွာတဲ့ နိုးမန်း လမ်းကိုဖြတ်ရတယ်၊ နိုးမန်းလမ်းဆိုတာကတော့ အပြစ်အခတ်ရပ်ဆဲထားစဉ်ကာလမှာ ယာယီသတ်မှတ်ထားတဲ့ ထိမ်းခြုပ်နယ်မြေနှစ်ခုကြားကအကွာအဝေးကိုဆိုလိုတာပါ၊ ကျည်ဆံတစ်ကမ်းပေါ့လေ၊ တကယ်တော့လည်း အေကေ ၄၇ တွေကကိုက်တစ်ထောင်အထိပြစ်လို့ရတယ်တဲ့၊ ပြောရရင်တော့..ဟိုဘက် ဒီဘက်နှစ်ဘက်စစ်တပ်တွေ တယ်ထားတဲ့နေရာပေါ့ဗျာ၊ ဒီA9 လမ်းမကြီးက အပြစ်အခတ်ရပ်ဆဲပြီးနောက်ပိုင်းမှနိုင်ငံတကာအကူအညီနဲ့ပြန်ပြုပြင်ထားတာလို့သိရတယ်၊ မိုင်းသတိပေးဆိုင်းဘုတ်တွေကတော့ဘာဘူနီးယားက ထွက်ကထဲကလမ်းဘေးဝဲယာမှာအပြည့်ဘဲဗျို့၊ ကားလမ်းဘေး ကမြေကြီးပေါ်တောင်မနင်းရဲအောင်ဘဲ၊ ဒီလိုနဲ့နိုးမန်းလမ်းကို ဖြတ်ပြီးတော့ ဟိုဘက်ကသူပုန်တပ်တွေကလည်းကားတွေကိုတခါစစ်ဆေးပြန်သေးတယ်၊ ၁၅မိနစ်လောက်ကြာတယ်၊ ပြီးတော့မှ ကျွန်တော်တို့အဖွဲ့ ကျားသူပုန်ခေါင်းဆောင်ကြီး ပရာပါဂရန် ရုံးစိုက်ရာ ကျားသူပုန်တို့ရဲ့ဌာနချုပ်မြို့တော် ကီလီနိုချီ်ကို ဆက်လက်ချီတက်ကြတယ်၊ စကားမစပ်ပြောရရင်တော့ ပရာပါဂရမ် ဆိုတာက အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန်ဒီကို အသေခံဗုံးဖောက်ခွဲလုပ်ကြံဖို့ အမိန့်ပေးခဲ့သူလို့သိရပြီး သူတို့ရဲ့နာမည်ကြီးအသေခံဗုံးခွဲသမားတွေကြောင့်လည်း နိုင်ငံတကာက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတယ်၊ အဲ.. ဘာဘူနီးယားကနေ ကီလီနိုချီအထိက ကားနဲ့စုစုပေါင်း၃နာရီ ဝန်းကျင်မောင်းရတယ်၊ ကီလီနိုချီရုံးရှေ့မှာက မြေနီလမ်းကလေးရှိတယ်၊ ပြီးတော့ဟိုဘက်မှာ ရေမြောင်းလေး တခုပြီးတော့လယ်ကွင်းတွေရှိတယ်၊ သူတို့လယ်တကွက် ပြန်ရဖို့ကလဲ မနည်းလုပ်ရတာ မိုင်းကိုအရင်အကွက်ချ ပြီးရှင်းရတယ် ပြီးမှလယ်ကွင်းတွေကိုပြန်ပြုပြင်ရတာ၊ မိုင်းရှင်းတဲ့သူတွေက အိန္ဒိယကလူတွေများတယ်လို့သိရ တယ်၊ အဲဒီမြောက်ဘက်ပိုင်းမှာက တောအုပ်ထူထူမရှိဘူး၊ တောင်ကုန်းမြင့်မြင့်လဲမရှိဘူး၊ တောတန်းလေးတွေနဲ့ ကုန်းနှိမ့်နှိမ့်လေးတွေဘဲရှိတာ၊ အဲ့ဒီတောတန်းလေးတွေထဲ ရှောက်သွားချင်စရာပေါ့၊ တကယ်တော့ လမ်းပေါ်က လွဲပြီးဘယ်မှသွားလို့မရပါဘူး၊ မိုင်းထိတဲ့သတင်းတွေက နေ့တိုင်းလိုကြားနေရတာ၊ တခါဆို မိသားစု ကိုယ့်အိမ် နေရာဟောင်းကိုပြန်လာကြပြီး အိမ်ပြန်ဆောက်ဖို့ခြံရှင်းတာ တင့်ကားမိုင်းနဲ့မိပြီး သားအဖသုံးယောက်လုံးသေ သွားကြရှာတယ်၊ တင့်ကားမိုင်းဆိုတာက လူတက်ခုန်တောင်ကွဲတာမဟုတ်ဘူးတဲ့ သင့်တင့်တဲ့အလေးချိန်၊တုန်ခါမှုနဲ့မှကွဲ တာမျိုးဆိုဘဲ၊ ဘယ်လိုကဘယ်လိုဖြစ်တယ်တော့ဆက်မသိတော့ဘူး၊ ဆိုလိုတာကတော့ အဲ့ဒီရုံးလေးကတိတ် တိတ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်ကလဲသာယာတယ်၊ ငှက်ကလေးတွေဆိုတာလဲမျိုးစုံကိုခြံထဲမှာရှိတယ်၊ ငှက်သိုက်နှိမ့်နှိမ့်လေးတခုထဲမှာ အပြာရောင်ငှက်ဥလေးတလုံးတောင် တွေလို့ဓာတ်ပုံရိုက်လာသေးတယ်၊ အဲ..တခုဆိုးတာကတော့ မျောက်တွေကလဲအုပ်လိုက်ဘဲ နည်းတဲ့ကောင်ကြီးတွေမဟုတ်ဘူး၊ တကယ်တော့လဲ ဒီ နိုင်ငံမှာက မျောက်တွေကိုလွတ်လပ်ရေးပေးထားတော့ တစ်နိုင်ငံလုံးမျောက်တွေနေခြင်သလိုနေကြတာ၊

မိုင်းရှာနေကြသူများ နှင့်မြန်မာအင်္ဂျင်နီယာတစ်ဦး စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့စက်ရုံတစ်ရုံ ကီလီနိုချီရုံးရှေ့ကမြေနီလမ်းကလေး ကီလီနိုချီမှကျွန်တော့်နေ့လည်စာ၊ တမီးနယ်ထဲမှာဒီလိုဘဲစားရတယ် တမီးကျားသူပုန်တို့ရဲ့ အမှတ်တရစစ်သင်္ချိုင်း အပြာရောင်ငှက်ဥလေး

အနုရဓပူရလိုနှစ်ထောင်ချီကြာပြီဖြစ်တဲ့ရှေးဟောင်းတံခိုးကြီးဘုရားတွေနဲ့မြို့မှာဆို မျောက်တွေဆိုတာ အများကြီး အမျိုးစုံဘဲ၊ မြို့ထဲကအိမ်တွေပေါ်မှာလဲအုပ်လိုက်နေကြတာ၊ နောက်ကြုံမှ အဲ့ဒီမြို့ ကဘုရားတွေနဲ့ မြန်မာဘုန်းကြီးကျောင်းအကြောင်းရေးအုံးမယ်၊ ကဲကဲ ပြန်ဆက်ရရင်တော့ အဲ့ဒီကီလီနိုချီမြို့လေးဟာသာယာပေ မယ့် စစ်ဒဏ်ကြောင့် အရာရာဟာပျက်စီးနေကြတယ် အိမ်တွေဟာလဲ ကျည်ဆံရာတွေဗရပွနဲ့ပေါ့၊ ဒါပေမယ် အယ်တီတီအီးတွေအသစ်ဆောက်ထားတဲ့တိုက်တွေ၊ ရုံးတွေ ဆေးရုံတွေလည်းရှိတယ်၊ အချို့လဲဆောက်လက်စ ပေါ့ဗျာ၊ မြို့လယ်ကောင်က ခရစ်ယာန်ချပ်ကျောင်းလေးကတော့ ကျည်ဆံရာအပြည့်နဲ့ နံရံနဲ့ လက်ဝါးကပ်တိုင် ဘဲကျန်တော့တယ်၊ အဲဒီဘက်မှာတခုထူးခြားတာက တချို့နေရာတွေမှာ ဘာသာရေးဆိုင်ရာ ကျောက်တိုင်လေး တွေရှိတယ် အဲ.နတ်ကွန်းလိုဟာမျိုးနေမှာပေါ့ ခရစ်ယာန်လား ဟိန္ဒူလား ဘာလားတော့မသိဘူး ကျောက်ရုပ်တရုပ်စီရှိတတ်ကြတယ်၊ တမီးတွေကတော့ ဟိန္ဒူတွေပါဘဲ ဒါပေမယ်စစ်ရပ်ဆဲကာလမှာ ကူညီဖို့ရောက်လာတဲ့အဖွဲ့တွေထဲမှာ ခရစ်ယာန်အဖွဲ့တွေလဲပါတာကိုး၊ အဲဒီလိုနဲ့ ကျွန်တော်ကီလီနိုချီမှာ နှစ်ရက်လောက်နေတယ်၊ ကျွန်တော်တို့ကီလီနိုချီရုံးမှာလုပ်တဲ့သူတွေကတော့ ဘယ်သူတွေဖြစ်မလဲဆိုတာခန့် မှန်းလို့ရမှာပေါ့၊ ငွေစာရင်းအရာရှိက အယ်တီတီအီးခေါင်းဆောင်ကြီး ပရာပါဂရမ်ရဲ့ အိမ်နီးခြင်း ပြီးတော့သူပုန် အဖွဲ့ရဲ့စာရင်းစစ်၊ ကိုလံဘိုရုံးက ငွေစာရင်းအရာရှိကတော့ ဆင်ဟာလိ မျိုးချစ်အမျိုးသားပါတီကလူ၊ ဒီလူတွေက အစွန်းရောက်မျိုးချစ်တွေဆိုပြီးနာမည်ကြီးတယ်၊ သူတို့ကြားမှာကျွန်တော်အတော်ညှိနှိုင်းပေးရတယ်၊ ရန်သူကြီး တွေကိုး၊ များသောအားဖြင့်အစည်းအဝေးတွေက ကြားရုံးဖြစ်တဲ့ ဘာဘူးနီးယားမှာဘဲ လုပ်ဖြစ်တယ်၊ နောက်တရုံးကလဲ မန်နာကျွန်းဘက်မှာရှိသေးတာကိုး၊ အဲဒီမန်နာ ကျွန်းကို သွားရတာက ကျောက်တုံးတွေဖို့ထား တဲ့ တာရိုးလိုလမ်းပေါ်ကနေ ပင်လယ်ဝကိုဖြတ်ပြီးနောက်တံတားတွေနဲ့ဆက်ပြီး သွားရတာ၊ အဲဒီကနေ ရာသီဥတုကောင်းရင် အိန္ဒိယဘက်ကိုလှမ်းမြင်နိုင်တယ်ပြောတယ်၊ နှစ်ပေါင်း၄၀၀ ကျော်လောက်(သေခြာမမှတ်မိတော့)က သင်္ဘောသားတွေယူလာပြီးစိုက်ခဲ့တဲ့ (အာဖရိကမျိုးလား တောင်အမေရိကမျိုးလားမမှတ်မိတော့)သစ်ပင်ကြီးတစ်ပင်ရှိတယ်၊ ဘာဘူးနီးယားက မန်နာကျွန်းကို သွားတဲ့လမ်းတစ်လျောက်မှာ လဲစစ်တပ်စခန်းတွေ ကင်းလှည့်နေတဲ့တပ်စုတွေအများကြီးဘဲ တွေ့တယ်၊ ဒေါင်းငှက်တွေကတော့ နေရာတကာမှာကိုပေါမှပေါဘဲ ကားလမ်းဘေးမှာကိုအုပ်လိုက်နေကြတာ၊ အဲဒီကားလမ်းတလျောက်နဲ့မနီးမဝေးမှာ ကလည်း ရန်သူနဲ့ရင်ဆိုင်ထားရတဲ့ နိုးမန်းလမ်း ရှိတယ်လေ၊ ကျွန်တော်အတွက် ကြာတော့လဲမဆန်းတော့ပါဘူး အပတ်တိုင်း ကို နိုးမန်းလမ်းကိုဖြတ်ပြီး သွားနေရတာဆိုတော့၊ ဒီလိုနဲ့ကိုလံဘိုနဲ့ ကီလီနိုချီကြား ကူးလိုက်သန်းလိုက် နဲ့နေခဲ့ရတယ်၊ ကိုလံဘိုမှာဆို ရုံးပိတ်ရက်တွေမှာ မြို့အနှံ့ရှောက်သွားတယ်၊ မြို့ထဲကို ဘတ်စ်ကားစီးသွား တယ်ပြီးရင်လမ်းလျောက် မောရင်တွေ့ရာဆိုင်ဝင်စား ခဏနား ဆက်လျှောက် ညနေစောင်းတော့အိမ်ပြန်၊ အဲလေ ရုံးပြန်ပေါ့၊ တခါတလေ တော့ မြန်မာဘုန်းကြီးတွေရှိတဲ့ ကလျာနီ ဘက်ကကျောင်းကိုလဲ သွားတယ်၊ ကလျာနီ အကြောင်းကိုတော့နောက်မှရေးတော့မယ်၊ ကလျာနီကိုတော့လူတိုင်းသိပါတယ်နော်..မသိသေးရင်လည်းနောက်တခါမှ ရေးအုံးမယ်၊ ကဲကဲ ညနေဆောင်းလာရင်ဘာလုပ်လဲဆိုတော့ ဘတ်စ်စီးပြီးရုံးပြန်တယ်၊ ဘတ်စ်ကနှစ်ဆင့်စီးရတယ်၊ ကားပေါ်မှာသီချင်းဆိုပြီးတော့၊ မျက်လှည့်ပြပြီးတော့ ပိုက်ဆံတောင်းတဲ့သူတွေရှိတယ်၊ လက်မှတ်ရောင်းတွေကတော့လက်နဲ့လှည့်ပြီး လက်မှတ်ထုတ်တဲ့စက်ကလေးနဲ့ သတ်မှတ်နေရာအတိုင်း သတ်မှတ်ဈေးနဲ့ရောင်းတယ် ၊ တခါတလေလမ်းပျောက်လို့ဘတ်စ်ကားမှတ်တိုင်ကိုမသွားတတ်တော့ရင်တော့ ဘဂျားလို့ခေါ်တဲ့သုံးဘီးကား ငှားပြန်ရတာပေါ့၊ ရုံးပြန်ရောက်ရင်တော့ ရေချိုးပြီး တခေါက်ပြန်ထွက်တယ်၊ လမ်းထိပ် ခပ်လှမ်းလှမ်းမှာ ထမင်း ဆိုင်သန့်သန့်ရှိတယ်၊ အဲ.. မနီးမဝေးမှာလဲ ဘီယာ နဲ့အရက်ဆိုင်ရှိတယ်၊ သူတို့နဲ့ကျွန်တော်တို့ အရက်ကိုခေါ်တာခြင်းတူတယ် ဒီတော့အရက်ဆိုပြီးပြီ၊ အဲဒီဆိုင်က စားသောက်ဆိုင်မဟုတ်လို့ အဲဒီမှာတော့သောက်လို့မရဘူး ဘုံဆိုင်လို အပေါက်လေး ကနေဘဲရောင်းတာ ဘီယာဝယ်ရင်တော့ပုလင်းဖိုးအပေါင်ဆောင်းပေးရတယ်၊ တချို့လဲဆိုင်ဘေးမှာဘဲ သောက်ပြီးပုလင်းပေါင်ပြန်ယူသွားတဲ့သူတွေရှိတယ်၊ မှောင်ရိပ်လဲနဲနဲကျတာကိုး၊ ကျွန်တော်ကတော့ပထမ ပုလင်းပေါင်ပေးရတယ် နောက်တော့ ဘီယာဝယ်တိုင်းပုလင်းခွံတွေပြန်ယူယူသွားတယ်၊အလည်းအလှယ်ပေါ့ဗျာ၊ ဟဲဟဲ..ရောက်တဲ့အရပ်မှာတော့သောက်ဖြစ်တယ်၊ တကယ်တော့လည်းတယောက်ထဲညညတွေဆို သိတ်ပြင်းဖို့ကောင်းတာ၊ ဘော်ဒါကလဲ တိုကျိုပြန်သွားတော့ပိုဆိုးတာပေါ့၊ သူရှိတုန်းဆို ညဘက်တွေဆိုတညလုံး ကိုလံဘိုမြို့ထဲမှာလျှောက်သွားကြတယ်ဲ မိုးလင်းခါနီးမှပြန်တာ၊ တယောက်ထဲဆိုတီဗီကြည့်လိုက်၊ ခြံထဲထွက်ထိုင်ပြီးသောက်လိုက်နဲ့ အချိန်ကုန်တယ်၊ အဲတခုပြောရအုံးမယ်.. ဘာဘူးနီးယားက အရက်ဆိုင်တဆိုင်မှာဆို ရှိသမျှဘုရားတွေကို တန်းဆီပြီး စဉ်တခုပေါ်မှာတစ်တန်းထဲတင်ထားတာတွေ့ခဲ့ရတယ်၊ ဘာသာအားလုံးကိုကိုးကွယ် တယ်ဆိုတဲ့သဘောလားတော့မသိ၊ အရက်အကြောင်းသာစပ်မိလို့ထဲ့ရေးရတာ ဘာသာရေးအသိအမြင်ဗဟုသုတတွေလည်း တပုံကြီးရခဲ့တယ်၊ အနုရဓပူရမြို့ဟောင်းဘက်ကိုလဲ မကြာမကြာ ရောက်တာကိုး၊ ကန္ဒီ မြို့က မြန်မာဘုန်းကြီးကျောင်းလည်းရောက်ခဲ့တယ်၊ ကျောင်းကြီးကအကျယ်ကြီးဘဲ ကျောင်ထဲမှာ ကျယ်လိပ်တွေမွေးထားတာတော်တော်များတယ်၊ သူတို့ကကုန်းလိပ်မျိုးတွေဆိုတော့ ခြံထဲမှာဒီအတိုင်းလျှောက်သွားနေကြတယ်၊ နောက်ပြီး ၅နှစ်လောက်မှ ပြည်သူလူထုကို ဖူးဖို့ တခါဖွင့်တဲ့ စွယ်တော်ရှင်စစ်ကိုလည်းအနီးကပ်ဖူးခဲ့ရတယ်၊ ဘုရားပွင့်တော်မှုရာ မဟာဗောဓိညောင်ပင်က အကိုင်းကိုပင့်ဆောင်လာပြီး စိုက်ထားတဲ့မှုလမဟာဗောဓိပင်လို့ဆိုရမယ့် အနုရဓပူရက မဟာဗောဓိပင်ကိုလည်း တတိယထပ်ထိတက်ပြီးဖူးခဲ့ရတယ်၊ အခုထိ ဆရာဝန်တွေနဲ့ကျပ်မတ်ပြီးကာကွယ်စောင့်ရှောက်ထားကြတယ်၊ ဒါတောင် အယ်တီတီးအီးတွေက တခါဗုံးဝင်ခွဲသွားသေးတယ်တဲ့၊ နောက်ပြီး “မဟာစေတီ”ီကိုလည်းဖူးခဲ့ရတယ်၊ ဆိုစကားအရတော့ သာသနာကွယ်ပြောက်ရင် ရှိသမျှဓာတ်တော်မွေတော်တွေ အကုန်ဒီဘုရားမှာ ပြန်လာစုပြီး မှကွယ်မယ် ပြောတာဘဲ၊ ဟုတ်မဟုတ်တော့နီးစပ်ရာ ဆရာတော်တွေကိုသာမေးကြည့်ကြစေလိုပါတယ်၊ သူများအပြောမို့ပါ၊ နောက်ပြီး “မဟိန်ဓ” လှိုင်ဂူဘုရား၊ ဆိုစကားအရတော့ သိရိလင်္ကာနိုင်ငံကို ဗုဒ္ဓသာသနာ စတင်ရောက်တဲ့နေရာလို့လဲပြောပါတယ်၊ အနုရဓပူရကမြန်မာဘုန်းကြီးကျောင်းကတော့ တကယ့်ကို အားလုံးနဲ့နီးတဲ့မြို့ဟောင်းရဲ့အလယ်လောက်မှာရှိပါတယ်၊ တကယ်လို့ အဲ့ဒီကိုများရောက်ခဲ့လို့ မြန်မာဘုန်းကြီးကျောင်းကို သုံးဘီးငှားပြီး သွားလိုရင်ဖြင့် “ဘုရုမေ ပန်စေလေ” လို့သာပြောလိုက်ပါ လူတိုင်းသိကြပါတယ်၊

အနုရဓပူရမြို့ဟောင်းမှ မဟယဈေတီ (သတိ သီရိလင်္ကာနိုင်ငံတွင် ဘုရားစေတီများကိုနောက်ခံထားပြီးဓာတ်ပုံမရိုက်ရပါ လူအများရှေ့တွင်ရိုက်လျင်သတိထားပြီးရိုက်ပါ)ရှေးဟောင်းထူပါရုံဘုရား BC၃ရာစု ရှေးဟောင်းစေတီတစ်ဆူ အနုရဓပူရမှမြန်မာဘုန်းတော်ကြီးကျောင်းဆိုင်းဘုတ် အနုရဓပူရမြို့ဟောင်းတနေရာ ရှေးဟောင်းရေကန်တစ်ခု ရေကန်တစ်ခု၏အနီးကပ်မြင်ကွင်း

ထူခြားတာလေးတွေကိုပြောရရင်တော့ သူတို့တိုင်းပြည်မှာ ဘုန်းကြီးကိုအလွန်ရိုသေတယ်၊ ဘုန်းကြီးနဲ့တစ်တန်းထဲ ဘယ်တော့မှမထိုင်ဘူး၊ ဘုန်းကြီးကလည်း ဆေးလိပ်တောင်သောက်လို့မရဘူး ဘုန်းကြီးအလုပ်မလုပ်နိုင်ရင်လည်းဝတ်ဖို့မလွယ်ဘူးထင်တယ်၊ ဒါကြောင့်ထိုင်းတို့ မြန်မာပြည်တို့မှာ သံဃာ ၅သိန်းလောက်စီရှိကြပေမယ့် သီဟိုဋ္ဋ် မှာတော့၅သောင်းလောက်ဘဲရှိတယ်လို့ ပြောသံကြားတယ်၊ ဒါတောင် ၂၀၀၄ ခုရွေးကောက်ပွဲမှာ ဘုန်းကြီး ၄-၅ပါး အမတ်ဝင်ရွေးတာ အနိုင်ရလိုက်တယ်၊ ဘုန်းကြီးနဲ့တိုင်ပြည်အုပ်ခြုပ်တာ ဘယ်လိုပတ်သတ်လဲတော့မသိ၊ ပြီးတော့ပါလီမန်မှာ စကားများရန်ဖြစ်ကြပြီး ဘုန်းကြီးတစ်ပါးအရိုက်ခံရလို့ဆေးရုံရောက်သွားတယ်၊ ဒါကတော့သူတို့နိုင်ငံအတွက် ရှက်စရာတစ်ခုလိုဖြစ်သွားတယ်၊ အဲဒါကလွဲလို့ပေါ့လေ သူတို့တွေက အကောင်ပလောင်မသတ်ကြဘူး သတ်သတ်လွတ်စားကြတာလဲများတယ်၊ ဒါကြောင်ဖွတ်ကြီးတွေဆို မြို့ထဲမှာကိုတခါတရံတွေ့နိုင်တယ်၊ ဘုရားရှိခိုးတာကြတော့တမျိုးဖြစ်ပြန်ရော.. ဘုရားဘက်ကို ခြေဆင်းထိုင်ပြီးလက်အုပ်ချီရှိခိုးတယ်၊ ကျွန်တော်က သေခြာထိုင်ပြီး ဘုရားရှိခိုးတာကို အထူးအဆန်းလိုကြည့်ကြတယ်၊ ဥပုတ်နေ့လိုအခါကြီးရက်ကြီးတွေနဲ့ ဘုရားသွားရင် ဆင်ရဲခြမ်းသာမရွေးအားလုံး အထက်အောက်အဝတ်ဖြူဘဲဝတ်ကြတယ်၊ တန်းတူဘဲ ကြမ်းပေါ်မှာအိပ်ကြတယ်၊ မေလထဲက ဘာသာရေးပွဲနေ့တွေမှာဆို အနုရဓပူရတမြို့လုံး ဖြူဖွေးနေအောင်ဘဲ လူတွေပြည့်နေတယ်၊ ဥယာဉ်လိုမြို့ဟောင်းထဲကမြက်ခင်းတွေသစ်ပင်အောက်တွေမှာထိုင်ပြီး “စပီကာ”ကနေလွင့်နေတဲ့တရားကိုသိန်းဂဏန်းလောက်နီးပါးရှိတဲ့လူတွေဝိုင်းနာကြတယ်၊ လူငယ်လေးတွေလည်းအများကြီးဘဲ၊ ဘုန်းကြီးတွေရှိတဲ့တရားစဉ်နားထိကျွန်တော်သွားကြည့်ခဲ့တယ်၊ ဘုန်းကြီးတွေက တော့တစ်ပါးပြီးတစ်ပါးဘဲ တစ်နေ့လုံး တစ်ညလုံးများလားတော့မသိ၊ ဘာလို့လဲဆိုတော့ နောက်တစ်နေ့မှာဘဲကိုလံဘိုကိုခရီးဆက်ခဲ့လို့ပါ၊ ကိုလံဘိုမှာလည်း အလှအပမီးရောင်စုံတွေနဲ့ ပန်းချီတွေချယ်ထားတဲ့ မန်းတပ် တွေဆိုတာအများကြီးဘဲ၊ ကျွန်တော်တို့သင်္ကြန်ကားအလှပြသလိုဘဲ သီချင်းတွေဆိုလို့ပေါ့၊ ထမင်းကျွေးတဲ့နေရာတွေလည်းမြို့ထဲမှာအများကြီးရှိတယ်၊ မရှက်မကြောက်လမ်းဘေးမှာ တန်းစီပြီးဝင်စားရတာ၊ အထဲမှာလူပြည့်ရင်ခဏစောင့်ပေါ့၊ ကျွန်တော်တောင် ခပ်တည်တည်တန်းစီပြီး ဝင်စားခဲ့သေးတယ်၊ ဘာရှက်စရာလဲ ဗဟုသုတပေါ့ ဟဲဟဲဟဲ..၊ ပြောရအုံးမယ် ဗျို့ အဲ့ဒီလိုအခါကြီးရက်ကြီးမျိုးမှာ ဘယ်မှာမှ အရက်ဘီယာဝယ်လို့မရဘူး၊ ဟိုတယ်ကြီးတွေကအစ လမ်းဘေးဆိုင်အထိမရဘူး၊ မယုံရင် လောင်းလို့ရတယ်၊ကျွန်တော်အရူးထပြီးလိုက်ရှာတာ ကာစီနို ကစားတဲ့ဟိုတယ်တွေထိတောင်ရောက်တယ်၊ မရဘူး နောက်တော့လည်း ရှာတွေ့တာပါဘဲ၊ ကျွန်တော့်ဘော်ဒါကသိတယ်လေ..၊ ဘယ်မှာလည်း လို့တော့မမေးနဲ့ မပြောနိုင်ဘူး ကတိပေးထားရလို့ပါ၊ ကဲကဲစာကတော်တော်ရှည်သွားပြီးနားတော့မှ အဲ..နောက်ဆုံးတစ်ခုတော့ပြောလိုက်ဦးမယ်.. ကျွန်တော် ငှက်တွေအများကြီးတွေ့ခဲ့ပေမယ့် စာကလေး ကိုတော့လုံးဝမတွေ့ခဲ့ဘူးဗျာ.. ဘာလို့ပါလိမ့်၊ အမေရိကားမှာတောင်စာကလေးငှက်လေး တွေရှိတာဘဲ၊ အကယ်လို့များ သီဟိုဋ္ဋ် ကိုဘုရားဖူးရောက်ခဲ့ရင် စာကလေးတွေ ရှာကြည့်ပြီးတွေ့ရင်ပြန်ပြောကြပါ၊
တကယ့်တကယ် နောက်ဆုံးပြောခြင်တာကတော့..့ ဒီဖေဖေါ်ဝါရီလထဲမှာဘဲ အယ်တီတီအီးတွေစစ်ရှုံးလို့ နယ်မြေတွေအကုန်ပြန်ပေးလိုက် ရပြီ၊ ပရာပါဂရမ်ကြီး သူ့လည်ပင်းက ဆိုင်ရာနိုက်ကိုသောက်လိုက်ပြီလားမသိ၊ ကျွန်တော်ကတော့တခါတရံ အသိမိတ်ဆွေ တမီးတွေကိုစိတ်ပူမိပါရဲ့၊ နောက်ပြီး အသေခံဗုံးခွဲတဲ့သူတွေ့ရဲ့အမှတ်တရသင်ချိုင်းကိုလည်းသွားကြည့်ခဲ့မိ့သေးတယ်လေ၊ သူတို့ဘက်ကတော့သူရဲကောင်း နိုင်ငံတကာကတော့ အကြမ်းဘက်သမားတွေလို့သတ်မှတ်ထားတယ်၊ အခုတော့ပြီးခဲ့ပါပြီ၊ အမှတ်တရအကြောင်းတွေသာဆက်ပြောရမယ်ဆိုရင်တော့စာအုပ်တစ်အုပ်စာရှိတာပေါ့ဗျာ..၊

ဒါပေမယ့်..ဟုတ်ကဲ့ အမှတ်တရ သီဟိဋ္ဋ်ု ကိုဒီမှာဘဲရက်နားလိုက်ပါရစေ၊

(ယခုစာပါအကြောင်းအရာ၊ဓာတ်ပုံများကိုယူသုံးလိုပါက ကြိုတင်ခွင့်ပြုချက်တောင်းစေလိုပါသည်ခင်ဗျာ..)

No comments: