Tuesday, June 9, 2009

လူသုံးယောက်နှင့်အရေးကြီးကိစ္စများ

တနေ့သ၌ နော့လ်ကာရိုလိုင်းနားပြည်နယ် မြို့ငယ်လေးတစ်ခုရှိ ထိုင်းစားသောက်ဆိုင်တစ်ခု၏ ထောင့်ကျကျစားပွဲ တစ်လုံးတွင်လူသုံးယောက်သည် လွန်စွာအရေးကြီးသော ကိစ္စရပ်များကို လျှို့ဝှက်စွာဆွေးနွေးနေကြလေသည်၊ သေခြာစွာကြည့်ရန်မလိုပါဘဲနှင့် ထိုသူတို့သည် တစ်ယောက်နှင့်တစ်ယောက်များစွာကွဲပြားခြားနားသောသူများဖြစ်ကြောင်းအလွယ်တစ်ကူသိနိုင်ပေသည်၊

တစ်ယောက်မှာ လွန်စွာအသားမဲပြီးအရပ်ရှည်လေ၏၊ လိမ်ကောက်ကောက်ဆံပင်များရှိပြီး စကားကိုတိုးညှင်းစွာပြောလေ့ရှိသည်၊ ထိုကြောင့်လည်းကျန်လူနှစ်ယောက်မှာ သူ့စကားကို အတင်းရှေ့တိုးပြီး အားစိုက်နားထောင်နေရသောကြောင့်သူ့ကို အဝေးမှကြည့်လျင် တပြည့်များကို လက်ချာပေးနေသောဆရာကြီးဟုထင်စရာရှိ၏၊ ကျွန်ုပ်မှာလည်းထိုသူ့ စတိုင်ကိုများစွာသဘောကျသောကြောင့် ယင်းနေ့မှစပြီးဆရာကြီးဟုအထင်ခံရစေရန် အလို့ငှာ စကား ကို လေလုံးမကွဲတိုးတိုးသာပြောတော့၏၊ ထိုသူမှာကား “ထရီနီဒက်အန်တိုဘားကိုး” နိုင်ငံသား မကြာခင်ဇီဝအဏုမြူဗေဒနှင့်ဇီဝတန်ပြန်ခုခံမှုဆိုင်ရာဘာသာရပ်ဖြင့် PhD ပြီးတော့မည့်သူဖြစ်ပြီး၊ PhD ရပြီးနောက် လက်ရှိစီးပွားရေးအခြေအနေအရ အနာဂတ်ကိုပူပန်နေရသူလည်းဖြစ်၏၊ ထိုသူ့အမည်မှာ “ကိုနီ”ဖြစ်တော့သည်၊ ကိုနီနှင့် ကျွန်ုပ်အားမိတ်ဆက်ပေးခဲ့သူမှာ တချိန်က မန်ချက်စတာယူနိုက်တက်အသင်းရှေ့တန်းတွင် ဘော်လုံးကစားခဲ့သော ထရီနီဒက်အန်တိုဘားကိုး နိုင်ငံသား“ဒွိုက်ယောက်”ဆိုသူဖြစ်၏၊(!)

နောက်တစ်ဦးမှာကား အမေရိကန်နိုင်ငံကို ထူထောင်ခဲ့သောလူမျိုးတစ်မျိုးဖြစ်သော အင်္ဂလိပ်လူမျိုး၊ ကြွက်များကို စားတာလည်းမဟုတ်ဘဲနှင့် သတ်ပစ်တတ်သော ဆေး သုတေသနပညာရှင် တစ်ဦးဖြစ်ပြီး မျိုးရိုးစဉ်ဆက် နော့လ်ကာရိုလိုင်းနားဒေသတွင်နေထိုင် လာခဲ့သူဖြစ်လေသည်၊ သူသည်မကြာခဏ ဆဲလ်ဖုန်းတစ်လုံးကို မျောက်အုံးသီးရသလို ခလုပ်များကိုလျှောက်နှိပ်ပြီးအလုပ်ရှုပ်နေတတ် သူလည်းဖြစ်၏၊ သူကား “ကိုလိပ်” ပေတည်း၊

နောက်တစ်ဦးမှာကား အင်မတန်ထူးခြားခန့်ညားသော ဥပဒိရှိပြီး ချဉ်ပေါင်ဟင်းနှင့်ငပိကျော်ကို လွန်စွာကြိုက်နှစ်သက်သော အရှေ့တိုင်းလူမျိုးတစ်ဦးဖြစ်၏၊ ကိုရင်နှင့်ဘဇဉ်းတက်စဉ်ကဘွဲ့များအပါအဝင်ဘွဲ့များစွာရရှိခဲ့သူတစ်ဦးလည်းဖြစ်လေသည်၊
သူသည်ထူးခြားဆန်းကြယ်သော ပညာရပ်များကို ကမ္ဘာတစ်ဘက်ခြမ်းဟိမဝန္တာတောင်ခြေမှ တိုင်းပြည်တစ်ခုတွင်သင်ယူခဲ့သူလည်းဖြစ်၏၊ သူ၏ပျောက်စေ ပညာရပ်မှာထူးခြားအစွမ်းထက်လှသဖြင့် သူ့အားမည်သူမျှဘာပစ္စည်းမှမငှားရဲကြခြေ၊ ထိုသူမှာကား ယခုစာကိုရေးနေသော အမေရိကန်နိုင်ငံတွင် တောက်တိုမယ်ရ အလုပ်များဖြင့် (လုပ်ဘူးတယ်ရှိအောင်) အသက်မွေးနေသော ကျွန်ုပ် “ကိုမျိုး”ဖြစ်တော့သည်၊

ကျွန်ူပ်တို့သည် လွန်စွာစိုးရိမ်ပူပန်ပုံ ဖြင့် စွမ်းအင်နှင့် ကမ္ဘာကြီး ၏ရှေ့ရေးအကြောင်း ဆွေးနွေးပြီးသကာလ၊ “ပရိုက်ဗေစီ”အကြောင်းသို့ရောက်သွားလေ၏၊ ကိုလိပ်က သူ့မိသားစုမှာ ဆင်းရဲရိုးသားသောတောသူတောင်သားအမေရိကန်များဖြစ်ပြီး ငယ်စဉ်က သူ့ကိုယ်ပိုင်အခန်းတစ်ခုလိုခြင်သောကြောင့် ဖြစ်သလို ကဒ်ထူစက္ကူများဖြင့် အခန်းလေးတစ်ခုဖွဲ့ကာ ကိုယ်ပိုင်အခန်းလုပ်နေခဲ့ရဘူးကြောင်းပြောလေသည်၊ ထိုအခါကိုနီမှာလည်း မနေသာ သူကမှပိုပြီးဆင်းရဲသူဖြစ်ကြောင်း သူ့နိုင်ငံမှာလည်းဆင်းရဲကြောင်းပြောပြလေသည်၊ သူတို့မိသားစုမှာ အိပ်ခန်းတစ်ခန်းဘဲရှိလို့ အမေနဲ့အဖေက အဲဒီမှာအိပ်ပြီး ကျန်တဲ့မောင်နှမတွေကအပြင်မှာအိပ်ရကြောင်းပြောပြလေသည်၊ ထိုအပြင် သူတို့အိမ်မှာပျဉ်ထောင်အိမ်ဟောင်းလေးဖြစ်သောကြောင့် ညည (လေတိုက်လျင်) လှုပ်လှုပ်နေတတ်တာမှတ်မိကြောင်းပြောပြလေသည်၊ ကိုလိပ်မှာ အိမ်လှုပ်တဲ့ကိစ္စကိုများစွာစိတ်ဝင်တစားမေးလိုသော်လည်း ကျွန်ုပ်က သူဘာမေးတော့မည်ကိုကြိုသိနေသောကြောင့်စကားလမ်းကြောင်းလွှဲလိုက်၏၊ ကျွန်ုပ်မှာငယ်စဉ်က လွန်စွာကြီးမားသော အုပ်တိုက်အိမ်ရှည်ကြီးနှင့်နေခဲ့ရကြောင်း ကျွန်ုပ်အိပ်ခန်းမှာ ၁၀ပေ ပတ်လည်ခန့်ကျယ်ဝန်းကြောင်း ဘီရိုကြီးများမှာလည်းဝန်ကမ္ဘာလိုဖြစ်နေကြောင်းပြောသောအခါ ကျန်လူများသည် ကျွန်ုပ်အားလွန်စွာအားကျကာ ငေးမောနေကြလေ၏၊ သို့သော်လည်းပရိုက်ဗေစီထက် စည်းလုံးခြင်းကိုတန်ဖိုးထားသောကြောင့် မိသားစု (၇)ယောက်လုံးယင်းအခန်း တွင်အတူတူအိပ်ကြောင်းရှင်းပြလေလျင် ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကြလေတော့သည်၊

ယင်းနောက်ကျွန်ုပ်တို့စကားဝိုင်းသည် လဘ်ပေးလဘ်ယူ ကိစ္စကိုရောက်သွားပြန်၏၊ ဒီတခါတော့ ကျွန်ုပ်ကစတင်ကာ တို့တိုင်းပြည်တွင် လဘ်ပေးလဘ်ယူ ဆိုတာမရှိကြောင်း ချောဆီထဲ့ရသော ထူးခြားသည့်စနစ်တစ်ခုရှိကြောင်းပြောပြလေ၏၊ ချောဆီဖိုးမှာ တခါတလေလွန်စွာတန်ဖိုးကြီးကြောင်းလည်းပါ၏၊ သို့ရာတွင် လက်ဖက်ရည်တိုက်ရသော ချစ်စရာဓလေ့ကိုတော့မပြောတော့ပါ၊ ထိုအခါ ကိုနီက အားတက်သရောဖြင့် မင်းတို့ကတော်တော်အဆင့်မြင့်တာဘဲလို့ပြော ပြီးသူတို့စီမှာလည်းထိုဓလေ့ကို ထိမ်းသိမ်းထားကြောင်းပြောပြသည်၊ ထိုအခါ ကိုလိပ်က သူတို့စီမှာ ဒီကိစ္စလုံးဝမရှိလေဟန်ဖြင့် မင်းချောဆီထဲ့ဘူးလားဟုမေးလေ၏၊ ဟာထဲ့ဘူးတာပေါ့ ပြောသောအခါ စိတ်ပျက်သွားပုံရပြီး ဒို့ဆီမှာဒါမျိုးလုံးဝအားမပေးဘူးလို့ပြောလေသည်၊ ပြီးနောက် ကိုနီဘက်လှည့်ပြီုး မင်းကော လဘ် ပေးဘူးလားလို့မေးပြန်၏ ထိုအခါ ကိုနီ က သိသိကြီးနှင့်မပေးဘူးကြောင်းလိမ်လိုက်၏၊ လဘ်ပေးမှုကို အားပေးသလိုဖြစ်သွားသော ကျွန်ုပ်သည် ကိုလိပ်အား မင်းတို့လည်း လဘ်ပေးတယ်လို့သာမပြောတာ တရားရုံးမှာ ကိစ္စသေးသေးလေးကိုတောင်ရှေ့နေငှားရတာကကောကွာ ဒါသတ်သတ်စားပေါက်ထွင်တာဘဲမဟုတ်လားဆိုတော့မှ အေးဟုတ်သားဘဲ..ဒါပေမယ့်တရားဝင်တာပေါ့တဲ့၊ နောက်ပြီး ရုပ်ရှင်တစ်ခုထဲက (Syriana) ဇာတ်ဝင်ခန်းတစ်ခုမှာ “ကော်ရပ်ရှင်း” ကြောင့်စီးပွားရေးသမားတွေ လုပ်ရကိုင်ရတာဘယ်လိုအဆင်ပြေကြောင်းအားရပါးရပြောထားသေးတယ်လို့ဆို တော့ ကိုယ့်လူတိတ်သွားတယ်၊ နောက်ပြီး အလာစကာဂါဗာနာကြီးက တိုင်းပြည်ပိုက်ဆံတွေနဲ့ မိသားစုခရီးသွားတာမှာသုံးပစ်တာကကောကွာ၊ အားလုံးခဏ ငြိမ်သွားပြီး..
ကိုနီမှာ “ကွေ့တီယို” ကို ပါးစပ်ထဲသို့အတင်းထိုးထဲ့ပြီးဒီကိစ္စမှာ သူမပါသလိုလုပ်နေသည်၊ ကိုလိပ်လည်း “ဖတ်ထိုင်း” ကိုလှမ်းနှိုက်လိုက်သည်၊ ကျွန်ုပ်လည်းထိုအခါမှ ငါးကျော်တစ်ဖဲ့ကိုယူဝါးလိုက်၏၊ ပြီးနောက် ခေါင်းစဉ်ပြောင်းကြပြန်သည်၊

ဒီလိုနဲ့ နိုင်ငံတကာအထွေထွေဗဟုသုတကိုစတင်ဆွေးနွေးသောအခါ ကိုနီမှာလွန်စွာသနားစရာကောင်းသွား၏၊ သူဥရောပကိုတခါမှ မရောက်ဖူး၊ ဒီ ချက်ပါဟေးမြို့လေး မှာ ဘဲ ကျောင်းတက်နေတာ ဆယ်နှစ်ရှိနေပြီ၊ သူကလည်းစိတ်ပျက်လက်ပျက်နှင့် မကြာခင်တော့ ရောက်မှာပါလို့ပြောလေသည်၊
ကိုလိပ်မှာ ထိုအချက်တွင်နှိပ်ပြန်ပြီတခါလို့ဆိုရမည် သူကကမ္ဘာ့နိုင်ငံ အတော်များများကိုရောက်ဖူးသူဖြစ်ပြီး အမေရိကန်တခွင်တော့ ပြဲပြဲစင်လောက်အောင်ရှောက်သွားသူ၊ မနက်ဖြန်တွင်လည်း “ယူတာ” ပြည်နယ်က ကျောက်တောင်ကွေးကြီးများဒေသတွင်စခန်းချခရီးသွားမည်ဖြစ်ကြောင်းလည်းပြောပြလေ၏၊
ကိုနီမှာ လွန်စွာအားကျလျက်ရှိနေလေတော့သည်၊
ထိုစဉ်ခဏတွင် ကိုလိပ်က သူ့ဆဲဖုန်းထဲသို့ရောက်လာသော ၁၈နှစ်အောက်မကြည့်သင့်သော မိန်းမများကမ္ဘာကြီးကိုအုပ်ချုပ်ခဲ့လျင် ခေါင်းစဉ်ဖြင့် ဗွီဒီယိုအပိုင်းအစတခုကို ကျွန်ုပ်တို့နှစ်ယောက်အား ပြလေသည်၊ ကြည့်ပြီးသကာလ အားလုံးမိန်းမများ ကမ္ဘာကြီးကိုမအုပ်ချုပ်သင့်ကြောင်းသဘောတူညီမှုရယူလိုက်ကြသည်၊
ပြီးနောက်ကျွန်ုပ်ဘက်သို့လှည့်ကြည့်ကြလေ၏၊

ကျွန်ုပ်က နေရာဒေသအသစ်များသို့ ရောက်ရှိတိုင်း ပထဝီ မြေမျက်နှာပြင်သဘောထက် ထိုဒေသတွင်နေထိုင်သောသူများ၏ သမိုင်း၊ယဉ်ကျေးမှု၊ စိတ်နေသဘောထား နှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ဦးစားပေးလေ့လာကြောင်း၊ ပြီးနောက် မိမိအတွေ့အကြုံနှင့်ယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာလေ့ရှိကြောင်း ကိုအစပျိုးပြောလေတော့သည်၊
ထို့နောက် ဂျပန်လူမျိုးမှာ တမျိုးထဲရှိကြောင်း သို့ရာတွင် တောင်ပိုင်းကျွန်းနေဂျပန်လူမျိုးတစ်မျိုးမှာတော့စကားပြောပုံမှအစ အနည်းငယ်ကွဲပြားခြားနားသဖြင့် သူတို့က လူမျိုးကွဲတမျိုးလို့လည်းဆိုနိုင်ကြောင်းပြောပြသည်၊ နောက်ပြီးဂျပန်တို့ရဲ့စိတ်နေသဘောထားကိုရှင်းပြန်သည်၊ နိုင်ငံပြင်ပတွင်နေထိုင်သော ဂျပန်များမှာ တစ်ဦးနှင့်တစ်ဦးညှိနှိုင်းရအလွန်ခက်လေ့ရှိတတ်ကြောင်းလည်းပါ၏၊ ထို့နောက် ကိုရီးယားအကြောင်းတစ်စေ့တစ်စောင်းရောက်သွားပြန်သည်၊ ဒီလိုနဲ့ ဆက်လာလိုက်တာ မက်ဆိုပိုတေးမီးယား ဒေသသို့ရောက်ပြန်၏ ထိုဒေသမှာယခုအခါအီရတ်နိုင်ငံ ဖြစ်လာကြောင်းပြောပြသည်၊ ကျွန်ုပ်၏အဘေးဖြစ်သူမှာ ထိုစဉ်က စစ်ပွဲများတွင်အင်္ဂလိပ်ဘက်ကပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ဂရစ်နှင့်ယူဖရေးတီးမြစ်နှစ်သွယ်အကြောင်း၊ ပြီးနောက် ကာဒ် လူမျိုးများအကြောင်းဖြင့်အဆုံးသတ်လိုက်ပြီး ဥရောပသို့ဆက်လေသည်၊ ရှေးအခါက မြန်မာပညာတတ်လူငယ်များဟာ အီတလီ၊ပြင်သစ်နိုင်ငံများနှင့်ပညာဖလှယ်လေ့ရှိကြောင်းရှင်းပြန်၏၊ လူစွန့်စားတစ်ဦး၏မှတ်တမ်းတွင် ရှေးအခါက မြန်မာလူမျိုးစစ်ဗိုလ်တစ်ဦးအီတလီစစ်တပ်တွင်တွေ့ဘူးကြောင်း ဖော်ပြထားတာဖတ်ဖူးကြောင်းလည်းပါ၏၊ ပြီးနောက်အမေဇုံသစ်တောကြီးများအကြောင်းရောက်လေသည်၊ ဘရာဇီးနိုင်ငံ ရိုင်ရိုဒီဂျေနီးယိုး မြို့လည်းပါ၏၊ အာဂျင်တီးနား၊ ချီလီ၊ကိုလံဘီယာ၊ ဒေါက်တာချီလည်းမချန်ခဲ့ ပြီးနောက် ဗင်နီဇွဲလား အလှများတွင်ခေတ္တနားပြီး မိတ်ဆွေများစိတ်ဝင်စားမှုရှိမရှိအကဲခတ်လေ၏၊ ကိုနီမှာ မကောင်းတတ်လို့စိတ်ဝင်စားဟန်ပြပြီးနားထောင်နေပုံရပြီး ကိုလိပ်မှာပြန်ခြင်နေပုံရသည်၊ သို့သော်လည်း ကျွန်ုပ်သည် ဂွာတီမာလာနိုင်ငံ မှ မက္ကဆီကိုနိုင်ငံအထိသမိုင်းအကျဥ်းကိုပြောဖြစ်အောင်ပြောလိုက်ပြီး “မေယန်”ယဉ်ကျေးမှုနှင့်နိဂုံးချုပ်လိုက်လေလျင် ကိုလိပ်နှင့်ကိုနီမှာ ကမန်းကတမ်း နောက်ထပ် ကျွန်ုပ် စကားစရှာရသွားမည်ကိုစိုးရိမ်ပုံဖြင်အတင့်း ပြန်ရန်ပြင်လေတော့သည်၊

ထို့ကြောင့်လည်း ထိုဒေသများမှာ ကျွန်ုပ်ရောက်ဖူးသော ဒေသများမဟုတ်ဘဲ ကြားဘူးနားဝများသာ ဖြစ်ကြောင်းကို ယင်းတို့နှစ်ဦးအားရှင်းပြခွင့်မရလိုက်ပေ၊

မှတ်တမ်းကို ဒီမှာဘဲရပ်ပါရစေ၊၊

(!)ကိုနီနှင့်ကျွန်တော် ဒွိုက်ယောက်အကြောင်းစကား ဆက်စပ်ပြောမိကြတာကိုဆိုလိုပါသည်၊တကယ်မိတ်ဆက်ပေးတာမဟုတ်ပါ၊ အကယ်လို့ စာကိုဆုံးအောင်မဖတ်မိပါက ကိုနီနှင့်ကိုလိပ်လို ထင်ယောင်ထင်မှားဖြစ်နေပေလိမ့်မည်၊

No comments: