Friday, June 12, 2009
အယုံသွင်းပြီး အပြတ်ရှင်းတတ်သည်
အထက်မတ္တရာသစ်တောကြိုးဝိုင်းတနေရာက အထပ်ထပ်နဲ့ညို့မှောင်မြင့်မားလှတဲ့ တောင်တန်းကြီးတွေရဲ့ကြားမှာတော့ စမ်းချောင်း လေးတစ်ခုရှိလေသည်၊ ကျယ်ပြောလှတဲ့စမ်းချောင်းလေးက တောင်ကျချောင်းတို့သဘာဝ မိုးရာသီဆိုရေစီးသန်သည်၊ ယခုအချိန်နွေရာသီမှာ တော့ ချောင်းအလယ်လောက်မှာသာရေစီးသည်၊ ပြီးတော့ ကျောက်တုံးကြီးငယ် အရွယ်မျိုးစုံက ချောင်းတစ်ခုလုံးပြည့်နှက်နေပြီး ကျောက်တုံးကြီးများအောက်ခြေမှာတော့ ရေအိုင်ငယ်များဖြစ်နေတတ်သည်၊ တချို့ကျောက်တုံးကြီးများက လူတစ်ရပ်မကမြင့်ပြီး တချို့ကတဲအိမ်ငယ်တစ်လုံးစာမက ကြီးမားကြသည်၊
ကလေးငယ်များသာဆိုလျင်တော့ တူတူပုံးတန်းကစားဖို့ပင်ကောင်းတော့သည်၊ နောက်ပြီး ထိုကျောက်တုံးများအောက်ခြေမှာ ကွေ့ပတ်ပြီးဖြစ်ပေါ်နေတဲ့ရေအိုင်တွေထဲမှာငါးမျိုးစုံ ခိုအောင်းနေကြသည်၊ ပေ၅၀ ခန့်ကျယ်တဲ့ ချောင်း၏တစ်ဖက်တစ်ချက်ကမ်းပါးတောင်တန်းပေါ်မှာ တော့ထူထပ်လှတဲ့တောအုပ်ကြီးက ချောင်းကိုအုပ်မိုးထားလေရဲ့၊ ချောင်းကွေ့မှာဖြစ်ပေါ်နေတဲ့ သဲသောင်ခုံ ကြီးရဲ့အစပ်မှာ့ ခြေတံရှည် တဲအိမ် နှစ်လုံး ရှိသည်၊ တကယ်တော့ ဒီနေရာက ပန်းချီကားတစ်ချပ်နှင့်ပင်တူတော့သည်၊ ဒီနေရာလေးကို မြိုင်သာယာစခန်းဟုခေါ်သည်၊ မိုးကုတ်မန္တလေးကားလမ်းမကြီးအတိုင်းလာပြီး မိုင်တိုင်အမှတ် ၅၁ အနီးမှ တောလမ်းအတိုင်း ဝင်သွားပါက တောင်တွေအထပ်ထပ် ဖြတ်ကျော်ပြီးအရှေ့ဖက်မိုင် ၂၀ ခန့်အကွာ တောင်ကြားထဲမှာ ရှိလေသည်၊
ညနေစောင်းချိန် ရောက် လာတော့ ကျေးငှက်မျိုးစုံရဲ့အိပ်တန်းတက်အော်မြည်သံ ကိုဆူညံစွာကြားလာရသည်၊ မျောက်များကလည်းအားကျမခံအသံပေးနေကြသည်၊ ဒီလိုနဲ့ ညနေစောင်းနေရောင် ကချောင်းတရှောက်ကိုဖျော့တော့စွာ အလင်းပေးနေချိန်မှာဘဲ ဆင်သုံးကောင်သည် ဟိုးတဖက်ချောင်းဖျားအကွေ့မှ လှုပ်လီလှုပ်လဲ့ထွက်လာတာကို အဝေးမှလှမ်းမြင်လိုက်ရသည်၊ သူတို့ကိုယ်ပေါ်ကပခက်ထဲမှာလည်း ပစ္စည်းတွေကအပြည့်အမောက်၊ ဆင်တွေကိုမြင်တော့ တဲ အောက်မှ ခွေးတွေဝမ်းသာအားရပြေးထွက်သွားကြသည်၊ ဒီတော့မှ ကျွန်တော်လည်း ချောင်းဘေးသစ်လုံးပေါ် ထိုင်နေရာမှ လေးတွဲ့စွာထလိုက်သည်၊ သူတို့ပြန်လာကြပြီဘဲ၊ တစ်ညနေလုံးစောင့်နေရာမှသူတို့ကိုမြင်လိုက်တော့ အနည်းငယ်စိတ်သက်သာရာရသွားသည်၊ သူတို့ရောက်မှဘဲအခြေအနေကို အသေးစိတ်သိရ ပေမည်၊ ဒီအချိန်မှာဘဲ တဲထဲမှာထမင်းချက်နေတဲ့ ကိုလှထွက်လာပြီး လှမ်းအော်လိုက်သည်၊ “ကိုမျိုးရေ ရယ်ဒီဖြစ်တော့မယ်၊ သူတို့ရောက်လာတာနဲ့အတော်ဘဲ” “ဟေး…” ရှေ့ဆုံးဆင်ပေါ်က မောင်ငယ်ကျွန်တော့်ကိုမြင်တော့ ဝမ်းသာအားရလှမ်းအော်လိုက်သည်၊
ဒီလိုနဲ့ ကျွန်တော်လည်းဆင်တွေပေါ်ကပစ္စည်းတွေကို ဝိုင်းကူချပြီးတာနဲ့ ဆင်တွေကို မကျည်းမှည့် အနည်းငယ်ဆီကျွှေး နှုတ်ဆက်လိုက်သည်၊ ပြီးနောက် ဆင်ဦးစီးများက သူတို့အားအစာရှာစားဖို့လွှတ်ပေးလိုက်တော့သည်၊ ဒီလိုနှင့် ဆင်သုံးကောင်သည် ချောင်းကမ်းပါးတလျောက်ကဝါးတောကြီးထဲကိုတဖျောင်းဖျောင်းနှင့်အစာရှာစားရင်း တိုးဝင်သွားလေတော့သည်၊
မောင်ငယ်တို့ဆင်ဦးစီးတွေလည်းသူတို့လုပ်စရာရှိသည်များကို ဆက်လုပ်နေကြလေသည်၊ ဆင်ဦးစီးတို့ဘဝကနားချိန်မရှိ အလုပ်နဲ့လက်မပြတ်လုပ်နေရသူများဖြစ်သည်၊ ထိုစဉ်မှာဘဲ မွှေးကြီးနဲ့ ကိုမြင့်တို့သေနတ် ထမ်းပြီး တောအုပ်ထဲကထွက်လာကြသည်၊ မွှေးကြီး လက်ထဲမှာတော့ရစ်နှစ်ကောင်ဆွဲလာပြီး ကိုမြင့်က ဂျေတစ်ကောင်ကိုထမ်းလာသည်၊ ဒီညတော့ပွဲကောင်းတော့မည်၊ ခဏနေတော့ ကိုလှက ကြက်သားကာလသားချက်ပူပူကို ဇလုံကြီးနဲ့ထဲ့ပြီးယူလာသည်၊ “ကဲကဲရှိတာနဲ့စလိုက်ကျစို့.. ကျန်တာတွေကျွန်တော်ဆက်လုပ်လိုက်မယ်၊” ဒီဆင်ဝိုင်းမှာ ကိုလှကအချက်အပြုတ်တာဝန်ကိုလောလောဆယ်ယူထားသည်၊ ဒီမှာကမိန်းမတစ်ယောက်မှ မရှိ အကုန်ယောက်ျားများသာ၊ သူတို့မိသားစုတွေကို နီးစပ်ရာ မိုးကုတ်မန္တလေးကားလမ်းဘေးက ရွာတွေမှာထားသည်၊ ကလေးတွေကိုကျောင်းတက်စေသည်၊ အခုနွေရာသီကျောင်းပိတ်ချိန်မှာတောင် သူတို့တွေအရင်လိုဆင်ဝိုင်းမှာလာမနေဘဲ ပျော်စရာတွေရှိတဲ့၊ နေ့ရောညပါ ဆူညံပြီးအရမ်းကိုစည်ကားတဲ့မကြာခင်ကမှပေါ်လာတဲ့ရွှေစခန်းတွေဘက်မှာသွားနေကြသည်၊ အဲဒီမှာဈေးရောင်းရတာကလဲ သိတ်မြတ်တာကိုး..၊
ကိုလှရဲ့မွေးကြိုင်လှတဲ့ တောကြက်သားချက်ကို လှမ်းယူလိုက်ပြီးချောင်းဘက်ကိုလှမ်းကြည့်လိုက်သည်၊ အချိန်တောင်အတော်နဲသွားပြီဘဲ၊ ကျွန်တော်က တဲအပြင်စမ်းချောင်းဘေးကကျောက်တုံးတွေပေါ်မှာ အရက် သွားသောက်ချင်သောလည်း အတော်မှောင်လာပြီဖြစ်တာကြောင့် တဲပေါ်မှာဘဲ ဝိုင်းဖွဲ့လိုက်ရတော့သည်၊
ကျွန်တော်၊ မွှေးကြီးနဲ့ ကိုမြင့်တို့သုံးဦးကလွဲပြီးကျန်တဲ့သူတွေက သိတ်မသောက်၊ ပြီးတော့သူတို့အားလုံးက ဒီဆင်ဝိုင်းက ဆင်ဦးစီး၊နောက်လိုက်နဲ့ စခန်းအုပ်ချုပ်သူတွေဖြစ်သည်၊ ကျွန်တော့်သူငယ်ချင်း ကိုမြင့်က သစ်တောဝန်းထမ်းပေါက်စ ချောင်းခေါင်း၊သူကမေမြို့ကဖြစ်သည်၊ မွှေးကြီးနဲ့ကျွန်တော်နဲ့က ဒီတောဒီတောင်တခွင် ရွှေတူးကျောက်တူး အမဲလိုက် သစ်ခုတ် ဝါးခုတ် အစုံလုပ်တဲ့သူတွေ၊ ကုန်ကုန်ပြောရရင် အနီးအနားရွာတွေက မင်္ဂလာဆောင်တွေမှာ ကျွန်တော်က ဓာတ်ပုံလိုက်ရိုက်ရင် မွှေးကြီးပါလာတတ်သလို၊ မွှေးကြီးတို့အဖွဲ့ရွာစဉ်အနှံ့ ပွဲတွေမှာ ထမင်းချက်ဒန်ပေါက်ချက် အငှားလိုက်ရင်လည်း ဘာမှမလုပ်တတ်ဘဲ ကျွန်တော်ပါသွားတတ်သည်၊ အများအားဖြင့်ကျွန်တော်ကတောက်တိုမယ်ရ သူတို့ခိုင်းတာဘဲလုပ်တတ်သည်၊ ထင်းခွဲ အသားခုတ် ဟိုလုပ်ဒီလုပ်..မိုးချုပ်တော့ မနီးမဝေးက ကောက်ရိုးစဉ်နားမှာ ကျက်သမျှဟင်းတွေကိုမြည်းရင်း အရက်တစ်လုံးပြီးတစ်လုံးမိုးလင်းတဲ့အထိထိုင်သောက်..၊ သူတို့က တော့မိုးမလင်းခင်ချက်စရာရှိတာပြီးအောင်ချက်၊ မိုးလည်းလင်း ရော ရစရာပိုက်ဆံကိုအလှူရှင်၊မင်္ဂလာဆောင် သတိုးသားတို့ ဆီကတောင်းပြီး ကျွန်တော့်ကိုလှည်းပေါ်တင်ပြီးအိမ်ပြန်ရုံသာ၊ အဲ..သူနဲ့ကျွန်တော်စီးပွားရေုးတော့တွဲမလုပ် အဲဒါကတော့ ရွှေတို့ကျောက်တို့ဘယ်တော့မှနှစ်ယောက်အတူတွဲမတူး၊ အဲဒီအခါ သူကသူ့အဖွဲ့နဲ့သူ ကိုယ်ကကိုယ့်အဖွဲ့နဲ့ကိုယ်၊ များသောအားဖြင့်သူ့ကိုကျွန်တော်တို့က နှုတ်ခမ်းမွေးကိုအကြိုက်ထားတတ်လို့မွှေးကြီးလို့ပဲခေါ်ကြသည်၊ ပြီးတော့..ကျွန်တော်တို့သုံးဦးစလုံးကဒီနယ်ကမဟုတ်သလို ငယ်သူငယ်ချင်းများလည်းမဟုတ်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဒီနယ်ဘက်ကိုရောက်လာကျသူတွေချင်းမို့ ခင်မင်သွားကျတာဖြစ်သည်၊ ဒီလိုနဲ့ဒီတောဒီတောင်တစ်ကျောကဆင်စခန်းတွေကို ကျွန်တော်မကြာခဏအကြောင်းအမျိုးမျိုးနဲ့ရောက်ဖြစ်တတ်သည်၊
“ကျွန်တော်တို့ဆက်မနေရဲတော့ဘူး ဆရာ သူတို့ကလူအင်အားတောင့်တယ်ကြားတယ်၊ လက်နက်လည်းစုံတယ်တဲ့ ဒါနဲ့စခန်းပြန်ဆုတ်လာကြတာ..” စခန်းခေါင်းဆောင်ဦးနီဆောင်ကပြောလာသည်၊ သူကသာဆရာလို့ပြောနေတာ ကျွန်တော်တို့အသက်က ၂၀ ကျော်ရုံသာရှိကြပါသေးသည်၊ ဘဝပေးအခြေအနေအရ ဒီတောဒီတောင်ထဲရောက်လာကြပြီး ဒီဒေသကိုသံယောဇဉ်တွယ်လာကြတာဖြစ်သည်၊
“သစ်ကွက်တွေလည်းပြတ်ခါနီးပါပြီ..ကျွန်တော်တို့လက်စမသတ်သေးတာလေးတွေပြန်စီစဉ် ကြတာပေါ့ဗျာ၊” ကိုမြင့်ကအာမီရမ်ပုလင်းကချိတ်တွေ ကို ဓါးမြောင်အနှောင့်နှင့်ရိုက် ကာခွာလိုက်ပြီး နောက် ပုလင်းကိုဖွင့်လိုက်သည်၊ သက်ဆိုင်ရာတောပိုင်တောင်ပိုင်များကိုထုံးစံအတိုင်းပသ လိုက်ကြပြီးအလှည့်ကျ အရက်ဝိုင်းကို စလိုက်လျင် ပုလင်းကိုင် ကိုမြင့်က သူ့ဘေးက ကျွန်တော့် လက်ထဲကိုအရက်ခွက်ထိုးပေးလိုက်သည်၊ ဒီလိုနဲ့အရက်ခွက်လေးသည် တလက်ပြီးတလက်ပြောင်းရင်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်နေပါတော့သည်၊
အရှိန်လေးရတော့မှ စကားပြန်စသည်၊ ကိုဖဲက စိတ်မသက်မသာဖြစ်နေဟန်ဖြင့် “ကျွန်တော် ဒီကောင်တွေကို လွန်ခဲ့တဲ့တလလောက်က တခါ ရွှေပြန်ရေတံခွန်နားမှာ တွေ့ လိုက်သေးတယ်၊ အစကတော့ ရွှေတူးတဲ့သူတွေလို့ထင်နေတာ..၊” “ဟုတ်ပါတယ်ဒီကောင်တွေဘဲနေမှာပါ..၊ ဒါပေမယ့်အတွင်းလူမပါဘဲ လုပ်လို့ရတာမှမဟုတ်တာဘဲဗျ..၊ ဟိုခွေးမသား ငတင့်ဒီကောင်တွေနဲ့ပေါင်းလုပ်တာဖြစ်ရမယ်၊” မောင်ငယ်ဝင်ပြောလိုက်သည်၊ ဟုတ်သည်တောက်လုံးမှိုင်းလို စွယ်စုံဆင်ခေါင်းကြီးတစ်ကောင်ကို ဘယ်လိုလူက တောင်တွေဝိုင်းရံထားတဲ့ ဒီလိုကျဉ်းမြှောင်းတဲ့ချပ်ကြားထဲ မောင်းခေါ်လာနိုင်မလည်းဆိုတာကအထွေအထူးစဉ်းစားစရာတောင်မလို၊ တောင်လုံးမှိုင်းကိုစီးဘူးတဲ့သူတွေထဲမှာ ငတင့်လည်းပါသည်၊ အကျင့်မကောင်းလို့အလုပ်မှရပ်ဆဲခဲ့သော်လည်း သူကဒီတောထဲကထွက်မသွား တဝဲလည်လည်လုပ်နေသည်၊ အခုတော့သူ့အကြံကိုသိလိုက်ရချိန်မှာသိပ်နောက်ကျသွားပါပြီ၊
ယုံကြည်မှုကိုဖောက်ဖျက်ခံလိုက်ရတဲ့ တောင်လုံးမှိုင်းမှာတော့ လူယုတ်မာတစုကို အစွယ်တစ်စုံအတွက် အသက်ပေးလိုက်ရချေပြီ၊ တောင်းလုံးမှိုင်းရဲ့ ခန့်ညားတဲ့ဟန်နဲ့အတူ တောင့်တင်းလှပတဲ့အစွယ်တစ်စုံကို မြင်ယောင်မိလာသည်၊ သူက ဟိုင်းဆင်တွေလို ခွန်အားကြီးသလို သဘောလည်းကောင်းသည်၊ အလုပ်လည်းတော်လို့နာမည်ကြီးသည်၊ ပြီးတော့ဒီဆင်အုပ်မှာ သူကခေါင်းဆောင်ဆင်၊
“မနက်ကျရင်တော့ ရဲတွေလိုက်လာလိမ့်မယ်၊ အခုသူတို့ ရွှေစခန်းမှာဆင်းနေခဲ့ကြတယ်၊ သူတို့ရောက်တာနဲ့ထွက်ကြတာပေါ့ဗျာ၊” “ကားက စက်ကျချောင်းစပ်ထိဘဲသွားလို့ရတော့တယ်၊ အဲဒီကနေ နေ့တစ်ဝက်လောက်တော့လမ်းလျှောက်ရမယ်” ကိုဖောင် ဝင်ပြောလိုက်တော့မှ သတိရသည်၊ ဆင်ဝိုင်းကလူတွေကကျွန်တော်တို့လိုမဟုတ် တာဝန်တွေကိုယ်ဆီနဲ့၊ မနက်မိုးမလင်းခင်မှာလည်း ဆင်တွေကိုပြန်ကောက်ရဦးမည်၊ “ကဲကဲ..ဒါဆိုလည်းနားကြဦးဗျာ..”၊ ကိုမြင့်ကနောက်တစ်လုံးဆွဲထုတ်လိုက်ရင်း ပြောလိုက်သည်၊
ဦးနီဆောင်နဲ့ဆင်ဝိုင်းကလူတချို့ (တချို့လူတွေကအရက်လုံးဝမသောက်)သောက် စားပြီးထသွားကြပေမယ့်၊ ကျွန်တော်တို့သုံးယောက်ကတော့သောက်လို့မပြီးသေး..၊ မနက်ကျရင်ဆက်ရမယ့်ခရီးကို တိုင်ပင်နေကြသည်၊ တောင်လုံးမှိုင်းအသတ်ခံရတဲ့နေရာကိုရှာရဦးမည်၊
ဆင်တစ်ကောင်ကိုသတ်တယ်ဆိုတာကလွယ်တာမဟုတ် လူထက်ခက်သည်၊ သေနတ်နဲ့တစ်ချက်ထဲရုတ်တစ်ရက်သေတာမဟုတ်၊ နောက်ပြီးဘယ်သူမှလည်းသိလို့မဖြစ်၊ တစ်ယောက်ယောက်ကမြင်သွားသိသွားရင်လည်း အဲဒီလူကို နောက်ကလိုက်ပြီးနှုတ်ပိတ်ပြစ်တတ်သည်၊ ပြီတော့ ဆင်သတ်မယ့်လူတွေက သူတို့အလုပ်လုပ်မယ့်နေရာတစ်ဝိုက်က ဝင်လမ်းထွက်လမ်းတွေမှာ ထောင်ချောင်တွေဆင်ထားတတ်သည်၊ ဒါမှ အမှတ်တမဲ့ရောက်လာတဲ့သူကို ရှင်းပြစ်လို့ရမှာကိုး၊
ထိုညကတော့တောင်လုံးမှိုင်းအကြောင်းစဉ်းစားနေရင်းတော်တော်နှင့်အိပ်မပျော်..၊
သိတ်ကိုလိမ်မာတဲ့စွယ်စုံဆင်ကြီး၊ သူ့ကိုသတ်မဲ့အစားဘာလို့များ အနောက်တောဆင်ဝိုင်းက စွယ်စုံ လူသတ်သမား ဖားပျံ ကိုမသတ်တာလဲ၊ ဖားပျံကမှတကယ့်ဆင်မိုက် စီးရဲသူမရှိသလောက်၊ သတ်တာလဲကိုးလောင်းမ ဆယ်လောင်းကျော်ပြီ၊ သတ်မိန့်တောင်ပေးထားပြီးပြီကြားသည်၊ ဒါပေမယ့်လည်းစီးမဲ့သူကရှိလာပြန်တော့ မသတ်ဖြစ်၊ သူကလဲမိုက်သလားမမေးနဲ့လို့ဆိုရမည်၊ နားရွက်တစ်ဖက်ကပြတ်သလောက်ကို ဓားနဲ့ခုတ်ထားခံရသည်၊ သူ့ကိုမြင်ရတိုင်းလည်းခေါင်းကသွေးသံတရဲရဲ ဆင်ဦးစီးကလည်း လက်မရွှံဦးစီး၊
ဆင်ခိုးသတ်တဲ့ကောင်တွေက ဒီလိုဆင်မျိုးကျဘာလို့မသတ်လည်း သူလည်းစွယ်စုံကြီးဘဲ၊ အစွယ်လိုရင်သွားသတ်ကြလေ..၊
ဆင်ဆိုတာကလူတိုင်းအကိုင်ခံ၊ အကပ်ခံတာမဟုတ်၊ ဘုမသိဘမသိသွားကပ်လို့ကတော့ နံပြားဖြစ်သွားမည်၊ သူ့သခင်နဲ့ကိုယ်နဲ့ အတူတူဘော်ဒါဆိုတာကိုလည်းလက်ခံမှ၊ ပြီးတော့အထိအတွေ့များလာမှ တဖြေးဖြေးရင်းနှီးလာတာ..၊ သူ့ခေါင်းပေါ်မှာတက်စီးဖို့ဆိုတာကတော့ ကိုယ်ကလည်းသူ့အထာကိုသိမှ သူကလည်းကိုယ့်ကိုသူ့ဘော်ဒါလို့လက်ခံမှဖြစ်တာ၊
ဒီဆင်ဝိုင်းမှာ ကျွန်တော်နှင့်ခင်တဲ့ဆင်ကလည်း သူနဲ့ မိုးမခ နှစ်ကောင်ဘဲရှိသည်၊ သူတို့နဲ့ချောင်းထဲမှာရေချိုးရတာသိတ်ပျော်ဖို့ကောင်းသည်၊ ချောင်းရိုးအတိုင်းရေထဲ ကလာနေတဲ့ အခါ ကျွန်တော်က သူတို့ဦးကင်းပေါ်ကို ကမ်းပါးကျောက်တုံးကြီးပေါ်ကခုန်ချတာကိုမှတ်မိသေးသည်၊ တခါတလေလည်း သူ့ဦးကင်းပေါ်ကအရှိန်လွန်ပြီး သူ့အစွယ်ကြားရေထဲပြုတ်ကျတတ်သည်၊ သူ့ဦးကင်းပေါ်ကို ချိန်သားကိုက်ကျပြီး ဟန်ချက်ထိမ်းဘို့ကမလွယ်၊ ဒါပေမယ့် ဒီလိုခုန်တက်ရတာကမှပျော်စရာ၊ ပြီးတော့သူတို့ကိုယ်လုံးကို လျှော်ခေါက်တွေနဲ့ ပွတ်တိုက်ရေချိုးပေးရင်သူတို့ ဇိမ်ခံနေတတ်သည်၊ အခုတော့ တောင်လုံးမှိုင်းတစ်ယောက် ဒီတောဒီတောင်ကြားတစ် နေရာမှာ အသက်ပျောက်ရှာပါပြီ..၊
အစွယ်တစ်စုံအတွက် လူယုံသတ်လို့သေရှာပြီ၊
နေရာတိုင်းမှာ လူယုတ်မာတွေက လူကောင်းတွေအပေါ်အမြဲ လက်ဦးမှုရစမြဲ၊ ကောက်ကျစ်သူတွေရဲ့ထောင်ချောက်မှာ ရိုးသားသူတွေဘယ်လောက်စတေးခံရပြီးပြီလဲမသိ၊ သူရဲကောင်းတွေက ကြောက်တတ်သူတွေအတွက်အသက်ပေးနေရလေရဲ့၊ အပြောကြီးသူလူဆိုးလူမိုက်တွေကခေါင်းဆောင်လုပ်ပြီး တကယ်တတ်သိပညာရှိသူတွေက နောက်လိုက်ဖြစ်လားဖြစ်ရဲ့၊
ဒါပေမယ့်လေ.. ကျွန်တော်တို့ဘဝတစ်ရှောက်လုံးသင်ယူခဲ့ရတာက လူကောင်းတစ်ယောက်ဖြစ်ဖို့၊ ရိုးသားကြိုးစားဖို့၊ အနစ်နာခံကိုယ်ကျိုးစွန့်ရဲတဲ့သူရဲကောင်းစိတ်မွေးဖို့၊ အတတ်ပညာတွေသင်ယူပြီးလူ့လောကကို အကျိုးပြု့ဖို့မဟုတ်လား၊
ကျွန်တော် ရွှေတူးကျောက်တူးသမားတစ်ယောက်အနေနဲ့လည်းဒီလိုသင်္ခန်းစာတွေ အများကြီးရခဲ့ဘူး ပါတယ်၊ ဒါကြောင့်လည်းအခုအချိန်ထိ အရာရာတိုင်းကို သံသယရှိနေတတ်တာဖြစ်ပါလိမ့်မယ်၊
ဘဝပေးသင်ခန်းစာဆိုတော့ ဖျောက်ပြစ်လို့ရမယ်မထင်တော့ပါ..၊
ဒီအတွက်မှားတယ်ထင်ရင်ခွင့်လွတ်ပါ..လို့ပြောရင်းနားပါဦးမယ်၊
အမည်တချို့ပြောင်းရေးထားပါသည်၊ စကန်ဖတ်ပြီးတင်ထားတဲ့လွန်ခဲ့တဲ့၁၅နှစ်ကဓာတ်ပုံထဲမှာ ဘယ်သူလဲဆိုတာအဖြေရှာကြည့်ပါ၊ တောင်လုံးမှိုင်းအသက်ပေးခဲ့ရာနှင့်မိုင်အနည်းငယ်အကွာမှာရိုက်ထားတာဖြစ်ပါတယ်၊
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)
1 comment:
ဆင်တွေနဲ့ တောထဲမှာ သွားနေဖူးတာကိုး။
သူတို့  မကျီးသီးကြိုက်တာ ခုမှ သိရတယ် ။
အတွေ့ အကြုံတွေ အတော်လေး စုံတယ်နော်။
ကိုယ်တိုင် တောထဲရောက်သွားတဲ့ အတိုင်း ခံစားမိပါတယ်။
နေရာတိုင်းမှာ လူယုတ်မာတွေက လူကောင်းတွေအပေါ်အမြဲ လက်ဦးမှုရစမြဲ၊ ကောက်ကျစ်သူတွေရဲ့ထောင်ချောက်မှာ ရိုးသားသူတွေဘယ်လောက်စတေးခံရပြီးပြီလဲမသိ၊ သူရဲကောင်းတွေက ကြောက်တတ်သူတွေအတွက်အသက်ပေးနေရလေရဲ့၊ အပြောကြီးသူလူဆိုးလူမိုက်တွေကခေါင်းဆောင်လုပ်ပြီး တကယ်တတ်သိပညာရှိသူတွေက နောက်လိုက်ဖြစ်လားဖြစ်ရဲ့၊
ကြိုက်တယ်။။
ခင်မင်စွာ အားပေးလျှက်
ကိကီ
Post a Comment