Saturday, July 4, 2009

ကြိုဆိုပါတယ်သမီးငယ်..



၂၀၀၂ ခု အောက်တိုဘာလ ၁၁ရက်နေ့ သောင်္ကြာနေ့ နေ့လည်နှစ်နာရီလောက်မှာ စစ်တွေမြို့ကထွက်လာတဲ့လေယာဉ်ပေါ်မှာ အတေွးပေါင်းများစွာနဲ့ စီးနင်းလိုက်ပါလာတဲ့ကျွန်တော်ဟာမကြာခင် လူ့လောကထဲကိုရောက်လာတော့မဲ့ ပထမဆုံးသမီးအတွက် စိတ်လှုပ်ရှားနေမိတယ်၊ အမှန်အတိုင်းပြောရရင်တော့ သားလိုချင်နေခဲ့တာပါ၊ ကိုယ်မလုပ်နိုင်ခဲ့တဲ့ မလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို သားဆိုရင်တော့ဆက်လုပ်နိုင်လိမ့်မယ်လို့ယူဆထားခဲ့မိသည်၊ သို့သော်လည်းဘာမှမတတ်နိုင်၊

သမီးဆိုရင် ကျွန်တော်မချစ်မှာကို အမျိုးသမီးကစိုးရိမ်နေခဲ့ကြောင်းပြောဖူးသည်၊ အခုတော့ သမီးက ကျွန်တော့်ကျောပေါ်ကမဆင်း သူလိုချင်တာတွေကိုတစ်ခုပြီးတစ်ခုရဖို့ ပူဆာနေတော့သည်၊ ကျွန်တော့မှာလည်း ကလေးကို အငိုတိတ်အောင် ကြိုးစားဖို့ကလွဲပြီးဘာမှမတတ်နိုင်..၊

ရန်ကုန်ကို ရောက်တော့နားချိန်မရှိ၊ မကြာခင်မွေးလာတော့မယ်ကလေးအတွက် လိုအပ်တာတွေလိုက်လုပ်ရသည်၊ နောက်နေ့စနေနေ့ မှာလည်း ဆရာဝန်နဲ့ချိန်းထားသည်၊
ဒီလိုနဲ့စနေနေ့မနက်ပိုင်းမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးပါမောက္ခ်ဒေါက်တာဒေါ်မြမြနဲ့ တွေ့တော့ လိုအပ်တာတွေအကုန်စစ်ဆေးပြီး ဘယ်လိုပုံမျိုးမွေးချင်တယ်ဆိုတာကိုသေသေချာချာရှင်းပြပြီးမေးသည်၊ အမျိုးသမီးကို သူ့အမေမွေးတုန်းကလည်း ဆရာဝန်ကြီးဒေါက်တာဒေါ်မြမြဘဲမွေးပေးခဲ့သည်ဟုပြောပြသည်၊ လောလောဆယ်ခေတ်စားနေတာက ဗိုက်မနာဘဲမွေးတဲ့နည်း၊ ဒီတော့ မနာဘဲမွေးရမယ်ဆိုတော့ အမျိုးသမီးကအဲ့ဒီနည်းနဲ့ဘဲမွေးချင်ကြောင်းပြောလာသည်၊ ဒါဆိုရင်တော့ မေ့ဆေးအထူးကုဆရာဝန်ကြီးဒေါက်တာဦးကြင်ဟွန်းနှင့်သွားတွေ့ရမည်ဖြစ်ကြောင်းပြော
သည်၊ ဒါနဲ့ အဲ့ဒီနေ့ညနေဘဲဆရာကြီးနှင့်တွေ့ဖို့ချိန်းလိုက်သည်၊ ဖြစ်ချင်တော့ အလွန်အလုပ်များသော ဆရာကြီးက အဲ့ဒီနေ့ညနေမှာဘဲ စံပြရုပ်-+ရှင်ရုံနဲ့မနီးမဝေးက သူ့အိမ်မှာလာတွေ့ဖို့ပြောသည်၊ ဒါနဲ့လင်မယားနှစ်ယောက်ညနေ ၅နာရီခန့်မှာဘဲဆရာကြီးနဲ့သွားတွေ့ပြီး ညွှန်ကြားတာများကိုနားထောင်ပြီးပြန်လာခဲ့သည်၊ အပြန်လမ်း မှာ ရွှေပုဇွန်မှာ အအေးဝင်သောက်လိုက်ကြသေးသည်၊ ဘင်္ဂလားနယ်စပ်မှာငတ်ခဲ့တဲ့ကျွန်တော်လည်း အအေးကိုဇိမ်ခံသောက်ပြီးကလေးဘယ်နေ့မွေးမယ်ဆိုတာကို ပြောရင်းမြေနီကုန်းဘက်ကိုပြန်လာခဲ့ကြသည်၊ မွေးရမယ့် ရက်က ရောက်နေပြီဆိုတော့အချိန်မရွေးမွေးနိုင်နေတာကိုး၊

နောက်နေ့တနင်္ဂနွေနေ့ မနက် ၈နာရီလောက်မှာဘဲ အမျိုးသမီးဗိုက်စနာလာကြောင်းပြောသည်၊ ရေမိုးချိုးပြီးသူပြင်ဆင်နေတော့ ကျွန်တော်လည်းဘာလုပ်လို့လုပ်ရမှန်းမသိ ယောင်နေမိသည်၊ တော်သေးသည် ယောက်္ခမကြီး၊ မရီးများ နှင့် နှစ်ပေါင်းများစွာသူတို့နဲ့ နေလာတဲ့ အိမ်နီးချင်းများရှိလို့ပူစရာမလို၊ ဒီလိုနဲ့ဗဟိုစည်ဆေးရုံကို ၁၁နာရီကျော်ကျော်လောက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်ကြီးဒေါ်မြမြတို့လည်းရှေ့ဆင့်နောက်ဆင့်ရောက်လာတာတွေ့ရသည်၊ ဒါနဲ့ ဆေးရုံတင်ဘို့နဲ့မွေးဖို့ ပြင်ဆင်ကြသည်၊ အခန်းက ပထမထပ် နံပတ် ၁၁၃ မှာရသည်၊ အဆင်ပြေဖို့ဖြစ်လာတော့ မေ့ဆေးဆရာဝန်ကြီးလည်း ဗဟိုစည်မှာရှိနေသည်၊ ဒါပေမယ့်အဲ့ဒီတုန်းက မနာဘဲမွေးဖို့ခါးကိုထိုးရတဲ့ဆေးက ဆာကူရာဆေးရုံမှာသွားယူရမည်ဖြစ်ကြောင်းဆရာဝန်ကြီးကပြောသည်၊ ဒီတော့ ကျွန်တော်လည်းဆရာဝန်းကြီးဆီကစာကိုယူပြီးဆာကူရာကိုအမြန်ပြေးရသည်၊ ဆေးမရောက်ခင် အမျိုးသမီးတော့နာတာကိုအောင့်ခံထားဦးပေါ့၊ ဒါပေမယ့်ဒီလောက်ကြီးလည်းနာသေးပုံတော့မရပါ၊ ဆေးလည်းရောက်ရော မွေးခန်းအပြင်ကအခန်းတစ်ခန်းထဲမှာ ဆေးထိုးပြီးစောင့်ကြည့်နေရသည်၊ ဆရာကြီးကတော့ အချိန်မရှိ၊ သူ့တပြည့်ဆရာဝန်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်၊ ရောက်လာတဲ့ဆရာဝန်ကလည်း သူ့ဆေးခန်းကိုပိတ်ပြီးအမြန်လာခဲ့ရကြောင်းသိရသည်၊ သူ့ကြည့်ရတာလည်း ဒီလိုမနာမကျင်မွေးတဲ့ကိစ္စကိုအတော်စိတ်ဝင်စားပုံရသည်၊ ဘာဘဲပြောပြောအချိန်အတော်ကြာကြာကိုစောင့်ရသည်၊ မနာတော့မိခင်က အားမထုတ်လို့ကြာတာလည်းဖြစ်နိုင်သည်၊ ဒီလိုနဲ့ ညနေ ၇နာရီ၄၆မိနစ်မှာ ၇ ပေါင်၂အောင်စရှိတဲ့သမီးကိုမွေးတော့သည်၊



မွေးမွေးချင်းလာပြတော့ နီတာရဲသမီးလေးက မျက်လုံးလေးကြောင်တောင်တောင်နဲ့ဖြစ်နေသည်၊ ဒီလိုနဲ့ဆေးရုံမှာ ၅ရက်ကြာခဲ့သည်၊ သွေးထဲမှာ ဟေမိုကလိုဗင်များနေလို့ အသားဝါတာဆိုပြီးဓာတ်ကင်နေရလို့ကြာသွားတာဖြစ်သည်၊
အိမ်ပြန်ရောက်တော့ ကလေးတစ်ယောက်နဲ့ ကျွန်တော်တို့လင်မယားဘာမှမလုပ်တတ် ဒီတော့ယောက်္ခမအိမ်မှာဘဲဆက်နေလိုက်ကြရသည်၊ အဲဒီလိုကလေးနဲ့အလုပ်ရှုပ်နေရင်းဘဲ ခွင့် ၁၄ရက်ကပြည့်သွားတော့သည်၊ ဒါနဲ့ အလုပ်ရှိရာ ဘင်္ဂလားနယ်စပ်ကိုပြန်ခဲ့ရတော့သည်၊
ဘာဘဲပြောပြော ခွင့်နဲ့ပြန်ရောက်ရောက်ချင်းမွေးလို့ တော်သေးသည်၊ အချိန်အတော်ကြာကြာကလေးနဲ့နေလိုက်ရသည်၊ နောက်တစ်ခေါက် လေးလ ကြာလို့ပြန်ရောက်တော့ကလေးကအတော်ချစ်စရာကောင်းနေပြီ၊ သုံးလ လေးလ ကြာမှ တစ်ခါသာ ရန်ကုန်ကို အလုပ်နဲ့လာရင်းပြန်ရောက်ပြီး လေး၊ငါးရက်ထက်ကြာအောင်မနေရတာကများတော့ ကလေးကအဖေကို သိပ်မမှတ်မိပါ၊



သမီး တစ်နှစ်နဲ့ နှစ်လ ပြည့်ပြီး ကျွန်တော် သီရိလင်္ကာမသွားမှီ အညာက မိဘများကို တစ်ခေါက် ကလေးသွားပြလိုက်နိုင်သည်၊



ဒီတော့မှ အမေ၊အဖေ တို့လည်းကလေးကိုတွေ့ဘူးတော့သည်၊ သမီးတစ်နှစ်နဲ့ရှစ်လအရွယ် ကျွန်တော် သီရိလင်္ကာနိုင်ငံကနေပြန်လာတော့ သူအဖေကိုသိတ် မမှတ်မိတော့ တော်တော်နဲ့အကပ်မခံပါ၊ သူ့နားသွားရင်ငိုပြီးထွက်ပြေးသည်၊ တစ်ဖြေးဖြေးနဲ့ သူနဲ့ အတူတူဆော့ရင်းနဲ့ ပြန်ရင်းနှီးလာသည်၊ နောက်တော့ အဖေကိုမလွှတ်တော့ သူလိုချင်တာအကုန်ရတာကိုး..၊



ကျွန်တော်တို့မိသားစုအတူတူနေဖို့ အတော်ကိုအချိန်ယူကြိုးစားခဲ့ရသည်၊ နောက်ဆုံး တော့မျှော်လင့်ချက်တစ်ခုပေါ်လာတော့ အလုပ်ကနေအပြီးထွက်ပြီးရန်ကုန်မှာဘဲနေလိုက်သည်၊ နောက်ရမယ့်အလုပ်က သေခြာသလောက်ဖြစ်နေတာလည်းပါသည်၊ အဲဒီအလုပ်ကို လူတစ်ရာကျော်ရှောက်တဲ့အထဲကနေ စာမေးပွဲနှစ်ဆင့်ဖြေပြီးတော့ နောက်ဆုံး လေးယောက်ဘဲကျန်သည်၊ အဲဒီအထဲမှာ ယောက်ျားလေးကကျွန်တော်တစ်ယောက်ထဲကျန်တော့သည်၊ ပြီးတော့ကျွန်တော်က အသက်အငယ်ဆုံး၊ ကျန်တဲ့သူတွေက နိုင်ငံတစ်ကာအတွေ့အကြုံနဲ့လုပ်သက် နှစ်ပေါင်းများစွာသာတယ်ဆိုပေမယ့်၊ အလုပ်က ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်နဲ့အမျိုးအစားအတူတူဖြစ်ပြီး ဘာမှသင်စရာမလိုတော့အောင်ဖြစ်နေပြီးသား၊ အင်တာဗျူးတော့ လည်းအားလုံးအိုကေ၊ မေးခွန်းတွေက လည်း မလုပ်ဘူးတဲ့သူတွေ ဖြေနိုင်ဖို့မလွယ်တဲ့ လက်တွေ့မေးခွန်းမျိုးတွေ၊ ပြီးတော့မေးတဲ့သူတွေအားလုံးက ဥရောပနိုင်ငံအသီးသီးကလာသူတွေ နောက် ပြီးသူတို့နဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းကျွန်တော်တွဲလုပ်ဖူးထားတော့အားလုံး အဆင်ပြေသလောက်ကိုဖြစ်နေတာပေါ့ဗျာ..၊ ဒီလိုနဲ့ အိမ်မှာ နေရင်းသတင်းကောင်းကိုနားစွင့်ရင်းစိတ်အေးအေးနဲ့ဘဲစောင့်နေခဲ့တယ်၊ တစ်နေ့မှာတော့ မျှော်လင့်ချက်တွေကို ရိုက်ချိုးမယ့်သတင်းတစ်ပုဒ်ကို ဘီဘီစီကနေလွှင့်သွားပါတယ်၊ ကျွန်တော်ဟာမဟုတ်ပါစေနဲ့ လို့ရင်ခုန်စွာဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ခဲ့ပါ..၊
ရွှေတူးကျောက်တူးသမားဘဝမှာ ဆုတောင်းတွေတစ်ခုမှမပြည့်ခဲ့သလို အဲ့ဒီတုန်းက လည်းမပြည့်ပြန်ခဲ့ပါ..၊

အခုလည်းသားလိုချင်ပေမယ့်သမီးဘဲထပ်ရဦးမည်၊ မတတ်နိုင် သမီးကြီးအတွက်ကောင်းတာပေါ့လို့ဘဲတွက်ရတော့မည်၊ အသက်ကတော့ ၆နှစ်ကျော်ကွာ သွားမည်ဖြစ်သည်၊



တစ်ယောက်ထဲ နေတတ်တဲ့ကျွန်တော့်အတွက် ဘယ်နေရာနေနေ ဘာမှမဆန်းပေမယ့်၊ အမျိုးသမီးနဲ့ သမီး အဖော်မဲ့ဖြစ်နေပြန်ရင် ကျွန်တော်တကိုယ်ကောင်းဆန်ရာကြမည်၊ သမီးအတွက်ရှေ့ရေးတွေကို တွေးရင် သမီးအတွက်မောင်နှစ်မတစ်ယောက်လိုနေပြီဆိုပြီး အမျိုးသမီးရဲ့ အလုပ်ရပ်သွားစဉ်မှာ ကလေးအမြန်ယူလိုက်ရတာဖြစ်သည်၊ သမီးကလည်း “မီးမီး ရဲ့ညီမလေးတွေ မောင်လေးတွေကဘယ်မှာလည်း”လို့ခဏခဏ မေးနေတာ ကလည်းတစ်ကြောင်းပေါ့လေ၊



မနေ့ကဆရာဝန်ပြောတာကတော့ သားအိမ်က 3cm ပွင့်နေပြီဆိုတော့ ဒီနေ့လား မနက်ဖြန်လားမသိမွေးတော့မည်၊ သူ့ရက်အတိုင်း ဇူလိုင်၎ရက် လွတ်လပ်ရေးနေ့မှာ မွေးရင်လည်းကောင်းမည်၊ ဆေးရုံက မီးရူးမီးပန်းတွေဖောက်တဲ့ တက္ကသိုလ် ဘောလုံးကွင်းနဲ့နီးတော့ သူ့ကိုကြိုဆိုသလိုမျိုးပေါ့..၊

7 comments:

khin oo may said...

အဆင်ပြေချောမောပါစေမောင်ငယ်။

ThuHninSee said...

သမီးကြီးက ချစ်စရာကောင်းလိုက်တာ။ သမီးရမယ်ဆို တစ်ယောက်လောက်
မွေးချင်ပါတယ်။ သားလုံးဝမလိုချင်ဘူး။ အခု နှစ်ယောက်တောင်ဆိုတော့
အားကျပါသည်။ သမီးတစ်ယောက်ဆို ဟင်းတစ်ခွက်တဲ့။ အခုဟင်းနှစ်ခွက်ပေါ့။ မွေးဖွားရ အဆင်ပြေချောမွေ့ပါစေ။

JuneOne said...

အိမ်ကလူက သမီးလိုချင်တာ။ဒါပေမယ့် ရလာတော့သား။
သမီးရမယ်ဆိုရင် နောက်တစ်ယော်ကူချင်ပါတယ်။
သားဖြစ်နေမှာကြောက်လို့ မယူတော့ဘူး။
တစ်ယောက်နဲ့တင် လက်လန်နေပြီ။
အားလုံးအဆင်ပြေချောမွေ့ပါစေ။

Anonymous said...

ပလိုင်းလွယ်ထားတဲ့ ပုံလေးက ချစ်စရာလေး
ကချင် ဝတ်စုံလေးနဲ့ ပုံလေးလဲ မိုက်တယ်။

Anonymous said...

ဇူလိုင်၎ရက် လွတ်လပ်ရေးနေ့မှာ မွေးရင် အိုဘားမားနဲ့ အမျိုးတော်ရမယ်။ အိုဘားမားကလဲ ၄ ဂဏန်းသမားလေဗျ။

subuueain said...

အဆင်ပြေချောမွေ့ ပါစေ

rose of sharon said...

သမီးလေးကချောချောလေး...သမီး၂ယောက်ရှိတာကောင်းတာပေါ့...သူတို့ချင်းအဖော်ရတယ်လေ...ညီအမနှစ်ယောက်တိုင်ပင်ဖေါ်ရတာပေါ့...