Saturday, April 17, 2010

ချက်ပါယ်ဟေးမှ ၂၀၁၀ နှစ်ဆန်းတစ်ရက်နေ့



ချက်ပါယ်ဟေး မှာ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ နဲ့ ဆွမ်းအလှူပွဲ ရှိတာကတစ်ကြောင်း မပြတ်သေးတဲ့ အလုပ်ကိစ္စတစ်ခုရှိနေတာက တစ်ကြောင်းကြောင့် မနေ့က နေ့လည်ပိုင်းလောက်မှာဘဲ ချက်ပါဟေးကို ရုံးပိတ်ချိန်မတိုင်ခင်အမှီ သွားဖြစ်ခဲ့ပါတယ်၊



ကိုယ့်ကိစ္စ မြန်မြန်ပြတ်သွားတာနဲ့ အရင်အမြဲသွားခဲ့ဖူးတဲ့ ဈေးဆိုင်တွေ လျှောက်ကြည့်ပြီးညနေပိုင်းရောက်တော့ ကိုသိန်းတို့အိမ်မှာဘဲ အိပ်ဖြစ်ပါတယ်၊ ကိုသိန်းတို့ လည်းမနက်ဖြန်လှူဖို့တန်းဖို့ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြပါတယ်၊ ကိုသိန်းတို့က သင်္ကြန်ထမင်းဟင်းချက်ပြီးလှူကြမှာပါ၊ ကျွန်တော်လည်း သရက်သီးလေးနည်းနည်းပါးပါး အခွံဝိုင်းနွှာပေးပြီးတာနဲ့ ခဏဆိုပြီး အိပ်လိုက်တာ မိုးလင်းခါနီးမှဘဲနိုးတော့တယ်..၊ ချက်ပြုတ်နေတဲ့အသံတွေကတော့ မကြားတစ်ချက်ကြားတစ်ချက်..၊



မိုးလင်းလို့ထချိန်မှာဘဲ အမျိုးသမီးက အိပ်ချင်းမှုးတူးလေသံနဲ့ ပြောလိုက်တဲ့စကားကြောင့် ခေါင်းနပန်းကြီးသွားပါတော့တယ်..၊ မနေ့ညက အပါ့မန့်ရှေ့မှာ ရပ်ထားတဲ့ကား မှန်ကို ငမဲတစ်ကောင်ရိုက်ခွဲသွားတယ်တဲ့..၊ ဟာ ဘာလို့ရဲမခေါ်လည်းလို့ ပြောရင်းပြတင်းပေါက်ကလှမ်းကြည့်လိုက်တော့ ဘေးမှာယှဉ်ရပ်ထားတဲ့ ကားကလေးတစ်စီးလုံးမှန်တွေကို ရိုက်ခွဲထားတာ ရစရာမရှိ..၊ ဒီလောက်ဆိုကိုယ့်ကားလည်းအနည်းအကျဉ်းတော့ ထိမှာဘဲဆိုပြီးသေသေခြာခြာသွားကြည့်ရ တယ်၊ တော်သေးတယ် ဘာမှမဖြစ်လို့..ဒါပေမယ့် ကားဘေးမှန်မှာတော့ သွေးတွေအနည်းငယ် လာစဉ်နေတာတွေ့တယ်..၊ ဟိုဘက် အခြမ်းက ကားမှာလည်းသွေးတွေစဉ်နေတာတွေ့ရတယ်.. ပြီးတော့ သွေးကွက်တွေလည်းတွေ့တယ်..၊



ကြည့်ရတာ ကားမှန်ရိုက်ခွဲပြီး အထဲကိုနှိုက်လိုက်စဉ်မှာ ထိခိုက်မိသွားတာလား..တော့မသိ..၊ ငမဲတွေနဲ့ မြန်မာပြည်သားတစ်ချို့ ညှိဖူးတဲ့အကြောင်းတော့ နောက်မှရေးတော့မယ်..၊



ဒီလိုနဲ့ မနက် ၁၂နာရီလောက်မှာ အသိတစ်ယောက်အိမ်မှာ ဟိုက်ပွိုင့်ဆရာတော်ရဲ့တရားနာ သီလယူပါတယ်၊


နောက်..စားသောက်ပြီးတော့ ချက်ပါဟေး ဘုန်းကြီးကျောင်းဖက်ဆက်ခဲ့ကြပါတယ်..၊ ကလေးတွေကတော့အတော်ပျော်နေပုံရပါတယ်..၊



ဘုန်းကြီးကျောင်းလည်းရောက်ရော ကိုဇော်ဇော်က သင်္ကြန်ဖိတ်စာပေးပါတယ်..
နားရှုပ်မသွားပါနဲ့ဦး..၊ အခုကျင်းပတာက ရိုးရာမပျက်နှစ်သစ်ကူးနဲ့ သက်ကြီးပူဇော်တဲ့ ကုသိုလ်ပွဲပါ၊ သင်္ကြန်ရေကစားပွဲနဲ့ ကုသိုလ်ပြုပွဲ နောက်တစ်ခုက ရာသီဥတုပူနွေးလာတဲ့ မေလ ၂၉ရက်နေ့မှာကျင်းပမှာပါတဲ့..၊ နေရာကတော့.. 2214 NC HWY 54 W, Chapel Hill, NC 27516 ၊ အချိန်ကတော့ နေ့လည် ၁၂ နာရီကနေ ညနေ ၆နာရီထိပါ၊ နောက်ပြီး ဟိုက်ပွိုင့် မြို့ မှာလည်း ထုံးစံအတိုင်း အစဉ်အလာမပျက် ရေကစားပွဲနဲ့ ကုသိုလ်ပြုပွဲတွေ ကျင်းပမယ်လို့သိရပါတယ်၊ နေ့ရက်ကိုတော့ ကျွန်တော်အတိအကျ မသိသေးပါဘူး၊ မေလ ၃၀ ရက်ဖြစ်မယ်လို့တော့ကြားပါတယ်၊


ညနေပိုင်း ရှားလော့မြို့ကို ပြန်ရောက်တော့ သွေးစတွေပေနေတဲ့ ကားကိုချက်ချင်းရေ၀င်ဆေးလိုက် ပါတယ်၊ ဒါတောင်ဆေးနေကြဆိုင်က ပိတ်ထားလို့နောက်တစ်ဆိုင်သွားဆေးလိုက်ရတယ်၊ နှစ်သစ်မှာ မကောင်းဘူးလေ..၊

တင်ပြစရာ တွေကတော့ ဒီလောက်ပါဘဲခင်ဗျာ..၊

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ..၊

No comments: