Wednesday, June 3, 2009

ဆေးရောင်စုံ မေတ္တာ များ

ဒီလကစပြီးတကယ်ကို အလုပ်များတော့မှာမို့ ရင်တော့ခုန်သား..၊ ကလေးက July 4 မှာမွေးမယ်ဆိုပေမယ့် ၂ပတ်လောက်လဲစောမွေးနိုင်တာဆိုတော့ အသင့်ပြင်နေရပြီ၊ အမျိုးသမီးကလည်း ဆွေမရှိမျိုးမရှိ အပေါင်းအသင်းနဲ့ဝေးရာ ဆိုတော့ သူငယ်ချင်းတွေကိုပြန်တမ်းတနေလေရဲ့၊ သူ့ဘော်ဒါအများစုကလည်း နိုင်ငံအနှံမှာရောက်နေကြတော့ ဂျီတော့ နဲ့ဘဲ စခန်းသွားနေရတော့တယ်၊ အမေရိကန်နေ သူ့ဘော်ဒါဟောင်းတွေကလည်း အများအားဖြင့် ကယ်လီဖိုးနီးယားဘက်မှာ

ဆိုတော့အဝေးကြီး ပါးစပ်နဲ့ လည်နေကြတာကတော့ ကြာပြီတခါမှလက်တွေ့သွားမလည်နိုင်ကြသေး၊ ရန်ကုန်မှာ ပထမဆုံးသမီးမွေးတော့ အနားမှာ ဆွေမျိုးတွေ သူငယ်ချင်းတွေနဲ့ အားရှိတယ်ဆိုဘဲ၊ အဲဒီတုန်းက ကျွန်တော်မှာ ခွင့် ၂ပတ်နဲ့ အပြေးပြန်လာခဲ့တာ ဒီနေ့ရန်ကုန်ရောက်မနက်ဖြန်ကလေးမွေးဖြစ်သွားလို့ကလေးနဲ့ အတူ၂ပတ်နီးပါးနေလိုက်ရတယ်၊ နောက်တစ်ခါရန်ကုန်ကိုပြန်ရောက်တော့ကလေးက ၅လရှိသွားပြီ၊ များသောအားဖြင့်လည်း တခါပြန်ရင် ၂ရက်၃ရက်ထက်ပိုမနေခဲ့ရ၊ နောက်ဆုံး သီရိလင်္ကာ နိုင်ငံကနေအလုပ်ထွက်ပြီးပြန်လာတော့ ကလေးကလမ်းရှောက်တတ်နေပြီ၊ ပြီးတော့အဖေကိုမမှတ်မိ၊ အကပ်မခံဖြစ်နေတယ်၊ အတော်လေးကြာမှ အဖေမှန်းသိတတ်လာတာ၊ သမီးတစ်နှစ်ခွဲကျော်ကျော်လောက်ရမှ မိဘများရှိရာ အညာကရွာကလေးကို ကလေးသွားပြနိုင်တော့တယ်၊ ရန်ကုန်တက္ကသိုလ်မှာဘွဲ့ယူစဉ်တုန်းက တယောက်ထဲ ကြောင်တောင်တောင်နဲ့ ဘွဲ့ဝတ်စုံကို အသာချွတ် ကြွပ်ကြွပ်အိပ်ထဲထဲ့ပြီး ကြောင်တောင်တောင်ဖြစ်နေတုန်း ကိုယ်လိုလူတယောက်နဲ့ တွေ့လို့တော်သေးတယ်၊ သူကတော့ ညီအစ်ကိုမောင်နှမမရှိ၊မိဘနှစ်ပါးလုံးမရှိတော့ သံယောဇဉ်မရှိ၊ နောက်တစ်ယောက်က အင်းစိန်က အရှည်ကြီး၊ သူကတော့ အပေါင်းအသင်းကိုအားလုံးထက်ပိုချစ်တဲ့သူ၊ သုံးယောက်သား တစ်ညနေလုံးသောက်လိုက်ကြတာ ဘာမှကိုမမှတ်မိတော့၊ အမျိုးသမီးကတော့ထင်မယ် ကျွန်တော်နဲ့ ကျွန်တော့်မိဘတွေမချစ်ကြဘူးလို့၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တစ်နှစ်နေလို့စာတစ်စောင်မရေးခဲ့သလိုသူတို့လည်းမရေး၊ တကယ်တော့ ဒါကကျွန်တော်တို့မိသားစုရဲ့စတိုင် တမျိုးမို့ပါ၊ ကျွန်တော့်အမေက ပျော့ညံ့တာ၊ ကိုယ့်ကိုကိုယ်သနားတာကိုသိပ်မုန်းတယ်၊ ဘွဲ့ယူတုန်းကမလာနိုင်တာကိုအဒေါ်တွေက ပြောမိတော့ အဲဒါဘာဖြစ်သလဲ သူများတွေလည်းဒီလိုအများကြီးဘဲ မင်းကဒါကို အားငယ်သလားလို့ ကျွန်တော့်ဘက်လှည့်မေးသေးတယ်၊ ကျွန်တော်လည်း ဒီလိုဆိုတော့စိတ်ကတင်းကနဲဖြစ်သွားပြီး၊ ကျွန်တော်ဘယ်တုန်းကဒီလိုပြောဘူးလဲ ကျွန်တော်ကသိပ်ခံစားချက်ရှိတဲ့ကောင်မဟုတ်မှန်း အမေသိပါတယ်လို့ပြောမိသေးတယ်၊ ဒါပေမယ့်ဗျာ.. တခါတော့အမေတော်တော်စိတ်မကောင်းဖြစ်သွားခဲ့ဘူးတယ်၊ ကျွန်တော်နှစ်စဉ်လို လပေါင်းများစွာအိမ်ကထွက်သွားပြီး ရွှေတူးကျောက်တူးသွားနေခဲ့ရာက တစ်နေ့အိမ်ကိုပြန်ရောက်တော့ အမေနဲ့ ကျွန်တော်စကားလက်ဆုံကြနေမိတယ်၊ အဲ့ဒီမှာ အမေလွတ်ကနဲတခုပြော လိုက်တာက ငါ့သားတောင်အတော်စိမ်းသွားပြီဘဲတဲ့ ရုပ်တစ်ရက်နားမလည်၊ နောက်မှ အမေပြောပြတယ် မင်း ဘယ်တုန်းကမှ စကားပြောရင်ကိုယ့်ကိုကိုယ် ကျွန်တော်လို့မပြောခဲ့ဘူး ကိုမျိုး ဒါမှမဟုတ် သား လို့ဘဲပြောခဲ့တာတဲ့၊ အေးဗျာ..မိဘနဲ့သားသမီးကြားကမေတ္တာဆိုတာ ကစာနဲ့ရေးပြလို့ရတာမှမဟုတ်တာဘဲ..၊ နောက်ပြီးတစ်ယောက်နဲ့တစ်ယောက်တူနိုင်မှာလည်းမဟုတ်၊ ဒါပေမယ့် မိဘစကားနားထောင်ရင်တော့ဒုက္ခတော့သိပ်မရောက်နိုင်ဘူးပေါ့ဗျာ၊ ကျွန်တော့်ဘဝမှာ ဒေသအတော်များများမှာကျင်လည်ခဲ့ ပျက်စီးခဲ့ဘူးပေမယ့် မိဘစကားကြောင့် ပြန်ပြန်အဖတ်ဆည်နိုင်ခဲ့တယ်၊ အမေက ပြောတယ် ငါ့သားကိုယုံတယ် မင်းဟာဘယ်တော့မှ မဟုတ်တာလုပ်မယ့်ကလေးမဟုတ်ဘူးတဲ့၊ ဒါကြောင့်မဟုတ်တာ (မကောင်းမှန်းသိလျက်နဲ့လုပ်ချင်နေတဲ့ဟာ)လုပ်ဘို့ကြံရင်ဘဲဖြစ်ဖြစ်၊ လုပ်မိပြီးရင်ဘဲဖြစ်ဖြစ်အမြဲပြန်ထိမ်းနိုင်နေခဲ့ သေးတယ်(လတ်တလောအချိန်ထိ)၊ တကယ်တမ်း ကျွန်တော့ကိုချစ်တာက အဖွားပါ၊ သူ့လက်ပေါ်မှာကြီးလာခဲ့တာကိုး၊ မှတ်မိသေးတယ်..တခါရန်ကုန်သွားခါနီး မန္တလေးဘူတာကြီးထဲမှာ သူကအင်းချထားတဲ့ကျပ်တန်လေးနှစ်ရွက်ပေးတယ်၊ ဒါလေးဆောင်ထား..ရင်ငွေမပြတ်ဘူးတဲ့၊ လမ်းလည်းကျရော ရေဝယ်ဖို့အကြွေမရှိတာနဲ့ အဲဒါနဲ့ဘဲရေဝယ်သောက်လိုက်တော့ အတူသွားတဲ့သူငယ်ချင်းက ဟာ..မင်းဘယ်လိုလုပ်တာလည်းတဲ့၊ သူ့ရှေ့မှာသူစိတ်ချမ်းသာအောင်ဂရုစိုက်လိုက်ရင်ပြီးတာဘဲကွာ၊ သူမှမသိတာကိစ္စမရှိပါဘူးလို့ပြောလိုက်တယ်၊ အတော်ဆိုးတဲ့ကောင် အဖွားကိုပြန်တိုင်တယ်၊ နောက်ဆုံးတော့ အဖွားကသူ့မြည်းစကားကိုဘဲယုံတာပေါ့..၊သူ့အလစ်မှာ ပိုက်ဆံတစ်ရွက်ကို ဘော်ပင်နဲ့ချစ်ပြီး အဖွားပေးတာဒီမှာလေ လိုပြလိုက်တယ်၊ အသက်၇၀ ကျော်မျက်စိမှုန်နေတဲ့အဖွားကရုပ်တစ်ရက် တော့ဘယ်သိလိမ့်မလည်း၊
အေးဗျာ ကလေးတစ်ယောက်ထပ်ရခါနီးမှ မိဘမေတ္တာကိုအမှတ်ရလိုက်တာပါ၊ ဖခင်မေတ္တာအကြောင်းတော့ထားလိုက်ဦးမယ်၊ ကျွန်တော်ဆယ်တန်းဖြေတာလည်းသူမသိခဲ့၊ အောင်တာလည်းမသိခဲ့၊ ရန်ကုန်တက္ကသိုလ်သွားခါနီးမှဘဲသိတော့တယ်၊ သူကတော့ထင်ခဲ့မှာဘဲ သားတစ်ကောင်တော့ ရွေတူးကျောက်တူး ဆေးချ ပြီး တောထဲကထွက်တော့မှာမဟုတ်လို့၊ အသုံးမကျတဲ့ကောင် ဘယ်တော့မှ တိုးတက်မဲ့ကောင်မဟုတ်လို့ပြောခဲ့တဲ့သား တစ်ယောက် အမေရိကားဘယ်မှာနေတယ်ဆိုတာရောသူ သိမှသိပါလေစ..၊

ကဲကဲ စကားဖြတ်ပြီး..
ရှိသမျှ သင်္ကြန်ဗွီဒီယိုအကုန်ကိုထပ်ပြီးတင်လိုက်ပါတယ်၊ ဒီတစ်ခါတော့တကယ်အကုန်ပါဘဲ..၊ အရင် ပို့မှာနောက်ဆုံး..ဗွီဒီယိုလို့ပြောခဲ့တာ ကျွန်တော်ညာတာပါ..၊ညာတတ်တာကိုဝန်ခံပါတယ်၊ ခင်ဗျားကော..ညာတတ်လား..မလိမ်ကြေး..





1 comment:

Mogok Thar said...

ချစ်ချစ်ခင်ခင် ရင်းရင်းနှီနှီး..
မထိခိုက်စေတဲ့ ကိစ္စတွေ ညာတတ်ပါ၏။ ပလီတတ်ပါ၏။

ကွိကွိ