Tuesday, May 12, 2009

တခါတုန်းက

ကျွန်တော်တို့ရပ်ကွက်ထဲမှာ တကယ်ဆိုတော့ရွာထဲမှာပေါ့ဗျာ ရွာတွေဆက်သွားတော့မြို့
လိုဖြစ်လာပြီး ကျွန်တော်တို့ပြောင်းရွှေ့အခြေချတဲ့အပိုင်းကိုကျတော့ရက်ကွက်နာမည်နဲ့ခေါ် တယ်၊ အဲ့ဒီတိုးချဲ့ရက်ကွက်ထဲမှာတော့လူသစ်တွေများတာပေါ့၊

ကျွန်တော်တို့အိမ်နီးနားခြင်း ထဲမှာ ကိုကုလားတို့မိသားစုလည်းပါတယ်၊
ကိုကုလားကမန္တလေးဘက်ကလို့ပြောတယ်၊ အဲ့ဒီက အမကြီးနဲ့ရပြီးဒီမှာဘဲဆက်နေတယ်၊ တကယ်တော့ယောက္ခ်မအိမ်မှာ ကပ်နေတာပါ၊ ယောက်္ခမနဲ့စကားများရင်တောထဲကတဲအိမ်လေးမှာသွားနေတယ် တဲ့၊သူတို့ရပုံကလည်း သိပ်မြန်ဆိုဘဲ ရွာဘုရားပွဲမှာ

တခါထဲရသွားတာတဲ့၊ ဒီလူကဘုရားပွဲ တကာ၊နယ်အနှံ့ရှောက်သွားပြီးလောင်းကစားလုပ်တဲ့ သူ၊ ဟုတ်ကဲ့..အခုလည်းသူဒါဘဲ အဓိကလုပ်တယ် ဒီရွာတဝိုက်ကလည်း လောင်းကစားသမားများမှ များကိုး၊ အပေါစား လောင်းကစားသမားဆို တော့ဆင်းရဲတယ၊် သူကလည်းမကစားရမနေနိုင်..၊ တခါတလေမိန်းမကကြုံရာလုပ်ပြီးမိသားစုကို ရှာကြွေးရတယ်၊ ကလေးတွေကလည်းများမှများဗျို့၊ တယောက်ပြီးတယောက်ဘဲ၊ ဒီလောက် ပိန်လှီလှတဲ့လင်မယားကမွေးလည်းမွေးနိုင်လွန်းတယ်၊ ခြောက်ယောက်တောင် ဒါတောင်သေသွားတာတွေရှိသေးတယ်၊ အဓိကအရေးကြီးဆုံးပြောချင်တာကတော့ သူတို့ဘယ်တော့မှ ရန်မဖြစ်ဘူး၊ စကားတောင်တယောက်နဲ့တစ်ယောက်မာမာပြောတာမ ကြားဘူးဘူး၊ အမြဲတမ်းလည်း တပူးတွဲတွဲ တွေ့ရတယ်၊ အလုပ်ကိစ္စရှိလို့ကလွဲပြီး ဘယ်တော့မှ မခွဲကြဘူး၊ ညဘက်ဖဲဝိုင်းတွေမှာ (ကျွန်တော်မပါဘူးနော်) ယောက်ျားကဖဲရိုက်ရင်မိန်းမကဘေးကနေ တညလုံးထိုင်တယ် ရင်ခွင်ထဲမှာ ကလေးတစ်ယောက်ကနို့စို့ရင်းအိပ်လို့တခြားအငယ်နှစ် ကောင်ကလည်း ဖဲဝိုင်းဘေးမှာဖက်ပြီးအိပ်နေကြတယ် များသောအားဖြင့်တုံးလုံးလေးတွေများ တယ်၊ အမယ် အဲဒီကလေးတွေလည်း အချင်းချင်းရန်ဖြစ်တာမတွေ့ဖူးဘူး၊ သူ့အမေရိုက်တာတော့တွေ့ဖူး တယ်၊ သူ့အဖေကိုအာရုံနောက်အောင်လုပ်တဲ့အခါမျိုးမှာဖြစ်မယ်ထင်တယ်၊ အမကြီး ကြည့် ရတာလည်း သူ့ယောက်ျားကသူ့အတွက် ပထမ ကလေးတွေကဒုတိယသဘောထားတာသိသာတယ်၊ ကလေးတွေဘဝကလည်းသနားစရာနည်းနည်းကြီးလာရင် တွေ့ရာအလုပ်လေးတွေရှောက် လုပ်ခိုင်းတယ်၊ အကြီးနှစ်ကောင်က အလုပ်မရှိရင်ဘုန်းကြီးကျောင်းရောက်သွားပြန်ရော၊ တခါတလေ ဖဲဝိုင်းကဖဲရှုံးပြီးတိတ်ဆိတ်စွာ ပြန်လာကြ တာကို အိပ်မရလို့ဂစ်တာထတီးတဲ့အချို့ညတွေမှာ ဆုံဖြစ်တယ်၊ တခါတလေလည်းနှုတ်ဆက်ဖြစ်တယ် တခါတလေလည်း တိတ်တိတ်ဆိပ်ဆိပ်နဲ့ မှောင်မဲတဲ့ညသန်းခေါင်ကျော်မှာ ကတ္တရာလမ်းအတိုင်း ရှောက်သွားကြလေရဲ့၊ ဒါကြောင့်လည်း သူ့ကလေးတယောက်မြွေကိုက်ပြီးဆုံးသွားရှာတယ်၊ တခါတလေကိုကုလား ပြောဘူးတယ် သူ့မိန်းမကသူ့ရဲ့ဘဝဘဲတဲ့၊ ဆိုးသွမ်းပေတေပြီး လျှောက်သွားနေတဲ့တကောင်ကြွက် လောင်းကစားသမားတယောက် အနေနဲ့မိန်းမတွေအများကြီးတွေ့ခဲ့ ဘူးတဲ့သူဟာဒီမိန်းမနဲ့မှ ဘဝကိုအခြေချဖြစ်တယ်တဲ့၊ အမြဲအေးအေးဆေးဆေးပုံစံရှိတဲ့ သူ့မိန်းမကတော့ တခါတလေ မိသားစုကိုထိလာရင်တော့ ကျားတကောင်လိုဖြစ်လာတတ်တယ်၊ အေးလေ လောင်းကစားသမားဘဲတခါ တလေရန်ဖြစ်မှာပေါ့၊ ဒီလိုနဲ့ တနေ့မှာသူတို့မိသားစု ရွှေတွင်းတွေ အထက်ဖက်အရပ်မှာပေါ်လာလို့ ပြောင်းသွားကြတယ်၊ နောက်တော့ မိန်းမချင်းဖြစ်တဲ့ရန်ပွဲတခုမှာ အမကြီး အသတ်ခံလိုက်ရတယ်၊ ကိုကုလားတို့မိသားစုဘဝကိုဆက်မပြောချင်တော့ပါဘူးဗျာ..၊ ပညာဥစ္စာအကျင့်စာရိတ္တမျိုးရိုးဇာတိဘာဆိုဘာမှမရှိဘဲအချစ်တခုထဲနဲ့ ဘဝကိုတည် ဆောက်ရဲတဲ့ သတ္တိတွေနဲ့အမကြီးကဘဲပိုချစ်သလား၊ ရေမျောကမ်းတင်တွယ်ယာမဲ့ဘဝက နေတွယ်မိတွယ်ရာ ခိုကပ်ရင် အချစ်နဲ့ဘဝကိုရှင်သန်ဖို့ကြိုးစားခဲ့တဲ့ ကိုကုလားကဘဲပိုချစ်သလား တော့မသိပါ၊ ဘယ်လိုဘဝမျိုးဘဲဖြစ်ဖြစ်အချစ်ကတော့အချစ်ပါဘဲလေ..၊
ဘာဘဲပြောပြော ကလေးတွေလက်ဆွဲပြီး ကျွန်တော်ကိုတွေ့ရင်ပြုံးပြ နှုတ်ဆက်တတ်ကြတဲ့ သူတို့လင်မယားလောက် ချစ်တတ်တဲ့သူရှိတော့ ရှိလိမ့်မယ် ဒါပေမယ့်မတွေ့ဘူးသေးဘူး၊
ကျွန်တော်ကတော့ချစ်တတ်သူများကိုလေးစားလျက်..၊
အချစ်အကြောင်းလေးတွေဖတ်ရတော့ ကိုယ်နဲ့ သိတဲ့အချစ်အကြောင်းလေးတွေရေးချင်လာတယ်၊ အစကတော့လုံးဝခြားနားတဲ့အကြောင်းအရာသုံးခုယှဉ်ရေးမလို့ဘဲ ဒါပေမယ့်သိပ်ရှည်သွားမှာစိုးလို့ ပြန်ခွဲလိုက်ရတယ်၊

No comments: