Thursday, May 21, 2009

ဒီလိုပြောတယ်


အမေရိကန်နိုင်ငံနှင့်တကမ္ဘာလုံး၏စီးပွားရေးအခြေအနေကတော့သိတဲ့အတိုင်းပါ၊ မကြာခင်မှာတော့ပြန်ကောင်းလာမှာလို့မျှော်လင့်ရတာပါဘဲ၊ ကျွန်တော်တို့မြန်မာပြည်ကြီးရောဘယ်လိုအခြေအနေရှိပါလိမ့်၊


ကျွန်တော်လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတရုတ် ဆေးသုတေသနပညာရှင်တယောက်နဲ့တွေ့ ပြီးစကားလက်ဆုံကြမိတယ်၊ သူကဥရောပနိုင်ငံတွေမှာလည်းနေခဲ့ဘူးပြီး၊ အမေရိကန်မှာနေလာတာ အနှစ်၂၀ လောက်ရှိပါပြီ၊ သူကပြောတယ်၊ မင်းတို့တိုင်းပြည်မကြာခင်မှာ တကယ်ကိုအရှိန်မဟုန်နဲ့တိုးတက်လာမယ်လို့အခိုင်အမာပြော တယ်၊ သူ ကနိုင်ငံရေးတွေ ဘာတွေကိုအခြေခံပြီးပြောပုံတော့မရ၊ သူဆိုလိုတာက အာရှနိုင်ငံတွေရဲ့အလားအလာကိုခြုံပြီး ပြောတာလို့ဘဲယူဆလိုက်ပါတယ်၊ တရုပ်အစိုးရရဲ့ပေါ်လစီတွေကို လည်း မဝေဖန်ခြင်တာနဲ့ သူ့ကိုဆက်မေးလိုက်တယ်၊ ဘာကြောင့်ပြောနိုင်ရတာလဲပေါ့၊ သူကအချက်တချို့ပြောပြတယ်၊ ဒီကလူတွေရဲ့ စိတ်သဘောထားနဲ့ အာရှကလူတွေ စိတ်ဓာတ်အတော်ကိုကွာဟပုံနဲ့ နည်းပညာ နဲ့ ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်တွေရွေ့ပြောင်းသွားပုံကိုနှိုင်းယှဉ်ပြီးပြောပြတယ်၊ နောက်ပြီးတရုတ်ပြည်မှာ အခုဆိုရင်စီးပွားရေးလုပ်ရတာ ပိုလွယ်ကူပြီးအဆင်ပြေတယ်လို့လည်းဆိုတယ်၊ ပြီးတော့ အခုဆိုရင် အမေရိကန်ကတရုတ်တွေထောင်ပေါင်းများစွာ နှစ်စဉ်တရုတ်ပြည်ကိုပြန်နေတာကို လည်းထောက်ပြတယ်၊ ဒီတော့ အရင်ကဆင်းရဲတဲ့နိုင်ငံကနေ တနေ့တခြား အရှိန်အဟုန်နဲ့ တိုးတက်နေပြီဆိုတော့ မကြာခင်ကျွန်တော်တို့နိုင်ငံလည်း ဒီလိုပြောင်းလဲလာတော့မယ် လို့သူယုံကြည်ကြောင်းနဲ့ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်တိုင်းပြည်မှာ အလုပ်ပြန်လုပ်ဖို့ ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့လည်းအကြံပေးပါတယ်၊
မြန်မာပြည်ကသစ်တော ထွက် ပစ္စည်းတွေ ကျောက်စိမ်းတွေ ကအစ မြွေနဲ့လိပ်ပါမကျန် တရုတ်ပြည်ကိုတင်ပို့လို့ အခုဆို ကျွန်တော်တို့ တိုင်းပြည်မှာကုန်သလောက်ရှိပြီဆိုတာကိုတော့ သူသိမလားမသိ ကျွန်တော်လည်းမပြောမိပါ၊ အင်း..သူပြောသလိုတိုင်းပြည်ကြီးမကြာခင်ပြောင်းလည်းပြီးအရှိန် အဟုန်နဲ့တိုးတက်ပါစေလို့ဘဲဆုတောင်းပါတယ်၊
သူပြောသေးတယ် ဒီတိုင်းပြည်မှာကအလုပ်တခုရှိဖို့သိပ်အရေးကြီးပြီး အလုပ်မရှိရင် မြောင်းထဲရောက်ရတဲ့ဘဝကအတော် စိတ်ပျက်စရာလို့ဆိုပါတယ်၊ တရုတ်ပြည်မှာဆိုအလုပ် မရှိလည်း လူကအခြေအနေရုတ်တရက်မဆိုးသွားနိုင်ပါဘူးတဲ့၊ ဟုတ်နိုင်ပါတယ်အာရှနိုင်ငံတွေ မှာက ဆွေမျိုးမိတ်ဆွေအချင်းချင်းကူညီတတ်ကြတော့ ဘာမှသိပ်ပြီးဒုက္ခကြီးစရာမရှိပါဘူး၊ ဒါနဲ့ ပတ်သတ်ပြီး ဥရောပတိုင်းပြည်တွေနဲ့ယှဉ်ပြီးထပ်ပြောပြပါသေးတယ်၊ အမေရိကန်က လူတွေကငွေနောက်သိပ်လိုက်ပြီး အကျိုးစီးပွားအတွက်ဆို လူ လူခြင်းညှာ တဲ့စိတ်လုံးဝမရှိဘူးလို့ဆိုပါတယ်၊ ဥရောပကလူတွေက ပိုပြီးလူဆန်တယ်လို့ဆိုပါတယ်၊ ဒါလည်းဟုတ်နိုင်ပါတယ် ဒီမှာကမလိမ့်တပတ်နဲ့ (တရားဝင်)လိမ်တာတွေအတော်များပါတယ်၊ ငွေနဲ့ပတ်သတ်ရင်လည်းလုံးဝမရှက်မကြောက်ပါဘူး၊ အာရှသားတွေအတော်များများဟာ ဖြင့်ရောက်စမှာ အတော်ကိုအချဉ်ဖမ်းခံကြရပါတယ်၊ ကျွန်တော်ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူစိတ်မကောင်းပါဘူးတဲ့ သူတို့လည်း တခါတလေခံရတာပါဘဲတဲ့၊ ကဲကောင်းရော..၊
စကားမစပ် အမေရိကန်တယောက်ကပြောဘူးတာကတော့ တရုတ်တွေနဲ့စီးပွားရေးလုပ်ရင်တော် ဂရုစိုက် ရတယ်လို့လည်းတခါကဆိုဘူးပါသေးတယ်၊ ဒီမှာကျွန်တော်ဘာကိုသွားသတိရသလည်းဆို တော့ ဟိုး..လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က ရွှေလီမှာ ကုန်ကြမ်းပစ္စည်းတွေသွားဝယ်ဖို့ကြည့်တော့ ဆိုင်တစ်ဆိုင်မှာစိတ်ကြိုက် ပစ္စည်းတွေရှိနေတယ်၊ ဒါနဲ့ ပါသလောက်ငွေနဲ့ဘဲ ရသလောက်ယူပြီးပြန် မယ်လုပ်တယ်၊ နောက်မှတစ်ခေါက်ထပ်လာခဲ့မယ်လို့ပြောခဲ့တယ်၊ ဒီတော့ ကုန်သည်အမျိုးသမီးကြီးက ကြိုက်ယင်ကြိုက်သလောက်ယူသွားပါတဲ့ ပိုက်ဆံကိုနောက် မှပို့လိုက်ပါလို့ဆိုတယ်၊ ကျွန်တော်လည်းရှိသလောက်အကုန်ယူလိုက်တယ် ၊ ပြီးတော့မေးကြည့်သေးတယ် ကျွန်တော်လိမ်သွားရင်ရောဘယ်လိုလုပ်မလဲလို့ သိန်း ၁၅၀ ဖိုးလောက်ရှိတာကိုး..ဒီတော့သူကရီပြီးပြောတယ် ယုံပါတယ်တဲ့၊ နောက်တော့ ကျွန်တော်တို့ ပစ္စည်းလိုချင်ရင် သွားစရာတောင်မလိုတော့ဘူး ဖုန်းနဲ့မှာရုံဘဲ၊ ဘာစာရွက်စာတမ်းမှလည်းမရှိ၊ အင်း..ဒီမှာဆိုရင်တော့မွဲသွားမယ်..၊

အဲဒီဆရာကြီးကထပ်ပြောသေးတယ် မင်းဒီမှာအသိမိတ်ဆွေမရှိရင် ထောက်ခံပေးမယ့်လူမရှိ ရင် ဘယ်လောက်တော်နေနေ အလုပ်ကောင်းကောင်းမရဘူးတဲ့၊ ဟုတ်ပြန်ရောဗျို့..၊ ဒီမှာက ယောက်နဲ့တစ်ယောက်ကယုံကြရတာမဟုတ်ဘူး၊ ဒီတော့ မိတ်ဆက်ပေးမယ့်သူ အဆက်အသွယ် ကောင်းကောင်းမရှိရင်မလွယ်ဘူး၊ ဘယ်လောက်ဘဲနောက်ကြောင်းရှင်းပါစေ ထောက်ခံပေးမယ့်လူရှိမှအဆင်ပြေတာ၊ ဒီတော့မြန်မာပြည်နဲ့ဘာထူးတော့လို့လည်း၊
တခါ တော့ ရှော့ပင်းမောတစ်ခုထဲက ကလေးကစားကွင်းမှာ ကလေးကစားတာကိုစောင့်နေရင်း အမျိုးသမီးကြီးတစ်ဦးနဲ့စကားလက်ဆုံကျသွားတယ်၊ သူ့ကလေးနဲ့ကိုယ့်ကလေးနဲ့က ဘော်ဒါဖွဲ့ပြီးအတူတူကစားနေကြတာကိုး၊ အဲ့ဒါ သူ့ညီမရဲ့ကလေးလို့ပြောတယ်၊ သူက လက်တလောမှာ နာမည်ကြီး တက္ကသိုလ်တခုမှာအလုပ်လုပ် နေတာလို့လည်းပြောတယ်၊ ဒါနဲ့စကား ပြောကြရင်းနဲ့ စီးပွားရေးလုပ်တဲ့ကိစ္စကို ရောက်သွားရော၊ သူလုပ်မယ့်အလုပ်ကို ကျွန်တော်လုပ်ပေးနိုင်တယ်ဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းလေးတခုတော့ရပြီလို့ထင်မိ တယ်၊ သူနဲ့ကျွန်တော်ဖုန်းနံပတ်တွေ အီးမေးလိပ်စာတွေ ပေးနေကြတုန်း ဗြုံးဆို သူ့ညီမဆိုသူ အမျိုးသမီးတယောက်ပေါက်ချလာပါ ရော၊ သူကလည်းမိတ်ဆက်ပေးတာပေါ့လေ..၊ အဲဒီမှာ ဘဲ သူ့ညီမကမျက်စိမျက်နှာပျက်ပြီး ကျွန်တော့်ကို မကြိုက်ကြောင်းအထင်အရှားပြပါတော့တယ်၊ ဒီလိုနဲ့လမ်းခွဲခဲ့ကြတယ်ပေါ့၊ ပြန်ခါနီး သူကပြောသေးတယ် သူအီးမေးပို့လိုက်မယ်တဲ့၊ ဘယ်တော့မှ သူကျွန်တော်ဆီ အီးမေးမပို့ သလို ကျွန်တော့်အီးမေးလည်းမပြန် ဖုန်းလည်းမကိုင်ပါဘူး၊ ကဲလေ လေးငါး ခါထက်တော့ ပိုပြီး မဆက်သွယ်သင့်ဘူးထင်လို့မဆက်တော့ပါ၊ သူ့ညီမကတော့ ငါ့အမအပျိုကြီးကို အာရှသားတယောက်လာကြံနေတယ်ထင်လို့လားတော့အသိဘူးပေါ့လေ..၊

ဆရာကြီးကပြောသေးတယ် မင်းဘယ်လောက်ကြာကြာဒီမှာနေနေ သူတို့အသိုင်းအဝိုင်း ထဲကို မင်းကိုလက်ခံမှာမဟုတ်ဘူးတဲ့၊ ငါဆိုရင် အနှစ်နှစ်ဆယ်ရှိပြီတဲ့၊ ဥရောပမှာ ကထဲကရင်းနှီးခဲ့တဲ့သူငယ်ချင်းနဲ့ ပတ်သတ်ပြီးရောက်လာရတာလို့ဆိုပါတယ်၊
အင်း..ကျွန်တော်ကသူ့ထက်သာတယ်လို့ပြောရမယ်.. ဘော်ဒါတွေအတော်များလို့ပါ၊ ကျွန်တော်က စပ်စုပြီးပျော်တတ်တာလည်းပါတာပေါ့လေ၊ တွေ့တဲ့လူနဲ့ တဲ့အောင်ပေါင်းတတ်တာကိုး၊ အဲ့ဒီလို ပေါင်းမိလို့ပြသနာတတ်တော့မလို့ဖြစ်တာလည်းရှိသေး တယ်..၊ နောက်မှ ရေးရဦးမယ်၊

သူ့မှာလည်းသူ့ပြသနာနဲ့သူကတော့ရှိတာပေါ့ လေ၊ မူးယစ်ဆေးဝါး နဲ့ လက်နက်တွေပေါတာကိုး၊ ကောင်းတာနဲ့မကောင်းတာကတော့နေရာတိုင်းမှာရောနေမှာပါဘဲ၊
တစ်ယောက်ကပြောမယ် နယူးယောက်မြို့ကြီးဟာ သိပ်လှပြီး ပျော်စရာကြီးလို့၊ အခြားတစ်ယောက်ကတော့ အလွန်ညစ်ပတ်တဲ့မြို့ကြီး၊ ဒုစရိုက်မှုတွေနဲ့ကြောက်စရာကြီးလို့ဆို ပါလိမ့်မယ်၊ ပိုက်ဆံရှိလို့အလည်သွားတဲ့သူနဲ့ ရရာအလုပ်လုပ်ပြီး ဖြစ်သလိုနေခဲ့ရတဲ့သူအမြင်ခြင်းတော့မတူနိုင်ပါဘူး၊ ကျွန်တော်ရောက်စ ဝါရှင်တန်ဒီစီကိုသွားလည်တုန်းက မြို့စွန်ဓာတ်ဆီဆိုင် ကလေးတခုက ဈေးဆိုင်လေးမှာ ကျည်ကာမှန်တွေနောက်ကဈေးရောင်းနေတာတွေ့တော့ အံ့သြခဲ့မိသေးတယ်၊

ကျွန်တော်ယုံကြည်တာတခုကတော့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနိုင်ငံအဖြစ်ကတော့ ရှိနေဆဲပါ၊ နောင်လည်းရှိနေဦးပါလိမ့်မယ်၊ ဒီမှာက လူတော်တွေမွေးထုတ်ဖို့ အခြေအနေကောင်းတွေရှိသလို၊ ပျက်စီးချင်တဲ့လူတွေလည်း အလွယ်ပျက်စီးနိုင်တဲ့ အရာတွေရှိနေတာကိုး၊ နောက်ပြီးအခွင့်အလမ်းတွေ လည်းအများကြီး ဖန်တီးပေးထားတယ်၊ ကျွန်တော်တို့လိုပြောင်းရွေ့အခြေချလာ သူတွေအနေနဲ့လည်းနေရထိုင် ရတာလွတ်လပ်တယ်၊ ကျွန်တော်ဥရောပ တိုင်းပြည်တွေကိုမရောက်ဘူးသေးလို့ ဘယ်လိုလည်းမသိပါဘူး၊ လူတိုင်းအလုပ်လုပ်ဖို့ ပုံစံချထားတဲ့တိုင်း ပြည်ဆိုတော့ အလုပ်တော့ကြိုးစားရမှာပေါ့လေ..၊


1 comment:

JuneOne said...

မကြာခင်ဆိုတာနောင်နှစ်ပေါင်း၅၀ လောက်မှဖြစ်မှပါ။ဟိုတလောက အိမ်ကလူ NY ကိုရောက်တော့ ညစ်ပတ်တယ်၊စင်ကာပူလောက်မသန့်ဘူး၊
သွားရေးလာရေးမလွယ်ကူ၊taxi ခေါ်တာတောင် မီးနစ်၂၀အထိရာက်မလာဘူးလို့ပြောပါတယ်။
ကောင်းတယ်မကောင်းဘူးဆိုတာ အခြေနေပေါ်မူတည်ပါတယ်လေ။