Saturday, May 30, 2009

ရုံးတော်မှအပြန်

ဒီမနက်တရားရုံးမှာ အသိတယောက်အတွက်ရုံးချိန်းရှိတာနဲ့ခပ်စောစောဘဲအိပ်ရာထလိုက် တယ်၊ အမှုကတော့တော်တော်ကြီးတယ်လို့ဆိုရမယ်၊ မိန်းမကိုသတ်ဖို့ကြိုးစားအားထုတ်မှု၊ တရားဥပဒေကိုသိသိကြီးနှင့် ချိုးဖောက်ဖို့ကြိုးစားတယ်ဆိုတာလည်းအထင်းအရှားရဲမှတ်တမ်း မှာဖော်ပြထားတယ်၊ ကဲ သေပြီဆရာလို့.. ဆိုရမလိုဖြစ်နေတယ်၊

ဒီတိုင်းပြည်မှာက ဥပဒေ ကို တနည်းနည်းနဲ့ ချိုးဖောက်မိပြီဆိုရင်ဘဝမှတ်တမ်းမှာ သေရာပါပြီမှတ်၊

တကယ်တော့လည်း လင်မယားနှစ်ယောက်မချစ် ကြတာလည်းမဟုတ်၊ သား သမီးတွေတောင်အတော်ကြီးပြီဘဲ၊ ဒါပေမယ့်လည်းတခါတလေတော့ ကိုက်မိတတ်တာဘဲ၊ လျာနဲ့ သွားကိုး၊

ဖြစ်ပုံကဒီလို.. ယောက်ျားများကလည်း ငါကွဆိုပြီးနဲနဲတော့မိန်းမကို ပုံစံချချင်တာလည်း ပါတယ်၊ မိန်းမများကလည်း ဒိုးတူဘောင်ဘက်ဘဲ ဒီလိုတော့လာမကျောနဲ့ ဆိုတဲ့မာန လေးလည်းရှိမယ်ထင်ရဲ့၊ တညနေခင်းမှာ ယောက်ျားက ဟင်းချက်ဖို့ ကြက်သား ခုတ်ရင်းမှာ ရှုမညီးတဲ့ချစ်ဇနီးနဲ့ အကျည်စားသန်ပြီး စကားလေးနည်းနည်းများသွားတယ်ဆိုဘဲ၊ ဟင်းချက်တာကလည်းမိန်းမကြောက်လို့မဟုတ် ပါဘူး အရက်နဲ့မြည်းဖို့ပါ အဲလေ..ဝါသနာပါလို့ပါ၊ အဲဒီလောက်နဲ့ပြီးသွားရင်တော့ကောင်းတာပေါ့၊ ဒါပေမယ့်မပြီးဘူး.. မိန်းမက..ဒင်းတော့ပညာပြလိုက်ဦးမယ် ဆိုပြီးရဲကိုခေါ်လိုက်တယ်၊ မိန်းမမာယာ သဲကိုးဖျာလေ..မှတ်ထား၊ မြန်မာပြည်မှာသာ ရှင်တို့ လုပ်ချင်သလိုလုပ်လို့ရမယ် အမေရိကန်မှာတော့ ဆောရီးဘဲ၊ ဟုတ်တယ်ဗျ..ဒီမှာမိန်းမကို နဲနဲတော့ (တကယ်တော့များများပါ) ပိုဦးစားပေးသလားလို့၊ ကလေးနဲ့မိန်းမထိလို့ကတော့ ကိုယ့်လူသေဖို့သာပြင်၊ အခုတော့ စကားများတဲ့အထဲမှာ ကလေးကပါလာပြီ.. ဟုတ်တယ်လေ ကလေးတွေကမှ ဖြစ်ကြောင်းကုန်စဉ် ရဲကိုရှင်းပြနိုင်မှာကိုး၊ ကလေးကလည်း ဒီလိုတေွးမိတယ်ထင်ရဲ့..အင်း.. ငါ့အဖေကို ပညာပေးချိန်တန်ပြီလို့၊ ဒီလိုနဲ့ ဖခင်ဘုရင်ကြီးမှာ ဓားသိုင်းကပြီး မာတာပီတုကို ရွှေသမင်အလိုက်မှားသလို လိုက်တယ်ဖြစ်ကရော..၊ ကလေးချစ်တတ်တဲ့ ဦးဦးရဲကြီးကလည်း အဟေးဟေး.. ဒီနေ့ တရက်စာ ရီပို့တက်ဖို့တော့ ဂွင်ကောင်းကောင်းရပြီ၊ ငါဘယ်လို ဒီလိုကြီးကြယ်တဲ့အမှုကြီးကို အရေးယူဆောင်ရွက်လိုက်တယ်ဆိုတာ ပေါ်လွင်အောင် ရီပို့ မှာရေးမှ၊ ပြီးတော့ သကောင့်သား ကိုဖမ်းထိမ်းလိုက်ရင် စခန်းလည်းရန်ပုံငွေတိုး ဦးမယ်၊ နှိပ်ဟ..၊ ဟုတ်တယ်ဗျ အချုပ်ကပြန်ထုတ်ခြင်ရင် ၅၀၀ မျိုး၁၀၀၀ မျိုး သတ်မှတ်အမှုအလိုက်ပေးရတာကိုး၊ အရှောင်အတိမ်း ဂျက်ဆီဂျိမ်းကတော့ ရဲမလာခင်ကထဲကကိုရှာမရတော့၊ ဒီတော့ ချစ်သမီးက ဆန်ရေ ဒလဟော နဲ့ဖခင်ကို အရောက်ပို့လိုက်တယ်၊ တကယ်တော့လည်းဘာမှမလုပ်ရပါဘဲနဲ့ ခုတ်ဖို့ကြံ တယ်ဆိုတဲ့ ဓားကတော်တော်လေးကြီးသွားတယ်၊ သေးသေးချွန်ချွန်ဆိုအမှုကြီးမှာစိုးလို့တဲ့၊ ဝက်ခုတ်ဓားမ ဆိုတော့ချွန်ထက်တဲ့အရာထဲမှာမပါဘူးမဟုတ်လား၊ အမှုပေါ့အောင် မ လိုက်တာပါ၊ နောက်ပြီး မိခင်ကို ရိုက်နှက်ပြီးနှိပ်စက်တယ်ဆိုတာပါအဆစ်ပါသွားတယ်၊ ဒါမှ ဇာတ်နာပြီး ရုပ်ရှင်ထဲကလိုကြည့်ကောင်းမှာကိုး.. ပရိသတ်လည်းမျက်ရည်လည်ရွှဲနဲ့..၊ အမေရိကန်မှာနေပြီး ဗမာစကားမမေ့အောင်ဗမာကားတွေကြည့်ပြီး မိုက်လိုက်တဲ့သမီး၊ မွှေးကထဲက ဂုတ်ခွစီး၊ဆံပင်ဆွဲပြီး လုပ်ချင်သလိုလုပ်လာတာ အားမရသေးဘူးလားသမီးရယ်..၊

အင်း..ဒီလိုနေလို့တော့မဖြစ်၊ ရာဇဝင်မှာ အချစ်နဲ့ပတ်သတ်ရင်ထွက်ပြေးတယ်ဆိုတာမရှိ၊ ရှောင်နေတယ်ဆိုတာဘဲရှိတယ်၊ ဒီတော့.. နောက်နေ့မနက်မှာဘဲ ရဲစခန်းမှာ အိပ်ရာပြောင်း ပြီးသွားအိပ်လိုက်တယ်၊ ဘာရမလည်း အထဲမှာနားအေးပါးအေးနဲ့ ဇိမ်ဘဲ၊ ဒီလိုနဲ့ နားအေးရာက ကျောစိမ့်လာတော့ သူငယ်ချင်းတွေကမနေ၊ အပြေးအလွှားလာခေါ်ထုတ်ကြပါတယ်၊ တွေ့တယ်မို့လား.. ဒါကြောင့်အပေါင်းအသင်းကို မိန်းမထက်ပိုချစ်ရတာ၊

သွေးအေးသွားတော့ မှ ချစ်ဇနီးမှာ သိပ်မှားသွားမှန်းသိတယ်၊ ဥပဒေအရလင်မယား ခွဲနေရတော့မယ်လေ၊ “မင်းမရှိရင်အသက်မရှင်ခြင်ဘူးအချစ်ရေ..”တွေဘာတွေ ဆိုနေလို့မရတော့၊ ဆရာသမား အတွက်ကတော့အေးဆေးဘဲ ဒိုးခြင်ရာဒိုးလိုရပြီ၊

ဒီမှာဘဲ..ဘိသိပ်ဆရာ ကျွန်တော်ပါလာရရော၊ ဥပဒေကိုလက်တစ်လုံးခြားသာမက အပ်ခြည်တစ်မျှင်ခြားလိမ့်လာတဲ့ကောင်ဆိုတော့ ဒီအမှုလောက်တော့အေးဆေး..၊ အလကားပြောတာနော်..ဒီအသက်အရွယ်အထိမဟုတ်တာတခါမှမလုပ်ဘူးသေးဘူး..ဟုတ် တယ်ထင်တာတွေဘဲလုပ်တယ်၊ များသောအားဖြင့်ထင်တာတွေက လုပ်ပြီးမှဘဲမဟုတ်တာမှန်းသိတယ်..၊ ဒါတော့မတတ်နိုင်၊ လုပ်ခဲ့တဲ့မဟုတ်တာတွေကလည်းတော်တော်စုံသည်၊ ကဲထားပါတော့..အထာကဒီလိုဗျ..

ကျွန်ုပ်အကြံကို လိုက်နာသူတရာမှာတစ်ယောက်က တော့မှန်စမြဲမို့ လောလောဆယ်ကိုးဆယ့်ကိုးယောက်တိတိမှားပြီးပြီဖြစ်သော ကျွန်ုပ်သည် ဒီတခါတော့ သေခြာပေါက်မှန်မယ်ဆိုတာ သိသောကြောင့် လူအထင်ကြီးအောင် စကားလုံးကြီးကြီးများသုံးပြီး စိတ်ထဲတွေ့ကရာအကြံများကို ဝါရင့်ပုဂိုလ်များလေသံသုံးပြီးခပ်တည်တည် ပြောထဲ့လိုက်သည်၊ ဟင်းဟင်းဟင်း..ဆရာနဲ့တွေ့ရင် အိုကေ သွားရမယ်လေ..၊

သို့ဖြင့်.. တရားရုံးသို့အရောက် ရှေ့နေမမလှလှကြီး ကိုကျွန်ုပ်တို့အချိန်တိကျစွာရောက်ပြီဖြစ်ကြောင်း ကျွန်ုပ်မှာ ဒီနယ်တရိုးမှာ ဟိုးဟိုးကျော်သော မြန်မာအမှုလိုက်စကားပြန်ကြီးဖြစ်ကြောင်း ခန့်ညာစွာ အင်မတန်တိကျသေသပ်သော အမေရိကန်တောင်ပိုင်းလေသံကို မဟားတရားလုပ်ယူပြီး (ဗလုံးဗထွေး ငံပြာရည်လေသံဖြင့်) ပြောလိုက်၏၊ သို့သော်လည်း သူများတွေသာတယောက်ပြီးတယောက်တရားသူကြီးကအမှုကိုင်လို့ပြီးပြီးသွားကြတယ် ကျွန်ုပ်တို့ကို တမနက်ခင်းလုံးဘယ်ရှေ့နေကမှလာမခေါ်သေး၊ ဟမ်း..ဒီလိုဆိုတော့မဖြစ်၊ တခုခုတော့မှားနေပြီထင်တယ်၊ စိတ်ထဲမှာ..တင်းလာပြီ ဗိုက်ကလည်းဆာလာပြီ..၊ တရားရုံးကလည်းမနက်ပိုင်းနားတော့မယ် ညနေ၂နာရီမှ အမှုကပြန်စမယ်၊ ဒါနဲ့ မြို့နယ်တရားရေးဝန်ထမ်း (DA) ကိုသွားမေးတယ်ဘယ်လိုဖြစ်တာလည်းပေါ့၊ ဒီတော့မမက သူတို့ တရားဝင်စကားပြန်ခေါ်ထားတာ စောင့်နေတာတဲ့၊ ဟိုက်..အဲဒီသူဟာ..ငါဘဲလေလို့ပြောတော့မယုံ၊ ဒီလို ဘော်ဒါပုံစံမျိုးစကားလိုက်ပြန်လို့မရဘူးတဲ့၊ တရားရုံးအသိအမှတ်ပြု တရားဝင်စကားပြန်မှရမှာတဲ့..၊ တင်း..တာမှဟိုးဘက်ကိုရောက်သွားတယ်၊ အဲဒီမင်းတို့ခေါ်ထားတဲ့တရားဝင်စကားပြန်ဟာ ငါဘဲကွ၊ ဟောဒီမှာ လိပ်စာကဒ်၊ ဖြစ်ပုံက တရားရုံးကိုရောက်တဲ့အချိန်မှာ ဘဲ စကားပြန်ကုမဏီကဖုန်းဆက်နေပြီ ဒီအမှုကိုကိုင်နိုင်မလားပေါ့၊ ကိုယ်ကဘော်ဒါဆိုတော့ ကိုယ့်ဟာကိုယ်လာလိုက်တာ၊ သွားတိုက်ဆိုင်သွားတယ်၊ သူတို့စောင့်နေတဲ့တရားဝင်စကားပြန်ကြီး ကမခေါ်ခင်ကထဲကရုံးတော်မှာ အကြားအမြင်ရပြီး ခန့်ခန့်ကြီးရောက်နေတာ ဒင်းတို့မသိ၊ ညံ့ပ ရှေ့နေတွေ၊
မင်းတို့လို့ တရားရုံးသေးသေးလေးတွေမပြောနဲ့ ရှားလော့၊ ဂရင်းဘိုရို၊ ရားလေ လိုမြို့ကြီးတွေမှာလိုက်နေတဲ့ကောင်ကွ၊ မင်းတို့ဘယ်မြင်ဘူးမလဲ..၊ ကံကောင်းလို့မြင်ရတာမှတ်..လာ အခုမှ တောင်းပန်မနေနဲ့၊ အင်း..ကိုယ့်ဥပဒိကိုလည်းကိုယ် ပြန်စစ်ဦးမှ၊ ဒီမှာ ဘဲ အမှုနောက်တစ်ခုကို အဆစ်ကိုင်လိုက်ရသေးတယ်၊ သူ့အမှုကတော့ တကယ့် အေရာမကြီး ရှေ့နေတောင်သုံးယောက်ငှားရမှာ..၊ ရာဇဝတ်မှုရှေ့နေ (လောလောဆယ်အမှု)၊ တရားမမှု နဲ့ လူဝင်မှုကြီးကြပ်ရေးအမှုတွေပါတော့ သက်ဆိုင်ရာကို အထူးကိုင်တွယ်တဲ့ရှေ့နေတွေလိုတယ်၊ သူ့အမှုကတော့ထားလိုက်ပါတော့..စာ ရှည်မှာစိုးလို့၊

ကြိုတင်ဇာတ်တိုက်ထားသလိုဘဲ အဖြစ်မှန်တွေကို ပြန်ရှင်းပြလိုက်တော့ အထောက်အထားခိုင်လုံနေတဲ့အတွက် ကိုယ့်ဆရာအမှုက လွတ်သွားတယ်၊ အဲ..၆လ အတွင်းတော့ ပြသနာထပ်မဖြစ်နဲ့ပေါ့ဗျာ၊ တကယ်ဆို တော့မိန်းမကို့ဘာမှသိပ်မမေးပါဘူး ကလေးကိုဘဲ အဓိကမေးတာပါ၊ အော်..သားသမီးဘဲ မိဘကို ဒုက္ခရောက်အောင်လုပ်ပါ့မလား၊
ဝယ်စရာတွေတွေ့ ထားတာကလည်းအများကြီး..၊
ဖေဖေကြီး..ဖေဖေကြီး..ဖေဖေကြီးကို ချစ်တယ်..၊

တရားရုံးကအမိန့်စာကိုဝမ်းသာအားရဆွဲပြီး..
ကျွန်တော်တို့ အဖွဲ့ အဲဒီတော့မှဘဲပြုံးပြုံး ပြုံးပြုံး နဲ့ တရားရုံးကဆင်းလာကြပါတော့တယ်၊

ပြောထားရမယ် အချစ်မစမ်းကြေး..၊

ကဲပြီးပါပြီ..

မှတ်ချက်၊ ၊ ဟင်းချက်ရင်းမိန်းမနှင့်စကား မများရ။

No comments: