Wednesday, May 13, 2009

လွတ်အောင်ပြေးမလား?


ဒီကိစ္စကတော့အမေရိကန်မှာ ဖြစ်နေကြ.. လူတိုင်းနီးပါးရဲဖမ်းခံရဘူးတယ်၊ ဆိုလိုတာက ရာဇဝတ်မှု ကြီးကြီးမားမားနဲ့မဟုတ်ပါဘူး ကားမောင်းတဲ့ကိစ္စနဲ့ပါ၊ အဖမ်းမခံရဖူးသေးဘူးဆိုရင်တော့ ကားလိုင်စင်မရှိသေးလို့ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ဟိုနားဒီနားလောက်ဘဲ သွားတတ်တဲ့အိမ်ရှင်မဖြစ်မယ်၊ အဲလိုမှ မဟုတ်ရင်တော့ အလွန်တော်လို့၊ သတိကောင်းလို့၊ လမ်းစည်းကမ်းကိုအလွန်လိုက်နာလို့

အား..ဒါကတော့မဖြစ် နိုင်ဘူး အများအားဖြင့်တော့ လစ်ရင်မလိုက်နာကြပါဘူး၊ ဒါကြောင့်မို့လည်း ရဲတွေလမ်းမှာရှိနေတာပေါ့၊ ကဲ..အမေရိကားမှာရဲဖမ်းခံရရင်ဘယ်လို လုပ်မလဲ..၊ ကျွန်တော်သိသလောက် လိုင်စင်နဲ့ဆိုရှယ် ကစပြောမယ်..၊
ဒီမှာကယာဉ်မောင်းလိုင်စင်နဲ့ ID နဲ့ကအတူတူဘဲ၊ ကားမောင်းလို့ရတာနဲ့မရတာဘဲကွာမယ်၊ ထုတ်ပေးတာကလည်း ယာဉ်မောင်းလိုင်စင်ရုံးကဘဲပေးတာ၊ အရက်ဝယ်ဆေးလိပ်ဝယ် တခုခုဝယ် လို့ဖြစ်ဖြစ် တနေရာသွားလို့ဖြစ်ဖြစ် လိုအပ်ရင် အိုင်ဒီတောင်းတတ်တယ်၊ ဒီတော့ ထုတ်ပြရဖို့အမြဲအိပ်ထဲထဲ့ထားပေတော့၊ ပြီးရင်ဆိုရှယ်နံပတ်..အလုပ်လျှောက်တာတို့ ဘဏ်မှာ ငွေချေးတာတို့ ဘာလျှောက်ညာလျှောက်စသည်ဖြင့်လိုတဲ့နေရာတွေမှာ သုံးရတယ်၊ ဒီနှစ် ခုက အရေးအကြီးဆုံးဘဲ၊ ဒါတွေသူများလက်ထဲမရောက်သွားဖို့ကလည်းသိတ်အရေး ကြီးတယ်၊ ဘာလို့လည်းဆိုတော့ IDသူခိုးတွေသိပ်များလို့၊ ဆိုလိုတာက သူများ ကိုယ်ရေးကိုယ်တာအချက်အလက်၊ နံပတ်တွေနဲ့ လုပ်စားသွားတာတွေအများကြီးရှိတယ်၊ ဥပမာ..သတင်းမှာဖတ်ရတာတခုကတော့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကသေသွားတဲ့လူရဲ့အချက်အလက်တွေကို သုံးပြီးအခြားတစ်ယောက်ကလိမ်သွားတယ်၊ နောက်တော့ ပိုက်ဆံတောင်းတဲ့စာတွေ သေသူနေသွားတဲ့အိမ်ကိုရောက်လာရော ဒီတော့မှရဲတိုင်လို့ပေါ်သွားတယ်၊ အမေရိကားမှာ ဒီလိုကိုယ့်နေရာကိုလူစားဝင်ပြီးလုပ်စားတာတွေအများကြီးရှိတယ်၊ ဒီလိုနံပတ်တွေနဲ့ မှတ်တမ်းတင်ထားလို့လည်း လူတစ်ယောက်အနေနဲ့ မဟုတ်တာလုပ်ပြီးပြေးဖို့ခက်တယ်၊ ဆိုရှယ်နံပတ်ခေါက်ကြည့်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ ရာဇဝင်ကပေါ်ပြီးသား၊ ဒီတော့ကိုယ့်နံပတ်နဲ့လျှောက်ပြီးမဟုတ်တာလုပ်သွားရင် ကိုယ်ဘဲအချောင်နာမည်ပျက်မယ်၊ ရှင်းတာကနောက်မှ ခံရတာကအရင်ဖြစ်သွားမယ်၊ စာတိုက်မှာဆို IDသူခိုးတွေရန်ကသတိပြုပါဆိုပြီးကြေညာထားတာရှိတယ်၊ အနည်းဆုံးကိုယ့်ခရက်ဒစ်ကိုယ် တစ်နှစ်တခါလောက်စစ်ကြည့်ရင်တော့ကောင်းတယ်လို့အသိတစ်ယောက်ကအကြံပေးတယ်၊ သင့် ID ကိုစောင့်ကြည့်ကာကွယ်ပေးပါမယ် ဆိုတဲ့ အဖွဲ့တွေလည်းရှိရဲ့၊ အလွယ်ဆုံးကတော့ ခရက်ဒစ်ရပို့တောင်းကြည့်တာကောင်းတယ်၊ ပိုက်ဆံပေးရတဲ့နေရာတွေရှိသလို အလကားရတဲ့နေရာလည်းရှိတယ်၊ ကဲကဲ..ယာဉ်မောင်းလိုင်စင်ကိုဆက်ဦးမယ်..လိုင်စင်နဲ့ID လျှောက်ဖို့က ပတ်စ်ပို့၊ အိမ်ငှားစာချုပ် ဆိုရှယ် စတာတွေလိုမယ်၊ လိုင်စင်ကစတိတ်တခုကတစ်ခုပြောင်းရင် နောက်စတိတ်မှာ သူ့ဥပဒေအတိုင်း စစ်ဆေးပြီးပေးတယ်၊ ဖလော်ရီဒါမှာ တော့ယာဉ်မောင်းလိုင်စင်ဖြေဖို့ အရက်နဲ့ပတ်သတ်တဲ့ သင်တန်းအရင်တက်ရတယ် ပြီးမှလိုင်စင်သွားဖြေ၊ မအောင်မခြင်းတရက်ထဲမှာဆက်ဖြေနေလို့ရတယ်၊ နော့ကာရိုလိုင်းနားမှာတော့အရက်သင်တန်းမတက်ရဘူး၊ အိမ်ငှားစာချုပ်ကိုအဓိကထားတယ်၊ မျက်စိစစ်တယ်၊ ကွန်ပျူတာနဲ့မေးခွန်း၂၅ခုဖြေရတယ် ၂၀ မှန်ရင်အောင်တယ်၊ အောင်ပြီးရင်တော့ ကားပေါ်တက်မောင်းပြပေတော့၊ စစ်တဲ့သူကဘေးကထိုင်ပြီးမောင်းခိုင်းတဲ့လမ်းအတိုင်းမောင်းပေတော့၊ သူကဘေးကကြည့်ပြီးအမှတ်ပေးနေတယ်၊ အောင်ရင်တော့ လိုင်စင်ကတ်လေးတခါထဲယူပြန်ပေတော့၊ မအောင်ရင်တော့နောက်တစ်နေ့ပေါ့၊ လိုင်စင်လုပ်ခကတော့ ၁၅ ဒေါ်လာ ကနေ ၃၀ထိ လိုင်စင်အမျိုးအစားပေါ်မှာမှုတည်ပြီးပေးရတယ်၊ ဆိုင်ကယ်မောင်းဖို့ဆိုရင်တော့သပ်သပ်လုပ်ရမယ်၊ စကူတာဆိုလိုင်စင်မလိုဘူး လမ်းမပေါ်တော့တက်လို့မရဘူး၊ ဥပဒေအရ၃၅မိုင်နှုန်းထက်ကျော်မောင်းလို့လည်းမရဘူး၊
ကဲ..လိုင်စင်ရပြီး လမ်းပေါ်မောင်းပြီဆိုပါတော့ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းဖို့လိုတယ် (အမေရိကန်မှာမိုင်ဘဲသုံးတယ်) ၁၀မိုင်နှုန်းထိကျော်လို့ရတယ် ဥပမာ ၇၀မိုင်နှုန်းလမ်းကို၈၀မိုင်နှုန်းထိမောင်းရင် မဖမ်းသေးဘူး၊စိတ်ချရအောင် ၇၅မိုင်နှုန်းမောင်း ပြီးတော့ ခရုကွန်ထရိုးနဲ့ မောင်းရင်ပိုကောင်းမယ် ဘာလို့လဲဆိုတော့ ခြေထောက်ကပုံမှန်နင်းနေပေမယ့် လမ်းပေါ်မူတည်ပြီးကားကတခါတလေ အရှိန်တက်လာတာသတိမ ထားမိလိုက်တာမျိုးရှိတတ်တယ်၊ ဒီလိုနဲ့ခရုကွန်ထရိုးမသုံးဘဲမောင်း လာလိုက်တာ ရုပ်တရက်ကိုယ့်နောက်ကို ရဲကားရောက်လာပြီဆိုပါစို့ ရဲမီးလည်းဖွင့်ထားမယ် အသံလည်းဖွင့်ထားမယ် ဆက်လည်းမကျော်တက်ဘူးဆိုရင်တော့ ဘာမှ လုပ်မနေနဲ့တော့ကိုယ့်ကိုဖမ်းတာသေချာပြီ၊ ဒီတော့ မီးပြပြီးလမ်းဘေးသာရပ်ပေးလိုက်ပေတော့ သူကနောက်တည့်တည့်ကရပ်ပြီးကားလိုင် စင်ပလိပ်ပြားကိုကြည့်မယ် ပြီးရင်ကိုယ့်ဆီကိုရဲလာလိမ့်မယ်၊ ဒီအချိန်မှာ တော့ လက်နှစ်ဖက်ကိုရဲ မြင်သာအောင်ကား လက်ကိုင်ဘီးပေါ်တင်ပြီးညိမ်ညိမ်သာနေပေတော့၊ ဟေ့ဟေ့..ရောင်လို့ ထိုင်ခုံခါးပတ်မဖြုတ်လိုက်နဲ့ နောက်တစ်မှုတိုးသွားမယ်၊ ရဲကသူလုပ်စရာရှိတာလုပ်ပြီးရင်ကားဘေးကိုရောက်လာလိမ့်မယ် တခါးမှန်ချလိုက် သူကဘယ်နှစ်မိုင်နှုန်းနဲ့မောင်းနေလည်းမေးမယ်၊ ပြီးရင်ဒီလမ်းသတ်မှတ်မိုင်နှုန်းဘယ်လောက်လည်းမေးမယ်၊ ကဲနောက်ပြီး ကိုယ်ဘယ်နှစ်မိုင်နှုန်းမောင်းနေတယ်ဆိုတာပြောမယ် သူကရေဒါနဲ့ကြည့် ပြီး လေဆာနဲ့ပြစ်ဖမ်းထားတာဆိုတော့ငြင်းလည်းအလကားဘဲ၊ နောက်ပြီးရဲနဲ့စကားသွားမများတာ အကောင်းဆုံးဘဲ၊ နောက်မှမကျေနပ်ရင်တရားရုံးမှာရှင်း၊ ဥပမာရဲက ကကြမ်းပတမ်းဆက်ဆံတယ်၊ လူမျိုးခွဲတယ်စသည်ဖြင့်ပေါ့ဗျာ၊ ရဲကိုလည်းတရားပြန်ဆွဲလို့ရတယ်၊ ကဲကဲ..ကိုယ်ကမှားတဲ့ကိစ္စဆိုတော့ ဆောရီးပေါ့ဗျာ၊ သူကလိုင်စင်တောင်းပြီး (တချို့ရဲကကားမှတ်ပုံတင်ပါတောင်းတတ်တယ်) သူ့ကားဆီပြန်သွားမယ် လက်မှတ်တရွက်ပရင့်ထုတ်ပေးမယ်၊ အဲဒီ မှာကိုယ့်နာမည်၊လိပ်စာ လိုင်စင်နံပတ် ကားနံပတ် အခင်းဖြစ်တဲ့နေရာ ကားပေါ်ပါသူ တရားရုံးချိန်းရက်စွဲ တရားရုံးအမည် နဲ့ ဒဏ်ငွေစတာတွေပါမယ် (စပိလစ်မစ်ကျော်တာဆိုဒေါ်လာ၁၅၀ ပတ်ဝန်းကျင)်၊ တရားရုံးမသွားနိုင်ရင်တော့ စာတိုက်ကနေငွေပို့ပေးလိုက်ရုံဘဲ၊ အဲ..ကိုယ့်မှတ်တမ်းထဲမှာတော့အဖမ်းခံရတာဝင်သွားပြီးပေါ့၊ နဲနဲသက်သာချင်ရင်တရားရုံးသွား တရားသူကြီးအမိန့်ချတာနားထောင် ဒါဆိုရင်တော့ ဒဏ်ငွေက ၁၂၀ လောက်ဖြစ်သွားမယ်၊ နော့ကာရိုလိုင်းနားမှာတော့ မန်နီအော်ဒါနဲ့ငွေသားဘဲလက်ခံတယ် ချက်တွေ ကဒ်တွေလက်မခံဘူး၊ ဒီတော့ငွေကို အေတီအမ်ကကြိုထုတ်သွား၊ အဲဒီလိုမှမဟုတ်ဘဲ သင်တန်း (အွန်လိုင်းကတက်လို့တယ်) တက်မယ်ဆိုရင်တော့ ၂၅ ဒေါ်လာလောက်ဖြစ်လာမယ် ကိုယ်မှတ်တမ်းမှာ ယာဉ်စည်းကမ်းဖောက်ဖျက် တာပျောက်သွားမယ်၊ ဘာမှအပူအပင်မှမရှိချင်ဘူးဆိုရင်တော့ရှေ့နေငှားလိုက် တရားရုံးလည်း သွားစရာမလိုတော့ဘူး မှတ်တမ်းလည်းဖျောက်ပေးတယ်၊ ရှေ့နေခက တော့ ၁၅၀-၂၀၀ ဝန်းကျင်ကနေ ၄၀၀ လောက်ထိရှိတယ်၊ ကျွန်တော်တို့ မြို့နားတဝိုက်က မြန်မာများကတော့ မိုက်ကယ်ကိုအသုံးများတယ် ၁၅၀ဘဲယူတယ် (ကျွန်တော့်ကိုတော့သူအလကားလုပ်ပေးတယ် ကဲ..မောင်းချင်သလိုမောင်းလို့ရပြီ)၊ ဒါကရိုးရိုး စပိလစ်မစ်ကျော်တာကိုပြောတာနော်၊ တိုက်မိတာတို့ အရက်မှုးမောင်းတာတို့ကျတော့ ရှေ့နေမငှားလို့မရဘူး၊ ရဲနဲ့အပြိုင်ဖြစ်လာရင်တော့ ပွဲကကောင်းလာပြီ၊ အကယ်လို့ ကိုယ်ကရှေ့နေငှားဘို့မတတ်နိုင်ဘူးဆိုရင် ပထမဆုံးရုံးထုတ်တဲ့နေ့မှာ တရားသူကြီးကမေးမယ် ကိုယ့်ဟာကိုယ်ခုခံမလား၊ရှေ့နေငှားမလား၊ မငှားနိုင်ရင် သူကနေပြီးအစိုးရရှေ့နေလိုက်ပေးဖို့ လုပ်ပေးလိမ့်မယ်၊ အစိုးရရှေ့နေရုံးက တရားရုံးအဆောက်အဦးထဲမှာ ဒါမှမဟုတ်ကပ်ရက်မှာဘဲရှိလိမ့်မယ်၊ ပိုက်ဆံပေးစရာမလိုဘူး၊ မှုးပြီးမောင်းလို့ကတော့ကားမောင်းခွင့်လိုင်စင်တစ်နှစ်သိမ်းလိမ့်မယ်၊ အချုပ်ကတော့ ၁ရက်ကနေ ၇ရက်ထိကျမယ်၊ ၊တခါတလေ လူမှုအကျိုးဆောင်လုပ်အားပေးတွေလုပ်ခိုင်းတတ်တယ်၊ ချက်ကျောင်းတို့ မြန်မာဆိုမြန်မာဘုန်းကြီးကျောင်းတို့မှာသွားလုပ်ရတယ်၊ သတ်မှတ်နာရီလုပ်ပြီးကျောင်း တာဝန်ရှိသူကစာရေးပြီးပြန်တင်ပေးရတယ်၊ လမ်းဘေးအမှိုက်လိုက်ကောက်ရတာတွေကတော့ထောင်ကျတွေဘဲဖြစ်မယ်ထင်တယ်၊ အသိတယောက်ကိုတော့ အရက်မကောင်းကြောင်းရေးထားတဲ့စာအုပ်တစ်အုပ်ဖတ်ပြီး မှတ်သားရသမျှ စာ လေးမျက်နှာပြန်ရေးပြီး ရုံးကိုတင်ခိုင်းတာလဲရှိဘူးတယ်၊
ကားပေါ်များကလေးပါလာလို့ကတော့ အမှုကြီးပြီ၊ အမေရိကားမှာ ကားဝယ်တာ၊လိုင်စင်လုပ်တာ၊မောင်းတာ အားလုံးလွယ်ပါတယ်..၊ သိတဲ့သူကလိုက်ပြပေးရင်ပေါ့လေ..၊ မောင်းတာကတော့ ဆရာတို့သဘောဘဲ… ကျွန်တော်တော့၂နှစ်ကျော်ကျော်လေးမှာဘဲ ကားနှစ်ခါတိုက်ခံရပြီးပြီ၊ ရဲနှစ်ခါဖမ်းခံရပြီးပြီ ကျွန်တော်ရုံးချိန်းက မနက်ဖြန်လေ..၊ ဒါကြောင့်ရေးနေတာ ဟဲဟဲ..၊ သိတ်တော့လည်းမစိုးရိမ်ပါနဲ့ ရှေ့နေကြီးလည်းရဲဖမ်းခံရဘူးတာဘဲ၊ အမယ်..ရဲတစ်ယောက်ဆို တခြားရဲဖမ်းခံရတာနှစ်ခါတောင်ရှိတယ်ဆိုဘဲ.. အဲဒီရဲစောင့်ကြည့်ဖို့တာဝန်ကျတဲ့ လူဆိုးစာရင်ဝင်ကောင်လေးက တက္ကသိုသ်ကျောင်းသူ (အိကာစင်) ကိုပြန်ပေးဆွဲပြီးသတ်ပြီးလို့ ရဲတွေကိုပြန်စစ်တဲ့အခါပေါ်လာတာ၊ ဒါပေမယ့်ရဲတိုင်းတော့ မဟုတ်ပါဘူး၊ အထူးသတိပေးချင်တာကတော့ ရဲဖမ်းခံရရင်ဟိုနှိုက်ဒီနှိုက်မလုပ်မိစေနဲ့ဗျို့ တခါထဲသေနတ်နဲ့ထုတ်ချိန်လိမ့်မယ်၊ သူတို့လည်းမလွယ်ဘူးလေ တနှစ်တနှစ်ပစ်သတ်ခံရတဲ့ရဲတွေလည်းနည်းမှမနည်းကိုး..၊ ပြီးခဲ့တဲ့ တစ်လကျော် သတင်းထဲမှာ်ကတော့ မွေးထားတဲ့ခွေး ကော်ဇော်ပေါ်ကို သေးပေါက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး သားအမိစကား များရာက အမေကရဲခေါ်လိုက်တယ် လာတဲ့ရဲကို ဆယ်ကျော်သက်သားက သေနတ်နဲ့ ပစ်တာ ရဲသုံးယောက်တောင်သေသွားတယ်..၊ အိုဘားမားတက်တော့လည်း သေနတ်ဝယ်တဲ့ကိစ္စထိမ်းချုပ်မယ်ကြားလို့ ဝယ်လိုက်ကြတာ ကျွန်တော်တို့ပြည်နယ်ထဲကဆိုင်တွေဆိုလက်ကျန်တောင်ပြတ်သွားတယ်ဆိုဘဲ..၊
ကဲ..နားပရစေ

No comments: